နိုင်သူအကုန်ယူစနစ် - ကိုလိုနီခေတ်ဦး လူ့အဖွဲ့အစည်းများနှင့် ကိုလိုနီဝါဒ

နိုင်သူအကုန်ယူစနစ် - ကိုလိုနီခေတ်ဦး လူ့အဖွဲ့အစည်းများနှင့် ကိုလိုနီဝါဒ

           အူဂါဒေါင်ဂူက ရွှံနံရံနဲ့ ရွှေနန်းတော်ပေါ် လင်းရောင်ခြည်ဖြာလာပြီ။ စိန်ကျောက်နီလာနဲ့ လေးလံလှတဲ့ ရွှေကြိုးကုန်းတပ် ပြည့်ရှင်မင်းရဲ့ မြင်းက စိတ်မရှည်ဟန်နဲ့ မြေပြင်မှာ ခွာယှက်နေတယ်။ ပလွေနဲ့ ဗုံတွေ ကိုယ်စီသယ်ထားတဲ့ နန်းတော်တီးဝိုင်းက တိတ်တဆိတ် စုဝေးပြီး ဗော်လ်တာအပေါ်ခြမ်း မော့စ်ဆီအင်ပိုင်ရာရဲ့ အထိကရ နေ့စဉ်နန်းဓလေ့ Ouend Pous Yan (ဘုရားသခင် ပေါ်လာခဲ့ပြီ) သီချင်းတီးခတ်ဖို့ အသင့်ဖြစ်နေပေါ့။ မှူးကြီးမတ်ရာနဲ့ ဘယ်လိုယမ် နာဘာ ၊ ဆာမန်ဒီ နာဘာနဲ့ အူးဒရန်ဂီ နာဘာစတဲ့ နယ်စားပယ်စားကြီးတွေဟာ ရှေးဟောင်း ကျောက်တုံးထိုင်ခုံတွေပေါ်က သူတို့ရဲ့ အစဉ်အလာရာထူးနေရာတွေမှာ ထိုင်ရင်း စောင့်ဆိုင်းနေကြတယ်။ လည်ပင်းတုတ်တုတ် ခပ်ထွားထွား မိုရိုနာဘာ ပြည့်ရှင်မင်းဟာ နေမင်းရဲ့သင်္ကေတ အနီရဲရဲ ဝတ်ရုံကြီး လွှားပြီး ဝင်လာတယ်။ သူ့တစ်ကိုယ်လုံးမှာလည်း နေရာလပ်မကျန် သူ့အကြိုက် ‌ရွေးထားတဲ့ ကျောက်တုံးလို့ အဓိပ္ပါယ်ရတဲ့ Kougri ဆိုတဲ့ နာမည်နဲ့လေ။


            ဘုရင့်အကြီးအကဲတွေဟာ အနားကို ရောက်လာပြီး နှာခေါင်းနဲ့ ကြမ်းပြင် နမ်းမိမတတ် အရိုအသေပြုကြတယ်။ အဲ့ဒီနောက် လေထဲမှာ လက်မတွေ မြှောက်ပြီး ကြမ်းပြင်ကို သုံးကြိမ် ဦးတိုက်တယ်။ ညာလက်ချောင်းတွေကို ဘယ်လက်ဖဝါးထဲထည့် ပွတ်ရင်းပေါ့။ ပြည့်ရှင်မင်းက စီးတော်မြင်းကို ဆင့်တယ်။ နန်းစောင့်တပ်က ခေတ်ဟောင်းပြောင်းသေနတ်ကို မီးခိုးအလိပ်လိုက် ထွက်အောင် ပစ်ဖောက်လိုက်တယ်။ အကြီးအကဲတွေက ဖျောင်းဖျတဲ့ဟန် လုပ်ကြတယ်။ ဘုရင်ကြီး မိုရိုနာဘာက သူ့မြင်းကို ကုန်းနှီးဖြုတ်ဖို့ အမိန့်ပေးလိုက်တယ်။

            ယန္တရားဆန်တဲ့ ဒီအစဉ်အလာက ပျောက်ဆုံးသွားတဲ့ အာဏာစက်နဲ့ ကြီးမြတ်မှုရဲ့ အသက်ကြွင်းသက်သက်။ ဒါက ၁၇ ရာစုဆီက ပုံပြင်တစ်ပုဒ်ကို ပြန်ပုံဖော်နေတာပါပဲ။ အဲ့ဒီအချိန် အုပ်စိုးခဲ့တဲ့ ဝါရာဂါပြည့်ရှင်မင်းမြတ်ဟာ အချစ်ဆုံးမိဖုရား ပိုကိုကို မြင်းစီးပြီး ရှာပုံတော်ဖွင့်ဖို့ လုပ်ခဲ့တယ်။ မိဖုရားသေသွားတာ သိထားတဲ့ ဘုရင့်မှူးကြီးမတ်ရာတို့က ဘုရင့်ကို မသွားဖို့ တားကြတယ်တဲ့။ ဘုရင်ကြီးကတော့ မနက်တိုင်းမှာ မိဘုရားကို လိုက်ရှာသွားမယ့်အကြောင်း ကျိန်ဆိုခဲ့တယ်။ ဒါနဲ့ပဲ ဘုရင်ကြီး လွန်ပြီး ဆက်ခံတဲ့ မင်းတွေအထိ မိဖုရားမရှိတော့ကြောင်း ဖွင့်ပြောပေတဲ့လည်း ဒီအစဉ်အလာက ဆက်ရှိစမြဲ။ မိုရို နာဘားဘုရင်တွေက အစဉ်အလာအတိုင်း လုပ်မြဲ။

