တုတ်ပေါရေ….
(၁)
တပိုတွဲလဆန်း ၁၀ရက်သည် တုတ်ပေါ၏ မွေးနေ့ဖြစ်ပါသည်။ တုတ်ပေါဆိုသည်မှာ တစ်ခါက ကျနော်တို့အိမ်မှာ ရှင်သန်နေထိုင်ခဲ့ဖူးသည့် ခွေးကလေးတစ်ကောင်သာ ဖြစ်ပါသည်။ ခွေးကလေးဟု ပြောလျင် မှန်မည်မထင်။
အမွေးဝါပါးပါး နှင့်ထွားကြိုင်းလှသော တုတ်ပေါသည် ကျနော့်ထက် အသက်တစ်လတိတိ ကြီးပါသည်။ ထို့ကြောင့် မိသားစုထဲမှ သားဦးဖြစ်သည့် ကျနော် အရွယ်ရောက်ကာ စကားပြောတတ်စပြုချိန်၌ တုတ်ပေါသည် ကောင်းကောင်းကြီး ခွေးလားမြောက်နေပြီ ဖြစ်ပါသည်။ အမေ၏ မိဘများဘက်မှလည်း မြေးဦးဖြစ်နေသည့် ကျနော့်အတွက် တုတ်ပေါသည်သာ အစ်ကို ။ တုတ်ပေါသည်သာ ကစားဖော်။ တုတ်ပေါသည်သာ ရန်ဖြစ်ဘက် ဖြစ်ပါသည်။ တုတ်ပေါဘက်ကကြည့်ပါကလည်း ညီအစ်ကိုသုံးကောင်ရှိသည့်အနက်တွင်မှ အဘိုးလေးနှင့် ကြီးဒေါ်ကြီးတို့၏ လက်ချက်ကြောင့် နို့ခွဲစပြုချိန်ကလေး၌ပင် ရှင်ကွဲကွဲခဲ့ရသူ ဖြစ်ပါသည်။ တုတ်ပေါသာလျှင် ရှေးရေစက်အကြောင်းဖန်ပြီး ကျနော်တို့အိမ်၌ ကျန်ခဲ့ရခြင်း ဖြစ်ပါသည်။
ချစ်စရာကောင်းသည့် အမူအရာများအပြင် တုတ်ပေါ၏ ပါးနပ်လှသော ဉာဏ်ရည်များကြောင့် ကျနော်အပါအဝင် တွေ့သမျှလူတိုင်းက တုတ်ပေါကို ချစ်ပါသည်။ အိမ်မှာ မိဘများအလုပ်ရှုပ်သည့်အခါတိုင်း ကျနော့်ကို တုတ်ပေါနှင့်ထားကာ ဆော့ကစားစေပါသည်။ ဘယ်လိုကစားနည်းပဲ ဖြစ်ပါစေ ဘယ်အချိန်ပဲကစားသည်ဖြစ်စေ တုတ်ပေါသည် ကျနော့်အပေါ် အမြဲအနစ်နာခံတတ်ပါသည်။ သူ့နားရွက်တွေဆွဲပြီး သူ့ဂုတ်ပေါ် ခွစီးသည့်အခါတွင်လည်း မည်သို့မှ မငြင်းဆန်ခဲ့။ သူ့ပါးစပ်ကြီး အတင်းဆွဲဖြဲကာ ရေလောင်းထည့်သည့် အခါမျိုးတွင်လည်း တအီအီအသံပေးကာ ခေါင်းယမ်းရုံမှတစ်ပါး ဘာမှ မတုန့်ပြန်ခဲ့။
အလွန်သဘောကောင်းသည့် အစ်ကိုကြီးတစ်ယောက် သူ့ညီငယ်အပေါ်
အပြစ်မတင် ချစ်ခင်သလိုမျိုး တုတ်ပေါသည် ကျနော့်အပေါ် အလွန်အနွံတာခံ ချစ်ခဲ့ပါသည်။ ကျနော်ကလည်း
တုတ်ပေါကို ချစ်လည်းချစ် အားလည်းကိုးခဲ့ပါသည်။ စားစရာတစ်ခုရှိတိုင်း တုတ်ပေါနှင့်
ကျနော် တစ်ဝက်စီ ဝေခွဲစားကြပါသည်။
