လိပ်ပြာလေးရေ ...

လိပ်ပြာလေးရေ ...

(၁)

မှုန်မှိုင်းနေတဲ့ ဆောင်းဦးရက်တွေက လူကို အလွယ်တကူ မှားယွင်းစေတတ်လားတော့ မကျော့မေ မပြောတတ်။ အခုတော့ မှားမိပြီ။ မှားမိတာမှ အကြီးကြီး။ တဒိုင်းဒိုင်း ရင်တုန်လျက်က ချွေးစို့လာပြန်သည်။


(၂)


အမှိုက်ပုံးကို ဆိုင်ရှေ့ စည်ပင်သုံးဘီးပေါ် မှောက်တင်ပြီးနောက် ရေပိုက်နှင့် ဆေးနေတုန်း ယဉ်စိန်က အနားရောက်လာသည်။ ယဉ်စိန်နဲ့ သူက ဒီဆိုင်ကို ရှေ့ဆင့်နောက်ဆင့် ရောက်လာတဲ့သူတွေ။

"ဒီညနေ အလုပ်ဆင်းရင် ပွဲတော်ကုန်း သွားရအောင်နော် မကြီး"တဲ့။ 

'ကောင်မ .. မပြောချင်ဘူး။ ဂလုံးဂလုံးလေး ၂၀၀ ဖိုးလောက် နိုင်ထားတာနဲ့ တက်ကြွနေလိုက်တာ' ဟု တွေးရင်း "အေးပါ အေးပါ" လို့ မကျော့မေ တိုတိုပဲ ပြန်ဖြေလိုက်သည်။ 

သူတို့ စကားပြောနေတာကို ကြည့်နေသည့် သူဌေးမက နီမန်ယောက်ရွှိနားလီ လို့ လှမ်းမေးသည်။ မကျော့မေက တရုတ်စကားကို ကိန်းဂဏန်းနဲ့ မသုံးမဖြစ် စကားနည်းနည်းလောက်ပဲ တတ်သည်။ သူဌေးမက ဘယ်သွားကြမလို့လဲ မေးတာကို ပွဲခင်းဘက်လို့ ဘယ်လို ပြောရမလဲ မသိ။ ပွဲတော်ကုန်းဆီသာ လက်ညှိုးထိုးပြရင်း ပြုံးပြလိုက်သည်။ 

သူဌေးမက သဘောပေါက်သွားပြီး ယိုမေးယိုချန် (ပိုက်ဆံရှိလား) ထပ်မေးသည်။ ဒီတစ်ခါတော့ မကျော့မေ ဖြေတတ်ပါသည်။ မေးယို (မရှိဘူး)။ သူဌေးမက ပြုံးပြီး လက်ယပ်ခေါ်သည်။ သူနဲ့ ယဉ်စိန်ကိုလည်း မုန့်ဖိုး တစ်ယောက် ယွမ် ၁၀၀ စီ ပေးလိုက်သည်။ မကျော့မေတို့ ဝမ်းသာသွားပုံက ဖွေးခနဲ။ 

မကျော့မေနဲ့ ယဉ်စိန်တို့ ဒီဆိုင်မှာ အလုပ်လုပ်တာ အခါလည်သွားပြီ။ ဆိုင်က တရုတ်စားသောက်ဆိုင်။ ဒီမြို့လေးမှာ အရောင်းရဆုံးဆိုင်မို့ နေ့ဆိုင်း ညဆိုင်း လူခွဲအလုပ်ဆင်း ရောင်းရသည်။ နေ့ဆိုင်းသမားက မနက် ၆ ညနေ ၆ ၊ ညဆိုင်းသမားဆို ညနေ ၆ မနက် ၆။ ဒါမျိုး ၁၅ ရက်တစ်ခါစီ လူလဲလုပ်ရသည်။ သူဌေးက တရုတ်ပြည် ယူနန်ကနေ ဒီကိုလာပြီး ဆိုင်ဖွင့်သည်။ သူတို့လည်း မြန်မာတွေလိုမျိုး နေထိုင်ခွင့်ကတ်နှင့် နေရသည် ထင်သည်။ တစ်ခါတစ်ခါ တရုတ်ပြည်ကို ပြန်သွားတာ တွေ့ရသည်။

