ငွေလရယ်သာ
နောက်ဆုံးအကြိမ် မြစ်နဖူးမှာ မောင်နှင့် တွေ့တော့ အတူနီးဖို့ ခရီးထွက်မယ့်အကြောင်း မောင် ပြောခဲ့သည်။ မောင်သည် စွန့်စားလိုစိတ်ရှိသော ၊ တိုးတက်ရဲရင့်သည့် လူငယ်တို့ ထုံးအတိုင်း နယ်ခြားပယ်ခြားကို စွန့်စားသွားတော့မည် ဖြစ်သည်။
ထိုညက ဖိတ်ဖိတ်လဲ့ လရောင်အောက် မျှော်လင့်ချက်တို့နှင့် ခိုင်မာနေသည့် မောင့်စကားသံကို နားထောင်ရသည်မှာ သဲသောင်မြစ်ကမ်းကို ခတ်လာသည့် လှိုင်းသံသာသာနှင့်ပင် တူသေးရော့သည်။ မောင်သည် မိဆိုကို တင်းတင်းဖက်လျက်က ခေါင်းမော့ရင်း စကားတွေ ပြောနေခဲ့သည်။ မောင်၏ ရည်မှန်းချက်များ ၊ အစီအစဉ်များ ၊ မျှော်လင့်ချက်များ အို ,,, စုံလို့ပါပဲ။ မောင့်အသံသည် မိုးပေါ်ကို လွင့်တက်ကာ မိဆိုတို့ နှစ်ကိုယ်သားပေါ် နှင်းကမ္ဗလာလို ပြန်ဆင်းကျလာလေသလား အောက်မေ့ရသည်။
မောင်၏ ရဲရင့်မှုများ ၊ ယုံကြည်ကိုးစားမှုများ နှင့် တည်ကြည်ခိုင်မာမှုများသည် မောင့်လက်မောင်း မောင့်အသံမှတစ်ဆင့် မိဆိုတစ်ကိုယ်လုံးကို စီးဆင်းနေခဲ့သည်ဟု ခံစားခဲ့ရသည်။ မောင့်အနားမှာ နေရင်း မောင့်ပြောသမျှကို လရိပ်အောက်မှာ နားထောင်ရခြင်းသည် မိဆိုအတွက် လောကနိဗ္ဗာန်တစ်ခုပါပင်။ မောင့်စကားတွေထဲမှာ သူသွားမည့်ခရီး ၊ သူလုပ်မည့် အလုပ်အကိုင်အကြောင်း ပါသည်။ မိဆိုနှင့်သူအတွက် မောင်ရည်မှန်းထားသည့် အနာဂါတ်ရှေ့ရေးအကြောင်းတွေလည်း ပါသည်။ အို ... မောင်ပြောသမျှစကားတွေက လရောင်လို ချိုအေးနေတော့တာပါပဲ။
မောင်သည် တည်ကြည်ရိုးဖြောင့်သူ ဖြစ်သည်။ မိဆိုနှင့် ချစ်သူသက်တမ်း လေးနှစ်မှာ တစ်ခါမှ မိဆိုအပေါ် အခွင့်အရေးမယူစဖူး။ မိဆိုကို ချစ်လိုက်သည်မှာလည်း တုန်လို့။ မောင့်အချစ် မောင့်သစ္စာသည် မြဲမြံလှပေသည်။ မောင်နှင့် မိဆိုတို့က တစ်ရွာတည်းတွေ။ ငယ်ငယ်ကနေ ၈ တန်းနှစ်အထိ အတူကြီးခဲ့ , အတူကျောင်းတက်ခဲ့ကြသည်။ ထိုအချိန်အထိ မောင်နှင့် မိဆိုသည် ကျောင်းနေဖက်သာ ဖြစ်၍ တစ်ယောက်နဲ့တစ်ယောက် ဘာမှမသက်ဆိုင်။ ၈ တန်းပြီးတော့ မောင်က မြို့ကျောင်းရောက်သည်။ မောင် မြို့ကျောင်း ပြောင်းဖို့ ကျောင်းပြောင်းခွင့်လာတင်တဲ့နေ့ကို မိဆိုမှတ်မိနေသည်။