တုတ်ပေါငယ်စဉ်က ကျနော်နှင့်အတူ အိပ်လေ့ ရှိပါသည်။ နောင်အတော်လေးကြီးလာမှ အိပ်ရာခွဲ အိပ်ရပါသည်။ ပထမဆုံး အိပ်ရာခွဲသည့်ညက ကျနော် မအိပ်နိုင်။ ဟိုလူးဒီလှိမ့်နှင့်။ နောက်ဆုံးဘယ်လိုမှ အိပ်မရတော့မှ တုတ်ပေါ၏ အိပ်ရာသစ်ကလေးဆီ ဆင်းလာခဲ့သည်။ အိပ်ရာဘေးမှာ အိပ်မပျော်နိုင်သေးတဲ့ တုတ်ပေါလည်း ကျနော့်ကို တွေ့ရသည့်အခါ တအီအီအသံပေးကာ ရင်ခွင်ထဲအတင်းတိုးဝင်လာသည်။ ကျနော်လည်း အမေတို့မသိအောင် တုတ်ပေါကို အသာအယာပွေ့ကာ အိပ်ရာထဲခေါ်လာခဲ့ပါသည်။ မနက် အမေ ကျနော့်ကိူ အိပ်ရာလာနှိုးချိန် တုတ်ပေါကို ကားယားခွလျက်သား ကျနော့်ကို တွေ့ရသည့်အခါ တံမြက်စည်းသုံးကာ ဆုံးမပါသည်။ တုတ်ပေါလည်း မချောင်ပါ။ အဆစ်ပါသွားပါသည်။ အမေ့လက်သံနာခံရင်း ကျနော့် တုတ်ပေါကိုဖက်ကာ ငိုပါသည်။ တုတ်ပေါကတော့ မငိုပါ။ အပြစ်ကင်းသည့် ကလေးတစ်ယောက်လိုသာ ပြူးကြောင်ကြောင် ကြည့်နေရဲ့။
(၂)
ကျနော် ငါးနှစ်သားအရွယ် ရောက်လာပါသည်။ ကျနော်တို့ရပ်ကွက်ထဲမှ ကျွန်တော့်ဘော်ဒါတွေ ကျောင်းစ တက်ကြပါသည်။ စိုးနိုင်ဦး ၊ ချစ်မိုးဦး၊ ဝင်းကြိုင် နှင့် ချစ်ဦးမောင်တို့ ကျောင်းတက်ကုန်ပြီ။ ကျနော့်ထက် အတန်းကြီးသည့် ကစားဖော်တွေလည်း ကျောင်းအပ်ကြပြီ။ ကိုသန်းဦး ၊ ကိုတင်ထွန်းအောင်၊ ကိုကြီးညီညီနှင့် ကိုစိုးနုဦးတို့ကတော့ ကျောင်းဝတ်စုံကိုယ်စီဝတ်လို့။ အရင်လို ကျနော်နှင့် မကစားနိုင်တော့ပြီ။ ကျနော် နှင့်တုတ်ပေါသာ ကျန်ခဲ့သည်။ ကျနော်လည်း တုတ်ပေါနှင့် ကျောင်းတက်တမ်းကစားကြသည်။ ကျနော်က ကျောင်းဆရာ တုတ်ပေါက ကျောင်းသား။ ကျနော်စာမေးတိုင်း တုတ်ပေါ အရိုက်ခံရတတ်သည်။ သို့သော် တုတ်ပေါ ကျောင်းမပြေး။
တစ်နေ့အမေက ကျနော့်ကို အစောကြီးနှိုးကာ ရေမိုးချိုးပေးပါသည်။ ပြီး သနပ်ခါးလိမ်းပေး , ထမင်းကြော်ကျွေးပေး ပါသည်။ ဘာတစ်ခုမှ နားမလည်သော်လည်း အမေခိုင်းသမျှ ကျနော် ငြိမ်ငြိမ်းလေး လိုက်လုပ်ပါသည်။ ထမင်းစားပြီးနောက် ကျောင်းဝတ်စုံလှလှကလေး ဝတ်ပေးပါသည်။ ကျနော်လည်း အတော်ပျော်သွားပါသည်။ ဒါမျိုး ဝတ်စုံဝတ်ချင်နေတာလည်း ကြာပြီ။ ကျောင်းဝတ်စုံသစ်လေးကို စိတ်လိုလက်ရဝတ်ပါသည်။
