စထရက်ဂဲလ်
ဆရာကြီးဦးဖြူက မအောင်မြင်တဲ့ ကျောင်းအုပ်ကြီး ဖြစ်ခဲ့တယ်။ 'ဖြစ်ခဲ့တယ်' လို့ ပြောလိုက်လို့ အခုတော့ အောင်မြင်သွားပြီပေါ့လို့ ထင်ကြမလားမသိ။ တကယ်တော့ ဆရာကြီး သေသွားပါပြီ။ မအောင်မြင်တဲ့ ဆရာကြီးအနေနဲ့ပဲ သေသွားတာပါ။
၂၀၀၀ ပြည့်တစ်ဝိုက်က ကျနော်တို့ရွာ အလယ်တန်းကျောင်းမှာ ဆရာ ၅ ယောက် ၆ ယောက် ဆရာမ ၃-၄ ယောက်ထက် ပိုမရှိခဲ့ဘူး။ ဆရာမတွေကတော့ အစိုးရခန့်စစ်စစ်တွေပါ။ ဆရာတွေထဲက အစိုးရခန့်ဆိုရင် ဆရာကြီးဦးဖြူနဲ့ နောက်ဆရာကြီး ၁ ယောက်ပဲ။ ကျန်တဲ့ ဆရာတွေက ဆွဲခန့်ဆရာတွေ ၊ လုပ်အားပေး ဧည့်ဆရာတွေ .. တစ်ခါတစ်ခါ ကျောင်းစောင့်လုပ်တဲ့သူလည်း အတန်းငယ်တွေ ဝင်သင်ချင်သင်တာ။
တစ်ခါကဆို ရွာထဲက အရူးတစ်ယောက်ပါ ကျနော်တို့အခန်းထဲ စာလာသင်သေးတာ။ အရူးလုပ်တဲ့သူက စာဖတ်ပြီး ရူးသွားတယ်လို့ ပြောကြတဲ့ ယဉ်ယဉ်လေးအရူးမျိုး။ မှတ်မှတ်ရရ ကျနော့်ကိုတောင် စာကောက်မေးသွားသေး။ ကျောင်းမှာက အချိန်ပြည့်ဆရာရယ်လို့ လက်ညှိုးထိုးပြနိုင်တာ ဆရာကြီး ဦးဖြူနဲ့ နောက်သင်္ချာဆရာကြီး ဒီလောက်ပဲ။ ဒါတောင် ဆရာကြီးဦးဖြူက အတန်းတွေ ဝင်ပြီး စာပြတာမျိုးမလုပ်။ ကျောင်းအိပ်ကျောင်းစားနဲ့ မန်နေဂျာဆရာကြီးလို့ ပြောရမှာပေါ့။ ကျန်တဲ့ ဆရာတွေက အာဂန္တုတွေ။ တချို့ဆရာတွေက မိုးတွင်းရောက်ရင် ကျောင်းမလာတော့ဘူး။ ယာထဲတောထဲ ရောက်သွားတော့တယ်။ တချို့လည်း သစ်ပွဲစားအလုပ်ကောင်းတဲ့ရက် ကျောင်းဘက် မလှည့်တော့ဘူး။
ဆရာတွေ ကျောင်းမမှန်တော့ ကျောင်းသားတွေလည်း ကျောင်းခန်းနဲ့ နေ့နံမကိုက်ကြတာ ဘာဆန်းမှာမို့လဲ။ ကျနော်တို့ဆို အလယ်တန်းမတက်ခင်အထိ ကိုယ့်အတန်း ကိုယ့်ခုံရယ် အတည်တကျ ရှိခဲ့တာ မဟုတ်။ မရှိဆို ကျောင်းကို ပုံမှန်မတက်ဖြစ်တာ။ ကျောင်းတက်တဲ့ကောင်တွေ ဆိုတာလည်း စာသင်ချင်လို့ မဟုတ်ဘူးရယ်။ ကျောင်းခန်းကို ကစားကွင်းလို စုရပ်လုပ်ပြီး ဆော့ချင်လို့ ကျောင်းလာတဲ့ကောင်တွေ။ ကျောင်းဝန်းတစ်ခုလုံးမှာ စည်းရိုးပျက်တွေ ဖရိုဖရဲ။ တစ်ကျောင်းလုံးလည်း လေးတန်းကျောင်းဆောင်ရှေ့က ယူကလစ်နှစ်ပင်ကလွဲရင် တစ်ဝန်းလုံး မြက်ယောင်းခြောက်တွေနဲ့ ဖုံးလို့။ လေပွေပူတွေ တိုက်လာရင် မြက်ခြောက်သံတရှဲရှဲက ခပ်လှမ်းလှမ်း စာသင်ခန်းတွေကနေတောင် ကြားရတယ်။