ဒီနေရာက ရှမ်းပြည်ထဲ ဆိုသော်လည်း တရုတ် နဲ့ ဒေသခံရှမ်း ၊ ပလောင် ၊ အာခါ ၊ ကိုးကန့် ၊ မြန်မာတွေ စုံသည်။ စုံဆို နယ်စပ်မြို့ပေကိုး။ ပိုစုံစေတဲ့ အကြောင်းက ဒီဘက်တောင်တန်းတွေမှာ အဖိုးတန်သတ္ထုတစ်မျိုး ထွက်သည်။ အစကတော့ မကျော့မေတို့လည်း ဘာသတ္ထုမှန်း မသိ။ နောက် TikTok မှာ တွေ့မိမှ မြေရှားသတ္ထုမှန်း သိရသည်။ သတ္ထုဆိုက်တွေထဲ ပို့မယ့် မြေဆီကားကြီးတွေဆိုတာ နေ့တိုင်း အောတိုက် ဝင်လာတာ မြင်ရသည်။ 

ဒီမှာက သတ္ထုခေတ်ကောင်းသလို လောင်းကစားဝိုင်းတွေ ဆိုတာကလည်း မှိုလိုပေါက်နေသည်။ အနှိပ်ခန်းတဲ့ ၊ KTV တို့ ၊ ဇိမ်ခန်းတဲ့။ စုံလို့ပါပဲ။ အငှားမယားဆိုတာမျိုးတောင် ရှိသည်။ ဒါကတော့ ပိုက်ဆံရှိတဲ့ တရုတ်တွေ ခေါ်သုံးတာ များသည်။ တော်တော်ရှုပ်ပွေတဲ့ နေရာပါပဲ။ နယ်ခြားမြို့ဆိုမှတော့ မရှုပ်လို့ မဖြစ်ဘူးမလား။ ဒီမှာက ငွေရှာလွယ်သလို အပျော်ရှာသူတွေ စုံတယ်။ မြို့ကလေးနဲ့ မလိုက်အောင် ဟိုတယ်နဲ့ အဆောက်အဦသစ်တွေ သားပေါက်သလို တဖွားဖွား ပေါက်လာတာကိုပဲ ကြည့်။

ဘာပဲဖြစ်ဖြစ် မကျော့မေ ကျေနပ်သည်။ သတ္ထုတွင်းတွေ ပေါ ၊ လောင်းကစားခုံတွေ ပေါ ၊ ဟိုတယ်သစ်တွေ ပေါတော့ အလုပ်လည်း ပေါလာတာပေါ့လို့ တွေးသည်။ သူ့တို့လစာကိုပဲ အခုဆို ယွမ် ၁၅၀၀ ကျော်လာပြီမလား။ မြန်မာငွေနဲ့များ တွက်ကြည့်ရင် ၁၀ ၊ ၉ သိန်း အသာလေးဟာ။ "ဒါမျိုး မြန်မာပြည်မှာ ဘယ်ရှာလို့ ရမလဲ" လို့ မြန်မာပြည်မှာ နေပြီး တခြားနိုင်ငံ ရောက်နေသူတစ်ယောက်လို တွေးမိသေးသည်။ အခုလည်း ကံထပ်ကောင်းပြန်ပြီ။ ယွမ် ၁၀၀ ကြီးများတောင်။ 


(၃) 


ညနေ အလုပ်ဖြုတ်တော့ ယဉ်စိန် နဲ့ မကျော့မေ ပွဲတော်ဘက်ကို ခြေလျင်လျှောက်လာခဲ့သည်။ မြို့နဲ့ ပွဲတော်ကုန်းက တစ်ဆက်တည်း။ သူတို့ ဆိုင်က ကုန်းမော့မော့လေးလို ဖြစ်နေတော့ ပွဲတော်ကွင်းကို အသာလေး မြင်နေရသည်။ ဆောင်းဝင်ပြီမို့ အစောကြီး မှောင်သည်။ ပွဲတော်ကုန်း နောက်ခံတောင်တန်းတွေဆို မည်းမည်းအရိပ်ကြီးတွေပဲ ကျန်တော့သည်။ ပွဲခင်းကတော့ ထိန်ထိန်လင်းနေတဲ့ မီးရောင်စုံတွေ ၊ သီချင်းသံတွေနဲ့ လှုပ်ရှားအသက်ဝင်နေသည်။ လမ်းမတစ်လျှောက်လည်း ပွဲတော်ကုန်းဘက် ခြေကျင်ရော ၊ ကား ၊ ဆိုင်ကယ်တွေနဲ့ပါ သွားကြသူတွေ တအုပ်တမကြီး တွေ့ရသည်။ 

