စုန်းမြူးချိန်

တရေးနိုးလို့ နာရီ ကြည့်လိုက်တိုင်း မနက် ၃ နာရီ ဖြစ်တာမျိုး ကြုံဖူးပါသလား။ နိုင်ငံရပ်ခြားမှာတော့ မနက် ၃ နာရီကို နတ်ဆိုးနာရီ Devil's Hour လို့ သမုတ်ကြပါသည် ။ ဒီအချိန်မျိုးမှာ သဘာဝလွန်အံ့ဖွယ်ရာတွေ ဖြစ်လေ့ရှိတာကြောင့် စုန်းတောက်ချိန်လို့လည်း အယူရှိကြပါသည်။
" စုန်းမြူးတဲ့ အကာလဖြစ်ပါတယ်။ ဘုရားကျောင်းဝင်းတံခါးဟာ ခပ်ဟဟလေး ဖြစ်နေပြီးနောက် ငရဲဟာ ပွင့်ထွက်လာပါတယ်"တဲ့။
အန်ဂလို-အမေရိကန် ၊ ဇာတိနွယ်ဖွား အမေရိကန်နဲ့ ဟစ္စပါးနစ်ယဉ်ကျေးမှုများမှာလည်း အလားတူ Devil's Hour အကြောင်း ပုံပြင်များ ရှိပါသည် ။ နတ်ဆိုးတွေ မြူးတဲ့ အချိန်ကာလအဖြစ် မနက် ၃ နာရီဟာ ကျွန်တော်တို့ကို ဖမ်းစားခြောက်လှန့်တာ ဘာကြောင့်ပါလဲ။
မနက် ၃ နာရီကို ယေရှုခရစ်တော် သေဆုံးတဲ့ အချိန်နဲ့ ပြောင်းပြန်နာရီအဖြစ် ပြောရိုးရှိပါသည်။ သမ္မာကျမ်းစာမှာ ယေရှုခရစ်တော်သည် မနက် ၉ နာရီမှာ ကားစင်အတင်ခံရပြီးနောက် ခရစ်တော် သေဆုံးချိန် ညနေ ၃ နာရီအထိ နေ့လည်ခင်းဟာ အမှောင်ထု ဖုံးလွှမ်းနေတယ်လို့ ဆိုပါသည်။
စေတန်ဖမ်းစားကြောင်း နိမိတ်ပုံပြသည့် ချောက်ချောက်ချားချား ရုပ်ရှင်ကားများတွင် လက်ဝါးကပ်တိုင်ကို ပြောင်းပြန်ဖော်ပြတာလိုမျိုး ညနေ ၃ နာရီရဲ့ ဆန့်ကျင်ဘက် မနက် ၃ နာရီကို နတ်ဆိုးနဲ့ အမှောင်တွေ ကြီးစိုးရာ အမှတ်လက္ခဏာအဖြစ် အသိအမှတ်ပြုထားကြပါသည်။ ခရစ်ယာန်အယူအဆတွင် သုံးပါးအရှင်အဖြစ် အဖ ၊ သားနဲ့ မြင့်မြတ်တဲ့ ဝိညာဉ် သုံးရပ်ကို ကိုယ်စားပြုထားပြီး မနက် ၃ နာရီကြီး အိပ်ရာမှ နိုးနေပြီဆိုရင် နတ်ဆိုးသည် သင့်ဆီ တည့်တည့်ကြီး ရောက်လာနေပြီလို့ ယုံကြည်လာခဲ့ကြတာ ဖြစ်ပါသည်။
Devil's Hour နှင့် ပတ်သက်ပြီး နောက်ထပ် ပါးစပ်ရာဇဝင်တစ်ခုကတော့ နယူးမက္ကဆီကိုမှာ နာမည်ကြီးတဲ့ La Mala Hora ဆိုတဲ့ ဒဏ္ဍာရီတစ်ခုပါပဲ။ La Mala Hora ကို ဘာသာပြန်မည်ဆိုရင် မကောင်းတဲ့ နာရီလို့ ယူနိုင်ပါသည်။ မနက် ၃ နာရီသည် ညဘက် တစ်ကိုယ်တော် ခရီးလှည့်လည်သူတွေကို ခြောက်လှန့်ဖို့ La Mala Hora ဆိုတဲ့ မကောင်းဆိုးဝါးဝိညာဉ် ထွက်ပေါ်လာတဲ့ အချိန်လို့ ဆိုပါသည်။
ဒီစုန်းမကတော့ နတ်ဆိုးမျက်နှာနဲ့ အဖွားကြီးတစ်ဦးပုံစံ ဖြစ်ပြီး ကံမကောင်းတဲ့သူတွေသာ မြင်ရတယ်လို့ ဆိုကြပါသည် ။ La Mala Hora နဲ့ တွေ့သူသည် မကြာခင် သေဆုံးတတ်ကြတယ်လို့လည်း ဆိုရိုးရှိပါသည်။ ညဘက် နောက်ကျအောင် အပြင်မှာ နေတဲ့သူတွေကို အပြင်မထွက်ရဲအောင် သရဲနဲ့ ပေးခြောက်တာလည်း ဖြစ်နိုင်ပါသည်။