ကျောင်းက ရွာနှစ်ရွာအလယ်မှာ ဆိုတော့ ဟိုရွာဒီရွာ ဖြတ်သွားတဲ့သူတိုင်းက ကျောင်းအခြေအနေကို အစင်းသိပြီးသား။
"ကျောင်းကလည်း စည်းကမ်းပျက်ချက်ကွာ။ ဘယ်လိုဆရာတွေများ ကိုင်နေပါလိမ့်" ဆိုတာက အပျော့ပြောင်းဆုံး ဝေဖန်ချက်။ ဒီထက် ပါးစပ်ရဲတဲ့ ရွာသားတွေဆို "ကိုဖြူကြီးနဲ့တော့ ကျောင်းပျက်မှာပဲ" ဆိုတာမျိုး နာမည်ပါ တပ်ပြောတာ။ ဒီလို ဗရုတ်သုက္ခတောကျောင်းလေးမှာ ဗြဟ္မာ့ဦးခေါင်းကိုင်ဖို့ ဆရာကြီးဦးဖြူက ကျောင်းအုပ်လာဖြစ်ခဲ့တာ။ သူ့ကံပဲလို့ ပြောရမှာပေါ့။
ဆရာကြီးက အောက်အရပ်သား။ နာမည်အတိုင်းပဲ အသားက ဖြူတယ်။ လူက လူဖလံလေး။ နှုတ်ခမ်းမွေးကုပ်ကွေး ၊ လက်ပြင်ကုန်းလေးနဲ့။ နတ်စင်သာသာသာ သုံးပင်နှစ်ခန်း သူ့ရုံးခန်း အုတ်တိုက်လေးထဲမှာပဲ သူ့ရဲ့ တစ်နေ့တာကို ဖြတ်သန်းတာ များတယ်။ တနင်္လာနေ့လို Assembly စီတဲ့ ရက်ပဲ အုတ်တိုက်လေးရှေ့ အလံတိုင်ရှေ့ရပ် အသံတိုးတိုးနဲ့ စကားနည်းနည်းပြောတယ်။ ဆရာကြီးရဲ့ ပိန်သေးသေး ကိုယ်လုံးလေးပေါ်မှာ ကျောင်းဝတ်စုံအဖြူကြီးက ဖားဖားယောင်းယောင်း။ လေထန်တဲ့နေ့တွေမှာ ဆရာကြီးဟာ လေနဲ့အတူ လွင့်ပျံသွားမလား အောက်မေ့ရတယ်။ ဆရာကြီး ကြည့်ရတာလည်း လေပေါ်ပျံလို့ရရင် ပျံသွားချင်သလိုမျိုး။ ဒီနေရာနဲ့ ဝေးနိုင်သမျှ အဝေးကြီး ထွက်ပြေးဖို့ အသင့်ဖြစ်နေတဲ့ပုံ။
ဆရာကြီးရဲ့ တစ်နေ့တာကို ကျနော်တို့ သိပ်မသိကြဘူး။ မသိဆို ဆရာကြီးက သူ့ရုံးခန်း အုတ်တိုက်လေးထဲကကို ထွက်တယ်မှ မရှိတာ။ ကျနော်တို့ ပြောနိုင်တဲ့အချက်က ဆရာကြီးဟာ အမြဲလိုလို မူးနေတော့တာပဲဆိုတာ။ ဆရာကြီး မမူးတဲ့ရက်က ရှားပါတယ်။ ကျောင်းအပ်လက်ခံတဲ့ ရက်မျိုး ၊ ကျောင်းစစ်လာတဲ့ရက်မျိုး ၊ မိဘဆရာအစည်းအဝေး ရှိတဲ့နေ့မျိုးလောက်ပဲ လွတ်မယ်ထင်တယ်။ ဒါလည်း ညနေဆို မူးတော့တာပါပဲ။ ဆရာကြီးနဲ့ သောက်ဖော်သောက်ဖက်က ကျောင်းစောင့် ၊ ကျောင်းစာရေးနဲ့ ကျနော်တို့ရွာက ဆွဲခန့်သမိုင်းဆရာပဲ။