ယဉ်စိန်ကတော့ မနေ့ညက သူဂလုံးဂလုံး နိုင်လာတာကိုပဲ မြိန်ရေယှက်ရေ ဖောက်သည်ပြန်ချနေသည်။ 

"မကြီးရယ် ကျုပ်တော့ စစချင်း ၁၀ ၊ ၁၅ ကျပ် စတာပဲ။ ကြိုးကိုလည်း ကိုဇော်နိုင်ပဲ ဆွဲတာ။ သူဆွဲတာ မဟန်ပါဘူး။ နောက် ဖြစ်ချင်ရာဖြစ်ဟယ် ဆိုပြီး ကိုယ့်ဟာကိုယ် ဆွဲလိုက်တယ်။ ၅ ဆတော်ရေ ။ ကံလိုက်ချက် ကြိုးထိုးတာ ၃-၄ လှည့် နိုင်ရောပဲ။ ဆက်ဆွဲမို့ဟာ ကိုဇော်နိုင်ကြီးက ကောင်မလေး နင်တော်တော့ တော်တော့ဆိုတာနဲ့။ နို့မို့ဆို ဒီထက်နိုင်ဦးမလို့။"

"ဟဲ့ ယဉ်စိန်ရဲ့။ လောင်းကစားဆိုတာ စိတ်နိုင်ရတယ်ဟဲ့။ ကိုယ့်စိတ်ကိုယ် မနိုင်ရင် ဘယ်လောက်နိုင်နိုင် ပါသွားမှာပဲ။ ငါ့ယောင်္ကျား ကိုမောင်တင့်ကြီး ကြည့်ပါလား။ ထုလိုက်တဲ့ ငါးဂိမ်း။ ၁၀၀-၂၀၀ နိုင် အိမ်ပြန်လာပါ့လား။ အခုတော့ မဟုတ်ဘူး။ ၂၀၀-၃၀၀ နိုင်တာတောင် ဆက်လိုက်နေတော့ ဂိမ်းခုံမှာတင် သူများဆီ အကြွေးယူထုတဲ့အဆင့် ရောက်သွားတာ။ ငါလည်း သူနဲ့များ စိတ်ညစ်ချက်အေ။ ငါ့လစာထဲကပါ ယူလောင်းလို့ တစ်နေ့က ရန်သတ်ရပါသေးလား။ ဒီနေ့တောင် စောစောစီးစီး ဂိမ်းထုဖို့ ပိုက်ဆံလာတောင်းလို့ ရန်ဖြစ်ရသေး။ လောင်းကစား သွေးကြီးချက်။"

ပြောရင်း မကျော့မေ အပေါ်ထပ်လက်ရှည်အိတ်ကပ်ဆီ လက်က ရောက်သွားသည်။ 

"မထင်နဲ့ မကြီးရေ။ တကယ့်တကယ် သွေးပူလာရင် ငွေမျောငွေလိုက်တွေ ဖြစ်ကြတာပဲ။"

"အေးပါ နင်လည်း သိပ်သွေးမကြီးနဲ့ဦး ကြားလား"

ပွဲတော်ကုန်းထဲ ဝင်လာပြီမို့ မကျော့မေက ယဉ်စိန်ကို သတိပေးသည်။ ရှမ်းပြည်မှာက ပွဲတော်ဆို ဘယ်ဇာတ်ထည့်မလဲဆိုတာက နောက် ၊ လောင်းကစားဝိုင်းတွေဆိုတာက အရင်။ ပွဲမစခင်ကတည်းက ဘယ်က ဘယ်လို ရောက်လာမှန်း မသိတဲ့ လောင်းကစားဝိုင်းတွေဆိုတာ အပြည့်။ အခု ပွဲခင်းမှာကို လောင်းကစားဝိုင်းတွေဆိုတာ ပြည့်ပြည့်ကို ညှပ်နေသည်။ 

