ရပ်နိုင်ပေ ရပ်နိုင်ပေ့ ...

ရပ်နိုင်ပေ ရပ်နိုင်ပေ့ ...

(၁)

ကုတင်အောက်က သေတ္တာလေးဆွဲဖွင့်လို့ အထဲက သံဖြူစုဗူးလေး လှုပ်ကြည့်ရင်း မကျော့မေမျက်နှာ ပြုံးယောင်သန်းလာသည်။ တစ်ဆက်တည်း သူ့လက်တွေက ဂဏန်းပေါင်းစက်တစ်ခုလို တွက်ချက်သွားသည်။ ၆ ထောင် ၇ ထောင်တော့ အောက်ထစ်ပဲ။ နောက် ၇ ထောင်/ ၈ထောင် လောက်ဆို သူ့အိပ်မက်တွေ ပြည့်ပြီ။ 

အတွေးနဲ့ အပြုံးက တစ်ထပ်တည်း ဖြစ်သွားသည်။

(၂) 

ဒီမြို့လေးကို မကျော့မေတို့ လင်မယား ရောက်လာတာ နှစ်နှစ်ပြည့်တော့မည်။ ကိုသန်းစိုးနဲ့ အိမ်ထောင်မကျခင် အပျိုလူပျိုဘဝ ဆုံကြတာလည်း ဒီမြို့နဲ့ သိပ်မလှမ်းမကမ်းက မြို့လေးမှာ။ 

အဲ့ဒီတုန်းက မကျော့မေက ဖရုံခြံမှာ အလုပ်လုပ်သည်။ ကိုသန်းစိုးက ငရုတ်ခြံမှာ နေ့စားအလုပ်သမား။ တစ်ရွာတည်းသားတွေ။ ဝင်ငွေမဆိုးသော်လည်း ယွမ်ဈေးက အခုလောက် မကောင်းသေး။ ယွမ် ၁၀၀၀ မှ ငွေ ၂ သိန်းစွန်းစွန်းပဲ ရသေးတာမို့ တစ်လ ၁၈၀၀/၂၀၀၀ စီတာက မြန်မာငွေနဲ့မှ ၄-၅ သိန်းပဲ ရှိဦးမည်။ ကိုသန်းစိုးနဲ့ အိုးအိမ်ထောင်ကျတော့ ဇာတိရွာကို ပြန်ကြသည်။ ဖရုံခြံ ၊ ငရုတ်ခြံမှာ အလုပ်လုပ်ရင်း စုလာတဲ့ ငွေတွေနဲ့ ရွာမှာ ဝက်မွေးမည်။ ကုန်စုံဆိုင်လေး ထောင်မည်။ ပိုက်ဆံစုပြီး ကိုယ်ဝန်းကိုယ့်ခြံနှင့် နေနိုင်အောင် ကြိုးစားမယ်ဆိုတဲ့ အိပ်မက်တွေ တသီကြီးပေါ့။ 

အိပ်မက်တွေ မက်လို့ကောင်းတုန်း ကိုဗစ်ကြီး ဖြစ်ပါလေရော။ ကိုဗစ်အတွင်းမှာ ဝက်ခြံလည်း အစာဖိုး ၊ ဆေးဖိုး ဆက်မတိုးနိုင်တော့ ရပ်သွားသည်။ ကပ်အတွင်းမှာပဲ သားတော်မောင် မျိုးငွေစိုးကို မွေးသည်။ သားတစ်ဖက်နဲ့ အလုပ်လက်မဲ့ဖြစ်တော့ မကျော့မေ မနေတတ်မထိုင်တတ်တွေ ဖြစ်လာသည်။ နဂိုကတည်းက အလုပ်နဲ့လက် မပြတ်ခဲ့သူဆိုတော့ အလုပ်မရှိ ယောင်ချာချာဘဝမှာ အနေခက်တာ မဆန်း။ အမေတို့နဲ့ စားအိုးပေါင်းနေတယ် ဆိုသော်လည်း ကိုယ်တစ်ယောက်တည်း သားသမီးမဟုတ်။ မကျော့မေညီမတို့ လင်မယားလည်း အမေတို့အိမ်မှာပဲ သောင်တင်နေသည်လေ။ သားလေး နို့ပြတ်ရင်တော့ နယ်စပ်ကို ပြန်တက်မယ်လို့ မကျော့မေတို့ စီမံချက်ချသည်။ 

