အခုထိ နားမလည်နိုင်သေးတဲ့အကြောင်းတွေ
(၁)
ခင်ဗျားလည်း မြင်ဖူးမှာပါ။
လမ်းထဲမှာ ၊ ရပ်ကွက်ထဲမှာ ၊ ခင်ဗျားအိမ်နားမှာ... တစ်နေရာရာမှာ
မိန်းမတစ်ယောက်က ယောင်္ကျားတစ်ယောက်ကို / ယောင်္ကျားတစ်ယောက်က သူ့မိန်းမကို တိရစ္ဆာန်နဲ့
တစ်တန်းတည်းထား ဆဲဆိုနေတာ။ စိတ်ရှိလက်ရှိ ရိုက်နှက်နေတာ။ ဂုဏ်သိက္ခာမဲ့ ဆက်ဆံနေတာ။
စသည်ဖြင့်ပေါ့လေ။ နို့ပေမယ့် အဲ့ဒီလူက သူ့ကို ဒီလိုဆက်ဆံနေတဲ့ ပါတနာကို ချစ်နေတာ။ တစ်ခါတစ်ခါ
သည်းသည်းလှုပ်ချစ် , မထိရက်မကိုင်ရက် ဂရုစိုက်ပြ။ ထူးဆန်းမနေဘူးလား။ အဲ့ဒီလို မြင်ကွင်း
မြင်ရင် ခင်ဗျားတော့ ဘာစဉ်းစားမိလဲ မသိဘူး။
ကျနော်တော့ အခုထိ နားမလည်နိုင်သေးဘူး။
(၂)
ကမ်းနားလမ်းကို ပေါက်တဲ့ နေရောင်ရှိန်ရှိန်တောက်နေတဲ့ လမ်းအတိုင်း
လူငယ်တစ်ယောက် ဖိနပ်မပါ ဖဝါးဗလာနဲ့ ခေါင်းငိုက်စိုက် ထွက်သွားတယ်။ ညနေမှာ ရေနစ်သေသွားတဲ့
လူငယ်ရဲ့သတင်းဆိုး ကြားရတယ်။ နောက်တစ်နေ့ ဈေးဘက်အသွား မြို့တော်ခန်းမထဲက သူ့ကောင်မလေးရဲ့
မင်္ဂလာပွဲကိုလည်း ကြားရတယ်။ နောင် ၃ နှစ်လောက်အကြာမှာ အဲ့ကောင်မလေး ကျနော်တို့ဆိုင်လာတယ်။
သူ့မိသားစုသစ်လေးနဲ့ ပျော်နေပြီပဲ။
ကျနော်တော့ အခုထိ နားမလည်နိုင်သေးဘူး။
(၃)
ငတ်လွန်းလို့ မိတဆိုးသမီးလေးကို သူတစ်ပါးဆီ မွေးစားဖို့ ပေးလိုက်ပြီးနောက်
သွေးသားကနေ သူစိမ်းဖြစ်သွားတဲ့အခါ သိပ်ရိုးအေးလှတဲ့ ဖအေဖြစ်သူဟာ သားရဲတိရစ္ဆာန်တစ်ကောင်လို
ကြမ်းတမ်းလာတာ မြင်ဖူးတယ်။ သောက်ထားတဲ့နေ့ဆို တစ်ရပ်ကွက်လုံး လိုက်ဆဲ ၊ ကိုယ့်လက်မောင်းကိုယ်
ကိုက်။ ဖြစ်နိုင်ရင် ကိုယ့်အသားကို ပြန်ကိုက်စားတော့မယ့်ပုံမျိုး။
ကျနော်တော့ အခုထိ နားမလည်နိုင်သေးဘူး။
(၄)
တစ်သက်လုံး တစ်ယောက်တည်းကို တစ်ဖက်သတ် ချစ်ခဲ့ပြီး တခြားတစ်ယောက်နဲ့
လက်ထပ်ခဲ့တဲ့သူ။ နေ့ဘက်တွေမှာ ကြံ့ကြံ့ခံနိုင်ပေမယ့် ညအိပ်မက်ထဲ သူချစ်ရသူကို အိပ်မက်မက်မိတဲ့အခါ
ကွယ်ရာသွား မျက်ရည်ကျတဲ့သူကို မြင်ဖူးတယ်။ မေးကြည့်တော့ အဲ့တစ်ယောက်ကို မတွေ့တာ နှစ်
၂၀ ကျော်သွားပြီတဲ့။
ကျနော်တော့ အခုထိ နားမလည်နိုင်သေးဘူး။
(၅)
ရိုက်ကူးရေးလုပ်ပြီး ပြန်လာတော့ တက္ကစီ စီးတယ်။ တက္ကစီဆရာကြီးက
ကိုယ့်သူငယ်ချင်းလက်ထဲက ကင်မရာကို ကြည့်ပြီး “ဒီကင်မရာကြီးနဲ့သာ ကျုပ်မိန်းမ လှတုန်း
ဓါတ်ပုံရိုက်ဖြစ်ခဲ့ရင်တော့..” ဆိုပြီး ဆက်မပြောတော့ဘူး။ “ဦးလေး မိန်းမ ဘာဖြစ်သွားလို့လဲ”
ဆိုတော့ “မီးလောင်သွားတာ”တဲ့။ ပြောရင်း MICT Park အရှေ့ဘက် လမ်းကြားထဲ ကားရပ်ပြီး ရှိုက်ကြီးတငင်
ငိုတော့တာပဲ။ ဆက်လည်း မမေးရက်ခဲ့ဘူး။
ကျနော်တော့ အခုထိ နားမလည်နိုင်သေးဘူး။
(၆)
အဘိုးဆိုးတော့ အဖွားကို ခေါင်းတည်ပြီး အားလုံး အမွေခွဲကြတယ်။
အမွေကိစ္စမှာ ဘာတစ်ခွန်းမှ ဝင်မပြောတဲ့ အဖေက အဖွားဆီကနေ သူ့အဖေတောင်ဝှေးတောင်းတယ်။
အဖွားက အကြာကြီး ငြိမ်နေတယ်။ လရောင်အောက်မှာ အဖွားမျက်နှာပေးနဲ့ တည်ငြိမ်မှုက ပယင်းကျောက်တစ်လုံးလို
စိတ်ဝင်စားဖို့ကောင်းတာ မှတ်မိတယ်။ ပြီးမှ “အမ သေမှ ယူတော့သား” တဲ့။
ကျနော်တော့ အခုထိ နားမလည်နိုင်သေးဘူး။
(၇)
အလောင်းမြေချဖို့ ကြွလာတဲ့ ဘုန်းကြီးအိုကြီးက အခေါင်းထဲ ဆန့်ဆန့်ရန့်ရန့် ဖြစ်နေတဲ့ သူ့သားကို ဘာဝနာရှုပြီး မျက်နှာတစ်ချက်မပျက်ဘဲ ရေစက်ချခဲ့တယ်။ လူ့ဘဝတုန်းက သူ့မှာ ဒီသားတစ်ယောက်ပဲ ရှိခဲ့တာပါ။ အဲ့ဒီနေ့က ကျနော်ဟာ အသုဘကနေ တောကျောင်းလေးဆီ လမ်းလျှောက်ပြန်ကြွသွားတဲ့ ဘုန်းကြီးအိုကြီးရဲ့ နောက်ကျောကို ငေးကြည့်နေခဲ့မိတယ်။
ခင်ဗျားလည်း မြင်ဖူးမှာပါ။
ကျနော်တော့ အခုထိ နားမလည်နိုင်သေးဘူး။
-
ငြိမ်းဝေမင်း