လိမ္မာတယ် လက်ပိုက်

(၁)
ကျနော်ကသာ နေရခက်နေတာ။ သူ့ကြည့်ရတာ အေးအေးဆေးဆေးပဲ။ ဆရာခြိမ့်ပြောသလို လူသေကောင်လိုကို အေးဆေးနေတာ။ လက်ထဲက စီးကရက်ကုန်သွားတော့ စားပွဲပေါ်က သီဟဆေးလိပ်ဗူးကို လက်လှမ်းတယ်။ သူ့အဖေဆီက မီးခြစ်တောင်းပြီး ဆေးလိပ်မီးညှိတယ်။ စီးကရက်ကို အသားတကျ ဖွာရှိုက်ပြီး လှလှပပ မှုတ်ထုတ်လိုက်တယ်။ သူ့ပုံစံက ဆေးလိပ်သောက်တာနဲ့ အတော်လေးကို ကျင်လည်ယဉ်ပါးနေတာမှန်း သိသာတယ်။ ဘေးကလူတွေကို ကျနော် ကြည့်လိုက်တော့လည်း အေးအေးဆေးဆေးပဲ။ အဲ... လူသေကောင်လိုကို အေးဆေးနေပြန်ရော။ အထူးသဖြင့် သူ့အဖေ နဲ့အမေ။
လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ကျနော် သူ့ကို တွေ့တော့ သူတို့အဒေါ်အိမ် လမ်းထောင့်က ဓါတ်တိုင်နားမှာ နားထင်နားရင်းတွေ တစ်ဖျောင်းဖျောင်းမြည်အောင် အတီးခံနေရတဲ့ သုံးတန်းကျောင်းသားလေး။ လက်ကို လိမ်ချိုးပြီး လမ်းမပေါ်မှာ တဘုန်းဘုန်းမြည်အောင် အရိုက်ခံနေရတဲ့ပုံရိပ်လေ။ သူ့ကို ဆော်ပလော်တီးနေတာ သူ့အဖေပါ။ ရိုက်ရင်းနဲ့လည်း သူ့အဖေက ပြောလိုက်သေး။ “ဟေ့ကောင် ကြောက်ပြီလား ကြောက်ပြီလားတဲ့” ။ ကောင်လေးက “ကြောက်ပါပြီ အဖေရဲ့ ကြောက်ပါပြီဗျ” အော်တာပေါ့။ သူ့အဖေက စိတ်ကြိုက် ရိုက်နှက်ပြီး ပြောတယ်။ “ကြောက်ရင် လက်ပိုက်”တဲ့။
အဲ့တုန်းက ဘာလို့ ရိုက်တာလဲ သေချာမသိပေမယ့် ကြီးကြီးမားမား အပြစ်လုပ်ထားလို့ မဟုတ်တာတော့ သေချာတယ်။ ကျောင်းလစ်လို့လား ၊ ခိုင်းထားတာ မလုပ်လို့လား။ သူ့အဖေပဲ မူးလာလို့လား။ ဘာရယ်လို့ မသိပါဘူး။ တကယ်တော့ သူ့အဖေ သူ့ကို အခုလို ရိုက်တာက ရိုးလှပေါ့။ ဒါမျိုး မြင်ကွင်းက တစ်ပတ် ၃-၄ ရက် မြင်နေကျကိုး။
သူ့အဖေနဲ့ ကျနော်တို့အဖေက ညီအစ်ကိုတစ်ဝမ်းကွဲ တော်ပါတယ်။ ကလေးနဲ့မလိုက်အောင် ရိုက်တော့လည်း အဖေက သူ့ညီကို ကလေးတအားမရိုက်ဖို့ ရွှေပြည်အေးတရားဟောတတ်တယ်။ ဟောတိုင်းလည်း အဲ့ဦးလေးက ပြောသေးတယ်။ “ကလေး လိမ္မာအောင်လို့ပါ အစ်ကိုရာ”တဲ့။ အခု အသက်မပြည့်သေးတဲ့ သူ့သားက ကျနော်နဲ့ သူ့မိဘတွေအပါအဝင် သူ့အစ်ကိုတွေ ထိုင်နေတဲ့ လက်ဖက်ရည်ဝိုင်းမှာ စီးကရက်ဖွာနေပြီပဲ။
လိမ္မာအောင် လက်ပိုက်ခိုင်းတာ အလုပ်ဖြစ်ပါသလား။