ကိုဗစ်ကန့်သတ်ချက်တွေ ဖြေလျှော့ပေးတော့ မကျော့မေနဲ့ ကိုသန်းစိုး အမေတို့ကို ကန့်တော့လို့ တရုတ်နယ်စပ်ကို တက်လာကြသည်။ ရွာကထွက်တော့ ပြာသိုလကြီး။ နှင်းမကွဲသေးတဲ့ မနက်ခင်းမှာ အိပ်ပျော်နေတဲ့ နို့ခွဲစသားငယ်ကို ယောက်မအပျိုကြီးလက် အပ်လို့ ရွာထိပ်ကားဂိတ်ကို ထွက်လာခဲ့သည်။ မြူတွေထဲမှာ သားလေးမျက်နှာကို မြင်ယောင်ရင်း မကျော့မေ ရင်ထဲ ဆို့တက်လာသည်။ ရွာထိပ် မူလတန်းကျောင်းလေးနားရောက်တော့ မကျော့မေ တောင့်မခံနိုင်တော့။ ခေါင်းပေါ်က အဝတ်အစားတွေ ထည့်ထားတဲ့ ကာတွန်းအိတ်ကြီးချလို့ ကျူကျူပါအောင် ငိုပါတော့သည်။ 

"ကျော့မေရယ်။ အခုက ခဏလေး ခွဲတာပါဟာ။ ဟိုမှာ အခြေအနေကောင်းရင် ကလေးရော မိချိုပါ လှမ်းခေါ်မှာပေါ့။ ငါလည်း ဖအေပါ။ ကိုယ့်သားသမီး ဘယ်ခွဲချင်ပါ့မလဲ။ နင်အခုလို ငိုတော့ ငါလည်း ဘယ်စိတ်ကောင်းမလဲဟာ"

ကိုသန်းစိုး သူ့မယားကို ပုခုံးကိုင်ကိုင်ပြီး စိတ်ပြေအောင် ချော့ရတော့သည်။

"ကျုပ် သားလေးကို သနားလို့ပါတော်။ ကျုပ်တို့ အလုပ်လုပ်သွားမှာတောင် ကလေးက မသိဘူးတော့"

"ဒါတော့ ဒါပေါ့ဟာ။ ဟိုမှာက အဆင်ပြေရင် ၃-၄ လနဲ့ ကိုယ့်သားသမီးကို ခေါ်လို့ရပါတယ်ဟ။ နင်ရောငါပါ အရင်ကလည်း နယ်ထွက်အလုပ်လုပ်ဖူးတာပဲ။ အိုးပစ်အိမ်ပစ်ဆိုတာ အဆန်းမဟုတ်ပါဘူး။ အခုတော့ ပိုက်ဆံသာ ရအောင်ရှာပြီး ကိုယ့်မိသားစုနဲ့ အိုးမကွာအိမ်မကွာနေနိုင်အောင် ကြိုးစားကြတာပေါ့ဟာ။"

ကိုသန်းစိုးပြောတာ မကျော့မေ သိပါသည်။ နားလည်း လည်ပါသည်။ မိသားစုအတူ နေနိုင်ဖို့ အခုနေတော့ တစ်နေရာစီ ခွဲရဦးမည်လေ။ မကျော့မေ ကြိုးစားရဦးမည်။ တင်းနေတဲ့ သံယောဇဉ်ကြိုးကို ချန်လို့ မနက်ဖြန်မှာ သာယာဖို့ ကြိုးစားရဦးမည်လေ။

(၃) 

