တကယ့်ဘဝထဲက ကျေးဇူးသိတတ်သူ
တရုတ်နှစ်သစ်ကူးတိုင်း ဒီရွာလေးကို သူရောက်အောင် ပြန်လာစမြဲ။ သူပြန်လာတိုင်း ဘယ်တော့မှ လက်ချည်းဗလာနဲ့မလာ။
ရွာထဲမှာ ရှိတဲ့ အိမ်တိုင်းအိမ်တိုင်းက အသက် ၆၀ နဲ့အထက် သက်ကြီးရွယ်အိုတွေအတွက် ယွမ် ၁ သောင်း (ဒေါ်လာ ၁၄၀၀) နဲ့ ယွမ်ငွေ ထောင်ပေါင်းများစွာတန်တဲ့ အစားအသောက် အနွေးအထည် အဝတ်အစား အိမ်သုံးပစ္စည်း လိုလေသေးမရှိအောင် ယူလာပြီး ကန်တော့တယ်။
ရွာသားတွေကလည်း နှစ်တိုင်း သူလာမယ့်အချိန်ကို အဝေးရောက်သားကို မျှော်တဲ့မိဘတွေလို စောင့်မျှော်ကြ , သူအလည်လာဖို့အတွက် ပြင်ဆင်ထားကြစမြဲ။ ဒါက သူ့အဖို့တော့ ကျေးဇူးဆပ်ခြင်းပါပဲ။
၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ဘေဂျင်းကို ကျောင်းသွားတက်ဖို့ ရုန်းကန်ခဲ့ရတဲ့ အသက် ၂၀ လူငယ်တစ်ယောက်ကို ရွာလေးက လူတွေက ကျောင်းစရိတ် ယွမ် ၅၀၀ နဲ့ ကြက်ဥ ၇၆ လုံး ဝိုင်းပံ့ပိုးခဲ့ပါတယ်။ အဲ့ဒီလူငယ်ဟာ အခု အရှေ့တိုင်းရဲ့ ဂျက်ဖ်ဘီဇော့စ်လို့ ခေါ်ရတဲ့ JD.com တည်ထောင်သူ ရစ်ချတ်လီယုပါပဲ။
စီးပွားရေးအဆင်မပြေတဲ့ မိသားစုကနေ ကြီးပြင်းလာပေမယ့် လီယုဟာ ထူးချွန်ထက်မြက်ပြီး စီးပွားရေးအကွက်မြင်သူပါ။ ပညာကို လိုလားတဲ့သူဟာ ထိပ်တန်းဘွဲ့တွေ ရအောင် ယူခဲ့သလို ကျောင်းသားဘဝကတည်းက စီးပွားရေး လုပ်ခဲ့တာပါ။ အဆုံးအရှုံးတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ သူဟာ တရုတ်ရဲ့အကြီးဆုံးလက်လီအွန်လိုင်းဝက်ဘ်ဆိုက်ဖြစ်လာမယ့် JD.com ကို တည်ထောင်နိုင်ခဲ့ပါတယ်။
အခု သူ့ကုမ္ပဏီရဲ့ တန်ဖိုးက ဒေါ်လာ ၄၃ ဘီလျံလောက် ရှိနေပြီ ဖြစ်သလို သူလည်း ဒေါ်လာ ၇.၅ ဘီလျံလောက်အထိ ချမ်းသာလာခဲ့ပါတယ်။ ကိုယ့်ဒူးကိုယ်ချွန် ဘီလျံနာတွေထဲမှာတော့ လီယုဟာ အားကျလေးစားစရာပါပဲ။ ထိပ်ထိပ်ကြဲ ချမ်းသာတဲ့ဘဝရောက်လာချိန်မှာလည်း သူဟာ ကျေးဇူးတရားကို မေ့မထားခဲ့ပါဘူး။
အိမ်ထောင်ကျပြီး နောက်တစ်နှစ်ကစလို့ သူ့ဇနီးကို ခေါ်ပြီး ကျေးဇူးရှိခဲ့တဲ့ ရွာလေးဆီ နှစ်တိုင်း ပြန်ပါတယ်။ အခုလို သူအောင်မြင်တာ ရွာလေးက လူတွေရဲ့ကျေးဇူးလို့လည်း အမြဲ ထုတ်ပြောတတ်ပါတယ်။ လီယုရဲ့ လုပ်ရပ်က ချီးကျူးစရာပါပဲ။