ကျောင်းအုပ်ကြီးရုံးခန်းအဆောင်နှင့် မိဆိုတို့ အတန်းက မျက်နှာချင်းဆိုင်မကျတကျ ခပ်လှမ်းလှမ်းမှာ ရှိသည်။ မိဆိုတို့ ထိုင်နေသည့် ရှေ့တန်းခုံကနေ လှမ်းကြည့်ရင် ကျောင်းအုပ်ကြီးရုံးခန်း ပြတင်းကတစ်ဆင့် မြင်ကွင်းတချို့ကို ခပ်ရေးရေးမြင်ရသည်။ ရုံးခန်းထောင့် ကျောင်းအုပ်ကြီးစားပွဲမှာ ပြတင်းနှစ်ပေါက်ဆုံရာ ကျောင်းအဆောင်ဘက် လှည့်လျက်သားမို့ ဆရာကြီး မျက်နှာတစ်ခြမ်းရော ရုံးခန်းလာသူတို၏ မျက်နှာတစ်ခြမ်းပါ လှမ်းမြင်ရတတ်သည်။
ထိုမနက်က မောင့်ကို ဆရာကြီးရှေ့ တိတ်ဆိတ်စွာ ထိုင်နေသည်ကို မြင်နေရသည်။ ပြတင်းမှ လေသည် မောင့်နဖူးထက်က ခပ်ခွေခွေဆံပင်တချို့ကို ပင့်တင်ပေးနေသည်။ ညိုသော်လည်း စိုပြေနေသည့် မောင့်မျက်နှာသည် ပင်ကိုယ်ဟန်အတိုင်းပင် တည်ငြိမ်နေသည်။ မိဆိုသည် စာလိုက်ကူးရင်း မောင့်ကို တစ်ချက်တစ်ချက် ခိုးကြည့်နေမိသည်။ ဆရာကြီးနှင့် မောင်တို့ လျှောက်လွှာကိစ္စ ပြီးပြတ်ပြီးနောက် မောင်က မိဆိုတို့အခန်းဘက် လှမ်းကြည့်လိုက်တာ မြင်သည်။ မိဆိုသည် မောင့်မျက်လုံးတွေကို ပီပီပြင်ပြင် မြင်ရနိုး ခပ်ကြာကြာငေးကြည့်နေမိသည်။ မောင့်ကို နောက် ဘယ်တော့မှ ပြန်မြင်ရမလဲမသိ။ ရုံးခန်းထဲက ထွက်လာသည့်မောင်သည် မိဆိုကို ရီဝေဝေ တစ်ချက်လှမ်းကြည့်ပြီးနောက် လေးတွဲနေသည့်ခြေလှမ်းများနှင့် ကျောင်းအပြင်ထွက်ခွာသွားသည်။
မောင်တစ်ယောက် မြို့ကျောင်းရောက်ပြီး နောက်တစ်နှစ် မိဆို ကျောင်းထွက်လိုက်ရသည်။ ကျောင်းမထွက်လို့လည်း မဖြစ်တော့။ လက်သမားဆရာ အဖေသည် နာတာရှည် ခါးဝေဒနာဒဏ်နှင့် အိပ်ရာထဲ လဲနေပြီ။ အမေသည် တစ်အိမ်လုံး၏ ဝမ်းစာအတွက် ရွာစဉ်လှည့်ဈေးရောင်းသည့် ခေါင်းရွက်ဗျပ်ထိုးဘဝကို တာဝန်ယူနေပြီ။ အဖေ့ဆေးဖိုး ၊ မိသားစုနေ့စဉ်စားဝတ်နေရေး နှင့် လူမှုဘဝအပူမီးသည် မိဆိုတို့ အဝန်းအဝိုင်းလေးထဲ ကူးစက်လောင်မြှိုက်လာနေပြီ။ ၉ တန်းနှစ် မပြီးခင် မိဆိုကျောင်းထွက်ပြီး အမေနှင့် ဈေးလည်ရောင်းသည်။ တစ်နှစ် နှစ်နှစ်အတွင်း မိဆို ဈေးအရောင်းအဝယ် တတ်လာသည်။