ဂလုံးဂလုံးလို့ သူတို့ အလွယ်ခေါ်ကြတဲ့ ခြောက်ကောင်ဂျင် ၊ လေးကောင်ဂျင် ၊ ငါးပစ်ဂိမ်း ၊ အရုပ်ပစ် ၊ ရှမ်းကိုးမီး ၊ ၃၆ ကောင် ၊ အံစာဝိုင်း အတန်းလိုက် လောင်းကစားဝိုင်းတွေဆိုတာ မနည်းမနော။ လောင်းကစားဝိုင်းတိုင်းလိုလို ထိုးသားတွေ ရှိနေသည်။ ယဉ်စိန်က မကျော့မေ လက်ကို ဆွဲလို့ မနေ့က သူနိုင်တယ်ဆိုတဲ့ ဂလုံးဂလုံးခုံကို သွားသည်။ 

၃ ပေပတ်လည်သာသာ ရှိမယ့် သစ်သားခုံတွေပေါ်မှာ ပုဇွန် ၊ လိပ် ၊ ငါး ၊ ကြက် ၊ ဆင် ၊ ကျား အကောင်လေးတွေကို အကွက်ကွက်တွေနဲ့ ဗီနိုင်းထုတ်ပြီး အောက်ခံသစ်သားခုံပေါ်မှာ ခင်းထားသည်။ စာရွက်ပေါ်မှာလည်း ကစားသမားတွေပဲ နားလည်လောက်တဲ့ အရေးအသားတွေနဲ့က ရေးထားသေးသည်။ ဒီသစ်သားခုံပေါ်မှာမှ ခပ်စောင်းစောင်း ပက်လက်သစ်သားပြားတန်းနဲ့ သစ်သားပြားပေါ်က ကြိုးတန်းမှာ အကောင် ၆ ကောင်ပုံပါတဲ့ အံစာတုံးအသီးခပ်ကြီးကြီး သုံးလုံး တင်ထားသည်။ ကစားသမားက ကိုယ်အာရုံလာတဲ့ အကောင်ပေါ်ပုံပြီး  ကြိုးတန်းနဲ့ တွဲထားတဲ့ ကြိုးစဆွဲရုံသာ။

ယဉ်စိန်က ထိုင်ခုံမှာ အကျအန ထိုင်သည်။ အိတ်ထဲက ငွေ ၁၀ ကို ထုတ်ပြီး လိပ်နဲ့ ဆင်ပေါ် ၅ ကျပ်စီတင်သည်။ မကျော့မေကတော့ လောင်းကစားတွေ ဘာတွေ နားမလည်။ နိုင်လျင် စားရမည် ရှုံးလျင် လျော်ရမည်ပဲ သိထားသည်။ ကြည့်ဦးလေ တစ်ဆတဲ့ ၊ နှစ်ဆတဲ့ ၊ ငါးဆတဲ့ ၊ ကြိုးတဲ့ ၊ အံတင်တဲ့ အံစောင်းတဲ့။ ဘာတွေမှန်းကို မသိ။ သူကသာ ဘာမှ မသိတာ။ ယဉ်စိန်ကတော့ တော်တော်ယဉ်နေပြီ ထင်သည်။ 

တစ်လှည့်တစ်လှည့်နှင့်။ ဆွဲလိုက်သည့်ကြိုး ၊ အော်လိုက်သည့်အကောင်။ ယဉ်စိန့်အကောင်တော့ တစ်ကောင်မှ အံစာတုံးပေါ်မှာ မတွေ့ရ။ ယဉ်စိန့်မျက်နှာက သွေးရောင်နဲ့ ရဲတက်လာသည်။ ရဲရာကနေ ချွေးပါ ပျံလာသည်။ အရှုံးတွေ ဆက်လာတော့ မကျော့မေ ယဉ်စိန်ကို လက်ကုတ်သည်။ တော်တော့ ပြန်စို့ပေါ့။ ယဉ်စိန်လည်း အင်းပါတော် အင်းပါတော်နှင့်။ မထချင်သေး။ ဇွတ်ဆွဲခေါ်မှ မထချင် ထချင် ထလာသည်။ 

(၄)