ဝတ်စုံဝတ်ပြီးနောက် အမေက ချိုချဉ်တွေ တစ်ဆုပ်ကြီး ကျနော့်လက်ထဲ ထည့်ပေးပါသည်။ ပြီးတော့ “ဒီနေ့ အမေ သားကို ကျောင်းလိုက်ပို့ပေးမယ်နော်။ ကျောင်းမှာ ဆရာမသင်တာကို သေသေချာချာ လိုက်ဆိုနော်။” ဟုအစချီကာ ကျောင်းတက်ဖို့အရေး ဆွယ်တရားအရှည်ကြီး ဟောပါတော့သည်။
အမေ့စကားတွေထဲမှာ “စာတတ်ရင် သေနတ်တွေ
အများကြီးကိုင်နိုင်မယ်ဆိုတာလည်း ပါသလို ကျနော် သိပ်ကြိုက်တဲ့ ဒေါ်လာမုန့်တွေ အများကြီးစားရမယ်ဆိုတာလည်း
ပါသည်။ ဘွတ်ဖိနပ်လှလှလေးတစ်ရံ ဝယ်ပေးမယ်ဆိုတာကလည်း ပါသေး။ ပြီး မမှတ်မိနိုင်လောက်အောင်
များပြားသည့် ကတိစကားများလည်း ပါလာသည်။ အမေ့စကားဆုံးတော့ အမေ့ကို ပြန်မေးလိုက်တယ်။
”ကျနော်က ဘယ်သူနဲ့ ကျောင်းသားတက်ရမှာလဲ အမေ။ တုတ်ပေါ မပါရင်တော့
သားကျောင်းမတက်ဘူးနော်”
အမေလည်း သူတတ်သလောက်
မှတ်သလောက် ဆုံးမပါသည်။ သို့သော် ခေါင်းသိပ်မာတဲ့ သူ့သား ကျွန်တော်က လုံးဝအလျှော့မပေး။
အမေကအလျှော့ပေးလေ ကျနော်က တင်းလေ။ နောက်ဆုံးတော့ အမေပဲလက်မြောက်သွားပါသည်။ သို့သော်လည်း ကတိတစ်ခုတော့ အမေတောင်းသည်။ တုတ်ပေါက တခြားကျောင်းသားတွေကို မကိုက်စေရဘူးဆိုတဲ့ကတိပါ။ အမေနဲ့ ကျနော် သဘောတူညီမှုရသွားပြီး ကျောင်းရောက်ပါသည်။ အမေ့မလည်း အိမ်မှုကိစ္စတွေ ရှိတာကြောင့် ကျနော်နှင့်အတူ မနေနိုင်။ အိမ်နီးချင်းဆရာမဆီ အပ်ခဲ့ပြီး အိမ်ပြန်သွားပါသည်။ အမေထွက်သွားမှ ဆရာမက ကျွန်တော် စာသင်ရမယ့် အခန်းဆီခေါ်ပြီး နေရာချပေးသည်။ တုတ်ပေါလည်း ကျနော့်နံဘေးမှာ အတူလာထိုင်ပါသည်။ ဘေးက ကျောင်းသားတွေက ကျနော့်ကို မကြည်ပါ။ တုတ်ပေါရဲ့ဗလကြီးရှိန်သည်ကြောင့်သာ ဘာမှ မပြောကြ။
ဘာပဲဖြစ်ဖြစ် ကျနော့်ဘေးနားမှာ တုတ်ပေါရှိသည့်အတွက်
ကျနော်ကလည်း ဘယ်သူ့မှ ဂရုမစိုက်။ စာသင်ချိန်မှာ မှန်မှန်မမှန်မှန် အသံဗြဲကြီးနဲ့ စာလိုက်အော်ပါသည်။
စစချင်း အားလုံးဝိုင်းရယ်ကြသည်။ ကျနော်ကတော့ ဘာမှမမှု။ အားနဲ့မာန်နဲ့ စာကို အာရုံစိုက်