နာမည်ကျော် နယ်စပ်မြို့လေး ရောက်တော့ အလုပ်တွေက စောင့်ကြိုနေသဖြင့် မကျော့မေ ဝမ်းသာသွားသည်။ ရောက်ပြီး နှစ်ရက် သုံးရက်နေတော့ ပွဲစားခ ယွမ် ၁၅၀ ပေးပြီး ဆေးလိပ်စက်ရုံထဲ ရောက်သွားသည်။ ကိုယ့်ရွာသူ ကိုယ့်ရွာသားတွေဆိုတာလည်း စက်ရုံထဲ မနည်းမနော။ 

အလုပ်ကလည်း သက်သက်သာသာပင်။ လစာ စားရိတ်ငြိမ်း ၁၅၀၀ ဆိုသော်လည်း ယွမ်ဈေးကောင်းပြီမို့ မြန်မာငွေ ၁၀ သိန်းပတ်လည် ရသည်။ အဘက်ဘက်က အဆင်ပြေသော်လည်း ဆေးလိပ်စက်ရုံအလုပ်က ကြာကြာတော့ မလုပ်လိုက်ရ။ နှစ်လစွန်းစွန်းလောက် လုပ်ပြီးတော့ လူလျှော့တဲ့အထဲ နောက်မှရောက်တဲ့ မကျော့မေတို့ အသုတ် ပြုတ်သွားသည်။ 

ကိုသန်းစိုးကတော့ ဘောက်အလုပ်ထဲ ဝင်သည်။ ငှက်ပျောထမ်းသည်။ ဖရုံခြံအဆက်အသွယ်နဲ့ နေ့စားတွေ လိုက်သည်။ စပါးပေါ်ချိန် စပါးထမ်းလိုက်သည်။ တစ်ရက် ယွမ် ၈၀ မျိုး ၁၀၀ မျိုး စီသည်ဖြစ်ရာ မကျော့မေ အလုပ်မရှိသော်လည်း မပူရ။ နေတာကတော့ လင်မယားနှစ်ယောက် ရှမ်းသူဌေးတစ်ယောက်ရဲ့ ခြံနောက်က အလုပ်သမားတန်းလျားမှာ တစ်လ ယွမ် ၅၀၀ နဲ့ အခန်းငှားနေရသည်။ နောက်တော့ ရွာက တရုတ်စကားတတ်သည့် အလုပ်ခေါင်းအဆက်နဲ့ ကိုသန်းစိုး မြေဆီအထမ်းဘက် ရောက်သွားသည်။ 

မြေဆီဆိုတာက မြေရှားသတ္ထုတူးတဲ့နေရာမှာ လောင်းထည့်သည့် အက်ဆစ်အိတ်ကြီးတွေ။ တစ်အိတ်တစ်အိတ် ကီလိုဂရမ် ၄-၅၀ ရှိမည်။ ဒီအိတ်ကြီးတွေကို ပေါင်းကူးလို့ ခေါ်တဲ့ ကားတစ်စီးကနေ တစ်စီး အိတ်တွေ ထမ်းသယ်ရတာ ၊ သတ္ထုဆိုက် ဂိုထောင်တွေထဲ သယ်ပေးရတာမျိုး။ ပင်ပန်းသော်လည်း ဝင်ငွေကောင်းသည်။ အလုပ်ပုံမှန် ရှိသည်။ တစ်လတစ်လ ယွမ် ၂၀၀၀ နဲ့ ၃၀၀၀ အကြား အနည်းဆုံး စီသည်။ တချို့လတွေဆို ၃၀၀၀ တောင် ကျော်သည်။

