ကျောင်းဆင်းချိန် ကလေးများ
(၁)
ကျွန်တော်ငယ်ငယ်က အမုန်းဆုံးအချိန်သည် ကျောင်းဆင်းချိန် ညနေခင်းများဖြစ်ပါသည်။
ကျောင်းဆင်းခေါင်းလောင်းသံသည် ကလေးတို့အတွက် သာယာနာပျော်ဖွယ် ဖြစ်သင့်ပါလျက်နှင့် ကျွန်တော်က ကျောင်းဆင်း ခေါင်းလောင်းသံကြားရမှာကို ကြောက်နေခဲ့ဖူးသည်။ကျောင်းဆင်းလျှင် အဘွားတို့ဈေးဆိုင်ကိုဝင်ရဦးမည်။ ဆန်၁ခွဲလောက်ချေးရဦးမည်။ထိုအခါ ကျွန်တော်တို့ကို မျက်နှာထားတင်းတင်းနှင့် ဈေးဝယ်သူများအကြားတွင် ငေါက်ငမ်းတတ်သော အဒေါ်၏မျက်နှာ။ ညီလေး၏အခန်းဝကနေ စောင့်နေရင်း ကျွန်တော် စိတ်တွေလေးလံတွန့်ဆုတ်နေတတ်သည့် ထိုကျောင်းဆင်းချိန်များ။
ဆယ်ရက်လျှင် တစ်ခါလောက်တော့ ထိုသို့ဈေးအကြွေးဝယ်ရစမြဲ။ အမေက ဈေးရောင်းသည့်သူ့ညီမ ကျွန်တော့်အဒေါ်နှင့် မျက်နှာကြောသိပ်မတည့်။ ဒီတော့ ကျွန်တော်နှင့် ကျွန်တော့်ညီက ဈေးအကြွေးဝယ်ရသည်။ တစ်ပတ်ဆယ်ရက်စာ ငါးပိငါးခြောက် ကြက်သွန်မှသည် ဆန်ဆီဆားအထိ။ တစ်ခါတစ်ခါ အဘွား(အမေ့အမေ)တို့ခြံထဲက ဆူးပုတ်ရွက်၊ မန်ကျည်းရွက်၊ဒန့်သလွန်သီး က အစ ကျွန်တော်တို့ မျက်နှာပူပူနဲ့တောင်းခဲ့ရ ၊ အလစ်သုတ်ခူးခဲ့ရဖူးသည်။ ကျွန်တော်က သစ်ပင်တက်သမား။ ညီလေးက အပင်အောက်ကနေ လူအလစ်စောင့်ပြီး အသီးအနှံတွေကို လွယ်အိတ်ထဲ ခိုးထည့်ပေးရသည်။ အတန်းကြီးသည့် ကျွန်တော့်မှာ လွယ်အိတ်ကြီးကြီးတစ်လုံးရှိခဲ့ဖူးသည်။ ကြံတိုင်းအောင်တံဆိပ်နှင့် ထိုလွယ်အိတ်အပြာလေးကို ကျွန်တော် ၆ နှစ်လောက်အထိ စွဲစွဲမြဲမြဲလွယ်ခဲ့ဖူးသည်။ ထိုလွယ်အိတ်ထဲတွင် စာအုပ်၄ ၊ ၅ အုပ်သာပါပြီး မန်ကျည်းသီးအစ အိမ်တွင် ဟင်းချက်စား၍ကောင်းမည့် အသီးအနှံတွေသာ အပြည့်အသိပ်။ တစ်ခါတစ်ခါ လူမိရင် ညီလေးကို လွယ်အိတ်ပေးပြီး ပြေးခိုင်းပါသည်။ ကျွန်တော်သာ အဘွားတို့ အဆူအကြိမ်းကို ခံလိုက်ပါသည်။
တစ်ခါကဆို အဘွားတို့မရှိတုန်း သင်္ဘောသီးတက်ခူးနေစဉ် အဘွားတို့ ပြန်ရောက်လာပါသည်။ ညီလေးက အဘွားတို့ပြန်ရောက်လာပြီ။ ဆင်းခဲ့တော့ဟု အလန့်တကြားပြောရာ ကျွန်တော်လည်း ၁၂ ပေခန့်မြင့်သည့် သင်္ဘောပင်ပေါ်မှာ ကြောက်ကြောက်နှင့်ခုန်ချလိုက်ပါ သည်။ထိုစဉ် အောက်မှ ပျိုးပင်ပေါက်များကို ခြံကာထားသည့် အချွန်နှင့် ပေါင်ကို ထိုးမိသွားသည်။လက်တစ်ဝါးလောက်အထိပြဲစုတ်သွားသော ကျောင်းစိမ်းဘောင်းဘီအရှည်လေးကို