အော်ပါသည်။ စာသင်နားပြီဆို ကျောပိုးအိတ်ထဲက ကိတ်ခြောက်ထုပ်ကို ထုတ် , တုတ်ပေါတစ်ချပ်
ကျနော်တစ်ချပ် ရေနဲ့ မျောကာ အဆာပြေ စားကြသည်။ ထိုအချိန်ကာလတို့သည် တမ်းတလွမ်းမောဖွယ်
အပြည့်နှင့် ကလေးဘဝ၏ တက်ကြွသာယာဖွယ် နွေဦးကာလများ ဖြစ်ခဲ့ပါသည်။
(၃)
ကျနော်
ဆယ်နှစ်သားအရွယ် ရောက်လာပါသည်။ ကျောင်းမှာသူငယ်ချင်းတွေလည်း အများကြီးရလာပါသည်။ ကစားနည်းမျိုးစုံလည်း
ကစားတတ်လာပါသည်။ ဘောလုံးကန်တတ်လာသလို ဘောလီဘောလည်း ပုတ်တတ်လာပါသည်။ မစာဥဝှက်တတ်လာသည်။
အုပ်စုဖွဲ့ကစားသည့် ထုတ်စည်းထိုးဆိုရင် မပြောပါနှင့်တော့။ ထိုကစားနည်းများအပြင် ကျောင်းပြေးသည့်ကစားနည်းပါ
တတ်လာသည်။ ရွာအရှေ့ဘက် လယ်ကွင်းများဆီသို့ ကိုဌေး၊ အောင်သူမြင့် ၊ ကိုသူတို့နှင့်
ငါးပက်တတ်လာ , ဂဏန်းနှိုက်တတ်လာသည်။ တုတ်ပေါအပေါ်လည်း ကျနော် အရင်လို ဂရုမစိုက်ဖြစ်တော့။
ကျောင်းလစ်ဖို့ ရည်ရွယ်ချက်နှင့် တုတ်ပေါ မသိအောင် ကျောင်းကို တိတ်တိတ်ကလေး ထွက်တတ်လာသည်။
ကျနော့်မမြင်တော့ တုတ်ပေါ မနေတတ်။ သူ့ကို ကျွေးတာလည်း မစား။
ကျနော်ရှိရာ ကျောင်းဆီ လိုက်လာတတ်ပါသည်။ ကျနော်လည်း ကြပ်ကြပ်စိတ်တိုလာပါက တုတ်ပေါကို
ရိုက်နှက်ကာ အိမ်ပြန်ခိုင်းပါသည်။ သို့သော် တုတ်ပေါ မပြန်။ ကျနော့်အရိုက်အနှက်ခံကာ
ကျနော့်နံဘေးကိုသာ ပေကပ်ပြီး နေပါသည်။ နောက်တော့ ကျနော်လည်း ဗျူဟာတစ်မျိုး ပြောင်းပါသည်။
အိမ်ရောက်တော့ အမေ့ကို တုတ်ပေါက ကျောင်းမှာ ကလေးတွေကို ကိုက်ကြောင်း တိုင်ပါသည်။
အမေလည်း မျက်လုံးမျက်ဆန်ပြူးကာ တုတ်ပေါကိုတော့ အိမ်မှာပဲချည်ထားမှ ဆိုပြီး ဖြစ်လာပါသည်။ တုတ်ပေါတစ်ကောင်တော့ ကျနော့်မုသားစကားတစ်ခွန်းကြောင့် အိမ်မှာခြေချုပ်မိသွားပါသည်။ ကျွန်တော်လည်း လွတ်လပ်ရေးအပြည့် ရသွားပါသည်။ ကျောင်းရောက်ပြီဆိုလျှင် ဘော်ဒါတွေနှင့် ဘယ်နေရာမှာ ဘာမဟုတ်တာ လုပ်ကြမလဲ တိုင်ပင်ကြပါသည်။ ဒီလိုနဲ့ကျနော် မိုက်ခွင့်ပါမစ်ရနေခဲ့ပါသည်။