မကျော့မေလည်း သိပ်မကြာခင် တရုတ်ဆိုက်တွေမှာ ထမင်းချက်အလုပ်ရသွားသည်။ စားစရိတ်ငြိမ်း ၂၅၀၀ က စရသည်။ မကျော့မေက အလုပ်နဲ့ သိပ်တော့ အကျိုးမပေးဟု ထင်သည်။ ထမင်းချက်အလုပ် ၃-၄ လလောက် လုပ်ပြီး အလုပ်က ပြုတ်ပြန်သည်။ အလုပ်မရှိတော့ မကျော့မေ ဝမ်းနည်းပက်လက် ဖြစ်ရပြန်သည်။ ကိုသန်းစိုးကတော့ သူ့မိန်းမကို အားပေးရှာပါသည်။ 

"စိတ်မညစ်ပါနဲ့ဟာ။ အလုပ်က ပေါပါတယ်။ ဒီတစ်လုပ်မရ နောက်တစ်လုပ်ပေါ့ဟ။ အလုပ်မရသေးလည်း ဘာအရေးလဲ။ ငါ လုပ်ကျွေးမှာပေါ့"

ကိုသန်းစိုးက မြေဆီအထမ်းဒဏ်နဲ့ မည်းသည်းခုံးထနေသည့် သူပခုံးကြီး လက်ညှိုးထိုးပြတော့ မကျော့မေမှာ ဝမ်းနည်းဝမ်းသာ။ 

"မဟုတ်ပါဘူးတော်။ ကျုပ်က တော်ဒီလောက် ပင်ပင်ပန်းပန်း လုပ်ကိုင်နေရတာ မမြင်ရက်ပါဘူး။ နောက်ပြီး လင်ရောမယားပါ အလုပ်လေး ရှိနေတော့ ပိုက်ဆံလည်း စုမိမယ်။ အခုလို တစ်ယောက်တည်း လုပ်အားနဲ့က ပိုက်ဆံစုကြားကို ရမှာမဟုတ်ဘူး။"

"ဘုရားတည် ကျောင်းဆောက်မှာမို့များ ဒီလောက် လောဘတက်နေတာလား မိန်းမရ"

သူ့မယားစိတ်ပြေအောင် ကိုသန်းစိုးက အရွှန်းဖောက်သည်။ မကျော့မေကတော့ မရယ်မပြုံး။

"အမယ်လေး။ ဘုရားဒကာလည်း မလုပ်နိုင်သေးပါဘူးတော်။ ကိုယ်တောင် နေစရာအတည်တကျ မရှိသေးတဲ့ဟာ။ တော်ပဲ စဉ်းစားကြည်။ ကျုပ်တို့ အိမ်ထောင်သက် ၄ နှစ်ကျော်လို့ ၅ နှစ်ထဲပဲ ရောက်နေပြီ။ အခုထိ ပြန်စရာ ကိုယ်ပိုင် အိမ်ရယ်ဝိုင်းရယ် ရှိလို့လား။ ကျုပ် ပိုက်ဆံစုချင်တယ်ဆိုတာ ရွာမှာ ကိုယ့်ဝန်းကိုယ့်ခြံလေး ကပ်နိုင်အောင်ပါ။ ဒီမှာက ဘယ်နေ့ဘယ်ရက် အိမ်ပြန်လွှတ်မလဲမသိ လုပ်စားရတာမလား။ ကိုယ့်ရပ်ကိုယ့်ရွာကို ထုပ်ထုပ်ပိုက်ပိုက်လေးနဲ့ ပြန်ပြီး ခြံလေးဝန်းလေးနဲ့ နေနိုင်ရင် တော်ပါပြီတော်။ လောဘတက်တာ မဟုတ်ရပါဘူး"

မကျော့မေ ပြောတော့ ကိုသန်းစိုး ငိုင်သွားသည်။ မှန်သည်။ သူသည်လည်း မကျော့မေနှင့် ဆန္ဒထပ်တူ။ ကိုယ့်ဝန်းကိုယ့်ခြံနဲ့ ဘယ်တော့များမှ နေနိုင်မှာပါလိမ့်။ 

