ဆောရီး ---
(၁)
ညနေခင်း ရုံးဆင်းချိန်ဖြစ်၍ YBS ကားများပေါ်တွင်
ကောင်းကောင်းမရပ်သာအောင် ပြွတ်သိပ်ကြပ်ညပ်နေသည်။
မတ်တပ်ရပ်စီးသူတို့အဖို့ တစ်နေကုန်
ရုံးအလုပ်တာဝန်ဖိစီးမှုများနဲ့ ပင်ပန်းအားနည်းချိန် ကားတိုးစီးရသည့်
ဒုက္ခပါဆင့်ပြီး နွမ်းနယ်နေသည့်ဟန်က အထင်းသား။ ခုံပေါ်မှာ ကျကျနန နေရာရသူများကတော့
အခွင့်အရေးကို အပြည့်အဝထက်ပိုသုံးသည့် အနေနဲ့ စမတ်ဖုန်းထုတ်ကာ လူငယ်တွေအကြား ရေပန်းစားနေသည့်
Mobile Legends ဂိမ်းကို
Volume အမြင့်ဆုံးတင်ကာ
ကစားရင်း တစ်ချက်တစ်ချက် အယုတ္တအနတ္တ ဆဲလုံးတွေ လွှတ်နေသည်။
အနည်းဆုံးတော့ အများနဲ့ဆိုင်သည့် နေရာများတွင်
ပတ်ဝန်းကျင်ကို လေးစားစိတ်နဲ့ ဖုန်းကို အသံတိုးပြောခြင်း ၊ ဂိမ်းကို
အသံပိတ်ကစားခြင်းမျိုးတော့ လုပ်သင့်သည် မဟုတ်ပါလား။ ယဉ်ကျေးသောအရပ်မှ လာသူတစ်ဦးသည်
ဘတ်စ်ကားပေါ်မှ ဤမြင်ကွင်းမျိုးတွေ့ပါက အတော်ပင် စိတ်ဒုက္ခရောက်သွားနိုင်ပါသည်။
သို့သော် ဒီမြင်ကွင်းကို ရန်ကုန်နေ ပြည်သူတို့အဖို့ ရိုးအီနေရော့မည်။ နေရာအနှံ့တွင် ပတ်ဝန်းကျင်ကို ရိုသေရမည်ဟူသော လှပသည့် နီတိများသည် Gen Z မျိုးဆက်များအကြားတွင် ဟားတိုက်စရာသဖွယ် ကျန်နေခဲ့သည်။ လူတိုင်းသည် ကိုယ်ရသည့် တစ်ပဲခြောက်ပြားတန် အခွင့်အရေးကို ၁၀၀- ၁၀၀၀ ဖိုး သုံးဖို့ နောက်မတွန့် မစိုးရိမ်။ ထိုကဲ့သို့ အခွင့်ကိုပင် "ခွင်"အဖြစ် သုံးခြင်းကို ဂုဏ်အဖြစ် ယူဆလာကြသည်။
(၂)
မိတ်ဆွေ ...
မယုံလျှင် ရန်ကုန်မြို့
လှည်းတန်းတစ်ဝိုက်မှ ပလက်ဖောင်းများပေါ် လျှောက်ကြည့်ပါ။ သင့်ကို ဘယ်တော့မှ
ရှောင်မပေးဘဲ ပုခုံးချင်းတိုက်သွားမည့် အသက် ၁၈-၂၀ ဝန်းကျင် လူငယ်များနဲ့ မလွဲမသွေ
တွေ့ရမည်ဟု ကျွန်တော်အာမခံပါသည်။ ဘာကြောင့်များ ဒါကို အားနာစရာ ၊ ရှက်စရာအဖြစ်
မမြင်ကြပါသနည်း။
ကိုရိုနာဗိုင်းရပ်စ်မပေါ်ခင်ကတည်းက နေရာတကာတွင်
ယဉ်ကျေးမှုနဲ့ လူ့စံများ ဗိုင်းရပ်စ်ကိုက်ခံရခြင်းကို ဘတ်စ်ကားများပေါ်မှာ ၊
လမ်းတွေပေါ်မှာ ၊ အိမ်တွင်းမှာ ၊ အလုပ်မှာ ၊ ကျောင်းမှာ နောက်ဆုံး
ကိုယ့်ကိုယ်တွင်းမှာပါ ကျွန်တော်တို့ ကြုံလာခဲ့ပြီ ဖြစ်ပါသည်။ လူ့အဖွဲ့အစည်းသည်
အပြောင်းအလဲများသော ထို့အပြင် သစ်လွင်ဆာလောင်သော မျိုးဆက်များနှင့် ချီတက်နေပြီ
ဖြစ်ပါသည်။
(၃)
ရုပ်ဝတ္ထုအသစ်အဆန်းများပေါ် ငမ်းငမ်းတက်
တပ်မက်လာခြင်း ၊ ကိုယ့်ကို အသိအမှတ်ပြုခံရအောင် ကြိုးပမ်းလာကြခြင်း ၊
စမတ်ဖုန်းကြောင့် ပုံရိပ်ယောင်အသိုင်းအဝိုင်း ပေါက်ကွဲထွန်းကားလာမှု ၊ ကိုယ်တိုင် Self ဖြစ်လာသည်ဟု
ခံစားလာခြင်းနှင့်အတူ နည်းပညာခေတ်ရဲ့ အရှိန်ပြင်းပြင်း ရှေ့ဆက်ချီတက်မှုအတွင်း