မနက် ၃ နာရီနှင့် ပတ်သက်ပြီး အပြင်လောကမှာ ထိတ်လန့်ဖွယ် ဖြစ်ရပ်တစ်ခု ရှိခဲ့ဖူးပါသည်။ ၁၉၇၄ ခုနှစ် နိုဝင်ဘာ ၁၃ ရက် မနက် ၃ နာရီမှာပါ။ ရိုနယ်ဘာ့ချ် ဒီဖီယိုဆိုသူသည် အိပ်ပျော်နေတဲ့ သူ့အမေ ၊ အဖေနဲ့ မောင်နှမ ၄ ယောက်စလုံးကို ပွိုင့် ၃၅ ရိုင်ဖယ်နဲ့ ပစ်သတ်ခဲ့ပါသည်။လောင်းအိုင်းစ်လန်း အမစ်တီဗီးလ်မှာ ဖြစ်ခဲ့သည့် ထိုအမှုကို အမစ်တီဗီးလ်မှ အိမ်မည်းကြီးအမှုအဖြစ် နာမည်ကြီးခဲ့ပါသည်။
ယင်းနေ့ ညနေ ၆ နာရီမှာ ဒီဖီယိုဟာ ရပ်ကွက်ထဲက ဘားထဲဝင်လာပြီး "မင်း ထွက်သွားတော့ ငါ့အမေနဲ့ အဖေကို ငါသတ်မိပြီ ထင်တယ်" လို့ အော်ဟစ်ခဲ့တယ်လို့ ဆိုပါသည်။ ထူးဆန်းသည့် အချက်မှာ အခုလို အိပ်ပျော်နေတဲ့ သူ့မိသားစုဝင်တွေကို ပစ်သတ်နေချိန်မှာ ဘေးအိမ်တွေက ဘယ်သူမှ သေနတ်သံ မကြားရတာပဲ ဖြစ်ပါသည်။
စုံထောက်တွေက ဒီဖီယိုကို မေးမြန်းချိန်မှာတော့ သူ့ခေါင်းထဲမှာ အမိန့်ပေးနေတဲ့ အသံတွေ ထပ်တလဲလဲ ကြားလိုက်ပြီး ဒီအသံကို မငြင်းဆန်နိုင်ဘဲ လုပ်မိတာဖြစ်ကြောင်း ပြောခဲ့ပါသည်။ အဖြစ်အပျက်တွေဟာ မြန်လွန်းလို့ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင် ဖြစ်ခဲ့တယ်လို့လည်း ဒီဖီယိုက ဝန်ခံခဲ့ပါသည်။ ဒီဖီယိုကတော့ ဒီလုပ်ကြံမှုကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခဲ့ရပြီး ဒီအမှုကို နတ်ဆိုးနာရီသက်ရောက်မှုကြောင့်လို့ အစဉ်အလာ ပြောဖြစ်ခဲ့ကြပါသည်။
တကယ်တော့ မနက် ၃ နာရီ အိပ်ရာမှ နိုးနိုးလာတတ်ခြင်းသည် အိပ်စက်မှု ပြဿနာရှိနေတာကြောင့်လည်း ဖြစ်နိုင်ပါသည်။ Insomnia ရှိသူများသည် မနက် ၃ နာရီနဲ့ ၄ နာရီအကြားမှာ ခဏခဏ နိုးတတ်တယ်လို့ ဆိုပါသည်။ ဒါမှမဟုတ် EMF လို့ အတိုကောက် ခေါ်ကြတဲ့ လျှပ်စစ်သံလိုက် စက်ကွင်းတွေကြောင့် (ဆဲလ်ဖုန်း ၊ တီဗွီ ၊ အဲကွန်း စတဲ့ လူသုံးကုန် လျှပ်စစ်ပစ္စည်းတွေဟာ EMF လို့ခေါ်တဲ့ ကြိုးမဲ့စွမ်းအင်တစ်ခု ထုတ်လွှင့်ပါတယ်) အိပ်စက်မှုပုံစံ ပျက်လာတာ ဖြစ်နိုင်ပါသည်။
အပေါ်မှာ ပြောခဲ့တဲ့ ပါးစပ်ရာဇဝင်နဲ့ အစဉ်အလာ ဒဏ္ဍာရီတွေပေါ် စွဲလမ်းနေတဲ့ မသိစိတ်ကြောင့် ဖြစ်နိုင်ပါသည်။ ဖိအားသိပ်များနေချိန်မှာ ဦးနှောက်က နိုးကြားနေတာကြောင့် ဒါမှမဟုတ် တစ်ခြားတစ်ခြားသော သက်သေမပြနိုင်တဲ့ အကြောင်းရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါသည်။