သူငိုင်တာ မကျော့မေ မသိအောင် သောက်လက်စ ဆေးလိပ်ကို ခပ်ပြင်းပြင်း ရှိုက်ပြီး မှုတ်ထုတ်လိုက်သည်။ မီးခိုးတွေအကြား ပြတင်းကနေ အပြင်ကို လှမ်းကြည့်မိတော့ သတ္ထုမြိုထားသည့် ရှမ်းတောင်တန်းကြီးများ။ မြေကျွင်းကြီးတွေနဲ့ အရေပြား အလှန်ခံရသလို တောင်တန်းများနှင့် ယန္တရားများ။ အဆင်ပြေသွားမှာဟာ လို့ပဲ မကျော့မေကို ပြောသလိုလိုနဲ့ သူ့ဟာသူ တိတ်တိတ်လေး ပြန်နှစ်သိမ့်နေလိုက်သည်။

မကျော့မေအတွက် ကံသည် ကြာကြာမဆိုးနိုင်။ ထမင်းချက်အလုပ်ပြုတ်ပြီး ၁ လအတွင်းမှာပင် အလုပ်တစ်ခုထပ်ရသည်။ ဒီအလုပ်က တော်တော်ဟန်သည်။ သူတို့နေသည့် ရှမ်းသူဌေးရဲ့ အမွှာမြေးလေးတွေ ထိန်းပေးရမည့် ကလေးထိန်းအလုပ်။ သူဌေးက တော်တော်ချမ်းသာသည်။ သူ့သမီးကလည်း ချမ်းသာသည်ပဲ။ ချမ်းသာလို့ ကလေးတောင် ဘန်ကောက်တက်ပြီး ဖန်ပြွန်သန္ဓေသားနည်းနဲ့ အမွှာရအောင် မွေးခဲ့တာပဲလေ။ ဒီကလေးနှစ်ယောက် ထိန်းဖို့ မကျော့မေကို တစ်လ ၂၀၀၀ နဲ့ ငှားသည်။ မကျော့မေတို့နေသည့် အဆောင်ခလည်း ပေးစရာမလိုတော့။ စရိတ်ငြိမ်း ယွမ် ၂၀၀၀ နဲ့ ရတော့ မကျော့မေ ပျော်လိုက်သည် ဖြစ်ခြင်း။

သူ့မယားသည်ပျော်နေတာ မြင်တော့ ကိုသန်းစိုးလည်း ဝမ်းသာနေသည်။ ပိုကျေနပ်စရာတွေက ရှိသေးသည်။ ညနေဘက် မြေဆီထမ်းကအပြန် အလုပ်ခေါင်းထည့်ပေးလိုက်သည့် ဘီယာတစ်ကဒ်နှင့် မာလာဟင်းလေးကလည်း သူ့အပျော်ကို အားကောင်းအောင် လှုံ့ဆော်နေသည်မဟုတ်ပါလား။ ရီဝေဝေ ညခင်းတွေမှာ သူတို့လင်မယားရဲ့ သာယာတော့မယ့် ရှေ့ရေးကို မျှော်ငေးရသည်မှာ ကြည်နူးဖို့ပင် ကောင်းသေးတော့သည်။

       ကြည့်စမ်း ... တောင်တွေပေါ်မှာ လျှပ်စစ်မီးတဝင်းဝင်း ။ လှုပ်ရှားမှုတွေ လုပ်အားစုတွေ ရှိနေသရွေ့ မျှော်လင့်ချက်တွေ ရှိနေမည်။ ရှာဖွေလုပ်စားဖို့ မြက်နုရာစားကျက်တစ်ခုခု ရှိနေမည်။ ဘာအားငယ်စရာရှိလို့လဲ။ 

တရုတ်ဘီယာလေး မ,လိုက်ရင်း ရေစီးတစ်ခါ ရေသာတစ်လှည့်ပဲလို့လည်း ကိုသန်းစိုး ပီတိအပြည့်နှင့် ပြုံးမိသွားသည်။ 

(၄) 

