ယင်ကောင်များ

ယင်ကောင်များ

ပူလို့ တမှေးမှေးနေတုန်း ပါးပြင်မှာ အချွန်နဲ့ထိုးသလို ဆစ်ခနဲ နာရာကနေ နိုးလာတယ်။ နာတဲ့အသိနဲ့ တစ်ဆက်တည်း လက်က နာနေတဲ့ ပါးနေရာကို ဖျပ်ဆို ရိုက်ပြီး ဖြစ်နေပြီ။ ရိုက်လို့သာ ရိုက်လိုက်ရတာ။ ကိုယ့်ပါးကိုယ်က လွဲလို့ ဘာကောင်ကိုမှ မရိုက်မိ။ မျက်လုံးဖွင့်ကြည့်မိမှ ယင်တွေ လှိမ့်ဝင်လာ တွေ့ရတယ်။ နည်းတဲ့ယင်တွေ မဟုတ်။ အဲ့ဒါ ယင်တွေနဲ့ ကျနော် ဆုံဖြစ်တဲ့ ပထမဆုံးရက်ပဲ။ အဲ့ဒီကနေ နောက်ရက်တွေမှာလည်း ယင်တွေနဲ့ ကျနော် ပြဿနာ တက်တော့တာပါပဲ။

            ဒီနေ့လည်း နားအူလောက်အောင် တစီစီအသံပေးပြီး အခန်းထဲ လှိမ့်ဝင်လာတဲ့ ယင်ကောင်တွေကို ထပ်တွေ့ရတော့ ကျနော် စိတ်လေသွားပြန်တယ်။ ဒီတစ်ပတ်ထဲ သုံးရက်ဆက်တိုက် ယင်ကောင်တွေ ကျနော့်အခန်းထဲ ကျူးကျော်လာမှုပဲ။ ဒီယင်အုပ်ကြီးကို တွန်းလှန်ဖို့ ကျနော့်အခန်းထဲမှာ ရှိတဲ့ လက်နက်နဲ့နည်းလမ်းတွေ အကုန်သုံးပြီးပြီ ထင်တယ်။

            ယင်တွေ ဝင်လာတဲ့ ပြတင်းမှာ ပလတ်စတစ်အိတ်အကြည့်ထဲ ရေထည့် ၊ ရေထဲကို ရသမျှ အကြွေစေ့လေးတွေ ထည့်ချိတ်ပြီး ယင်တွေ ခေါင်းမူးအောင်လည်း လုပ်ကြည့်ပြီးပြီ။ ဖယောင်းတိုင်တို နှစ်တိုင်ကို အခန်းပြတင်းဝမှာ နတ်ပူဇော်သလို ပူဇော်ပြီးလည်း မောင်းထုတ်ခဲ့တယ်။ ကြက်သွန်ဖြူတွေ ထုချေ, ပန်းကန်ထဲထည့် , ယင်ကောင်တွေ မွှန်အောင်လည်း မှိုင်းတိုက်ပြီးပြီ။ ဈေးကြီးလို့ ဧည့်သည်စောင်သည် လာမှ ဖြန်းဖြစ်တဲ့ Air Fresher ပါ ရက်ရက်ရောရော ဖြန်းပြီး နှင်တာပါပဲ။ အခန်းထဲက ယင်တွေကို ဆွဲဆောင်နေတယ်လို့ ကျနော်ထင်တဲ့ အရာမှန်သမျှလည်း သန့်ရှင်းရေးလုပ်ပါတယ်။ အခန်းထဲမှာ ယင်ကောင်တွေ ဓါတ်ကျတဲ့အရာဆိုလို့ ကျနော်ပဲ ရှိလောက်အောင် ရှင်းပစ်တာ။  တစ်ခုမှ အလုပ်မဖြစ်။

