တိတ်ဆိတ်ခြင်း စိတ်ပညာ
ရင့်ကျက်လာတယ်ဆိုတာ ခံစားချက်မရှိတော့တာ မဟုတ်ဘူး။ စိတ်ခံစားချက်ကို ထိန်းချုပ်ပြီး ဘယ်အချိန်မှာ ဘယ်လိုဉာဏ်ရှိရှိ တုံ့ပြန်ရမလဲ သိသွားတာ။ ကျွန်တော်တို့ရဲ့ ရင့်ကျက်မှုအတိုင်းအတာကို ဘယ်လို သိနိုင်မလဲ။
အကြောင်းမဲ့ အပြစ်တင်ခံခဲ့ရတဲ့အခါ ၊ မထီမဲ့မြင် အပြုခံရတဲ့အခါ ၊ ကိုယ့်ကြိုးစားမှုကို တမင် အသိအမှတ်မပြုတဲ့အခါ ၊ ကိုယ့်ကိုယ်ရည်ကိုယ်သွေးကို စိန်ခေါ်ခံရတဲ့အခါ.. ကျွန်တော်တို့ ရင့်ကျက်မှုအတိမ်အနက်ကို လာထောက်ချင်တဲ့ အတွေ့အကြုံတွေက အများကြီးပါပဲ။ ဒီလိုအချိန်မှာ လူတစ်ယောက်ရဲ့ ကိုယ်ခံအားဘယ်လောက်ရှိလဲ သူ့တုံ့ပြန်မှုကို ကြည့်ပြီး သိနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်တဲ့သူဟာ သူ့ကို တွန်းတိုက်လာတဲ့ ဖြစ်ရပ်တွေကို ဉာဏ်ရှိရှိ ရင်ဆိုင်ပါတယ်။ တစ်ခါတစ်လေမှာ စကားလုံးတွေ လုပ်ရပ်တွေနဲ့လည်း ဖြေရှင်းကောင်း ဖြေရှင်းပါလိမ့်မယ်။ တစ်ခါတစ်ခါမှာ စကားလုံးတွေနဲ့ reaction မလုပ်ဘဲ ဉာဏ်ရှိရှိ တိတ်ဆိတ်မှုနဲ့ response လုပ်ပါတယ်။ တိတ်ဆိတ်ပေးတယ်ဆိုတာ တုံးအ,သွားတာ မဟုတ်ပါဘူး။ ကိုယ့်စွမ်းအင်ကို အလေအလွင့်မဖြစ်အောင် ထိန်းလိုက်တာပါ။ စိတ်လှုပ်ရှားမှုနဲ့ ပက်ခနဲ တုံ့ပြန်တာက ကိုယ့်ရဲ့ ခွန်အား ၊ ကိုယ့်ရဲ့ အလားအလာတွေကို တခြားသူဆီ ပုံအပ်လိုက်တာပဲဆိုတာ သိလို့ အကောင်းဆုံးတုံ့ပြန်ဖို့ အချိန်စောင့်လိုက်တာပါ။
တိတ်ဆိတ်မှုနဲ့ အချိန်တစ်ခု စောင့်ပေးတာက ဖြစ်သမျှကိစ္စတွေ နဲ့ ကိုယ့်စိတ်ခံစားချက်ကို ပြန်ဆန်းစစ်စူးစမ်းဖို့ အချိန်ပေးလိုက်တာ ၊ တွယ်ငြိဝေဝါးမှုတွေ ဖြေလျှော့လိုက်တာပါ ၊ မလိုဘဲ အပိုတွေ လိုက်ရှင်းပြနေတာတွေ ရပ်လိုက်တာ ၊ ကိုယ်ဘယ်လောက် ရင့်ကျက်တဲ့လူလဲ ပြလိုက်တာပါ။ နောက်ဆုံးမှာ တည်ငြိမ်အေးဆေးမှုက အားနည်းချက်မဟုတ်ဘဲ အကောင်းဆုံးလက်နက်ဆိုတာ ထုတ်ပြလိုက်တာပါ။ တည်ငြိမ်စွာ ဖြတ်ကျော်နိုင်ခြင်းဆိုတဲ့ အရည်အချင်းကောင်းတစ်ခုကို ပိုင်ထားရင် ဘဝရဲ့ ပြဿနာတွေနဲ့ စိတ်ခံစားလွယ်မှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြတ်ကျော်နိုင်ပါလိမ့်မယ်။