ယဉ်ကျေးမှု စားကောင်းသောက်ဖွယ်များနှင့် အလျဉ်ပြတ်ကျန်ခဲ့ခြင်းများကြောင့် အစဉ်အလာ
တန်ဖိုးထားထိန်းသိမ်းလာသည့် ယဉ်ကျေးမှုစံများ အလျင်အမြန် ပြိုကွဲလာနေပါသည်။
တစ်ချိန်တစ်ခါက လမ်းမှာ ရဟန်းသံဃာနှင့် ကြုံလျင်
ဘေးကပ်ရပ်တတ်သည့် ၊ လူကြီးမိဘအရွယ်များကို တရိုတသေ စကားဆိုတတ်သည့် ၊
အခက်အခဲကြုံသူကို ဝိုင်းကူညီပေးတတ်သည့် ၊ မတော်တဆ တိုးမိ တိုက်မိလျင်
"ကန်တော့ပါဗျာ" ဟု ဆိုတတ်သည့် မြန်မာလူမျိုးတွေကို အားနာတတ်ဖို့
ကောင်းသည်။ ထိုမြတ်နိုးဖွယ်ရာများ "ဆောရီး" ဖြစ်သွားပြီဟု ယူဆရမလို
ဖြစ်နေပါသည်။
(၄)
အတွေ့အကြုံတစ်ခုကို ပြောပြချင်ပါသည်။ ၂၀၁၅
ခုနှစ် နွေတစ်ရက် မန္တလေးမြို့ သိပ္ပံလမ်းဆုံ မီးပွိုင့်မှာ ဖြစ်ပါသည်။ ၇၈
လမ်းနှင့် သိပ္ပံလမ်း မီးပွိုင့်မိနေသဖြင့် နေပူပူမှာ စောင့်နေသည့်
ဆိုင်ကယ်များထဲတွင် ကျွန်တော်လည်း ပါနေပါသည်။ မန္တလေး နွေလည်နေ့ဖြစ်၍
အပူငွေ့တစ်ထောင်းထောင်းကြားမှာ မီးပွိုင့်စောင့်သူအားလုံး၏ စိတ်သည်
အနိမ့်ဆုံးခံနိုင်ရည်နဲ့ အမြင့်ဆုံး ပေါက်ကွဲချင်စိတ်မှာ ရှိနေမည်ဟု ထင်ပါသည်။
မီးစိမ်း၍ အားလုံးဖြတ်သွားဖို့
ပြင်နေချိန်မှာပင် တစ်ဖက်မှ ဆိုင်ကယ်တစ်စီးက ကျွန်တော်တို့ ရှေ့ကို အရေးတကြီး
ဝေါခနဲ ဖြတ်သွားသဖြင့် အားလုံး ဒေါသပုန်ထပြီး ပစ်ပစ်နှစ်နှစ် ဆဲဆိုသံများ
ထွက်လာပါသည်။ ပွိုင့်ကို ကျော်လာသည့် ဆိုင်ကယ်ပေါ်မှ လူသည် သူ့အမှားမှန်း
သိသွားသည်နှင့် မည်သူမျှ ထင်မထားသည့်အလုပ်တစ်ခုကို လုပ်လိုက်ပါသည်။
ဆိုင်ကယ်သမားသည် ဆိုင်ကယ်ခဏရပ်ကာ ကျွန်တော်တို့
အုပ်စုဘက်ကို လှည့်၍ လက်အုပ်ချီ တောင်းပန်လိုက်ခြင်း ဖြစ်ပါသည်။
သူ့မျက်နှာပေါ်တွင် အားနာဟန်က အထင်းသား။ အစောက ဆဲရေးနေသည့် ကျွန်တော်တို့အားလုံး
ရုတ်တရပ် ငြိမ်ကျသွားသည်။ တစ်ချိန်တည်းမှာပင် ကျွန်တော်တို့သည် မြန်မာလူမျိုးများ
ဖြစ်ကြသည်ဆိုသည့်အချက်ကို အားလုံး ပြိုင်တူတွေးမိကြလိမ့်မည်ဟု ကျွန်တော်ထင်ပါသည်။
(၅)
ကျွန်တော်တို့အားလုံး မှားခဲ့ဖူးကြသည်။ အမှားတိုင်းသည် "ဆောရီး" ပြောဖို့ မဖြစ်နိုင် / ပြော၍ မကြေနိုင်ဟု ထင်ပါသည်။ သို့သော် တစ်ချို့အမှားတွေအတွက် ကျွန်တော်တို့ တစ်ခုခု ပြန်လုပ်ပေးဖို့ လိုပါလိမ့်မည်။ ထိုအရာသည်ပင် မိမိ၏ကိုယ်ပိုင် ယဉ်ကျေးမှုတစ်ခု ဖြစ်နိုင်ပါသည်။ ဒီလောက်တော့ သတ္တိကောင်းသင့်သည်ဟု ပါသည်။
မိတ်ဆွေရော ကိုယ့်အမှားကို "ဆောရီး" အစချီပြီး ပြုပြင်ဖို့ ကြိုးစားဖူးပါသလား။ ကျွန်တော်တို့ရော "ဆောရီး" ပြောစရာ မလိုအောင် နေတတ်ခဲ့ပြီလား။ ဒါမှမဟုတ် လူမမာယဉ်ကျေးမှုအတွက်ပဲ "ဆောရီး" ပြောရတော့မည်လား။
- ငြိမ်းဝေမင်း