ဖြတ်ပြီး သွေးတွေက စီးကျလာပါသည်။ သို့သော် အဘွားတို့မသိမမြင်လိုက် ။ အိမ်အပြန်မှာ ညီလေးက ကျွန်တော့်ကို တွဲပြီး ပြန်လာခဲ့သည်။ နောက်ရက်မှာ အနာအရှိန်နှင့် ကျွန်တော်ကျောင်းမတတ်နိုင်ပါ။ ကျောင်းတတ်နိုင်သဖြင့် ကျောင်းတက်၍ပြန်အလာ အဘွားတို့ခြံထဲ ဝင်ကြည့် တော့ သင်္ဘောပင်များ မန်ကျည်းပင်များ၏အောက်ခြေမှာ ဆူးခက်တို့ကပ်လျက်သား။ထို ညနေတွင် ဗလာကျင်းသောလွယ်အိတ်တစ်လုံးလွယ်ကာ ကျွန်တော်တို့နှစ်ယောက် အိမ်ပြန်လာခဲ့ကြသည်။
(၂)
"သား အမေတို့ဒီနေ့ညစာ ချက်စားဖို့ဆန်မရှိတော့ဘူး။ အဲဒါ မင်းအဘွားဆီမှာ ဆန်တစ်ခွဲလောက်ချေးခဲ့ဦးကွယ်။ ပိုက်ဆံကို နောက်မှပေးပါမယ်ပြောနော်။"
"အမေကလည်းဗျာ ။အရင်တစ်ပတ်ကမှ ကျွန်တော်တို့ ဆန်တစ်စိတ်ချေးထားတာ။အဘွားက ဆူလိမ့်မယ်ဗျ။ပိုက်ဆံမှ မပါရင် ကျွန်တော် အဒေါ့်ကို မပြောရဲဘူး။"
"အေးပါ သားရယ်။ အရင်အပတ်က ဆန်ကလည်း ပေါင်းထိုးလူထုတ် ကိုလည်း ပေးရသေးတယ်လေ။ ကြည့်ပြီး ပြောခဲ့ပေါ့ကွယ်။"
ကျွန်တော်တို့ညီအကို ကျောင်းသွားခါနီးတော့ သနပ်ခါးလိမ်းပေးရင်း အမေက ကျွန်တော့်ကို မှာနေခြင်းဖြစ်ပါသည်။ အမေက ကျွန်တော်တို့ညီအကိုကို စာကြိုးစားဖို့ ၊ ကလေးချင်းရန်မဖြစ်ဖို့သိပ်ပြီး မမှာ ။မှာစရာမလိုအောင် ကျွန်တော်တို့ကလည်း လိုက်နာကြသည်။ ၄ တန်းကျောင်းသား ညီလေးကို လက်ဆွဲပြီး ကျွန်တော် ရွာတောင်ပိုင်းမှ စာသင်ကျောင်းဆီ လှမ်းလာခဲ့ကြသည်။
ညီလေးကတော့ တက်ကြွသည့် ခြေလှမ်းများနှင့်။ကျွန်တော့်ရင်ထဲမှာတော့ လေးလေးလံလံ ။
(၃)
ညီလေးကို ဆိုင်အပြင်ဘက်ထားပြီး ကျွန်တော် ဝင်လာလိုက်၏။ အထဲက အနေအထားက အခြေအနေသိပ်မကောင်း။ ဈေးဝယ်သူတွေနှင့် ရှုပ်ထွေးနေသည်။ အဒေါ်ကလည်း အော်ကြီးဟစ်ကျယ်နှင့် ဈေးရောင်းနေသည်။ ငြင်းခုံ သံတွေနှင့် ဆူဆူညံညံ။ ကျွန်တော်လည်း အနားက ထိုင်ခုံလေးမှာ ခဏဝင်ထိုင်နေလိုက်သည်။ အဒေါ်က ဈေးရောင်းရင်း ကျွန်တော့်ကို တစ်ချက်တော့ လှမ်းကြည့်သေးသည်။ ထို့နောက် ရောင်းလက်စကို ဆက်ရောင်းပြီး ငြင်းလက်စကို ဆက်ငြင်းသည်။ ကျွန်တော် စိတ်ရှည်လက်ရှည်စောင့်နေလိုက်သည်။ ၁၅ မိနစ်လောက်ကြာတော့ ဈေးဝယ်သူတွေလည်း ပြန်သွားပြီ။အဒေါ်လည်း အခုမှ ချွေးသုတ်အားတော့၏။ သူထိုင်တဲ့ခွေးခြေပုလေးနံဘေးက ရေနွေးကြမ်းအိုးကို လှမ်းဆွဲရင်း ကျွန်တော့်ကို မေးသည်။