"ညည်း အဲ့ဒါမို့ သွေးမကြီးပါနဲ့လို့ ငါပြောတာ။ အခု ဘယ်လောက် ကုန်သွားလဲ။ ပြောစမ်း" ဆိုတော့ ယဉ်စိန်က အိတ်ကပ်လေး စမ်းရင်း ပါးစပ်က နှုတ်တွက်တွက်သလို လုပ်ရင်း "တစ်ရာ့အစိတ်" လို့ ပြောသည်။ ယဉ်စိန့်ကြည့်ရတာ ဂနာမငြိမ်။ "နေဦးတော်။ ကျုပ်ရှုံးကြွေးလေး ပြန်လိုက်ဦးမယ်။ ဂလုံးဂလုံးတော့ မလိုက်တော့ဘူး။ ခဏလေး" 

ပြောပြောဆိုဆို ယဉ်စိန်က မကျော့မေ လက်ကို ဆွဲပြီး ခြေစုံရပ်လိုက်သည်။ ရှေ့မှာက တစ်ဖက်မှာလိပ် ၊ တစ်ဖက်မှာ လိပ်ပြာပါသည့် ဗီနိုင်းအစနှင့် ကြွေပန်းကန်ပြားတစ်ချပ် ၊ ဒိုးဆက်ပြား တစ်ဖက်တစ်ချက်မှာ လိပ်နဲ့ လိပ်ပြာပုံ ကပ်ထားပြီး ခေါင်းပန်းလှန်သလို ဇယ်ထောင်ပြီး အစတစ်ဖက်ကို လက်နဲ့ တောက် ၊ အပေါ်က ပန်းကန်လုံးအုပ်ပြီး ဘာကောင်လဲ ရွေးရသည့် လောင်းကစားမျိုး။ 

အစတော့ မကျော့မေလည်း ယဉ်စိန့်ကို တားမယ် ကြံသည်။ သို့သော်လည်း ရှေ့မှာတင် လိပ်ပြာပေါ် ၁၀၀ ချပြီး နိုင်သွားတဲ့သူတွေကို တွေ့တော့ မတားဖြစ်တော့။ သူပါ ဘေးထိုင်ကြည့်ရင်း စိတ်နဲ့ ထိုးကြေးထည့်နေမိပြီ။ နိုင်တဲ့သူတွေကျ ဂိမ်းရှေ့က မခွာ။ ဆက်ဆက် ထိုးနေသည်။ ထိုးတာကလည်း အနည်းဆုံး ၅၀ ၊ ၁၀၀ တွေ။ နိုင်တဲ့သူကလည်း အငြိမ်မနေ။ ၁၀၀၀ နိုင်ပြီ ၂၀၀၀ နိုင်ပြီဆိုတာမျိုးက အော်သေးသည်။ ဒိုင်လုပ်သူကလည်း မျက်နှာတစ်ချက်မပျက် လျော်သည်။ 

အင်း ဒီဂိမ်းက နိုင်ခြေများတာပဲလို့ မကျော့မေတွက်သည်။ များဆို လိပ် နဲ့ လိပ်ပြာ နှစ်ကောင်ထဲက တစ်ကောင်ရွေးရုံပဲလေ။ ဒိုးဆက်တောက်တာကလည်း ဇယ်အငြိမ်ကျခါနီးမှ အပေါ်က ခွက်အုပ်တာဆိုတော့ ဘယ်အကောင်ကျမလဲ ကျိန်းသေပေါက် ဆိုသလို ပြောလို့ ရသည်။ 

ယဉ်စိန် မဝင်ခင်ကတည်းက မကျော့မေ အကောင်တွေ စိတ်နဲ့ မှန်းထိုးကြည့်သည်။ သုံးပွဲစလုံး အနိုင်ချည်းပဲ။ သုံးပွဲမှ မဟုတ်။ နောက်ပွဲတွေလည်း ဒီအတိုင်းဆို နိုင်မှာပါပဲ။ ထင်သည့်အတိုင်း မကျော့မေ မှန်းသည့်အကောင်တွေပဲ ကျသည်။ ယဉ်စိန့် မျက်နှာလည်း ဝင်းလာသည်။ ဂလုံးဂလုံး ရှုံးကြွေးလေးတွေ ကျေလုလု ဖြစ်ပြီ။ မကျော့မေလည်း ယဉ်စိန့်ကံကို ကြည့်ရင်း သူပါ ကံစပ်ချင်လာသည်။ အစောနက နိုင်နေတဲ့သူတွေကလည်း "ရဲရဲသာ ထိုးလိုက်စမ်းပါဗျာ။ ကျုပ်တို့တောင် ၂၀၀၀ လောက် စီနေပြီ" ဆိုပြီး အားပေးသည်။ မကျော့မေ အားတက်လာသည်။