ဆရာကြီးတို့ နေ့တိုင်း သောက်တယ်ဆိုတော့ ပိုက်ဆံပေါသားပဲ မထင်လိုက်နဲ့။ အတော်များများက တောင်ရွာ မြောက်ပိုင်းအရက်ဆိုင်က အကြွေးစာရင်းဖွင့်သောက်တာ။ အရက်ကို အကြွေးယူပေးရတာက ကျနော်တို့ ကျောင်းစောင့်ဆိုပေမယ့် တစ်ခါတစ်ခါ ကျောင်းဆင်းလို့ မပြန်သေးဘဲ ကျောင်းဝင်းထဲ ဘောလုံးကန်နေတဲ့ ကျနော်တို့ ယူပေးရတာလည်း ရှိတာပါပဲ။ တစ်ခါက ဆရာကြီးတွေကို အရက်သွားပေးရင်း ရုံးခန်းထဲက ပြတင်းဘက် မျက်နှာမူထားတဲ့ အလုပ်စားပွဲပေါ်မှာ ဝကစ်ကစ် ကလေးပေါက်စလေး ချီပြီး ပြုံးရယ်နေတဲ့ အသားဖြူဖြူ အသက် ၃၀ တန်း လူလတ်ပိုင်းတစ်ယောက်ရဲ့ ဓါတ်ပုံကို မြင်ဖူးတယ်။ လူက ပိန်သွယ်သလောက် စိတ်ရောရုပ်ပါ ကြံ့ခိုင်ပြီး ကြည့်ကောင်းတဲ့ ယောင်္ကျားတစ်ယောက်ပဲ။
သမိုင်းဆရာက ကျနော်တို့ ဝယ်လာတဲ့ အရက်ပုလင်းကို လှမ်းယူရင်း ကျနော်တို့ ဓါတ်ပုံကြည့်နေတာ သတိထားမိသွားတယ်။
"ဘယ်လိုလဲ ချောတယ်မလား။" တဲ့
ဆရာက ပေါ့ပေါ့ပါးပါး စကားစတော့ ကျနော်တို့လည်း မေးရဲသွားတယ်။
"အဲ့ဒါ ဘယ်သူလဲ ဆရာကြီး" ဆိုတော့ သမိုင်းဆရာက ဆရာကြီးဦးဖြူဘက် မေးငေါ့ပြတယ်။ ဆရာကြိးဦးဖြူက ခေါင်းကြီးငုံ့လို့။ ရေချိန်ကိုက်သွားလို့တော့ ဟုတ်ဟန်မတူ။ ဆရာကြီး ရှက်နေတာပဲဆိုတာ ကျနော်တို့ သိလိုက်တယ်။
"တို့ဆရာကြီးက ချောသားပဲ။"
ကျနော်တို့ထဲက စကားသွက်သွက်ကျောင်းသားတစ်ယောက် ပြောတော့ ဆရာကြီး ခေါင်းထပ်ငုံ့သွားတယ်။ သမိုင်းဆရာကတော့ ဆရာကြီးနဲ့ သောက်ဖော်သောက်ဖက်တွေမို့ ပြောရဲဆိုရဲရှိတယ်။
"မင်းတို့ဆရာကြီးက လူတင် ဖြောင့်တာမဟုတ်ဘူး။ ဉာဏ်ကလည်း သိပ်ထက်တာ။ ဆယ်တန်းကို ဂုဏ်ထူး ၂ ဘာသာနဲ့ အောင်ပြီး ပညာရေးတက္ကသိုလ်ကို စတိုင်ပင်နဲ့ ရောက်လာတာ။ မိဘသာ တတ်နိုင်ရင် အဲ့ခေတ်က ဆေးတို့ RIT တို့လည်း အေးဆေးတက်လို့ရတယ် နောဆရာကြီး" ဆိုပြီး ဆရာကြီးဦးဖြူဘက် လှည့်ပြီး အတည်ပြုသလိုပါ ပြောလိုက်သေး။