"ကိုဝေ ။ ဘာတုန်း ။ဈေးအကြွေးဝယ်မလို့လား ။အကြွေးမရောင်းဘူးနော်။"
"ဟုတ် အန်တီ။အမေက ဆန်တစ်ခွဲလောက် ချေးလိုက်ပါဦးတဲ့။ အဲဒါ …..။"
"ဟေ့ ဘာအကြွေးမှ မပေးနိုင်ဘူး။ ပြန်တော့။သွား။ဒီမှာ ရောင်းမကောင်းရတဲ့အထဲ နင်တို့က တစ်မှောင့်။ ရော့ ဘာလီချိုချဉ်နှစ်လုံးစီ ယူသွား ။ကိုထွန်းရော ဘယ်မလဲ။"
"လုပ်ပါ အန်တီရာ။ ဒီနေ့ချက်စရာမရှိလို့ပါ။"
"ပြန်ဆို ။ ပြောနေတယ်လေ။"
အဒေါ်သည် စိတ်ရင်းကောင်းသူ အပျိုကြီး။တူတွေ တူမတွေကို လည်း ချစ်သည်။ ထိုအထဲမှ ကျွန်တော့်ကို အချစ်ဆုံးဟု ထင်သည်။ သို့သော် ချစ်တော့ချစ်သည် ဆန်မချေး။ ကျွန်တော်လည်း ဘာမှ ဆက်မပြောရဲတော့။ အဒေါ် ပေးသည့် ဘာလီချိုချဉ်သာ လှမ်းယူရင်း ဆိုင်အပြင်ဘက်ထွက်လာခဲ့သည်။ အပြင်မှာ ညီလေးက မန်ကျည်းစေ့ တောက်နေသည်။ ချိချဉ်ကို လှမ်းပေးလိုက်ရင်း
"ပြန်ရအောင်ကွာ။ဆန်မရခဲ့ဘူး။"
"ဆန်မရရင် ဘယ်လိုလုပ်ပြန်လို့ရမလဲ ကိုကြီးရ။စားစရာမှ မရှိတာ။"
"မရှိလည်း မတတ်နိုင်ဘူးကွာ။အန်တီကမှ မချေးတာ။"
"ဟုတ်လား။ နေဦး။ခဏစောင့် ။ကျွန်တော် သွားလိုက်မယ်။ အဆင်ပြေရင် ကိုကြီးက ဆန်ထုတ်ထမ်း။ ကျွန်တော့်ကို လွယ်အိတ်တွေပေး။လွယ်လာခဲ့မယ်။"
"ဟေ့ကောင် ။ ဖြစ်ပါ့မလားကွ။မင်းဟာက။"
"မသိဘူးလေ။ ဖြစ်မယ်ထင်တာပဲ။"
ပြောပြောဆိုဆို ကျွန်တော့်လွယ်အိတ်ထဲက အင်္ဂလိပ်စာမေးခွန်းစာရွက်ခေါက်ကလေးကို ဆွဲပြီး ဆိုင်ထဲဝင်သွားသည်။ ခဏနေတော့ ကျွန်တော့်ကို လှမ်းခေါ်သည်။ ကျွန်တော်လိုက်သွားတော့ အံသြစရာတစ်ခု တွေ့ရသည်။ ဆန်ထုပ်။
"ကဲ ငထွန်း ။နင့်လက်ထဲက ပိုက်ဆံပေးတော့။"
အန်တီက ပိုက်ဆံတောင်းသည်။ ညီလေးက ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး
"ကိုကြီး ဆန်ထုပ်ယူပြီး ပြေး ပြေး။" ဟုအော်သည်။
ကျွန်တော်လည်း တစ်ချက် တောင့်ခနဲ ဖြစ်သွားပြီး ဆန်ထုပ်ကောက် ထွက်ပြေးလာခဲ့သည်။ညီလေးက လွယ်အိတ်နှစ်လုံးကို စုံချလွယ်ပြီး ပြေးလိုက်လာသည်။ အဒေါ်က အနောက်မှနေ အော်ဆဲကျန်နေတော့၏။အဒေါ်လိုက်လာ မည်စိုး၍ အသက်ပင် ဝဝမရှုရဲဘဲ ပြေးလာရင်း ကုန်းအဆင်းတစ်နေရာမှာ ညီလေး လွယ်အိတ်ကြိုးနှင့် တုပ်ပြီး လဲသွားသေးသည်။ သူ့ဆီက လွယ်အိတ်ယူပြီး သူ့လက်ကိုဆွဲကာ ပြေးရသည်။အတော်ဝေးဝေးရောက်မှ လမ်းကြားတစ် နေရာထဲဝင် ၊ ဆန်ထုတ်ကို ချပြီး ခြေပစ်လက်ပစ်နားကြရသည်။ ညီလေးလည်း ပါးစပ်လေးဟ အသက်ရှုရင်း