            ယင်တွေက အသံနဲ့တင် နှိပ်စက်တာမဟုတ်ဘဲ အထိအတွေ့ နဲ့ အမြင်ပိုင်းဆိုင်ရာပါ စိတ်ဆင်းရဲအောင်လည်း လုပ်နိုင်ကြတယ်။ ထမင်းစားစားပွဲပေါ်မှာ ၊ အိပ်ရာပေါ်မှာ ၊ စာရေးစားပွဲပေါ်မှာ ၊ ထမင်းဟင်း ချက်တဲ့နေရာမှာ နောက်ဆုံး ကျနော့်စိတ်လွတ်လပ်စေတဲ့ တစ်ပေါက်တည်း ရှိတဲ့ ပြတင်းမှာပါ ယင်တွေဟာ ဝင်ချည်ထွက်ချည်နဲ့ ထင်တိုင်းကြဲနေတော့တာပဲ။ ပုဆိုးပိုင်းတစ်ထည်နဲ့ လက်အံသေလောက်အောင် လိုက်ရိုက်ပြီးတဲ့နောက် အလုပ်မဖြစ်တဲ့အဆုံး ယင်တွေရဲ့ နယ်ကျော်စော်ကားမှုကို ဒီအတိုင်းပဲ ကြည့်နေလိုက်ရတယ်။

ယင်တွေက ယင်မည်းရိုင်းလို့ခေါ်တဲ့ အကောင်ကြီးကြီးနဲ့ ရွံစရာအကောင်းဆုံး မျိုးစိတ်တွေ။ ရောဂါသယ်နိုင်တဲ့ ယင်တွေလို့ ပြောလိုက်ရင် ခင်ဗျားမျက်လုံးထဲ တန်းမြင်ရမယ့် ယင်ကောင်တွေပေါ့။ ကျနော့် စိတ်အထင် ချဉ်စရာယင်တွေထဲမှာ ဒီကောင်တွေ အဆိုးဆုံးလို့ ထင်တယ်။ တခြားယင်ကောင်တွေလည်း ရောဂါသယ်တာပဲ , ရွံစရာကောင်းတာပဲလို့ ပြောရင်လည်း ကျနော် မငြင်းချင်ပါဘူး။ ဒါပေမယ့် ယင်မည်းမကြီးတွေက ရုပ်တင် အကျည်းတန်တာမဟုတ်ဘူး။ ဝင်ပုံထွက်ပုံကလည်း ရဲလည်းရဲသေး , ရိုင်းလည်း ရိုင်းသေး။ သွားခြောက်လိုက်ရင်လည်း ခပ်ဝေးဝေး သွားချင်မှ သွားမယ်။ ခပ်ဆိုးဆိုး ယင်မည်းကြီးတွေဆို အသားကုန် ခြောက်လှန့်နေတဲ့ကြားထဲက ခင်ဗျားမျက်နှာဆီ ပြေးဝင်လာတာလည်း ရှိရင် ရှိမယ်။ ပြီးရင် အသံအကျယ်ကြီးနဲ့ ဒီးဒီးဆိုပြီး မခန့်လေးစားလုပ်သလိုမျိုး အော်သွားလိုက်ဦးမယ်။ ကျနော် ပြောနိုင်သလောက်ကတော့ ယင်မည်းကြီးတွေနဲ့ ကြုံရင် ခင်ဗျားလည်း သာမန်ယင်တစ်ကောင်ကို အနှောင့်အယှက်လို့တောင် ထင်ချင်မှ ထင်မယ် ဆိုတာပါပဲ။