"ဒါတွေ ပြီးခဲ့ပါပြီ" တဲ့။ ဆရာကြီး ဦးဖြူက တိုတိုနဲ့တိုးတိုးဖြေတယ်။ ဆရာကြီးက အနီးကပ်ကြည့်မှ တော်တော်အိုစာနေတာ တွေ့ရတယ်။ ဆရာကြီးအသက် ဘယ်လောက်ရှိမလဲ ကျနော်မပြောတတ်။ ကျွန်တော်တို့ကျောင်းက ဆရာကြီး ကျောင်းအုပ်လုပ်သွားတဲ့ နောက်ဆုံးကျောင်း ဖြစ်ချင်လည်း ဖြစ်သွားနိုင်တယ်လို့ တွေးမိတယ်။ ဒီလို သောက်ပုံနဲ့ဆို အစိုးရက ပင်စင်မပေးခင် ပယင်းရောင်တွေက ဆရာကြီးကို ပင်စင်ပေးလိမ့်မယ်လို့လည်း စိုးရိမ်စိတ်ဝင်မိတယ်။ ဒါပေမယ့် ဘာပြောရဲမှာတုန်း။ ဆရာကြီးက ဆရာကြီးကိုး။
ဆရာကြီးရဲ့ နောက်ခံကို ကျနော်တို့ မသိပါ။ စာသင်ခန်းတွေထဲလည်း ဘယ်တော့မှ စာလာမသင်ပါ။ တနင်္လာနေ့များဆိုရင်တော့ ဆရာကြီးကို အလံတိုင်ရှေ့မှာ လက်နောက်ပစ်လျက်သား တွေ့ရမြဲ။ မိုးပေါ်ပျံတော့မလို တဖောင်းဖောင်း လွင့်တက်နေတဲ့ ကျောင်းအင်္ကျီဖားဖားကြီးနဲ့ပေါ့။ ဆရာကြီးရဲ့ ပုံစံကတော့ တစ်နေ့ထက်တစ်နေ့ ပိုအို ပိုအားနည်း ၊ ပိုအသံတိုးလာတယ်။ တစ်ခါတစ်ခါ ကျောင်းဝန်းထဲ ဘောလုံးချိန်းကန်ကြရင်း ဆရာကြီး ရုံးခန်းဘက် ကြည့်မိတဲ့အခါ ကျောင်းဆင်းသံချောင်းအောက် အုတ်တိုက်ရှေ့ အမိုးလေးအောက်မှာ ကုလားထိုင်တစ်လုံးနဲ့ တစ်ယောက်တည်း ထိုင်ရင်း အဝေးကို ငေးမျှော်နေတဲ့ ဆရာကြီးကို တွေ့ရတတ်တယ်။
ကျနော်တို့ ဆရာကြီး အထီးကျန် တိတ်ဆိတ်နေတာမြင်တိုင်း ကျနော်တို့ စိတ်မကောင်း။ ဆရာကြီး သူ့သမီးလေးကို လွမ်းနေတာလား။ ဒါမှမဟုတ် တက်လမ်းမရှိ ဗရမ်းဗတာ ဖြစ်နေတဲ့ တောကျောင်းလေးမှာ မပျော်နိုင်ဘဲ မှိုင်နေတာလား။ ဆရာကြီးရဲ့ ပညာနဲ့ မထိုက်အောင် မလောက်ငတဲ့လစာ ၊ အနာဂါတ်ဝန်ထုပ် နဲ့ လက်ရှိပစ္စက္ခတ်အကြပ်အတည်းတွေအကြောင်း တွေးနေတာလား။ သူနဲ့ ကျောင်းနေဖက်တွေကို သတိရနေတာလား။ ဒါမှမဟုတ် ကျောင်းတုန်းက လွမ်းမောဖွယ် အချစ်ဇာတ်လမ်းဆီ စိတ်ရောက်နေတာလား။ ဆရာကြီး မလိုက်ဖြစ်တဲ့ လမ်းတွေနဲ့ လွဲချော်ခဲ့တဲ့ ဘဝရေစီးတွေကို ငေးကြည့်နေမိတာလာ။ ကျနော် မပြောတတ်။ ကုလားထိုင်ပေါ်မှာ ထိုင်လျက်တောင် လက်ပြင်ကုန်းကုန်းနဲ့ ချုံးချုံးကျနေတဲ့ ဆရာကြီးဦးဖြူရဲ့ပုံစံကိုတော့ အဝေးကပါ လှမ်းမြင်နေရတယ်။ ဓါတ်ပုံထဲက ဆရာကြီးရဲ့ ခွန်အားနဲ့ ကြံ့ခိုင်ယုံကြည်မှုတွေ ရေနွေးငွေ့တွေလို လွင့်ပျယ်သွားပြီလား မသိ။