"တော်သေးတာပေါ့ကိုကြီးရာ။ဆန် ရလာလို့။"
"အေး။ မင်းဘယ်လို လုပ်ပြီး အန်တီကို ဆန် ချိန်ခိုင်းလိုက်တာလဲ။"
"ကျွန်တော်လား။ ကိုကြီး မေးခွန်းစာရွက်ကို ကျစ်ကျစ်ပါအောင်ဆုတ်ပြီး အန်တီကို ပိုက်ဆံပါတယ်။ ဆန်တစ်ခွဲပေးပါလို့ပြောလိုက်တယ်။"
"ကျွန်တော်လည်း အန်တီများ ကျွန်တော့်ဆီက ပိုက်ဆံကို တောင်းကြည့်မလားလို့စိတ်ပူ နေတာ။ တော်သေးတယ်။ အန်တီကတောင် ကျွန်တော့်ကို မင်းမတွေ့လို့တောင် ကိုဝေ့ကို မေးနေတာ ဘာညာပြောနေသေး။ကျွန်တော်လည်း အခုမှ အမေက လွှတ်လိုက်တာ။ပိုက်ဆံယူသွား။အန်တီဆီ ဆန်ဝယ်ဆိုတာနဲ့လာဝယ်တယ် ပြောရတာပေါ့။ဒါနဲ့အန်တီလည်း ဆန်ချိန်ပြီးရော ကျွန်တော်လည်း ကိုကြီးကို လှမ်းခေါ်လိုက်တာပေါ့။ ကျန်တာတော့ ပြေးရတာပေါ့ဗျာ။ဒါပေမယ့် နောက်ဆို ဒီလို လုပ်လို့ရတော့မှာ မဟုတ်ဘူးဗျ။ အန်တီက အခုလောက်ဆို ကျွန်တော့် ကို တော်တော်စိတ်ဆိုးနေမလား မသိဘူး။"
ချွေးစက်တို့ဖြင့် စိုလက်နေသည့် ညီလေး၏ မျက်နှာလေးကို ကျွန်တော် ကြည့်မိသည်။အမောပြေခါစ ညီလေးကတော့ ကျောင်းဆင်းပြီး ပြန်လာသည့် သူနှင့်ရွယ်တူကလေးများကို ငေးမောလျက်။ ညနေအဆန်ဆုံး ညနေတစ်ခုမှ ကျွန်တော်တို့ညီအကိုနှစ်ယောက် ထပြန်လာခဲ့သည်။ ပုခုံးထက်က ဆန်တစ်ခွဲသည် ထိုအချိန်က ဘဝတစ်ခုစာ လေးလံနေခဲ့သည်။ ထို့ထက် မိသားစု၏အစာအိမ်များသည် ပို ၍လေးလံနေခဲ့သည်။ထိုထက် မနက်ဖြန်များကို ဖြတ်သန်းဖို့ အတွက် သည် ပို ၍လေးလံနေခဲ့သည်။
နောက်တစ်ပတ်ကျောင်းဆင်းချိန်မှာရော ကျွန်တော်တို့မည်သို့ ရုန်းကန်ကြရဦးမည်နည်း။
(၄)
ကျောင်းဆင်းချိန် တီးတတ်သည့် ခေါင်းလောင်းသံ ဒေါင် ခနဲ မြည်သံသည် ငယ်ငယ်ကတော့ လက်တွေ့ဘဝကို ရင်ဆိုင်ဖို့စစ်ကြေငြာသံလည်းဖြစ်ခဲ့ဖူးသည်။ ကျွန်တော် ကျောင်းဆင်းချိန် ညနေခင်းများကို မုန်းတီးခဲ့ဖူးသည်။ သို့သော် ကျောင်းတက်ချိန်တိုင်းတွင် ကျောင်းဆင်းချိန်များ ရှိကြသည်။ ဘာပဲဖြစ်ဖြစ် ကလေးတို့အတွက် အလိုအပ်ဆုံးသောအတွေးမှာ ဘဝဆိုသည်မှာ ပျော်စရာကောင်းသော စိတ်ဝင်စားဖွယ်ရာ ကြည်နူးချက်များ အနာဂါတ်များနှင့် ပြည့်လျှမ်းနေသော လမ်းတစ်ခုဟု (ထိုစဉ်ကလေးဘဝတွင် ) ယုံကြည်သွားဖို့ဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။