            ဘာပဲဖြစ်ဖြစ် ဒီယင်တွေကြောင့် ကျနော်တစ်ပတ်လုံး အလုပ်ပျက် ၊ အအိပ်ပျက် ၊ စိတ်ဓါတ်တွေပါ ပျက်ပြားခဲ့တယ်။ နေ့ခင်းနေလယ်တွေမှာ ယင်ကောင်တွေရဲ့ သောင်းကြမ်းမှုဒီရေ အမြင့်ဆုံးဆိုပေမယ့် ညအိပ်ရာဝင်တဲ့အထိ ယင်ကောင်တွေရဲ့ လက်ကျန်နှောင့်ယှက်မှုက အနည်းနဲ့အများဆိုသလို ရှိတာပါပဲ။ ကျနော့် အခန်းဖော်ဆို ယင်မည်းရိုင်းကြီးတွေကို ဒေါသတကြီးရိုက်ရင်း ပစ်ပစ်နှစ်နှစ် ဆဲတော့တာပဲ။ မသိရင် ကိုယ် ဆဲလိုက်လို့ ယင်တွေ ကြောက်သွားမလားပေါ့။ ယင်တွေကတော့ ကြောက်ဖို့ ဝေးလို့ ကျနော်တို့ ရှိရာဆီ တိုးမြဲတိုးဆဲ။ ယင်တွေ ရိုက်ရလွန်းလို့ ကျနော်တို့တွေ လက်မောင်းတွေအောင့် , ချွေးတွေပျံလာပြီး မောဟိုက်သွားတဲ့အထိပဲ။ နောက်ဆုံးတော့ အပေါ်မှာ ကျနော်ပြောခဲ့သလို ယင်တွေရဲ့ စော်ကားမှုကို ဒီအတိုင်းပဲ ထိုင်ကြည့်လို့ရတာပေါ့။ ကျနော်တို့ ခြေပစ်လက်ပစ် ဖြစ်သွားတဲ့ပုံကို ကြည့်ပြီး ယင်တွေက နယ်ချဲ့တွေ အောင်ပွဲခံသလို အောင်ပွဲခံနေတော့တာပဲ။

            ဒီနေ့တော့ ကျနော့်စားပွဲမှာ အလုပ်လုပ်ရင်း စိတ်ထဲ တစ်ခုခု လိုသလို ဟာနေတယ်။ ဗိုက်ဆာနေတယ် ထင်လို့ မုန့်ခြောက်လေး ထုတ်ပြီး ရေနွေးနဲ့ စားလိုက်သေးတယ်။ စားသောက်ပြီးလို့ စားပွဲထိုင်တော့လည်း အလုပ်ထဲ စိတ်မရောက်။ ဆေးလိပ်သောက်ချင်သလိုလို လမ်းလျှောက်ထွက်ချင်သလိုလို အီလည်လည်ကြီး ဖြစ်နေတယ်။ အလုပ်လုပ်ဖို့ စိတ်ကို ကြိုးစားစုစည်းပေမယ့် မထူးတော့တဲ့အဆုံး စိတ်ကို လွှတ်ချလိုက်ပြီး ပြတင်းကနေ ငေးကြည့်နေမိတယ်။ ပြတင်းအပြင်ဘက်မှာ နေဟာ လတ်လတ်ဆတ်ဆတ် တောက်ပနေပြီး နေ့ဟာ သေသေသပ်သပ် အမှားအယွင်းမရှိသလိုမျိုး။