တစ်လမှာ နှစ်ကြိမ်လောက်တော့ ဈေးကုန်ဝယ်ဖို့ ရွာကားနှင့် မောင် ကျောင်းတက်ရာမြို့ကို ရောက်ဖြစ်သည်။ မောင်တို့ ဘော်ဒါဆောင်သည် ဈေး၏အနောက်ဘက် တစ်လမ်းကျော်တွင် ရှိသည်။ မိဆို မြို့ဈေးလိုက်သည့်ရက် မောင်ကျောင်းကြီးပိတ်ချိန်နှင့် ကြုံလျင် ဈေးထဲမှာ တစ်ခါတစ်ခါ တွေ့သည်။ မောင်သည် သူ့အိမ်ကို ဟိုဟာဒီဟာ မှာဖို့ဟု အကြောင်းပြကာ ဘော်ဒါအုပ်ကို ခွင့်တောင်းပြိး မိဆို ဈေးဝယ်ရာနောက် တကောက်ကောက် လိုက်တော့သည်။ မိဆိုကို မောင်ဂရုစိုက်သည်မှာ လွန်ပါရော။
ဈေးတောင် ညောင်ပင်အောက်က ငါးခြောက်သည် မကြီးစိုးဆို မိဆိုနောက် မောင်ပါလာရင် "မေ သွားရာ ဖဝါးထပ်မျှ လိုက်မယ်ယုံ ၊ အန္တရာယ်ပုံ မမှုပါမေရယ်" ဆိုပြီး သီချင်းက ဖျက်ဆိုသေးတာ။ တစ်ခါတစ်ခါလည်း "မိဆို ငါတို့က ဘယ်တော့ စားရမှာတုန်း" လို့ မေးတတ်သေး။ မိဆိုတို့ကဖြင့် ဘာမှ မဘာသေး။ နှုတ်နှေးလှသည့် မောင်သည် မိဆိုကို ချစ်ကြောင်းပြောဖို့ တော်တော်အရှိန်ယူခဲ့ပုံ ပေါ်သည်။ မောင် ၁၀ တန်းနှစ်မှာ မိဆိုကို မောင် ဖွင့်ပြောသည်။ မိဆိုကတော့ မငြင်းချင်ပေမယ့် မောင့်ကို ချက်ချင်းအဖြေမပေးခဲ့။ မောင် ၁၀ တန်း ပြီးမှ အဖြေပေးပါရစေလို့သာ တုန့်ပြန်ခဲ့သည်။ မိဆိုဆီက ချစ်ပါတယ် အဖြေမရသေးသော်လည်း မိဆိုမျက်လုံးတွေထဲက မေတ္တာရိပ်ကို မောင်ဖမ်းနိုင်ခဲ့မည် ထင်ပါသည်။
မောင် ၁၀ တန်းပြီးတော့ မိဆိုနှင့်မောင် ချစ်သူတွေ ဖြစ်သွားကြသည်။ ပျော်ရွှင်ကြည်နူးဖွယ်ရာ နှစ်များပါပေ။ သို့သော်လည်း မိဆိုတို့အိမ် အကြပ်အတည်းကတော့ ပိုဆိုးလာသည်။ လူမမာအဖေအ ဆေးစရိတ်အတွက်နဲ့ ဝိုင်းတခြမ်းလည်း ရောင်းလိုက်ရသည်။ အဖေ ကျန်းမာတုန်းက ဝယ်ခဲ့သည့် လယ်တစ်တွင်းနှင့် နွားမတစ်ရှဉ်းလည်း ကုန်ပြီ။ မိဆိုနဲ့ အမေ ခြေတိုအောင် စီးပွားရှာသော်လည်း အိမ်အခြေအနေက ပြေလည်မလာ။