မနှစ်က ထွက်ထားတဲ့ စာရေးဆရာမ Sri Swathi ရဲ့ စာအုပ် The Power of Not Reacting : How to Control Your Emotions? ထဲမှာ Emotional Response တွေကို နည်းစနစ်တကျ ထိန်းချုပ်ပြီး ရင့်ကျက်တဲ့သူဖြစ်အောင် လုပ်နိုင်တဲ့ နည်းလေးတွေ ပေးထားတာ တော်တော်ကို အကျိုးများလို့ ပြန်မျှဝေပေးချင်ပါတယ်။ ဒီစာအုပ်တစ်ခုလုံးရဲ့ အနှစ်ချုပ်က ငြိမ်းအေးတဲ့ စိတ်ပိုင်ရှင်တစ်ယောက်ဖြစ်လာဖို့ လိုအပ်တဲ့ တိတ်ဆိတ်မှုစိတ်ပညာကို ဖော်ပြထားတာပါ။ တစ်ခုခုဆို အလျင်စလို တုံ့ပြန်ချင်တဲ့ ၊ တုံ့ပြန်တတ်သူတွေ ကိုယ့်စိတ်ကို ဆုံးမဖို့ နည်းလမ်းကောင်းလေးတွေကို ဒီစာအုပ်ထဲကနေ အကျဉ်းချုပ် ပြန်ဆွဲထုတ်ပေးချင်ပါတယ်။
(၁) တုံ့ပြန်မှု ထောင်ချက်ကို နားလည်အောင်လုပ်
Reaction ဆိုတဲ့ ခံစားချက်အတိုင်း ဆတ်ခနဲ ပြောတတ် ၊ လုပ်တတ်ရင် သင်ဟာ ထောင်ချောက်ထဲကို တိုးဝင်နေပြီလို့ သိလိုက်ပါ။ စိတ်ထဲက ရှိသလို ထုတ်ပြောတတ်တဲ့အကျင့်က သင့်ကို ဒုက္ခပေးပါလိမ့်မယ်။ Stimuli ဆိုတဲ့ ပြုပြင်မွမ်းမံမထားဘဲ ချက်ချင်းအလိုအလျောက် ထွက်လာတဲ့ စိတ်ခံစားချက်က သင့်စွမ်းအားကို တခြားသူကို ပေးဖို့ ခလုတ်နှိပ်လိုက်တာနဲ့ အတူတူပဲ။
အရင်စ React လုပ်တဲ့သူ အရင်ရှုံးတယ်လို့ သိပါတယ်။ တုံ့ပြန်မှုတိုင်းက စိတ်ပိုင်းဆိုင်ရာ အကြွေးနဲ့တူတယ်။ အကြွေးသဘောဖြစ်လို့ အခုသုံးလိုက်ပြီး နောက်မှ နောင်တရတတ်ပါတယ်။ နောင်တမရချင်ရင် ကိုယ့်တုံ့ပြန်မှုကို ထိန်းပါ။ အရင်နားလည်အောင် အချိန်ပေးပါ။
(၂) Pause လုပ်တတ်ပါစေ
ချက်ချင်း မတုံ့ပြန်ဘဲ ခဏလောက် နှုတ်ဆိတ်နေတာဟာ တွေဝေတာမဟုတ်ပါဘူး။ ဉာဏ်ရှိရှိ အစီအစဉ်ဆွဲလိုက်တာပါ။ မကျေနပ်စရာအတွေ့အကြုံတစ်ခု ကြုံလာရင် ချက်ချင်း ပေါက်ကွဲပစ်မလား ၊ ခဏလောက် Pause လုပ်ပြီး ဘေးထွက်စဉ်းစားကြည့်မလား ရွေးချယ်လိုက်တာပါ။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ဖို့ အချိန်ယူစီစဉ်လိုက်တာပါ။
The Pause လေ့ကျင့်ခန်းကို ကျွမ်းကျင်ဖို့ ဒီစာအုပ်ထဲမှာ စာရေးသူက စက္ကန့် ၉၀ အနားပေးမှုကို အကြံပေးထားတာ ရှိပါတယ်။ စိတ်ခံစားချက်တစ်ခုရဲ့ ပျမ်းမျှကြာချိန်ဟာ စက္ကန့် ၉၀ လောက် ကြာနိုင်ပါတယ်တဲ့။ သဘောက ဒီ စက္ကန့် ၉၀ မှာ ဉာဏ်ရှိရှိ ငြိမ်သက်တတ်ရင် တစ်ဘဝလုံး ငါးပါးမှောက်မယ့် ထိခိုက်ဆုံးရှုံးမှုတွေကို ကာကွယ်နိုင်မယ် ဆိုတာပါ။
သင့်ပါးစပ်က စကားတစ်ခွန်း မထွက်ခင် ၊ သင့်ဖုန်းကနေ မက်ဆေ့တစ်ကြောင်း မပို့ခင် သင့်ကိုယ်သင် Strategist တစ်ယောက်လို စီစဉ်ဖို့ အချိန်အဟတစ်ခု ပေးလိုက်တာပါ။ emotion မပါတဲ့ ဒုတိယအတွေး Second Thought ကို အသုံးချဖို့ ပြင်တာပါ။ သိပ္ပံပညာရှင်တစ်ယောက်လို စောင့်ကြည့်စူးစမ်းလိုက်တာပါ။ ခံစားချက်နဲ့ လုပ်ရပ်(တုံ့ပြန်မှု) အကြား အကွာအဝေးတစ်ခုထားလိုက်တာပါ။ သတိ (Mindfulness) လို့ခေါ်တဲ့ အင်မတန် အားကောင်းတဲ့အကာအရံတစ်ခု ကာဆီးလိုက်တာပါ။
