နောက်နှစ်ခါ တန်ဆောင်မုန်း ...

နောက်နှစ်ခါ တန်ဆောင်မုန်း ...

ဒီအချိန်ဆို ကိုယ်တို့ဇာတိသည် တောင်ကုန်းတွေအကြား ပြာတာတာ မြူတို့နှင့် လဲ့လဲ့မှုန်နေရော့မည်။ ရွာအပြင် ကွင်းစပ်တွေမှာတော့ ထွန်ယက်ထားတဲ့ ပဲခင်းတွေ ၊ သူ့အစုနဲ့သူ ပုံထားတဲ့ ပဲရိုးပုံတွေ ၊ ရှို့မီးတွေနဲ့ လှနေရော့မည်။ ညနေရီရဲ့ တိတ်ဆိတ်တဲ့ တောတန်းသည် နုညက်တဲ့ မြေအနံ့ ၊ ဆည်ဘက်က ရေငွေ့ပါ လေအေးဓါတ်နဲ့ ငြိမ်းချမ်းငြိမ်သက်တဲ့ ရှုမျှော်ခင်းထဲမှာ အဆုံးအဆမဲ့ သာယာနေပေမည်။ အရာရာပြောင်းမယ့် တန်ဆောင်မုန်းလပေပဲ။


ပူလောင်ခဲ့တဲ့နွေညများ ၊ အိုက်စပ်စပ် မိုးရက်များ,,,, အားလုံးကို တန်ဆောင်မုန်းက လက်ပြသွားခဲ့ပြီ။ ရိတ်သိမ်းပြီးစ ကွင်းပြင် ယာခင်းမွမွထက် ပဲအိတ်တွေပေါ် ပက်လက်လှန်ရင်း ညနေရီကို ခံစားရသည်မှာ ဘဝတစ်ခုရဲ့ အဓိပ္ပါယ်မလား။ ဆောင်းညများလည်း စချေပြီကော။


တိတ်ဆိတ်နေတဲ့ ယာပြင်တန်းကနေ ရွာဘက်ကို ငေးကြည့်ရင် မှိုင်းရီနေတဲ့ အိပ်မက်ဆန်ဆန် ရွာကလေးတစ်ရွာ ရှိနေသည်။ တလျှောက်လုံး ပင်ပန်းကြီးစွာ ရှာဖွေစားသောက်ခဲ့သူများ ဒီရွာထဲမှာ အိပ်သူအိပ် ၊ အပန်းဖြေ တစ်ခွက်တစ်ဖလား မော့သူမော့လိမ့်မည်။ ဘယ်သူပြောနိုင်မလဲ။ မိသားစုနဲ့အတူ ပူးချည်ကပ်ချည် အိမ်ပြန်လာတဲ့ ယောက်ျားတစ်ယောက်လို အိမ်ရနံ့ကို လွမ်းသူလည်း လွမ်းလိမ့်မည်ပဲ။ တောင်ကုန်းတောတန်းကနေ နေဝင်ပြီးစ ညနေမှာ ငေးကြည့်ရသည်မှာ အရာအားလုံး လွဲမှားကောင်း လွဲမှားနိုင်မည်။ အားလုံးနီးနီး မှန်ကောင်းလည်း မှန်နိုင်မည်။ ဘယ်သူ ပြောနိုင်မလဲ။ အမှန်အမှားက ဘယ်လောက်များ ခြားနားသလဲဆို။


တန်ဆောင်တိုင်ရင် ကိုယ်လွမ်းတာတွေမှ အများကြီး။ ဒီအချိန်ဆို ရွာထဲ ရပ်ကွက်တွေက ကာလသားခေါင်းတွေ ၊ အပျိုချော ၊ ကာလသားတွေ ပေါင်းလို့ ရွာဘုန်းကြီးကျောင်းဆီ သွားတော့သည်။ သွားတယ်...ဆိုလို့ တစ်ယောက်တစ်ပေါက်တော့ မဟုတ်။ အားလုံး စုပြီး ပျော်ပျော်ပါးပါး လူစုလူဝေးနဲ့ သွားကြခြင်းပင်။ အလှဆုံးဆိုသော မိန်းကလေးများ ၊ အထက်ဆုံးဆိုသော ယောက်ျားသားများ အသားနားဆုံးဆိုသော အဝတ်အစားများနှင့် ကိုယ်တို့အိမ်မြောက်ဘက် လမ်းထောင့် ၊ ဆိုင်းဆရာရဲ့ အိမ်နားမှာ စုရပ်လုပ်ကြသည်။