မောင်သည် မိဆို၏အပူနှင့် သောကကို စာနာသည်။ မိဆို နှင့် မောင် တွေ့ကြတိုင်း မိဆိုလက်ဖဝါးကို ညင်ညင်သာသာ ကိုင်လျက်က မိဆို ရင်ဖွင့်သမျှ နားထောင်သည်။ မောင်သည် မိဆိုအပေါ် ချစ်စိတ် ၊ ကရုဏာစိတ်တို့နှင့် အကြာကြီး ငြိမ်လျက်သား မိဆိုကို ငေးကြည့်နေတတ်သည်။ မိဆိုကတော့ လောကဓံကို မောင့်ထက်ငယ်ငယ်ကတည်းက ဆေးစစ်ခံလာခဲ့ပြီပဲလေ။ တစ်နေ့စာ အဆင်မပြေမှုတွေကို ပေါ့ပေါ့ပါးပါး ပြောတတ်လာခဲ့ပြီ။ အနှိမ်ခံရမှု ၊ ငွေကြေးကျပ်တည်းမှု ၊ လူမှုဒုက္ခတွေကို မိဆို နားလည်သမျှတရားနှင့် မိဆို ဖြေတတ်ပြီလေ။ မောင်ကတော့ မိဆိုစကားကို နားထောင်ရင်း သက်ပြင်းချနေတတ်သည်။
မောင် တက္ကသိုလ်တက်တော့ မိဆိုတို့ ရွာကပ်ရသည် မရှိတော့။ နေပြည်တော်မြို့သစ်တည်ချိန်မို့ လက်လုပ်လက်စားသမားများ ၊ အလုပ်ဆိုက်ထဲ ဈေးလည်ရောင်းရသည့်အလုပ်များက တွက်ချေကိုက်လာသည်။ ရွာကိုလည်း မိုးတွင်းလောက်သာ ပြန်ကပ်ဖြစ်သည်။ နေပြည်တော် ဆောက်လုပ်ရေးဆိုက်တွေမှာ မိဆို လည်လည်ဝယ်ဝယ် ဖြစ်လာသော်လည်း မပျော်ပါ။ မောင့်ကို လွမ်းမိသည်မှာ လွန်ရော။ မောင်ကလည်း မိဆိုကို စိတ်မချ။ မိဆိုက ဘဝပေးမကောင်းလို့ ဆင်းရဲသော်လည်း ယောက်ျားသားတွေ ငေးလောက်အောင် ချောသည်လှသည်မလား။ နောက်ပြီး မိဆိုအလုပ်က အရပ်တကာ လှည့်ရသည့် အလုပ်ဖြစ်လေတော့ မောင်စိတ်ပူသည်မှာ မလွန်ပါ။ ထို့ကြောင့် မောင်သည် အတူနီးအောင် ကြိုးစားမည်ဟု ဆိုကာ နိုင်ငံခြားသွားဖို့ ပြင်သည်။ ပွဲစားအဆက်အသွယ်နှင့် အလွယ်ထွက်လို့ရသည့် ထိုင်းကို ရွေးလိုက်သည်။ မောင်တစ်ယောက် ကျောင်းပြီးသည့်နောက် ထိုင်းကို အောက်လမ်းနှင့် ထွက်သွားသည်။
မောင်နှင့် မိဆို နောက်ဆုံးချိန်းတွေ့ခဲ့ကြသည့်ညက လသည် ဝိုင်းစက်အောင် သာနေသည်။ ယခုညလိုပင် ဖြစ်သည်။ ယနေ့ညလည်း လသည် ဖိတ်ဖိတ်လဲ့ ပြာနေအောင် သာနေသည်။ တစ်နေ့တာ သွေးရူးတန်းရူး ရှင်သန်မှုများ ၊ ဝရုန်းသုန်းကား လှုပ်ရှားခဲ့ရခြင်းများအလွန်မှာ ဒဏ်ရာတွေ သက်သာအောင် လရောင်က ဆေးကြောပေးနေသယောင် ထင်ရသည်။ မိဆိုသည် လကို မျက်တောင်မခတ်တမ်း ငေးနေမိသည်။ တောင်တန်းတွေပေါ် ရောက်နေလို့ပဲလားတော့ မသိ။ ဒီနေရာမှာတော့ လသည် မိဆိုတို့ ရွာက လထက်ပင် ကြီးသည် , လင်းသည် ထင်သည်။ တိမ်ရိပ်ပါးပါးတို့က တောင်မှိုင်းမှိုင်းတွေအပေါ် ခပ်သာသာ ရွေ့လျားသွားသည့်အခါ တောင်ပေါ် လရိပ်တို့သည် ဇာတ်ခုံဆက်တင် ပြောင်းသလို ပုံစံအလီလီ ပြောင်းနေသည်။ လေက အေးအေး လက ဝင်းဝင်းနှင့် စိတ်သည် ငြိမ်းချမ်းဖွယ်ရာအတိပင်။ ကြည်နူးဆွတ်ပျံ့ဖွယ် လရောင်ကြောင့် မိဆို မောင့်ကို လွမ်းနေမိတာလားမသိ။