(၂)
အခု ကျနော် ရောက်နေတဲ့နေရာက ရွှေ့ပြောင်းလုပ်သားတွေ စုနေတဲ့ နေရာ။ တရုတ်နယ်စပ် မြို့လေးဆိုပါတော့။ သတ္ထုတူး ၊ မြေဆီထမ်း ၊ အလုပ်ကြမ်းလုပ် ၊ လောင်းကစားနဲ့ အသက်မွေးနေသူတွေရဲ့ ပဝတ္တိ ဆိုလည်း မမှားပါဘူး။ အဆောင်ထဲမှာ အိမ်ထောင်ပျက် ၊ အိမ်ထောင်ရှိ ၊ လင်ရှိ/မယားကွဲ ၊ အငှားမယား နဲ့ လောင်းကစားသမားတွေလည်း တင်းကြမ်း။ ကလေးဆိုလည်း ဆိုဒ်အစုံ မြင်နိုင်တဲ့နေရာ။ ကလေးအမေ ဆိုတာကလည်း ကျနော့်ထက် ၁၄-၅ နှစ်လောက် ငယ်သူတွေ များတယ်။ အဲ့လို ပြောလို့ ကျနော့်လည်း အသက်အကြီးကြီးလို့ မထင်လိုက်နဲ့ဦး။ ၃၅ နှစ်ပြည့်ဖို့တောင် နောက်နှစ်အထိ စောင့်ရဦးမှာ။
၁၇ နှစ်မှာ အိမ်ထောင်ကျ ၊ ၁၈ နှစ်မှာ ကလေးမွေး။ ဖအေက တောင်ပေါ်သတ္ထုတူး ၊ အထုံးခုတ် ၊ မြေဆီထမ်း။ မအေက အဆောင်မှာ ချက်ပြုတ်, ကလေးမွေး, အားရင် TikTok လေး ဆော့ပေါ့။ ဒီမအေတွေ ကလေးထိန်းတဲ့အခါ သုံးတဲ့နည်းစနစ်က ဖုန်းပဲ။ မငြိမ်တဲ့ကလေး ဖုန်းပေးထား။ စကားနားမထောင်ရင် ခပ်ပြင်းပြင်း ဆူမယ်။ လက်လည်း ပါချင်ပါမယ်။ ချော့စရာ မြှောက်စရာရှိလည်း မိုးပေါ်ပျံမတတ် ဖူးဖူးမှုတ်ထားတဲ့သူတွေ။
တစ်နေ့ ကလေးအမေက သူ့ကလေးကို Parenting လုပ်ပေးနေတာ တွေ့ရလို့ စိတ်ဝင်တစား တစေ့တစောင်း နားထောင်မိပါတယ်။ ကလေးက ၂ နှစ်တောင် မပြည့်တတ်သေးဘူး။ မအေအပါအဝင် သူ့လာမြှူတဲ့ မိန်းမတွေကို ယီးလားဆိုပြီး ဆဲတတ်နေပြီ။ အဲ့ဒါကို မအေက ဆုံးမနေတာပဲ။ တကယ်က တွယ်မလို့ဆိုတာ ဒီအရွယ်တောင် ရောက်နေပြီ ဖြစ်တဲ့ ကျနော်က နပ်နေပြီ။ မရိုက်ခင်မှာ မအေလုပ်သူက ပြောတယ်။
“သားလေးက လိမ္မာပါတယ်။ လက်ပိုက်”တဲ့။
(၃)
၂၀၀၆-၂၀၀၇ လောက်က ကျနော် အဖေနဲ့ ရန်ကုန်ရောက်တယ်။ ဆယ်တန်းအောင်ပြီးစပေါ့။ အဲ့တုန်းက ရွာကအမျိုးတွေ ဝိုင်းတွန်းပြီး ရန်ကုန်မှာ DSA လျှောက်ဖို့ ဆိုပြီး ရောက်သွားတာ။ တကယ်လို့သာ DSA အောင်ရင် ကျနော်လည်း မြို့မေတ္တာခံယူရမယ့် အော့ကြောလန်ကြီး ဖြစ်တော့မလို့။ ကံကောင်းတာပဲ။ အခုတော့ မသိ။ အဲ့တုန်းက DSA လျှောက်ဖို့အတွက် အပြင်သင်တန်းတက်ရသေးတယ်။ ဗိုလ်ရွေးပွဲအတွက် ဝင်ခွင့်သင်တန်းလိုမျိုး။ သင်တဲ့သူတွေကလည်း တပ်ကြပ်ကြီးတို့ ဗိုလ်ပြုတ်တို့ပေါ့။ ကမ္ဘာအေးဘုရားနားမှာပါ။