ဒီရက်ပိုင်း မကျော့မေ တော်တော်ချူချာသည်။ ဗိုက်ကလေး နှိပ်နှိပ်ပြီး ငုတ်တုပ်ထိုင်ထိုင်နေရသည်။ ဘာဖြစ်တာလဲ မေးတော့ လေထိုးနေတာလား မသိပါဘူးတော် ဗိုက်ထဲက တဆစ်ဆစ် နာနေတာ လို့ပဲ ဖြေသည်။ တစ်ခါတစ်ခါ အဖျားပါ ဝင်လာပြီး လူးလှိမ့်နေတာ မြင်တော့ ကိုသန်းစိုး စိတ်ပူလာသည်။ 

"ဒီအတိုင်း နေလို့ မဖြစ်ဘူး ကျော့မေ။ ဟိုဘက်ကမ်းကို သွားပြမှ ဖြစ်မယ်။ သူဌေးဆီက ခွင့်တစ်ရက်လောက် တောင်းပြီး သွားရအောင်"ဟု ဆိုကာ မကျော့မေကို ခေါ်ပြီး မြန်မာဆေးရုံ သွားပြသည်။ ဆေးရုံရောက်တော့ မကျော့မေ အူအတက်ရောင်နေတာကြောင့် ခွဲစိတ်ကုဖို့ ဖြစ်လာသည်။ ခွင့်တစ်ရက်ဆိုသော်လည်း ဆေးရုံမှာ တစ်ပတ်လောက် ကြာသွားသည်။ ဆေးရုံတစ်ပတ်မှာပဲ မကျော့မေတို့ စုထားသည့် ငွေလေးတွေ စုပ်စမြှုပ်စ ကုန်သွားသည်။ 

အကြွေးမတင်သော်လည်း လက်ထဲမှာ သုံးစွဲစရာတောင် မကျန်သလောက် ဖြစ်သွားပြီမို့ မကျော့မေမှာ အရုပ်ကြိုးပြတ်။ ဗိုက်ခွဲထားတာကြောင့်လည်း အနည်းဆုံး ၁ လ ၊ ၁ လခွဲတော့ နားလိုက်ရသည်။ မကျော့မေ အိပ်ရာထဲ လဲချိန် ကိုသန်းစိုးပဲ မီးဖိုချောင်ဝင်သည်။ အလုပ်ပေါ်လာသည့်အခါ ကောက်ခနဲ ထ,သွားနိုင်အောင် မနက်အစောကြီးတွေ ထချက်သည်။ အလုပ်ပေါ်လာသည့်အခါ အလုပ်သွားသည်။ လင်သားဖြစ်သူ ဒေါင်ချာစိုင်းနေသည်ကို ကြည့်ပြီး မကျော့မေ စိတ်မကောင်း။ သို့သော် မတတ်နိုင်။ လောကဓံချောတိုင် တက်နေခိုက်တော့ လျှောတိုက်ဆင်းတဲ့ဒဏ် ခံနိုင်ရမယ်လို့ပဲ အားတင်းသည်။

ကိုသန်းစိုးကလည်း မညည်းညူပါ။ မြေဆီထမ်းရက်တွေ စိပ်လို့ ခြေကုန်လက်ပန်းကျ နေချိန်မှာတောင် သူ့ဇနီးသည်ကို သက်သာလား။ ဘာစားချင်လဲ မေးတတ်မြဲ။ မကျော့မေကလည်း သူ့ယောက်ျားကို ပြန်အားပေးရသည်။ 

"ကျုပ်သက်သာပါပြီတော်။ ဗိုက်က ရှင်းရှင်းပျောက်တာနဲ့ အလုပ်ဝင်ဖို့လည်း သူဌေးမကို ပြောပြီးပါပြီ။ လောလောဆယ် အလုပ်နားတဲ့ရက် အခန်းခကတော့ ကိုယ့်ဟာကိုယ် ပေးရမှာပေါ့။"

"အလုပ်က အရေးမကြီးပါဘူးဟာ။ လူ အဓိကပါ။ နင်နေကောင်းပြီဆိုမှ အလုပ်ကိစ္စ ခေါင်းထဲ ထည့်ပေါ့။"