တစ်ခုပဲ စိတ်မကောင်းစရာရှိပါသည်။ အိမ်ပြန်ရောက်တဲ့အခါတိုင်း အမေက “သားတုတ်ပေါကြီးတော့
ဘာကျွေးကျွေးမစားဘူး မင်းပဲ ကျွေးလိုက်ဦး”ဟု ခဏခဏဆီးပြောပါသည်။ ကျနော်လည်း တုတ်ပေါကို
အစားချော့မော့ကျွေးရင်း စိတ်မကောင်းဖြစ်ရပါသည်။ ထိုအတွေးကို ပြန်ပြန်ဖျောက်ပစ်ရသည်။
ကိုယ်ကြိုက်တာ လုပ်ခွင့်ရဖို့ ကိုယ့်ဆီက တစ်ခုခုတော့ ဆုံးရှုံးရစမြဲမဟုတ်လားရယ်လို့
ကိုယ့်ဘာသာကိုယ် ပြန်ဖြေရသည်။ တုတ်ပေါအပေါ်ထားတဲ့ ကျနော့်သံယောဇဉ်တို့ ပါးလျပ်လျပ်ပဲ
ကျန်တော့တဲ့အချိန် တုတ်ပေါက ကျနော့်အစား သံယောဇဉ်တွေ ပိုထားလာပုံရသည်။ တစ်ခါတစ်ခါ နှောင်ကြိုးတန်းလန်းနှင့်
ကျောင်းရောက်လာပြီး ကျနော့်နံဘေးမှာ အရင်လို လာလာထိုင်တတ်ပါသည်။ ထိုအခါတိုင်း ကျနော်သည်
စိတ်ပေါက်ပေါက်နှင့် တုတ်ပေါကို ရိုက်မိတတ်ပါသည်။
ထို့ကြောင့် ထင်သည်။
နောက်ပိုင်းမှာ တုတ်ပေါသည် ကြိုးတန်းလန်းနှင့် ကျောင်းရောက်လာတိုင်း အခန်းထဲမဝင်ရဲတော့။
အပြင်ဘက် ယူကလစ်ပင်အောက်ကနေပြီး နေပူပူမိုးရွာရွာ ကျနော့်ကျောင်းအဆင်းကို စောင့်သည်။
ကျောင်းဆင်းချိန်ဆို ကျနော့်ဘေးကနေ မဝံ့မရဲနှင့် ပွတ်သီးပွတ်သပ် လုပ်ကြည့်သေးသည်။ ကျနော်က
ရိုက်မည့်ဟန်ပြင်တော့မှ အမြီးကလေးကုတ်ကာ ပြေးတော့သည်။ တုတ်ပေါလည်း သူစိမ်းဆန်လှတဲ့
ကျနော့်အပြုအမူများကြောင့် အနေကျုံသွားသည့်အပြင် အတော်ကလေးကို ပိန်ကျသွားသည်။ အရင်က
ထွားထွားကျိုင်းကျိုင်း တုတ်ပေါသည် ယခုတော့ ချူချာချိနဲ့လာတော့သည်။ အမေနှင့်အဖေကပင်
တုတ်ပေါအပေါ် ရက်စက်သည့် ကျနော့်ကိုဆူကြပူကြသေးသည်။ ကျွန်တော်ကမမှု။
(၄)
တစ်နေ့ ကျနော် ကျောင်းဆင်းပြန်လာသည်။
အိမ်ဝမှာအမေ့ကို အရင်လိုမတွေ့ရသဖြင့် အံ့သြသွားသည်။ အမေ့ကို အော်ခေါ်ရင်း အမေရှိနိုင်သည့်
နောက်ဖေးခြံဘက် လျှောက်ကြည့်သည်။ ကျနော့်အသံကြားသည့် အမေသည် နောက်ဖေးမှ ဒရောသောပါး
ပြေးထွက်လာသည်။ အမေ့ပါးမှာ မျက်ရည်များနှင့်။
ကျနော် ဘာမှမမေးနိင်သေးခင် အမေက ငိုကြီးချက်မနှင့် ပြောပါသည်။