(၃) ထိန်းချုပ်မှု လေ့ကျင့်ခန်း လုပ်ပါ
ပြဿနာကြီးကြီး တက်မှ တိတ်ဆိတ်မယ် ၊ တုံ့ပြန်မှုကို အသုံးချမယ်လို့ မတွေးလိုက်ပါနဲ့။ သင့် စိတ်ငြိမ်းချမ်းမှုကို ဆွဆွပေးမယ့် Trigger လေးတွေ နိစ္စဒူဝပြဿနာလေးတွေကို လေ့ကျင့်ရေးကွင်းအဖြစ် သတ်မှတ်လိုက်ပါ။ သင့်ကို စိတ်ဆွပေးနေတဲ့ လူတွေ ၊ အရာတွေ ၊ ဖြစ်ရပ်တွေက သင့်ရန်သူ မဟုတ်ပါဘူး။ သင့်ကို စိတ်ပိုင်းဆိုင်ရာ သန်မာ ရင့်ကျက်အောင် ကူညီပေးနေတဲ့ လေ့ကျင့်ဖော် ဒါမှမဟုတ် သင်ရိုးတွေလို့ မှတ်ယူပါ။
နေ့စဉ်ထိန်းချုပ်မှုလုပ်ရာမှာ အရေးကြီးတာက သင့်အမြင်ကို ပြောင်းဖို့ပါ။ သင်မြင်တဲ့အမြင်ကို ပြောင်းဖို့ သင့်ကိုယ်သင် မေးတဲ့ မေးခွန်းတွေကို ပုံစံပြောင်းကြည့်ပါ။ ဥပမာ - ငါ့ကျမှ ဘာလို့ ဒီလို ဖြစ်ရတာလဲလို့ မတွေးဘဲ "ဒီ Case က ငါကို ဘာလုပ်စေချင်တာလဲ ၊ ဘယ်လို တုံ့ပြန်စေချင်လဲ" ဆိုတာမျိုး အပြုသဘောအဖြေရှာတဲ့ဘက် ဦးလှည့်တဲ့ မေးခွန်းတွေ မေးလိုက်ပါ။ သင့်မေးခွန်းတွေကို သင်ကိုယ်တိုင် ထိန်းချုပ်နိုင်ရင် သင့်အတွေးကို သင်ပြောင်းလဲလာနိုင်ပါမယ်။
ရုပ်ပိုင်းဆိုင်ရာအနေနဲ့လည်း လေ့ကျင့်ဖို့ လေ့ကျင့်ခန်းတစ်ခု ပေးချင်ပါတယ်။ ကိုယ့်ကို ထိခိုက်အောင် လုပ်လာတဲ့ အဖြစ်တွေ ကြုံတိုင်း စိတ်ရောရုပ်ပါ အကြောလျှော့ဖို့ လိုပါတယ်။ အသက်ရှုတဲ့အပေါ် အာရုံစိုက်ပါ။ အံကြိတ်ထားရင် ဖြေချပါ။ လက်သီးဆုပ်ထားတာ ၊ ပခုံးနဲ့ မေးကြောတွေ တင်းနေတာ လျှော့ချပါ။ စိတ်ခံစားချက်ကို အရှိန်လျှော့ချနိုင်တဲ့ အလေ့ကျင့်လေးတွေ (လမ်းလျှောက်တာ ၊ စာရေးတာ ၊ ကိုယ့်ခံစားချက်တွေ ငြိမ်သွားအောင် အချိန်ပေးလိုက်တာ) လုပ်ပါ။ အရေးကြီးတာ ဘာကိုမှ ချက်ချင်း မတုံ့ပြန်ဘဲ အချိန်တစ်ခု ပေးလိုက်ဖို့ပါ။
တိတ်ဆိတ်ခြင်းဟာ သင့်ရွေးချယ်မှု ဖြစ်ပါစေ။ သင့်ခွန်အားကို သင်ပြန် ကြိုးဆွဲနေတာပဲ ဖြစ်ပါစေ။ ဗျူဟာမြောက် တိတ်ဆိတ်မှုက အသံကျယ်ကျယ် ထင်ရာပြောတဲ့ အသိုင်းအဝိုင်းကြားမှာ အရေးအကြီးဆုံး အရည်အသွေးတစ်ခု ဖြစ်လာပါစေ။
ကိုယ့်အထင်ကို ချက်ချင်း ပြောတတ်တဲ့သူတွေထဲမှာ ဉာဏ်ရှိရှိ တုံ့ပြန်ဖို့ တိတ်ဆိတ်ခြင်း စိတ်ပညာကို နားလည်လာရင် သင်ဟာ လူတွေရဲ့ လေးစားမှုနဲ့ သင့်ကိုယ်သင် လေးစားမှုကို ရရှိမှာ အမှန်ပါပဲ။
(Sri Swathi ရဲ့ စာအုပ် The Power of Not Reacting : How to Control Your Emotions? မှ မှီငြမ်းပါသည်။)