ညနေရီက လူတိုင်းကို လှစေတယ် ထင်သည်။ အကျည်းတန်သော (သို့မဟုတ်) လ ယ်ထဲ ယာထဲမှာ ရွက်ကြမ်းရည်ကြိုဟုသာ ထင်ရသော မိန်းကလေးများ အားလုံး လှနေသည်ပဲ။ သနပ်ခါးပါးပါး အာချီမိတ်ကပ်နံ့များ ၊ မျက်ခုံးထူထူ တန်းတန်းများ ။ အရင်နှင့် မတူတော့တဲ့ လဲ့လဲ့လွင် စကားငြင်သာ ပြောသံများ... ကလေးဘဝကတည်းက ကိုယ်ဟာ တန်ဆောင်တိုင်မင်းသမီးများကို စွဲလမ်းခဲ့ပါသည်။ ငေးကြည့်ရုံနဲ့တင် ရှင်သန်ခြင်းအဓိပ္ပါယ်ကို ခံစားနိုင်ခဲ့ပါသည်။ သူတို့ သိပ်လှလေသလား? မဟုတ်ဘူးဆိုတာ သိပါသည်။


သို့သော်ငြား တန်ဆောင်တိုင် ညနေရီမှာ ဘယ်သူမဆို လှနိုင်တယ်ဆိုတာ သိပါသလား။ တန်ဆောင်တိုင်ညများမှာ ကိုယ်ဟာ တစ်ယောက်ချင်းစီရဲ့ ကိုယ်ရောင်ကိုယ်ဝါကို ငေးမောကြည့်နေမိသည်။ အားလုံး လှသင့် အရောင်အဝါတင့်တယ်သင့်တဲ့ အချိန်ပဲလို့လည်း နားလည်ခဲ့သည်။ ကောက်နံ့သင်းသင်း ၊ ပဲနံ့မွှေးမွှေး နှင့် မြောက်ပြန်လေအေးအေးတို့အကြားမှာ လူတစ်ယောက်ရဲ့ အလှဆုံးအရွယ် , အလှဆုံးအချိန် , အလှဆုံးပုံရိပ်ကို ပြသင့်တယ်လို့လည်း ခံစားမိတာ ပါတာပေါ့။


လူတွေဟာ ဆီမီးကိုယ်စီ ပန်းကိုယ်စီနဲ့ နေဝင်ဖျိုးဖျ လထွက်စမှာ အိုးစည်ဗုံမောင်းတို့နှင့် ရွာဦးကျောင်းဆီ ဦးတည်ကြသည်။ ဖိတ်ဖိတ်တောက် လရောင်အောက် ဆီမီးရောင်စုံတန်းနဲ့ လူတန်းကြီး ပျော်ပျော်ပါးပါး ဘုရားသွား ကျောင်းတက်ကြတာ ကိုယ့်အဖို့ အမြဲအံ့ဩစရာပဲ။ တစ်ဖက်မှာလည်း သူတို့ရဲ့ ပေါ့ပါး လွတ်လပ်စွာ ယုံကြည်လွှတ်ချမှုတွေဟာ ကိုယ့်အဖို့ဟာ ထူးခြားတဲ့ အလှတရားတစ်မျိုးပါပဲ။ လူဆိုတာ တစ်ခုခုကို ယုံကြည်နေဖို့ လိုတဲ့ သတ္တဝါမျိုးလို့ ကိုယ်နားလည်ထားသည်။ "မယုံတော့ကော?"


အေး ... ယုံကြည်စရာတွေ မရှိလို့ဖြစ်ဖြစ် မယုံတတ်တော့ရင်ပဲ ဖြစ်ဖြစ် ကြာရှည်စွာ တစ်ကိုယ်တော် နေထိုင်တဲ့အခါ ပျော်စရာ ပေါ့ပါးမှုတွေ မရှိတော့တာ ကိုယ်တွေ့ပဲ။ ငယ်ငယ်က ရွာလူပျက်တွေ တန်ဆောင်တိုင်ခါ အိုးစည်ဒိုးပတ်နှင့် ဘုန်းတော်ကြီးကျောင်း သွားကြတဲ့အခါ လူတွေ ဆိုလေ့ဆိုထရှိတဲ့ သီချင်းတစ်ပုဒ် ရှိဖူးသည်။ သီချင်းက လူတိုင်းသိပြီးသား တန်ဆောင်တိုင်သီချင်းပါ။ ဘာတဲ့။