တစ်ရက်တော့ ဆရာကြီး ကျနော်တို့အတန်းထဲ ရောက်ချလာတယ်။ ဆရာ မလာလို့ တရုန်းရုန်းဖြစ်နေတဲ့ အတန်းထဲကို ယိုင်တိုင်တိုင်နဲ့ ဆရာကြီး ဝင်လာတော့ ကျနော်တို့လည်း ပျာယာခတ်သွားတာပဲ။ ဆရာကြီးကတော့ ဘာမှမပြော။ ကိုယ့်ခုံကိုယ်ထိုင်ကြလို့ ခပ်တိုးတိုးပဲ ပြောတယ်။ ပြီးတော့ ဘာတွေပြောမှန်းမသိ အင်္ဂလိပ်လို တစ်ခွန်းနှစ်ခွန်းပြောတယ်။ ကျနော်တို့ နားမလည်မှန်း သိလို့လား။ ကျောင်းသားတွေ မှတ်သားစေချင်လို့လားတော့မသိ။ မြေဖြူခွက်ထဲက မြေဖြူတစ်ချောင်းနှိုက်လို့ ဘလတ်ဘုတ်ပေါ် စာတစ်ကြောင်းရေးတယ်။
"Life is struggle"
ကျနော်တို့အကုန်လုံး Life နဲ့ is ကို သိပေမယ့် နောက်က Struggle ဆိုတာကို မသိ။ ဆရာကြီးက ရီဝေဝေကြည့်ပြီး အသံထွက်ပြောပြသည်။ စထရက်ဂဲလ် ...ဘဝဆိုတာ ရုန်းကန်မှုပဲကွ။တဲ့ ဘာရုန်းကန်မှုလဲတော့ မသိ။ ကျနော်တို့ သိတဲ့ ရုန်းကန်တယ်ဆိုတာ ဘောလုံးဆွဲပြေးပြီး တစ်ဖက်လူကိုကျော် ဂိုးထဲ ကန်ထည့်တာပဲ။ ဆရာကြီးကတော့ အလေးအနက်။
"လူ့ဘဝဆိုတာ ရုန်းကန်မှုပဲ။ ရှင်သန်ဖို့ ရုန်းကန်ရတယ်။ ထမင်းစားရဖို့ ရုန်းကန်ရတယ်။ ဟော ... ပညာတတ်ဖို့ ရုန်းကန်ရတယ်။ လိုချင်တဲ့ ရည်းစားရဖို့အထိပါ ရုန်းကန်ရတယ်ကွာ။ ဆရာကြီးလည်း ရုန်းကန်ရတယ်။ မင်းတို့လည်း ရုန်းကန်ရတယ်။ ရုန်းကန်မှုက ဘဝ , ဘဝက ရုန်းကန်မှုပဲ။ စထရက်ဂဲလ် ဘာတဲ့ "
ကျနော်တို့တတွေ "စထရက်ဂဲလ်" ဆိုပြီး ပျော်ပျော်ကြီး အော်တော့ ဆရာကြီး ဝမ်းသာသွားတယ်။
"မှန်တယ်ကွ။ စထရက်ဂဲလ်...ဟဲဟဲ စထရက်ဂဲလ် မှတ်ထားနော်"တဲ့။ ဆရာကြီးက တဟဲဟဲနဲ့ ရယ်ရင်း စာသင်ခန်းထဲက ယိုင်တိုင်တိုင် ပြန်ထွက်သွားတယ်။ ကျနော်တို့ အားလုံး တစ်ယောက်တစ်ပေါက် ဖြစ်ကျန်ခဲ့တယ်။ ကျနော်ကတော့ ဘလက်ဘုတ်ပေါ်က လက်ရေးလှလှနဲ့ ရေးထားတဲ့ Life is struggle ဆိုတဲ့ စာကြောင်းကို စိုက်ကြည့်နေမိတယ်.