               ဘာပဲဖြစ်ဖြစ် တစ်ခုခုတော့ တစ်ခုခုပဲလို့ တွေးရင်းနဲ့မှ ခေါင်းထဲ မီးတစ်လုံး လင်းလာသလို အတွေးတစ်စ ပွင့်ထွက်လာတယ်။ “ဒီနေ့ ယင်ကောင်တွေ မမြင်မိဘူးမလား” ဆိုတဲ့ အသံပါ။ ကိုယ့်ခေါင်းထဲက အသံက ကိုယ့်ကို ပြန်မေးတာလောက် ဖြေဖို့ ကသိကအောက်နိုင်တာ မရှိဘူးထင်တယ်။ ဒါပေမယ့် ဒီမေးခွန်းကို ခေါင်းထဲကလူရော အပြင်ကကျနော်ပါ သိချင်နေကြတာ။ ယင်တွေ ဘယ်ရောက်သွားပါလိမ့်။ အပြင်မှာက နေကြဲကြဲ ပူနေပြီ။ ဒီလောက်ပူနေရင် သူတို့ ရောက်လာဖို့ ကောင်းတယ် မဟုတ်လား။ ကြံကြံဖန်ဖန် မျှော်နေတယ် ထင်ပြန်ရင်လည်း မတတ်နိုင်ဘူး။ အနည်းဆုံးတော့ ယင်ကောင်တွေ မြင်ဖို့ကောင်းတယ်ဆိုတဲ့ အတွေးက ဖျောက်မရဘူးကိုး။ ပြတင်းဝမှာတော့ အရင်လို ယင်ကောင်တွေကို မြင်ဖို့ ဝေးလို့ တဇီဇီ တကျီကျီအသံတောင် မကြားရ။ ဟိုးဘက်က ဆောင်းရာသီတောင်ကုန်းတွေကို အုပ်စီးထားတဲ့ ရာဘာတောတွေကလည်း နီကြင်ကြင် ရွက်တွေနဲ့ တတောလုံးအုပ်လို့။ တိတ်ဆိတ်နေတဲ့ နေ့လယ်ခင်းတစ်ခုပါပဲ။ ဒါဆို ယင်တွေ ဒီနေ့ ဘာလို့ မလာတော့တာလဲ။

            ယင်တွေ မမြင်ရလို့ စိတ်ချမ်းသာသွားတာတော့ အမှန်ပဲ။ ဒီရက်ပိုင်းအတွင်း ပထမဆုံး စိတ်ချမ်းသာမှုလို့ပဲ ဆိုပါတော့။ တစ်ရက်ကနေ နှစ်ရက် ယင်တွေမလာတော့ ယင်ကောင်တွေကိစ္စ ကျနော့်စိတ်ထဲ မေ့မေ့ပျောက်ပျောက် ပြန်ဖြစ်သွားတယ်။ အခန်းထဲ ယင်မလာတာ သားသမီးတစ်ယောက် အိမ်ပေါ်က ဆင်းသွားတာမှ မဟုတ်တာ။ ဒီလောက်လည်း အရေးမကြီးဘူးကိုး။ အရေးမကြီးဆို ယင်ကောင်တွေ ရှိနေရင်တောင် ဘယ်လောက် စိတ်ဒုက္ခရောက်ခဲ့လဲဆိုတာ ကိုယ်ပဲအသိ။ ကိုယ်ကသာ အားအားယားယား လျှောက်မျှော်နေမိတာ။ မျှော်ရအောင်လည်း မျှော်ကောင်းတဲ့အရာမဟုတ်။ တကယ်တော့ ယင်တွေ မတွေ့တော့ ဝမ်းသာဖို့တောင် ကောင်းသေး။ ဒါပေမယ့် ကျနော်က ယင်ကောင်တွေကို မျှော်နေတာမှ မဟုတ်တာ။ ဒီကောင်တွေ ဘာလို့ မလာတာလဲဆိုတဲ့ အဖြေကို မျှော်နေတာကိုး။ ကျနော် သိပ်အကြာကြီး မမျှော်လိုက်ရဘူး ထင်တယ်။

            ကျနော့်ပြတင်းနားက ခုံလေးမှာ အလုပ်လုပ်နေတုန်း ဘေးအခန်းက စကားသံတွေ ကြားရတယ်။ အိမ်ကို လာလည်တဲ့တစ်ယောက်ထင်ပါတယ်။ တမင်နားမစွင့်ရပါဘဲ စကားတွေက ကြားနေရတယ်။ သူတို့စကားထဲမှာ ယင်ကောင်တွေလို့ ပါလာတော့ ကျနော် သေချာနားထောင်မိတာပေါ့။