"ဟဲ့ယဉ်မေ ငါလည်း ပါမယ်အေ။ ရော့ ၂၀"

ပြောပြောဆိုဆို ဒိုးဆက် အကျကို ကြည့်ပြီး ငွေ ၂၀ လိပ်ပေါ် တင်လိုက်သည်။ ပန်းကန်လုံး ဖွင့်တော့ ထင်တဲ့အတိုင်း လိပ်။ ချက်ချင်းပင် အလျော်ရလိုက်သည်။ ကြည့်စမ်း ... ငွေ ၂၀ လွယ်ချက်။ ယဉ်စိန်မလည်း တပြုံးပြုံး ။ မကျော့မေ နိုင်တဲ့ ငွေကို အိတ်ထဲ ထည့်လိုက်သည်။ "နင့်အဖော်တွေ ရှိရာ လာ" အိတ်ကပ်ကို ပုတ်ပုတ်ပြီးက မန်းလိုက်သေးသည်။ နောက်တစ်လှည့်လည်း မကျော့မေပဲ နိုင်တာပါပဲ။ မကျော့မေ အပျော်တွေဆိုတာ ပတ်ဝန်းကျင်ကိုတောင် မေ့မတတ်။ 

ငွေပုံကြီး မြင်လာတော့ မကျော့မေ လောဘတက်လာသည်။ ဒိုင်အိတ်ထဲက ယွမ်နီနီ စိမ်းစိမ်းတွေကလည်း လာယူလှည့်လေလို့ ခေါ်နေသယောင်ယောင်။ မကျော့မေ ထိုးကြေးတင်သည်။ ၅၀။ ယဉ်စိန်မလည်း ထိုးကြေးတင်တာပါပဲ။ ဒီတစ်ခေါက်လည်း လိပ်မှ လိပ်ပါပဲ။ ဒိုးဆက်ပြားပေါ်မှာ ထင်းထင်းကြီး မြင်ခဲ့တာပဲဆိုတော့ အောချလိုက်သည်။ 

"ဟာ"

လိပ်ပြာ။ မကျော့မေ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်သွားသည်။ ဘက်ထရီမီးချောင်းအောက်မှာ သူပဲ အကြာကြီး ကြည့်နေမိလို့ မျက်စိပြာသွားတာလားတော့ မသိ။ လိပ်ကနေ လိပ်ပြာဖြစ်သွားသည်။ ကျွတ်စ်ခနဲ စုတ်တစ်ချက်သပ်သည်။ အရင် နိုင်ထားတဲ့ ထိုးသားတွေလည်း မကျော့မေနဲ့အတူတူ လိပ်ပါပဲ။ သူတို့ကတော့ မျက်နှာမပျက်။ "ကိုယ်က အနိုင်ပါဗျာ။ ကြွေတစ်လှည့် ကြက်တစ်ခုန် အစ်မကြီးရဲ့။ ရဲရဲသာ ချစမ်းပါ။ အိမ်ကို ထုပ်ထုပ်ပိုက်ပိုက် ပြန်နိုင်အောင်။" လို့ အားပေးသည်။

မကျော့မေ မမှုပါ။ နှစ်လှည့်သုံးလှည့် နိုင်ထားတာပဲလေ။ ဒိုးဆက်အကျကို သေချာစိုက်ကြည့်ပြီး ၅၀ ပဲ ထပ်တင်သည်။ ဒီတစ်ခါလည်း လိပ်ပါပဲ။ လိပ်ရော လိပ်ပြာရောက အပြာဆေးနဲ့ ပုံဆွဲထားတာမို့ ကိုယ်မြင်ခဲ့တာ သေချာအောင် ထပ်စဉ်းစားပြီးမှ ချခြင်း ဖြစ်သည်။ ဒိုင်ရဲ့လက်တွေက အရင်အလှည့်တွေထက် ပိုမြန်လာတယ်လို့တော့ ထင်သည်။ ဒါပေမယ့် လိပ်ပါပဲလို့ မကျော့မေ ကိုယ့်ကိုယ်ကိုယ် အတည်ပြန်ပြုသည်။ ထွက်လာတော့ လိပ်ပြာ။ အပြာရောင် တောင်ပံများနှင့် အနီအနက်စင်းပါးပါးကို လှလှပပဖြန့်ထားသည့် လိပ်ပြာ။