"ကျုပ်တော့ ဒီတစ်ခါ ကျန်းမာတာနဲ့ ပိုက်ဆံပြန်စုရမယ်။ နောက်နှစ်ထဲလောက် ရွာဘက်မှာ ဝိုင်းလေးဘာလေး ဝယ်နိုင်အောင်။ တောင်ပိုင်းက ကိုကျော်နိုင်တို့အရှေ့ဘက် ဝိုင်းလေး သိန်း ၈၀ လောက်နဲ့ ရောင်းချင်နေတာ။ အဲ့ဝိုင်းလေး မဆိုးဘူးတော်။ ရွာအစွန်ဆိုပေမယ့် ဘာအရေးလဲ။ ကားလမ်းမကြီးဘေး ရောက်တော့ ပိုတောင်ဟန်ကျသေး။ ဝက်ပဲမွေးမွေး ဈေးပဲ ရောင်းရောင်းပေါ့။ ကျုပ်တော့ အဲ့ဝိုင်းလေး မျက်စိကျနေတာ။"

ဝိုင်းဝယ်ဖို့ စိတ်အားထက်သန်နေတဲ့ ဇနီးကို ကြည့်ပြီး ကိုသန်းစိုး သက်ပြင်းတချက် ခိုးချလိုက်သည်။ ပါးစပ်ကတော့ -

"အေးပါဟာ ပိုက်ဆံစုတာလည်း စုပေါ့။ လောလောဆယ် လူနေကောင်းဖို့ပဲ ဂရုစိုက်တာပေါ့ဟာ"တဲ့။


(၅) 

မကျော့မေ ဗိုက်ချုပ်ရိုးဖြည်ပြီး ရောဂါပျောက်တော့ အလုပ်ပြန်ဝင်သည်။ အခုတော့ ကလေးထိန်းက မကျော့မေနဲ့ဆို နှစ်ယောက် ဖြစ်သွားပြီမို့ အရင်လို မကျော့မေ ပျင်းစရာမရှိတော့။နေ့ဘက်တွေဆို သူတို့ ကလေးထိန်းနှစ်ယောက် ကလေးတစ်ယောက်စီ ချီလို့ပိုးလို့ တွန်းလှည်းကိုယ်စီ တွန်းလို့ ထိန်းကျောင်းကြသည်။

တရုတ်သီချင်းတွေရော ဗမာသီချင်းတွေပါ ဖုန်းနဲ့ ဖွင့်ပြီး ကလေးတွေ မြူကြချော့ကြသည်။ သူဌေးမကလည်း သူ့ကလေးတွေကို မြန်မာကလေးထိန်း သီချင်းတွေနဲ့ ချော့တာ သဘောကျသည်။ မကျော့မေတို့လည်း သူဌေးမအကြိုက် သားချော့သီချင်းကနေ နတ်ဒိုးအထိ ရောက်တက်ရာရာတွေ ဆိုပြချော့ပြရသည်။ ကလေးတွေကလည်း ဘယ်လိုရယ်မသိ။ တရုတ်သီချင်းတွေ ဖွင့်ပြရင် သိပ်မဟုတ်ချင်။ ဒီတော့လည်း မြန်မာသီချင်းဆိုပြရတာ အမော။ သူဌေးမကလေးတွေလည်း လေးဘက်ထောက် တွားသွားကနေ ခပ်စမ်းစမ်း လမ်းလျှောက်ဖို့ပါ လုပ်လာပြီ။ 