“ဟိုတလောက ငါတို့ဘက်တွေလည်း ယင်တွေ ဝင်လာလို့ တော်တော် မောင်းထုတ်လိုက်ရတာကိုး။ ယင်တွေ မဝင်ခင် ညကတည်းက အပုပ်နံ့ကြီး ထောင်းနေအောင် ရနေလို့ ဘယ်နားများ ကြောင်သေထားလဲ လိုက်ကြည့်တာ။ မတွေ့ပါဘူးအေ။ တစ်နေ့ကမှ အကြောင်းစုံသိရတာတော်။ မြစ်ဘေး ချောင်းစပ်မှာ လူတစ်ယောက် မှောက်လျက်ကြီး သေနေတာတဲ့။ တို့ နောက်ကျောတောထဲက ချောင်းလေ။ ဘယ်သူမှလည်း အဲ့ဘက်အရောက်အပေါက် မရှိတတ်တော့ ဘယ်တုန်းက သေမှန်းတောင် မသိဘူးတဲ့။ တို့တစ်ရပ်ကွက်လုံး ယင်တွေ သောင်းကြမ်းပြီး အနံ့အသက်တွေ မခံနိုင်မှ လိုက်ရှာကြရင်း လူသေကြီးတွေ့တာ။ ကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက် မတွေ့ရဘူးဆိုပေမယ့် လူက တော်တော့်ကို ရုပ်ပျက်နေပြီ။ ပုပ်အဲ့နေပြီး လောက်ပါကျနေတာတဲ့။ အလောင်းမှာလည်း ယင်မည်းရိုင်းကြီးတွေက မည်းမည်းကို လှုပ်လို့တဲ့။ ငါ့ယောင်္ကျားဆို အဲ့ဒီအလောင်း သွားကြည့်ပြီး ပြန်လာတော့ တစ်ရက်လုံး အစားအသောက်ပျက်ကရော။ ငါလည်း အဲ့သတင်းကြားကတည်းက ယင်တွေ မြင်တိုင်း ရွံလည်းရွံ လန့်လည်း လန့်နေတာ။ ငါက အဲ့လောက်မဟုတ်သေးဘူး။ ငါ့ယောင်္ကျားဆို ယင်တွေ မြင်ရင်ကို ပျို့ပျို့နေတာပဲ။ ယင်တွေများ သူ့အပေါ် လာနားပြီဆိုရင် ငါကိုင်တုပ်ဆဲပြီး ပုဆိုးစုတ်နဲ့ လိုက်ရိုက်တော့တာပဲ။ အခုမှ ယင်တွေ မလာတော့လို့ အိပ်ကောင်းချင်းအိပ်နိုင်တော့တယ်”