"ဟယ်"

ယဉ်စိန့်အသံ။ သွားပြန်ပြီ။ ဒါနဲ့ဆို ကိုယ့်အိတ်ထဲက ၅၀ ကျော် ရှုံးသွားပြီ။ ယဉ်စိန်ရော မကျော့မေပါ အသံသိပ်မထွက်တော့။ သို့သော် လက်တွေကတော့ အိတ်ကပ်တွေထဲ ရောက်သွားသည်။ သူတို့ကို တစ်စုံတစ်ရာက ညှို့ထားသလိုမျိုး။ ဆက်လိုက်ထား ဆက်လိုက်ထားလို့ တိုက်တွန်းနေသလို။ ရှုံးကြွေး ၅၀ ပြန်ယူဖို့ မကျော့မေ ၅၀ ထိုးသည်။ ရှုံးသည်။ နောက်ထပ် ၅၀ ထိုးသည်။ ရှုံးသည်။ ထို့နောက် ရှုံးသည်။ မကျော့မေ သွေးပွက်ပွက်ဆူလာသည်။ 

သူဌေးမ ပေးတဲ့ မုန့်ဖိုးနဲ့ အဆောင်ပါလာတဲ့ ငွေ ၅၀ တော့ ကုန်ပြီ။ အိမ်က ယောင်္ကျား ငါးပစ်ဂိမ်း ထုမှာ စိုးလို့ သေတ္တာထဲ မထားဘဲ ယူလာသည့် ငွေ ၃၀၀ ဆီ စိတ်ရော လက်ပါ ရောက်သည်။ ယဉ်စိန်ကတော့ လိုက်စရာ ပိုက်ဆံမကျန်တော့။ ငူငူကလေး ထိုင်လျက်သား။ မကျော့မေ ပိုက်ဆံ ထပ်ထုတ်တော့ ယဉ်စိန်က အသံယဲ့ယဲ့နဲ့ "မကြီးရေ တော်စို့လား"လို့ ပြောရှာသည်။ မကျော့မေ နားမဝင်တော့။ 

"တစ်လှည့်နှစ်လှည့် လှည့်စမ်းမယ်အေ။ ရှုံးကြွေးလေး ပြန်ယူနိုင်အောင်"

"ကံနဲ့ အလောင်းအစားလုပ်တာပဲ အစ်မကြီးရာ ။ အမြဲ မရှုံးပါဘူး။ ငွေမျော ငွေလိုက်ရတယ်တဲ့" ဒိုင်လုပ်တဲ့ ကောင်လေးက အားပေးသည်။ 

မကျော့မေ ဒီတစ်ခေါက်တော့ ၃၀ နဲ့ ပြန်စသည်။ ဒီတစ်ခါတော့ ယဉ်စိန်မကိုပါ သေချာကြည့်စမ်းအေ ဆိုပြီး လှည့်ပြောပြန်သည်။ သူတို့ မျက်လုံးတွေက ခေါက်ဆွဲတွေ ကြော်ရလွန်းလို့များ မှုန်လာသလားမသိ။ အကြည့်တွေ မှားလာသည် ထင်သည်။ ယဉ်စိန်မက ခေါင်းကလေး ငြိမ့်သည်။ ဒိုးဆက်လည်နေတာ ကြည့်ပြီး ဒီတစ်ခေါက် လိပ်ပဲလို့ မကျော့မေ တွက်သည်။ လိပ်ပေါ် ၃၀ တင်သည်။ ထင်သည့်အတိုင်း လိပ်ဖြစ်နေသည်။ နိုင်ပြီ။ ကံ ပြန်လည်လာပြီ ထင်သည်။ မကျော့မေ အားတက်သွားသည်။ 