"အဖိုးကြီးအို ခါးကုန်းလို့ မသေပါနဲ့ဦး နောက်နှစ်ခါ တန်ဆောင်မုန်း ပွဲကြည်ပါဦး"တဲ့။


ဘာပွဲကို ကိုယ်တို့ ကြည့်ရမှာလဲ။ လှပဆန်းပြား ညများသည် အတိတ်နဲ့သာ သက်ဆိုင်ပြီး ပစ္စုပ္ပန်ကို တကျွတ်ကျွတ်မြည်သံနဲ့ ဖြတ်သန်းနေရပြီကိုး ။ နောက်နှစ်ခါ တန်ဆောင်မုန်းသည် ဘယ်လောက်များ လှလို့ ဘယ်တော့များမှ ကံဆုံကြမလဲ။ ကိုယ် မတွေးတတ်။ မတွေးရက်တော့ပါ။ တန်ဆောင်တိုင်ညများမှာ ဆန်းပြားစွာ လူးလွန့်မိုးထိုးတက်သွားတဲ့ မီးပုံးများ ဘယ်လောက်အမြင့် ရောက်ခဲ့ပါသလဲ။ လှပစွာ ပေါက်ကွဲ ,,, ရဲရင့်စွာ လောင်ကျွမ်း ။ ဒီဘဝများနှင့် ဘာများ ခြားနားပါသလဲ။ မေးခွန်းတွေလည်း တန်ဆောင်တိုင်မီးပုံများနှယ် တရိပ်ရိပ်မြင့်တက်။ 


မိုးအကုန် ဆောင်းအကူးတွေမှာ မီးပုံးအသေးတစ်ခုတလေဖြစ်ဖြစ် သင်တို့၏ အရပ် ညကောင်းကင်ထက် တွေ့ကောင်း တွေ့နိုင်ပါသည်။ တွေ့သည့်အခါ သင်ဘာတွေ စဉ်းစားမိပါသလဲ။ တိမ်တွေထဲအထိ ရောက်သွားတဲ့ မီးပုံးများဆီ ငေးရီရင်း ဘဝအမောတွေ လွှင့်ပစ်လိုက်တဲ့ အတွေးတွေလား ၊ သင် ပြန်မရတော့တဲ့ လှပအကျည်းတန် အတိတ်ဆန်တဲ့ မြင်ကွင်းတွေများလား။ 


သင်ဘာကိုတွေးတွေး,,, သင့်ဟာသင် ဘယ်လောက်ပဲ တစ်ကိုယ်တော်ခံစားရခံစားရ တန်ဆောင်မုန်းညများကို သင်ဆန္ဒရှိသလို လှပစွာ ပြန်လည်လာစေချင်သူတစ်ယောက်တော့ ရှိခဲ့သည်ဟု ပြောချင်ပါသည်။ ထိုသူသည် ကျနော်ဖြစ်နိုင်သလို အခြားသူတစ်ဦးလည်း ဖြစ်နိုင်ပါသည်။ တူညီသည့်ခံစားချက်ကို မတူသူများလည်း ခံစားနိုင်ပါသည်။ ထိုသို့ နားလည်ပေးဖို့ လိုပါသည်။


တန်ဆောင်မုန်းညများသည် ကိုယ်တို့ရှိရှိ မရှိရှိ ဆက်၍ ရှိနေမည်။ လောကတစ်နေရာ ဖြတ်လျှောက်ဧည့်သည်ဖြစ်ခဲ့ရခြင်းမှာ ဘာအထူးဆုမှ မျှော်လင့်မရသော်ငြား ကိုယ့်ကိုယ်ကိုယ် တစ်စုံတစ်ခု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ခံစားနိုင်ခဲ့ခြင်းသည် အမြတ်ဆုံးဆု ဖြစ်ကောင်းဖြစ်နိုင်သည်။ 


မော့ကြည့်တဲ့အခါ လသာသည်ကို မြင်လျင် သင်ကံကောင်းပါလိမ့်မယ်။ (သင် ရှင်သန်နိုင်တုန်းပဲဆိုသည့် အခိုင်မာဆုံးသက်သေပင်။) သင်ကြည့်မိသည့်လသည် တန်ဆောင်မုန်းလ ဖြစ်သည်ဆိုလျင် သင့်ရှင်သန်ခြင်းသည် ပြည့်စုံခြင်းသို့ ရောက်ပေမည်။ နောက်နှစ်ခါ တန်ဆောင်မုန်းကို သင်မျှော်နေဖို့ မလိုတော့ပြီမလား။ 


- ငြိမ်းဝေမင်း