တစ်နေ့ ဘုရားဟိုးဘက် လေ့ကျင့်ရေးကွင်းထဲမှာ ထရိန်နင်ဆင်းရင်းနဲ့ သင်တန်းသားတစ်ယောက်ကို ဆရာလုပ်သူက ငေါက်တယ်။ ငေါက်တဲ့အကြောင်းရင်းက သူ စကားပြောနေတဲ့အချိန်မှာ လက်ပိုက်ထားလို့ပါ။ “ဟေ့ကောင် မင်းက ငါပြောနေတာကို မလေးမစားလုပ်တာလား ဘာလား”ပေါ့။ ဟို လက်ပိုက်နားထောင်နေတဲ့ ဘဲက “မဟုတ်ပါဘူး ဆရာ။ ကျနော်လက်ပိုက်တာ ဆရာ့ကို လေးစားကြောင်းပြတာပါ”တဲ့။
စစ်တပ်မှာက လေးစားပါတယ်ဆိုတဲ့ အမူအရာလုပ်ချင်ရင် လက်နောက်ပစ်ပြီး သတိဆွဲရတာကိုး။ အဲ့ဘဲနဲ့ သင်တန်းအပြန် လက်လျှောက်တော့ “အိမ်မှာဆို ငါ့အဖေက သူ့စကားပြောမယ်ဆို လက်အရင်ပိုက်ခိုင်းတာကွ။ အဲ့တော့ ငါလည်း လက်ပိုက်မှ လိမ္မာတယ် , လေးစားပြတယ်ပဲ ထင်တာပေါ့”တဲ့။
လက်ပိုက်မှ လေးစားတာတဲ့လား။ ဒါမှမဟုတ် လက်နောက်ပစ်မှ လေးစားတာများလား။
(၄)
ဂျက်လန်ဒန်ရဲ့ နာမည်ကျော် Call of The Wild ထဲမှာ အခိုးခံလိုက်ရတဲ့ ခွေးကြီးဘတ်ခ်ကို သင်္ဘောသားက တင်းပုတ်နဲ့ နှက်ပြီး “ကြည့်ထားစမ်း။ ဒီနယ်မြေမှာ တင်းပုတ်နဲ့ အစွယ်ဆိုတဲ့ ဥပဒေပဲ ရှိတယ်။ မင်း ဘာလုပ်ချင်သလဲ” ဆိုပြီး တင်းပုတ်နဲ့ ရွယ်ထားတဲ့ အခန်းတစ်ခန်းပါတယ်။ တင်းပုတ်နဲ့ အစွယ်ဥပဒေက ခွေးတွေနဲ့ အရိုင်းလောကမှာ အလုပ်ဖြစ်ပုံရပါတယ်။ တကယ့် လူယဉ်ကျေးတွေရဲ့ ကမ္ဘာမှာ လူတစ်ယောက်ကို ခွေးတစ်ကောင်လို “ထိုင် , ထ, ငြိမ်” ဆိုပြီး တုတ်ပြ လေ့ကျင့်သင့်ပါသလား။ တကယ်ရော လိမ္မာသွားသတဲ့လား။ လူ့ကိုယ်ကျင့်တရား ၊ လူသားသိက္ခာနဲ့ အခွင့်အရေးတွေကို လက်ပိုက်ခိုင်းပြီး သင်လို့ရသတဲ့လား။
ကမ္ဘာပေါ်မှာ အလွန်ထူးခြားတဲ့ ကျောင်းတွေ ရှိခဲ့ဖူးတယ်။ ကဗျာဆရာကြီး ရာဘင်ဒရာနတ်တဂိုးရဲ့ ရှန်တိနိကေတန် ဆိုတဲ့ ကျောင်းကလည်း တစ်ခုအပါအဝင်ပါ။ ဒီကျောင်းက ပုံမှန်သင်ရိုးညွှန်းတမ်းတွေနဲ့ စာသင်ခုံ ၊ ပြဌာန်းစာအုပ်တွေနဲ့ သင်ပေးတဲ့ ကျောင်းမျိုးမဟုတ်။ ကျောင်းကလည်း သစ်ပင်ရှိရင် ကျောင်းဖြစ်ပြီ။ သစ်ရိပ်သာအောက်မှာ ဆရာနဲ့ တပည့်အတူ အချုပ်အနှောင်မဲ့ လွတ်လွတ်လပ်လပ်ထိုင် ဆွေးနွေးပညာဖလှယ်ရင်း ဉာဏ်အလင်း ဖွင့်ကြတာပါ။ အလွတ်လပ်ဆုံးပညာရေးစနစ်လို့ ပြောနိုင်ပါတယ်။ မြန်မာ့ပန်းချီအကျော် ဗဂျီအောင်စိုး ၊ ဆရာကြီး ဆန်းထွန်း(မန်းတက္ကသိုလ်) တို့ဆိုလည်း ရှန်တိနိကေတန်ကျောင်းထွက်တွေပါ။