"အမား ပါးပါးက အထဲဝင်ခဲ့တော့ အပြင်မှာအေးနေပြီတဲ့။"
ရုတ်တရပ် မိဆိုလက်ကို လာဆွဲပြီး ပြောလိုက်သံကြောင့် မိဆို လန့်ခနဲဖြစ်သွားသည်။ မိဆိုရဲ့ လရောင်တောင် မိဆိုနဲ့အတူ လန့်ဖျပ်သွားသလိုမျိုး။
"အားချင် မအိပ်သေးဘူးလား"
အားချင်က ခေါင်းခါပြသည်။
"အိပ်ပါတော့လား သားရယ်"
မိဆို ပြုံးပြီး အားချင်ရဲ့ ခေါင်းကို ပွတ်သပ်နေသည်။ အားချင်က ခေါင်းခါရင်း သူ့အမေဗိုက်ပူပူကို လက်နဲ့ ပွတ်ပြီး "ညီလေး ဘယ်နေ့ မွေးမှာလဲ" ဟု မေးသည်။ မိဆိုလည်း သူ့ဗိုက်သူ ငုံ့ကြည့်ပြီး "သိပ်မကြာတော့ပါဘူး သားရယ်" လို့ ဖြေသည်။ အားချင်က ခေါင်းငြိမ့်ရင်း "ညီလေး မွေးပြီးလည်း မြန်မာပြည် မပြန်နဲ့နော်"တဲ့။ မိဆို ရင်ထဲ ကျင်ခနဲ ဖြစ်သွားသည်။ ဝဲလာတဲ့ မျက်ရည်ကို ခေါင်းခါရင်း ပုတ်ခတ်ပစ်လိုက်တယ်။ မေ့ထားချင်သည့် အတိတ်က မှတ်ဉာဏ်ထဲ အလုအယက် ပြန်ဝင်လာသည်။
မောင် ထိုင်းကို တက်သွားပြီးနောက် မကြာခင် မိဆိုအဖေ ဆုံးသည်။ ရွာမှာ နေစရာဝိုင်းလည်း မရှိတော့။ နေပြည်တော်ဆိုက်တွေကလည်း အခြေအနေမဟန်တော့။ ထိုနှစ်တွေက ရမည်းသင်း မိုးထိမိုးမိ ရွှေတော ခေတ်ထသဖြင့် မိဆိုနှင့် အမေ ရွှေတောထဲ ရောက်သည်။ ရွှေတောလည်း အစောပိုင်းနှစ်တွေတော့ မဆိုးလှ။ သို့သော် မိဆိုအတွက် အန္တရာယ်ကြီးလှသည်။ အုပ်ထိန်းသူအမေသာ ပါမလာလျင် ယောက်ျားရဲရာ ရွှေတောသည် သူ့ဘဝကို တစစီ ဆွဲဖြုတ်ပစ်မလား မသိ။
မောင်လည်း ထိုင်းမှာ အဆင်မပြေလှ။ အထပ်မြင့် အဆောက်အဦများထက် သက်စွန့်ဆံဖျား ကော်ဆန်းလုပ်ရသည်ဟု ကြားသည်။ တရားမဝင် ခိုးဝင်လုပ်သားတစ်ဦးအဖို့ တစ်ဖက်နိုင်ငံတွင် ရှာဖွေစားသောက်ရခြင်းသည် ကြိုးတန်းဆက်ကပ်ပြနေသလို ၊ ဝရမ်းပြေးတစ်ယောက် နေရသလိုမျိုးဟု မောင်ပြောဖူးသည်။ မောင်သည် မိဆိုနှင့် နီးဖို့ သူ့စွမ်းသမျှ ကြိုးစားပါသည်။ မိဆိုသည်လည်း မောင်နှင့်အတူ ပေါင်းဖက်နိုင်ဖို့ ရှာဖွေကြံဆပါသည်။ သို့သော် မောင် နှင့် မိဆိုတို့သည် မိုးကုတ်စက်ဝိုင်းဆီ အပြေးပြိုင်သလို နီးတော့မလိုလိုနှင့် ဝေးဝေးလာသည်။