အစောနက စို့နေတဲ့ ချွေးတွေပါ တိတ်စပြုလာသလို ခံစားရသည်။ နောက်တစ်လှည့်လည်း မကျော့မေအလှည့်ပါပဲ။ ကံထလာပြီ။ ဒါပေမယ့် ဒါက နောက်ဆုံးကံထတာ ဖြစ်မည်။ ကျန်တာတွေအကုန် ဒိုင်အလှည့်ချည်း ဖြစ်ကုန်သည်။ မကျော့မေ မျက်လုံးတွေ ပြာဝေလာသည်။ ထပ်လိုက်ဦးမယ် ဆိုပြီး အိတ်ကပ်ကို စမ်းတော့ ၁ ကျပ်တန် ၃ ရွက်ပဲ တွေ့တော့သည်။ သွားပြီ။ သွားပါပြီ။

သူမှာ ယွမ် ၄၀၀ ကျော် ၅၀၀ လောက် ပါလာတာကနေ အခု ငွေလေး ၃ ယွမ်ပဲ ကျန်တော့သည်။ ပွဲခင်းအလယ်မှာ သူတစ်ယောက်တည်း ကျန်ခဲ့သလို အေးစက်စက်ကြီး ဖြစ်လာသည်။ မြို့ပျက်ကြီးထဲ အခုမှ အိပ်ရာက ထလာသူလို မကျော့မေ ခြောက်ခြားလာသည်။ တုံချမ် တုံချမ်နဲ့ မြူးကြွနေတဲ့ ရှမ်းသီချင်းနဲ့ တီးလုံးတွေက မကျော့မေကို "ကုန်ပြန် ကုန်ပြန်" လို့ လှောင်နေသလို။ ဆောင်းလေ အေးစက်စက်က မကျော့မေပါးကို လက်ကြမ်းကြီးနဲ့ ပွတ်သပ်ကျီစယ်သွားသလို။ မာလာနံ့ အကင်နံ့ ဆေးလိပ်နံ့တွေနဲ့ အီလည်လည် လေထုထဲမှာ မကျော့မေ နစ်ဝင်လာသလို။ ယဉ်စိန်က လက်လာလှုပ်တာတောင် ချက်ချင်း အာရုံမကပ်တော့။ 

"သွားပါပြီအေ"

မကျော့မေရဲ့ အသံက ဒီလောက်ပဲ ထွက်တော့သည်။ စိတ်ထဲမှာတော့ ကိန်းဂဏန်းတွေ ၊ အကောင်ဗလောင်တွေ ၊ မျက်နှာတွေ ၊ လှောင်ရီသံတွေ ၊ နှမျောစိတ်တွေ ၊ ကိုယ့်ကိုယ်ကို လက်ညှိုးတထိုးထိုး ပြန်ဆူနေတဲ့ ပုံရိပ်တွေ ၊ သူ့ယောင်္ကျား ကိုမောင်တင့်ကြီး ခါးထောက်ပြီး ဆဲဆိုနေတာတွေ ၊ နောင်တနဲ့ ထိတ်လန့်မှုတွေ ၊ တောင်ပေါ်က ခြေလွတ်လက်လွတ်ကျလာသူလို ဟာခနဲ ခံစားချက်တွေ အလုအယက် တိုးဝှေ့လာသည်။ ယဉ်စိန်က အရှုံးသမားချင်း စာနာစွာ မကျော့မေ လက်ကို လာဖက်သည်။ မကျော့မေ အရုပ်ကြီးတစ်ရုပ်လို ယဉ်စိန် ဆွဲခေါ်ရာ လိုက်ပါလာသည်။ အသက်ဓါတ်တွေ အငွေ့ပျံသွားသည့်အလား။


(၅)

ဆောင်းဦး၏ မှုန်မှိုင်းသည့် မြောက်လေသည် လူကို အလွယ်တကူ မှားယွင်းစေတတ်ပါသလား။ မကျော့မေ မပြောတတ်။ ပြောလည်း မထွက်ပါ။ မျက်လုံးတွေထဲမတော့ ဆောင်းရာသီအစ မြူထသည့် တောင်ချိုင့်ဝှမ်းများလို ရည်ရွယ်ရာမဲ့ မှိုင်းပြာနေတော့သည်။ 


- ငြိမ်းဝေမင်း