            မော့စ်ဆီအင်ပိုင်ယာက အနောက်အာဖရိကမှာ သက်တမ်းအရှည်ဆုံးလို့ ဆိုရမယ့် အင်ပိုင်ယာပါ။ အဆင့်အတန်းမြင့် အဖွဲ့အစည်းတစ်ခုမှ မရှိဘဲ ရှေးဦး ရွာလေးတွေနဲ့ချည်း စုစည်းထားတဲ့ အာဖရိကလူမှု အစုအဖွဲ့တစ်ခုအနေနဲ့ပဲ ရှိတာပါ။ အင်ပိုင်ယာအတော်များများက အမြဲစိမ်းသစ်တောနဲ့ သဲကန္တာရအကြား မြက်ခင်းပြင်ကြီးတွေ ဖြစ်တဲ့ အနောက်နဲ့ အရှေ့အာဖရိကဆာဗာနား မြက်ခင်းပြင်ကနေ ပေါ်ပေါက်လာကြတာပါ။ ရှေးဦးခရီးသည်တွေဟာ မာလီ ၊ ဘီနင် ၊ ဂါနာ ၊ ဆွန်ဂ်ဟေး ၊ ကာနမ် ဘောနူတို့ရဲ့ ကြွယ်ဝမှုကို ရင်သပ်ရှုမောခဲ့ကြတယ်။ ဒီပြည်နယ်အားလုံးမှာလည်း ဝန်ကြီးတွေ ၊ ဗြူရိုကရက်အုပ်ချုပ်သူတွေ ၊ နန်းတော်စောင့်တပ်တွေ ၊ တူရိယာပညာရှင်တွေနဲ့ ရွာတိုင်းဆီ ရောက်နိုင်တဲ့ နယ်ပယ်အဖွဲ့အစည်းတွေ ရှိကြတယ်။


            ဒီနေ့ခေတ် တတိယကမ္ဘာလို့ ခေါ်နေတဲ့ တိုက်ကြီးသုံးတိုက်လုံးဟာ တစ်ခါကတော့ အဆင့်မြင့်ဆုံး လူ့ယဉ်ကျေးမှုတွေရဲ့ နေအိမ်ဖြစ်ခဲ့တယ်။ အဲ့ဒီ မြို့တော်တွေအများစုက သူတို့ရဲ့ အစောဆုံး ဥရောပခရီးသွားတွေ အရင်က သိခဲ့တဲ့ ဘယ်အရာမဆိုထက် ရှေ့ရောက်တဲ့ အံ့ဖွယ်ကြွယ်ဝမှုတွေရဲ့ အချက်အခြာ ဖြစ်ခဲ့ကြတယ်။ အာရပ် ၊ အင်ဒီယန်း နဲ့ တရုတ်တွေအကြားမှာ သင်္ချာ ၊ နက္ခတ္တပညာ နဲ့ ဆေးပညာဘက်မှာ အဘက်ဘက်က တိုးတက်ဖွံ့ဖြိုးခဲ့ကြတယ်။ ဒီလူ့ယဉ်ကျေးမှုတွေက ခေတ်နောက်ပြန်ဆွဲ နေတယ်လို့ ပြောရင် မှားရာကျပါလိမ့်မယ်။ ဉာဏ ၊ စာရိတ္တ နဲ့ စိတ်ဝိဉာဉ်ပိုင်းအရ ဒီနိုင်ငံအများစုက ဥရောပရဲ့ အရှေ့ ခပ်ဝေးဝေးမှာ ရောက်နေပြီးသား။ ဥရောပကို သူတို့ ဦးညွှတ်ရတာ အကြောင်းရင်းတစ်ခုပဲ ရှိတယ်။ အဲ့ဒါကတော့ ဥရောပဆိုတာ ရုပ်ဝတ္ထုအလေးထားတဲ့ဘက်မှာ ပိုဖွံ့ဖြိုးခဲ့လို့ပါပဲ။ ဥရောပဟာ စစ်ရေးနည်းပညာ နဲ့ ပင်လယ်ရေကြောင်းခရီးသွားလာရေးဘက်မှာ အောင်မြင်ပေါက်ရောက်ခဲ့တယ်။ ဒါက စစ်အောင်ကြောင်း အခြေခံတွေပဲလေ။ လူနဲ့ သဘာဝအပေါ် စူးစမ်းဖော်ထုတ်ကြိုးပမ်းမှုတွေကနေ ဥရောပဟာ စက်မှုအရင်းရှင်စနစ်ဆီ ဆင့်ကဲဖွံ့ဖြိုးလာခဲ့တယ်။

            အနောက်အုပ်စုမဟုတ်တဲ့ ယဉ်ကျေးမှုဖြစ်ထွန်းချက်တွေမှာ ဒီလိုအရာတွေ ဖွံ့ဖြိုးမလာတာက ဂုဏ်ငယ်ဂုဏ်ပျက်စရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒါတွေကပဲ သူတို့ကို တစ်ပါးသူလက်အောက် ကျရောက်စေခဲ့တဲ့ အကြောင်းတွေ ရှိပါတယ်။ ဒီနေရာမှာ နည်းနည်း ရှင်းပြဖို့ လိုပါလိမ့်မယ်။ 

- "တတိယကမ္ဘာအတွင်း ချောင်းကြည့်ခြင်း" မှ