ရွှေတောတွေ ပျက်တော့ မိဆိုတို့ တရုတ်နယ်စပ်ကို ရောက်လာသည်။ အမေသည် တစ်လျှောက်လုံး ပင်ပန်းဒဏ်နှင့် ဘာအလုပ်ကြမ်းမှ မလုပ်နိုင်တော့။ မိဆိုလည်း နယ်စပ်မှာ ဈေးမရောင်းတော့ပါ။ တရုတ်ပိုင် စီးကရက်စက်ရုံမှာ အလုပ်ရသည်။ အလုပ်က မိဆို ဈေးရောင်းတာထက်ပင် ကိုက်သေးသည်။ စရိတ်ငြိမ်း ယွမ် ၁၈၀၀-၂၀၀၀ ငွေသည် မိဆိုအဖို့ မက်လောက်စရာပါ။ ထိုစက်ရုံတွင်ပင် မန်နေဂျာလုပ်နေသည့် အာ့ယီနှင့် တွေ့သည်။ အာ့ယီက မိဆိုထက် အသက် ၂၀ သာသာ ကြီးမည့် တရုတ်။ စီးကရက်စက်ရုံသူဌေး အမျိုးဟု ပြောသည်။ ရုပ်ဆိုးသော်လည်း ငွေတော့ အတော်ရွှင်သည်။ တရုတ်ဆိုသော်လည်း မြန်မာရေလည်သည်။ စီးပွားရှာကောင်းသည်။ ပြောတတ်ဆိုတတ် လက်ရဲဇက်ရဲရှိသည်။ အာ့ယီက လူလွတ်တော့မဟုတ်။ မိဆိုတို့ နယ်စပ်မြို့ပေါ်မှာတင် အာ့ယီက ဒေသခံရှမ်းမနှင့် ယူထားသူ။ ယူနန်ထဲမှာလည်း သူ့ဇနီးရှိသည်ဟု ပြောသည်။ တစ်ခါတစ်ခါ ပြည်ကြီးဘက် ပြန်သည်။
မိဆိုကို တွေ့တွေ့ချင်း အာ့ယီ မျက်စိကျသည်။ အလုပ်ထဲမှာလည်း သီးသန့်အခွင့်အရေးတွေ ပေးသည်။ မုန့်ဖိုးဆိုပြီး အံပေါင်းလည်း ပေးသည်။ တစ်ခါတစ်ခါ တရုတ်ပြည်ကပင် အလှကုန်အထည်ဆန်းတွေ မှာပေးသည်။ အာ့ယီက မိဆိုကို လက်ထပ်မယ်ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောလာသည်။ မိဆို အာ့ယီကို မလိုချင်။ လူမျိုးရေးအစွဲတွေ ဘာတွေကြောင့်မဟုတ်။ မိဆိုမှာ မောင်ရှိသည်။ မောင်နှင့်သာ လက်ထပ်ချင်သည်။ သို့သော် အမေ့ကို အာ့ယီ ဘယ်လို စည်းရုံးလိုက်သည် မသိ။ အမေသည် မိဆိုကို အာ့ယီနှင့် ယူဖို့ အတင်းတိုက်တွန်းတော့သည်။ အာ့ယီကလည်း မိဆိုကို အိမ်တဆောင်မီးတပြောင် ထားမည့်အကြောင်း ၊ ယွမ် ၅ သောင်း ၊ ဆိုင်တစ်ခန်းနှင့် တင်တောင်းမည့်အကြောင်း ၊ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းပါမည့်အကြောင်း လူနာအမဲခြောက်တောင်းသလို တစာစာ ပြောတော့သည်။