”သားရဲ့တုတ်ပေါကြီး လှံနဲ့ အထိုးခံလိုက်ရတယ်”တဲ့။
ကျနော်လည်း ဘာလုပ်ရမှန်မသိအောင် ကြောင်အ, သွားပါသည်။ တုတ်ပေါအနား
လူတွေ အုံခဲနေသည်။ ခြေထောက်တွေ အောက်မှာတော့ သွေးတွေတွေ စီးနေသည်။ ကျနော် ရောက်လာသည့်အခါ
အားလုံးက ဘေးဖယ်ပေးကြပါသည်။ လက်ပြင်နောက်နားမှာ လှံတန်းလန်းနှင့် သွေးအိုင်ထဲ ခွေလဲနေရှာသည့်
တုတ်ပေါ။ ပါးစပ်ကလေး ဟစိဟစိလုပ်ကာ အသက်ရှုရင်း ကျနော့်ကို သူ့မျက်လုံးလေးသေးသေးလေးနှင့်
လှန်ကြည့်ပါသည်။ ကျနော်ကတော့ တုတ်ပေါကို သေချာမမြင်နိုင်တော့ ကျနော့်မျက်လုံးထဲ မျက်ရည်တွေ
အိုင်ထွန်းလာပါသည်။ ရင်ထဲလည်း တင်းကြပ်ဆို့နစ်လာပြီး အသံမထွက်နိုင်တော့။
တုတ်ပေါကို ဖက်ထားလိုက်တော့ သူ့နှလုံးခုန်သံနှင့် အသက်ရှုသံကို
ကြားရသည်။ အသံတွေက သေခြင်းကနေ အမောတကော ထွက်ပြေးဖို့ ရုန်းကန်နေသလိုမျိုး။ မုန်တိုင်းဆန်သည့်
ထိုအသံထဲတွင် ကျနော့်အပြစ်တွေကို တစ်ခုချင်း
စွပ်စွဲနေသည့်ဟန် ကြားရသလိုလို။ တုတ်ပေါ၏ မျက်လုံးထောင့်တွင် နာကျင်မှုကြောင့်လား
၊ ဝမ်းနည်းမှုကြောင့်လား မသိ။ မျက်ရည်စကို မြင်မိလိုက်သည်။ ကျနော် တုတ်ပေါကို ဖက်ပြီး
ရှိုက်ကြီးတငင် ငိုမိသည်ထင်သည်။ ငိုရင်းနှင့်ပင် ကျနော့်မှာ တုတ်ပေါ မရှိတော့မှာကို
ကြောက်သည့်စိတ် ကြီးစိုးလာသည်။ ကျနော် ငိုနေမိသလား ၊ ကြောက်နေမိသလား ၊ ဒါမှမဟုတ် အော်နေမိသလား
ဘာကိုမှ သေချာမသိတော့။ တုတ်ပေါအသက်ရှုသံ ထွက်မလာတော့။ ဘယ်လိုပဲ နားစွင့်နေပါစေ တုတ်ပေါ
နောက်ထပ် အသက်မရှုတော့။ တုတ်ပေါ သေရှာပြီ။
(၅)
တုတ်ပေါ နှင့် ပတ်သတ်ပြီး
ဆက်ပြောဖို့ ကျနော့်မှာနောက်ထပ် ခွန်အားမရှိတော့ပါ။ တုတ်ပေါ ဘာကြောင့်သေသွားသလဲဟု မေးတဲ့အခါ
လူယုတ်မာတစ်ယောက်၏ လှံချက်ကြောင့်လို့ အားလုံးက တစ်သံတည်း ပြောကြပါလိမ့်မည်။ တကယ်တော့
တုတ်ပေါကို သတ်ခဲ့သည်မှာ ကျနော်ကိုယ်တိုင် ဖြစ်ပါတယ်။ ကျနော့်ဥပေက္ခာ လှံချက်တွေက တုတ်ပေါကို
နေ့တိုင်း ထိုးသတ်နေခဲ့သည်ပဲ။ ကျနော် လျစ်လျှူရှုခဲ့ခြင်းသည်သာ တုတ်ပေါ သေဆုံးရသည့်