ဂုဏ်ယူစရာမြန်မာတွေပါပဲ။ ဒီဆရာကြီးတွေဟာ လွတ်လပ်စွာ ပညာသင်ခဲ့ , တွေးခေါ်ကြံဆခဲ့, ဖန်တီး တည်ဆောက်ခဲ့သူတွေပါ။ လွတ်လပ်ဖွံ့ဖြိုးပြီး ယဉ်ကျေးမြင့်မြတ်တဲ့သူ ဖြစ်ဖို့ လက်ပိုက် ခိုင်းရုံနဲ့ မရဘူး။ လွတ်လပ်စွာ စဉ်းစားတွေးခေါ်ခွင့် ၊ အမှား/အမှန် မြင်တဲ့အထိ ဆင်ခြင်ခွင့်ပေးဖို့ လိုမယ်လို့ ထင်ပါတယ်။ လက်ပိုက်ခိုင်းပြီး လေ့ကျင့်ခဲ့တဲ့ အသိက ဘယ်လောက်များ အနှစ်ရှိမလဲ။ နောက်ဆက်တွဲ ဆိုးကျိုးတွေရော မရှိနိုင်ဘူးတဲ့လား။ လက်ပိုက်ခိုင်းပြီး သင်တာထက် ရင်ဖွင့် , ခေါင်းမော်ပြီး သင်တာက လူ့အဖွဲ့အစည်းအတွက် ပိုကောင်းကျိုး မများနိုင်ဘူးလား။
ရာဘင်ဒရာနတ်တဂိုးအကြောင်း ပြောရင်း ဆရာဇော်ဂျီ ပြန်ဆိုဖူးတဲ့ သူ့ကဗျာတစ်ပုဒ်ကို သတိရမိတယ်။ အလွန်ကို လေးစားနှစ်သက်ဖွယ်ရာပါ။ ကဗျာလေးကို ဖတ်ကြည့်လိုက်ပါဦး။
အကြင်အရပ်၌
စိတ်သည် ကြောက်ရွံခြင်း ကင်း၏။
ဦးခေါင်းကိုမော့၍ မော်ထားနိုင်၏။
အကြင်အရပ်၌
အသိပညာရှာရာတွင်
အတားအဆီးမရှိ လွတ်လပ်၏။
မကြင်မနာ ကျဉ်းမြောင်းသော တံတိုင်း အကာအရံတို့ဖြင့်
အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် ခွဲခြားထားခြင်းလည်းမရှိ
အကြင်အရပ်၌
မှန်သောစကားကိုသာ ဆိုကြ၏။
အကြင်အရပ်၌
မလျော့တက်ကြွ ဇွဲလုံ့လသည်
အပြီးအမြောက် အကောင်းအမွန်သို့ ရောက်အောင်
တက်လှမ်းချီတက်လျက်ရှိ၏။
သတိသမ္ပဇဉ် စမ်းရေကြည်သည်
ဓလေ့ကောင်း ညှိုးမှိန်စွာ
ခြောက်သွေ့နေသော သဲကန္တာရ၌
လမ်းစမပျောက်ဘဲ နေသေး၏။
အကြင်အရပ်၌
အမြဲသဖြင့် တွေးခေါ်ကျယ်ပြန့် မျှတ ယူဆ ပြုမူကြအောင်
အဖသခင် ကျေးဇူးရှင်သည် သူခပ်သိမ်းကို
ဦးဆောင်လျက်ရှိ၏။
အဖသခင် ကျေးဇူးရှင် ထိုအရပ်၌
ကျွန်ုပ်၏ နိုင်ငံတော်သည်
နိုးထပွင့်လန်းပါစေသတည်း။
ကျနော်တို့ နိုင်ငံတော် နိုးထပွင့်လန်းပါစေ။ လက်ပိုက်မှ လိမ္မာမယ့်မျိုးဆက်အစား လွတ်လပ်ငြိမ်းချမ်းစွာ ဂုဏ်သိက္ခာရှိစွာ ပညာမြတ်နိုး ရိုးသားသူတို့ ပေါ်ထွန်းပါစေလို့ ဆုတောင်းရပါတယ်။
- ငြိမ်းဝေမင်း