အနားမှာ မောင်ရှိရင် မောင့်ရင်ခွင်ထဲ မိဆို ပြေးပုန်းချင်နေသည်။ အဖေလောက်အရွယ်ကြီးရဲ့ မယားငယ် တတိယတန်းဘဝကို မိဆို မလိုချင်။ သို့သော် မိဆိုမှာ ရွေးစရာ အဖြေမရှိ။ ပြေးစရာ မြေမရှိ။ စက်ရုံပိတ်ပြီး အနားပေးတဲ့ တစ်ညမှာ မိဆိုရဲ့ အပျိုစင်ဘဝကို အာ့ယီက အတင်းချွေယူသွားသည်။ ထိုညက လသာသာ ကွင်းပြင်ထဲ မိဆို ပြေးထွက်ငိုခဲ့သည်။ စက်ရုံရှေ့တွင် စီးနေသည့် မဲခေါင်မြစ်သည် လရိပ်အောက်တွင် မျက်ရည်တို့နှင့် စီးနေသည်ဟု ထင်သည်။ မဲခေါင်မြစ်၏ လှိုင်းပုတ်သံသည် တစ်ခါက ညင်သာယုံကြည်စွာ ပြောခဲ့သည့် မောင့်စကားတို့ကို ပဲ့ထင်ထပ်နေသည်ဟု ထင်သည်။ တောရိပ်တောရိပ် မှောင်မှောင်က လရောင်အောက်က မိဆိုအဖြစ်ကို စာနာသည့်အလား တိတ်ဆိတ်နေခဲ့သည်။
အာ့ယီနှင့် ယူလိုက်ရသည့် သတင်းကို မောင်သည် ချက်ချင်းမသိ။ မောင့်ကိုလည်း မိဆို အဆက်ဖြတ်ပစ်သည်လေ။ မောင်က သူလက်လှမ်းမီသမျှ အဆက်အသွယ်တွေနှင့် မိဆို သတင်းကို လှမ်းစုံစမ်းပါသည်။ နောက်တော့ မိဆို အိမ်ထောင်ကျသွားသည့်သတင်း မောင် သိသွားသည်ပါပဲ။ မောင်သည် သတင်းကြားရသည့်နေ့က အရူးတစ်ယောက်လို စိတ်လွတ်နေခဲ့သည် ကြားသည်။ မသောက်စဖူး အရက်တွေ မူးနေအောင် သောက်ပြီး တိရစ္ဆာန်တစ်ကောင်လို အော်ဟစ်ပေါက်ကွဲနေခဲ့သည်ဟု ဆိုသည်။ မိုင်ထောင်ချီ ဝေးသော်လည်း မောင် ခံစားနေမည့်မြင်ကွင်းကို မိဆို ကောင်းကောင်းသိပါသည်။ သို့သော် မိဆိုသည် အရင်လို ပြန်မဖြစ်တော့။ မောင်နှင့် မိဆိုသည် မဆိုင်တော့။ လလိုပင် သာတုန်းက သာခဲ့ ၊ ကွယ်ရမည့်အလှည့် ကွယ်ခဲ့ရပြီလေ။
အခုညလည်း လသာပြန်ပြီ။ လသည် တစ်ခါကလည်း ဝိုင်းဝိုင်းစက်စက် သာချင်တိုင်း သာခဲ့သည်။ ယခုလည်း သာနေဆဲ။ နောင်များလည်း သာပေဦးမည်။ သာသော်ငြားလည်း အဓိပ္ပါယ်များ ၊ ဖြစ်ရပ်များ ၊ ခံစားချက်များကား တစ်ခါနှင့်တစ်ခါ တူတော့မည်မဟုတ်။ ကာလတစ်ခုသည် အတိတ်မှ ပစ္စုပ္ပန် ၊ ပစ္စုပ္ပန်မှ အနာဂါတ် အစဉ်အတိုင်း ဆက်သွားနေသည်ဟု ထင်ပါသလား။ သို့မဟုတ် အချိန်တစ်ခုသည် နောက်တစ်ကျော့ပြန်လည်၍ စက်ဝိုင်းဆန်ဆန် သံသရာပြန်ပတ်လာတတ်ပါသလား။ မိဆို မတွေးတတ်ပါ။
ယခုအခါ လကို မော့ကြည့်မိသည့်အခါတွင်ဖြင့် ငွေမျက်ရည်တို့ဖြင့် ဖိတ်လက်နေသည်ဟု ထင်မိပါသည်။
- ငြိမ်းဝေမင်း