အဓိကအကြောင်းခံ။ ကျနော်သည်သာ တရားခံ။
တုတ်ပေါ်အပေါ် ကျနော် ရက်စက်ပစ်ပယ်ခဲ့မှုများသည် ကျနော့်ညများထဲ
အိပ်မက်ဆိုးအဖြစ် ခဏခဏ ရောက်လာတတ်ပါသည်။ တုတ်ပေါအကြောင်း တွေးတိုင်း စိတ်ထိခိုက်ခဲ့ရခြင်းကြောင့်
မပျော်ရွှင်နိုင်ခဲ့ပါ။ အရာအားလုံးသည် လွန်သွားခဲ့ပြီ။ ထိုအတွေးနောင်တသည် ကျနော့်ကို
အပြစ်သားတစ်ယောက်လို စီရင်ခဲ့ပါသည်။
တုတ်ပေါမရှိသည့် နောက်ပိုင်းနှစ်များမှာတော့ အရာအားလုံးလိုလို
မြန်မြန်ဆန်ဆန် ပြောင်းလဲကုန်ပါသည်။ တုတ်ပေါနှင့်ကျနော် အတူကျောင်းတက်ခဲ့ရာ မူလွန်ကျောင်းလေးလည်း
အထက်တန်းကျောင်းခွဲတစ်ခု ဖြစ်သွားခဲ့သည်။ ထို့အတူ သူ၏ချစ်ရသောညီ ကျနော်သည်လည်း နယ်ဝေးမြို့ကြီးတစ်ခုရှိ
ကွန်ပျူတာတက္ကသိုလ်ကြီးမှာ ကျောင်းတက်ဖော်ပါဘဲ ကျောင်းတက်နေခဲ့ပါပြီ။ ကျနော့်ဘေးမှာ
ခွန်အား နှင့် ချစ်ခြင်းတရား မျှဝေနိုင်စွမ်းရှိသူ အဖော်ရယ်လို့ မရှိတော့ပါ။ ဤကျောင်းပြီးရင်လည်း
ဘဝကျောင်းကို ထိုသို့ပင် အဖော်မဲ့စွာ သင်ရပါဦးမည်။ ကြောက်စရာကောင်းပြီး မာယာများသည့်
ကစားနည်းများနှင့် ကြုံသည့်အခါ တုတ်ပေါကို တမ်းတမိပါသည်။
တုတ်ပေါ ဘယ်ရောက်နေပြီလဲ။
ဘာပဲဖြစ်ဖြစ် ကျနော်တို့ တစ်ကွေ့မတော့ ပြန်တွေ့ကြပါဦးမယ်။ ကျနော်တို့ ပြန်တွေ့သည့်အခါ တုတ်ပေါသည် ကျနော့်ကို မှတ်မိလေဦးမလား။ ကျနော်ကရော တုတ်ပေါကို သိနိုင်ဦးမလား။ ဆုတောင်းတို့ ပြည့်မယ်ဆိုလျင် တုတ်ပေါကို ပြန်လိုချင်ပါသည်။ ပြန်ဆုံနိုင်မည်ဆိုလျင် သေသေချာချာ နွေးနွေးထွေးထွေး ပြန်ဆုံချင်ပါသေးသည်။ တုတ်ပေါ ပြောမည့်စကား ကြားချင်ပါသည်။ တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်းယုယ သံယောဇဉ် မျှချင်ပါသည်။
ပြန်ဆုံဖြစ်မည်ဆိုလျင် “တုတ်ပေါ...” ဟု ပျော်ပျော်ကြီး အော်ခေါ်ကာ
တင်းနေအောင် ပွေ့ဖက်ထားချင်ပါသည်။ တုတ်ပေါ ဘယ်မှာ ရောက်နေပြီလဲ ကျနော်မသိပေမယ့် တုတ်ပေါသည်
ကျနော့်ဆီက ဘယ်တော့မှ ထွက်မသွားသည့် , မပြီးဆုံးသေးသော အပိုင်းအစတစ်ခုပင် ဖြစ်ပါသည်။
- - ငြိမ်းဝေမင်း