တတိယကမ္ဘာ ဘာကြောင့် မဖွံ့ဖြိုးခဲ့တာလဲ

တတိယကမ္ဘာ ဘာကြောင့် မဖွံ့ဖြိုးခဲ့တာလဲ

            ဒီမေးခွန်းက အာဖရိကအတွက် ဖြေဖို့ အလွယ်ဆုံးပဲ။ မော့စ်ဆီအင်ပိုင်ယာ (အာရှအင်ပိုင်ယာတွေ နဲ့ နှိုင်းစာရင် အမြဲတမ်း နိမ့်ကျတဲ့) လိုမျိုး အင်ပိုင်ယာတွေရဲ့ အကန့်အသတ်ရှိတဲ့ ကြွယ်ဝမှုတွေက စက်မှု နဲ့ စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်နိုင်စွမ်းဓနပေါ် အခြေခံကြတာ မဟုတ်ပါဘူး။ သမိုင်းပညာရှင် မိုက်ကယ် ကရောက်ဒါ ပြောသလိုဆို ဒါတွေက ဈေးကွက်အင်ပိုင်ယာတွေပဲ။ သူတို့က မြောက်အာဖရိက ဆာဟာရကနေ ဂျီနီအာကမ်းရိုးတန်းကို ပေါက်တဲ့ အဓိကကုန်သွယ်ရေးလမ်းကြောင်းတွေမှာ အထိုင်ချနေတာ။ ဝင်ငွေကိုတော့ မြောက်ဘက်က ရွှေ ၊ ကျွန်နဲ့ ဆင်စွယ်ကနေ တောင်ဘက်အရပ်က ဆား ၊ မြင်း ၊ ပုတီးစေ့ နဲ့ အဝတ်အထည်တွေ ကူးသန်းဖလှယ်ရာကနေ ရာခိုင်နှုန်းတစ်ခု ဖြတ်ယူတာမျိုးပါ။

ဒီလူ့အဖွဲ့အစည်းတွေက ဖွံ့ဖြိုးဆဲ စက်မှုလုပ်ငန်းတွေနဲ့ ဝေးကွာလှလို့ ဘာကြောင့်မဖြစ်ခဲ့တာလဲ မေးဖို့က ပညာရပ်သက်သက်ပါပဲ။ သူတို့ဆင်းရဲမှုရဲ့ အရင်းခံအကြောင်းတရားက ဒီနေ့အထိတောင် လယ်သမားတွေရဲ့ ရပ်တည်ရေးလိုအပ်ချက်ထက် သိသာတဲ့ စိုက်ပျိုးရေးပိုလျှံမှု မရှိတာကြောင့်လို့ ဆိုနိုင်ပါတယ်။ ဒါကပဲ မြေဆီမကောင်းတာ နဲ့ သမိုင်းဦးခေတ် စိုက်ပျိုးရေးနည်းပညာတွေကြောင့်လို့ ဆိုရမှာပါ။ ထယ်ထိုးမှောက်လှန် ထယ်ရေးခံတဲ့ကာလတွေကလည်း စိုက်ပျိုးမြေကို တစ်နှစ်မှာ ကိုးလလောက် ဒီအတိုင်း ပစ်ထားရတာပါ။ ထယ်ရေးမစူးတာ ၊ သီးထပ်မစိုက်တာ ၊ ကြက်ဘဲမွေးတာ နဲ့ သီးညှပ်စိုက်ပျိုးမှုတွေကို သီးခြားလုပ်တာလည်း ရှိပါတယ်။ ထပ်ပြီးတော့ ပြောရရင် ဒီအတွက် ဂုဏ်ယူစရာ မဟုတ်သလို ဂုဏ်ပျက်စရာလည်း မဟုတ်ပါဘူး။

စိုက်ပျိုးရေး တိုးတက်မလာတာက တိုးတက်အောင် လုံးပန်းစရာလည်း မလိုတာတွေကြောင့်ပါ။ လူဦးရေက ပြန့်ကြဲနေပြီး မြေက ပေါသလို စားသုံးသူဦးရေ လိုအပ်ချက်နဲ့ ထုတ်လုပ်မှုကလည်း အလျင်မီနေတာကိုး။


- ငြိမ်းဝေမင်း


"တတိယကမ္ဘာအတွင်း ချောင်းကြည့်ခြင်း" မှ