ဘာပဲဖြစ်ဖြစ် စုန်းမြူးချိန်လို့ ခေါ်ရမယ့် မနက် ၃ နာရီမှာ ကျွန်တော် ခဏခဏ နိုးထလာတဲ့ ရက်တွေ ဆက်ဆက်လာနေပါသည်။ တစ်ရေးနိုးလာတိုင်း ကျွန်တော် ငယ်စဉ်က နှစ်ခြိုက်စွာ အိပ်မောကြဖြစ်သော ညတွေဆီကို စိတ်ရောက်ရောက်သွားပါသည်။ ကျွန်တော့်မှတ်ဉာဏ်အတွင်းတစ်နေရာ၌ လရောင်အောက်မှာ တရှိုက်မက်မက် အိပ်စက်နေတဲ့ ကလေးတစ်ယောက်ကို ငုံ့ကြည့်နေသည့် ပုံရိပ်တစ်ခုကို ထပ်တလဲလဲ ပြန်မြင်မိနေပါသည်။
အခုချိန်မှာ ကျွန်တော်ဟာ ငယ်ဘဝတွေဆီ ပြန်သွားနေတဲ့ စေတန်တစ်ကောင်များ ဖြစ်နေပြီလားဟု ကိုယ့်ကိုယ်ကို ပြန်တွေးမိပါသည်။ ကျွန်တော့် စိတ်ထဲတွင် ဆက်၍မရအောင် တစ်စစီ ပြန့်ကြဲ၍ နေသည့် ဝါကျအပိုင်းအစများ ရှိနေပါသည်။ ယခု ပြောကြားချက်များသည် ကျွန်တော့် အတွေးမြောင်းထဲက ရေစီးတစ်ချို့မျှသာ ဖြစ်ပြီး မကြာခင် မေ့လျော့သွားမည့် ခံစားမှုများလည်း ဖြစ်ပါသည်။
အသက်ကြီးလာခြင်းသည် မှည့်ဝင်းလာသော သစ်သီးတစ်လုံးလို အနံ့အရသာနဲ့ ပြည့်လျှမ်းနေမည်ဟု ငယ်ငယ်တုန်းက ကျွန်တော်ယုံကြည်ခဲ့ဖူးပါသည်။ ယခုအခါတွင် ထိုက်သင့်သလောက် အသက်ကြီးလာခဲ့ပြီ ဖြစ်သော်လည်း ရနံ့မွှေးတဲ့ သစ်သီးချိုမှည့်မှည့်တစ်လုံးကိုတော့ဖြင့် တစွန်းတစမျှပင် မမြင်ရသေးပါ။ ကျွန်တော်သွားမည့် ဥယျာဉ်နှင့် ဝေးကွာနေခြင်းကြောင့် (သို့မဟုတ်) အရပ်မျက်နှာမှားနေသောကြောင့်လည်း ဖြစ်နိုင်သည်။ ကျွန်တော် မသေချာပါ။
မနက် ၃ နာရီသည် ကာလအားဖြင့် အလင်း-အမှောင် ၊ ရဲရင့်ခြင်း-စိုးရွံ့ခြင်း စသည့် ဆန့်ကျင်ဘက်တို့ နယ်သတ်ရာ အချိန်ဖြစ်သည်ဟု ကျွန်တော် ဆိုချင်ပါသည်။ ဘဝ၌ မနက် ၃ နာရီလို ကာလမျိုးမှာ ရောက်ရှိလာခြင်းသည် မှော်ဆန်လှသည့် တဒင်္ဂတစ်ခုထဲ ဖြတ်သန်းတိုးဝင်လာခြင်းဟု ပြောနိုင်မည် ထင်ပါသည်။ စုန်းမြူးခြင်းလို့ပဲ ခေါ်ခေါ် အိပ်မပျော်လို့ပဲ ဖြစ်ဖြစ် မနက် ၃ နာရီမှာ ကျွန်တော်တို့ ရံဖန်ရံခါ နိုးထလာနိုင်ပါသည်။
ထိုသို့ နိုးထလာချိန်များသည် ဘဝထဲ နစ်မျောနေရာမှ ရုတ်တရပ် ကောက်ခါငင်ခါ ထိတ်လန့်သံဝေဂ ရခြင်းလိုမျိုး ခံစားရနိုင်ပါသည်။ သို့မဟုတ် ခပ်ယဲ့ယဲ့ အလင်းနဲ့ သည်းနေအောင် မည်းနေတဲ့ အမှောင်တို့အကြား လွန်ပွဲကို ငေးကြည့်ရင်း ဘဝသဘောတရားကို ဆန်းစစ် ကောက်ချက် ဆွဲနိုင်ပါသည်။ ဒါမှမဟုတ် ဘာမှတွေးမနေမိဘဲ စိတ်ဗလာနဲ့ တစ်နေရာတည်းကို အကြာကြီး စိုက်ကြည့်နေနိုင်ပါသည်။
မနက် ၃ နာရီအလွန်မှာ သင်ရော ခဏခဏ လန့်နိုးလာတတ်ပါသလား။ တကယ်လို့ နောက်တစ်ကြိမ် အဆင်သင့်လို့ မနက် ၃ နာရီ နိုးမယ်ဆိုရင် သင့်အတွေးကို ပြန်ကြားချင်ပါသေးသည်။