ဆောင်းရောက်ရင်
ဆောင်းရောက်ရင်
ဂျင်းဘောင်းဘီအိတ်နှစ်ဘက်မှာ
လက်ထည့်ပြီး လမ်းလျှောက်ထွက်မယ်။
ဆောင်းရောက်ရင်
ပွဲတော်ဈေး ပတ်
ရဟတ်စီးသူတွေ ကြည့်မယ်
နှင်းဖွေးတဲ့ မြေပြင်မှာ ရပ်
ကောင်းကင်ရဲ့ အပေါ်ဆုံးထပ်အထိ ငေးမယ်။
ဆောင်းရောက်ရင်
ငါသိပ်ခင်တဲ့ သူငယ်ချင်းဆီ
ရောက်အောင် သွားမယ်
အလင်းဆိုင်ထိုင်ပြီး
လွန်ခဲ့သောနှစ်တွေအကြောင်း
လွမ်းမြှုံ့ပြန်မယ်
ပြန်မရတော့ပေမယ်
တစ်ခါက ပိုင်ဆိုင်ခဲ့ဖူးတာ
တစ်ခါမက ဆုံးရှုံးလက်လွတ်ခဲ့တာတွေ
ရယ်ရယ်မောမော ပြန်ပြောကြမယ်။
ဆောင်းရောက်ရင်
ဂစ်တာတစ်လက်နဲ့ ဝရန်တာဘက်ထွက်
လက်ကွက်သစ်နဲ့ သီချင်းသစ် ညည်းမယ်။
ဆောင်းရောက်ရင်
လက်ဖက်ရည်ကျဆိမ့်ကောင်းတဲ့ ဆိုင်သွားမယ်
တိတ်ဆိတ်တိုးမွ
နှင်းကျတဲ့ ညတွေ စောင့်ကြည့်မယ်။
ဆောင်းရောက်ရင်
လူငယ်ဘဝက
ကိုယ်တို့ရဲ့ ပျော်စရာကာလတွေ ပြန်မျှားမယ်။
ဆောင်းရောက်ရင်
ရင်ခုန်မှိုင်းဝ
အလွမ်းတွေ လွှတ်ချလိုက်မယ်
ဒီနေ့ မရယ်ဖြစ်တဲ့ အကြောင်းတွေလည်း ပါပေရော့။
- ငြိမ်းဝေမင်း