ဧည့်သည်အဒေါ်ကြီး ပြောသွားတာတွေက ကျနော် သိချင်တာတွေ ဖြေပေးလိုက်တာပါပဲ။ ယင်ကောင်တွေ မမြင်ရလို့ စိတ်ကျေနပ်မှုကလည်း ကျနော့်ရင်ထဲ အဆင်ပြေပြေဝင်ရောက်လာတယ်။ ယင်တွေ မရှိတဲ့နောက် ဒုတိယမြောက် စိတ်ချမ်းသာမှုလို့ ထင်တယ်။ ဒါပေမယ့် ဒီတစ်ခါ စိတ်ချမ်းသာတာက စဉ်းစားစရာတော့ ဖြစ်နေတယ်။ ဒီယင်တွေက အလကား ဖြစ်လာတာမှ မဟုတ်တာ။ ဘယ်သူဘယ်ဝါ ဘယ်အရပ်ကရယ် မသိဘဲ ရောက်လာပြီး လူမရောက်တဲ့ ချောင်းဘေးလာသေရတဲ့အလောင်းကနေ ဖြစ်လာတာ မလား။ အချိန်ရရင် ယင်တွေရဲ့ အစက ဘာဖြစ်မလဲလို့ တွေးကြည့်လို့ရတယ်။ ယင်တွေဟာ ဒီလိုပဲ လူ့လောကကို စိတ်ဒုက္ခ ၊ ရောဂါ နဲ့ အဖျက်အမှောင့်တွေ လုပ်ခဲ့တဲ့အကြောင်း ဟိုမှာဒီမှာ ရှာကြည့်နေလို့ရတယ်။ ၂၀ ရာစုမတိုင်ခင်အထိ လူတွေက ယင်တွေကို အန္တရာယ်ကောင်အဖြစ် မသတ်မှတ်ခဲ့ကြဘူးလို့ ဆိုတယ်။ အခုတော့ ယင်ကောင်တွေ စနက်နဲ့ လူသေဆုံးမှုက တစ်နှစ်ကို လူ ၇ သိန်းလောက် ရှိမယ်လို့ ပြောနေကြပါတယ်။ တစ်နေ့က ကိုယ့်ပါးကို လာကိုက်သွားတဲ့ ယင်လည်း လူသတ်တရားခံ ဖြစ်နိုင်တာပါဲ။ ချောင်းစပ်ကလူ သေတာကတော့ သူတို့လက်ချက် ဟုတ်ချင်မှဟုတ်မှာပေါ့။ ဟုတ်ရင်လည်း ဟုတ်မှာပါပဲ။ ကမ္ဘာပေါ်က သက်ရှိတွေထဲမှာ အဆိုးသွမ်းဆုံးက ယင်တွေ ဖြစ်မယ်လို့တောင် ထင်တယ်။

ကျနော်ကသာ ယင်တွေကို မုန်းပြီး ဆန္ဒစွဲနဲ့ စွဲချက်တင်နေတာ။ ယင်တွေသာ သိရင်လည်း ထုချေလွှာတွေနဲ့ ပြန်ရှင်းချင်ရှင်းမှာပေါ့။ ဥပမာ - ယင်တွေဟာ လူသန်းချီ အသက်နဲ့ ဘဝကို ဖျက်ဆီးတတ်တဲ့ အာဏာရှင်တွေလောက် မဆိုးကြောင်း ၊ အတိုးနဲ့ သေအောင် သတ်တဲ့ အမြတ်ကြီးစား အရင်းရှင်တွေလောက် မရက်စက်ကြောင်း ၊ အကွက်ရွှေ့ပြီး လူထုကို ခုတုံးလုပ် မျောက်ပြဆန်တောင်းလုပ်တဲ့ နိုင်ငံရေးသမားတွေလောက် မယုတ်မာကြောင်း ဒါမှမဟုတ်လည်း ယင်တွေ ထုတ်တဲ့ လက်နက်ရယ်လို့ မရှိကြောင်း ဆိုတာမျိုးပေါ့။ ယင်တွေ အလွန်ဆုံး လုပ်နိုင်တာက ခင်ဗျားကို စိတ်ညစ်အောင်ရယ် ၊ ခင်ဗျား ကိုယ်ခံအားနည်းတဲ့အချိန် , တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိ ပေတီးပေစုတ်နေနေချိန် ရောဂါဝင်အောင် လုပ်တာလောက်ပဲ ဖြစ်ရင် ဖြစ်မှာပေါ့။ ဘုရားသခင်ရဲ့ အီဂျစ်ဖာရိုးတွေကို ဒဏ်ခတ်တဲ့ ကပ် ၁၀ ပါးထဲမှာ ယင်ကောင်တွေ စေလွှတ်ဖျက်ဆီးတာလည်း အပါအဝင်လို့ ကြားဖူးတယ်။ အခုယင်တွေကရော ဘုရားသခင်ဆီက ယင်တွေလား။

ပြောမရဘူးလေ။ ကျနော်တို့ နေနေတာက မြန်မာပြည်မှာကိုး။ 

 

-       ငြိမ်းဝေမင်း