ဆရာကြီးဦးဖြူက မအောင်မြင်တဲ့ ကျောင်းအုပ်ကြီးပါ။ ကျနော်တို့ ၈ တန်းနှစ်မှာ ဆရာကြီး အနားပေးခံရတာလား ၊ ကျောင်းပြောင်းကျတာလား မသိ။ ဆရာကြီးနဲ့ ကျနော်တို့ တောကျောင်းလေး ရေစက်ကုန်ခဲ့ပါတယ်။ နောက်ကျောင်းအုပ်ဆရာမကြီးလက်ထက်မှာ ကျောင်းက တော်တော်လေး တိုးတက်တာတော့ အမှန်ပဲ။ အထက (ခွဲ)တွေ ဘာတွေ ဖြစ်လို့ ။ အစိုးရခန့် ဆရာစစ်စစ်တွေနဲ့ ၊ စည်းရိုးတောင့်တောင့် ထုံးဖြူဖြောင့်ဖြောင့်လမ်းတွေနဲ့။ ကျောင်းလည်း ကျောင်းနဲ့တူသွားပြီ။ ရွာကလူတွေဆို ဆရာမကြီးကို သိပ်ချီးကျူးကြတာပဲ။ ဆရာကြီးဦးဖြူကတော့ အမေ့လျော့ခံ ဖြစ်သွားပြီပေါ့။
ကျနော်တို့ တက္ကသိုလ်တက်ချိန် ဆရာကြီးဦးဖြူ ဆုံးပါးသွားတယ်။ သူ့ဇာတိ အောက်အရပ်က အိမ်အိုလေးထဲမှာ ဘဝဆီမီး ငြိမ်းခဲ့တယ်လို့ ကြားပါတယ်။ ဆုံးတော့လည်း ချို့ချို့တဲ့တဲ့ဆိုတော့ တပည့်ဟောင်းတွေ ဖြစ်တဲ့ ကျနော်တို့မှာ စိတ်မကောင်း။ အခုခေတ်လိုသာ Social Media တွေ အားကောင်းရင် ဆရာကြီးမဆုံးခင် ကျနော်တို့ ကျေးဇူးဆပ်နိုင်လိုက်မှာလို့ တွေးမိတယ်။ ဆရာကြီးက လွမ်းစရာမကောင်းဘူး ဆိုပေမယ့် သတိရစရာကောင်းတယ်လို့ ထင်တယ်။
သူ့ဘဝက သူပုံစံလို ယိုင်နဲ့နဲ့ ဖြစ်ခဲ့တာတွေ ၊ အရက်ကြိုက်သလို ရှက်တတ်တဲ့ ပညာတတ်ကြီးတစ်ယောက်အဖြစ် နေထိုင်ခဲ့တာတွေ ၊ လူလေးစားမခံရတဲ့ , လက်ရည်တူမိတ်ဆွေ မရှိ အထီးကျန်ဆရာကြီးအဖြစ် မိသားစုနဲ့ ဝေးကွာရာမှာ လေလွင့်ခဲ့ပုံတွေ ၊ တပည့်တွေနဲ့ တရင်းတနှီး နေချင်ခဲ့တဲ့ အမူအရာတွေ ၊ ညနေ ညနေ ရုံးတက်ရှေ့ ထိုင်ခုံပေါ် ကုန်းကုန်းလေးထိုင်ရင်း အဝေးကို ငေးမျှော်နေတဲ့ ပုံတွေ ၊ ဘဝမှာ တစ်ခါဖြစ်ဖြစ် အကောင်းဆုံးစိတ်ဓါတ် ရုပ်ရည်နဲ့ ပျော်ရွှင်နိုင်ခဲ့တဲ့ ဆရာကြီးရဲ့ နေ့ရက်တွေကို ကျနော် စိတ်မှန်းနဲ့ သတိရမိပါတယ်။ တစ်ခါတစ်ခါ ဆရာကြီးရဲ့ စိတ်အနက်ရှိုင်းဆုံး အောက်အလွှာမှာ ဘာတွေ ရှိခဲ့လဲ ကျနော် သိချင်မိတာ အမှန်ပဲ။ ဆရာကြီးလည်း သူ့နည်းသူ့ဟန်နဲ့သူ ရုန်းကန်ခဲ့ရမယ်လို့တော့ ကျနော် ပြောရဲတယ်။
ဆရာကြီးရဲ့ဘဝကို စကားလုံးတစ်လုံးနဲ့ ပြောကြေးဆို ဘလက်ဘုတ်ပေါ် သူရေးပြခဲ့သလို Struggle လို့ ရေးပြရင် ပြည့်စုံသွားမယ် ထင်ပါတယ်။ လူ့အဖြစ်ရဲ့ ထူးခြားချက်တစ်ခုမှာ နောက်ခံအကြောင်းတွေ မသိလည်း အဓိပ္ပါယ်တစ်ခုခု ဆွဲထုတ်နိုင်တာပဲ မဟုတ်လား။ ဆရာကြီးရဲ့ အဓိပ္ပါယ်ဆိုရင် စထရက်ဂဲလ်လို့သာ ပြောပြချင်ပါတယ်။
- ငြိမ်းဝေမင်း