တစ်ရက်တော့ ကလေးတွေ ကောဇောပေါ် လေးဘက်ထောက် တွားသွားရင်း ခပ်ကုန်းကုန်းလေး ထဖို့ ကြိုးစားလာသည်။ သူဌေးမကလည်း သူ့သားတွေ မတ်တပ်ရပ်တော့မှာမို့ ဝမ်းတွေသာပြီး တရုတ်လိုတွေ ပြောသည်။ မကျော့မေတို့လည်း ကလေးတွေ မတ်တပ်ရပ်ဖို့ လုပ်နေတာကို ကြည့်ပြီး လက်ခုပ်တီးလို့ "ရပ်နိုင်ပေ ရပ်နိုင်ပေ့" ဆိုပြီး အားပေးကြသည်။ ကလေးလေးတွေလည်း ရပ်ဖို့ ကြိုးစားလိုက် , လဲကျသွားလိုက် အခါခါပင်။ မကျော့မေတို့ က လက်ခုပ်တီးအားပေးမပြတ်။ မကျော့မေတို့ အားပေးသံကြားတော့ ကလေးတွေ အားတက်သွားပုံရသည်။ ယိမ်းထိုးယိမ်းထိုးလျက်ပင် ရအောင် မတ်ရပ်တော့သည်။ ကလေးတွေ မတ်တပ်ရပ်နိုင်တော့ အားလုံး ဟေးခနဲ။ သူဌေးမတင် မဟုတ် ၊ မကျော့မေတို့ပါ ကလေးတွေရဲ့ ပထမဆုံး ကိုယ့်ခြေပေါ် ကိုယ်ရပ်တာကြည့်ပြီး ဝမ်းသာနေမိသည်။ 

ထိုနေ့က တစ်နေ့လုံးလိုလို "ရပ်နိုင်ပေ" လုပ်ခဲ့ရသည်။ သူဌေးမကလည်း သူ့ကလေးတွေ မတ်တပ်ရပ်နိုင်လို့ ဝမ်းသာပြီး မကျော့မေတို့ကို မုန့်ဖိုး ၅၀ စီပါ ပေးလိုက်သေးသည်။ ညနေစောင်းတော့ ကလေးတွေနဲ့ ရပ်နိုင်ပေ လုပ်နေတုန်း မကျော့မေဆီ ဖုန်းဝင်လာသည်။ ဖုန်းက အလုပ်ခေါင်း ကိုကျော်စိုးဦးဖုန်း။

"ဟုတ် ကိုကျော်စိုးဦး ဘာကိစ္စရှိလို့လဲ"

"မကျော့မေရေ စိတ်တော့မကောင်းဘူးဗျာ။ ခင်ဗျားယောက်ျား မြေဆီအိတ်ပိသွားလို့။ ပေါင်ကျိုးသွားတယ် ထင်တယ်။"

"ရှင်"

"အေးဗျာ ညာဘက်ခြေတစ်ချောင်းက အထိမခံတော့ဘူး။ အခု တောင်ပေါ်က သူဌေးကားနဲ့ ကျုပ်တို့ ဆင်းလာပြီ။ နောက် နာရီဝက်လောက်ဆို ရောက်မှာ။ အဲ့ဒါ ဂိမ်းခုံနားက စစ်ဆေးရုံကို ခင်ဗျား လာဖို့ ပြောတာ"

မကျော့မေ ကြက်သေသေသွားသည်။ ဘယ်အချိန် ဖုန်းချမိလဲ မသိတော့။ တောင့်တောင့်ကြီး ရပ်လျက်သား အမြင်တွေ ဝေဝါးလာသည်။ မျက်လုံးအိမ်ထဲ မျက်ရည်ပူပူတွေ အလိုအလျောက် ပြည့်လာချိန် ရုတ်တရပ် မကျော့မေ ထမိန်ကို တစ်ယောက်ယောက် လာဆွဲလိုက်မှ သတိပြန်ကပ်မိသည်။ သူဌေးမ၏ ကလေးသည် လှုပ်လီလှုပ်လဲ့ မတ်တပ်ရပ်ရင်း မကျော့မေကို လာဆွဲခြင်း ဖြစ်သည်။ 

မျက်တောင်ကို မြန်မြန်ခတ်လိုက်သည်။ ဖုန်းကိုင်လျက်သား လက်နှင့်ပင် မျက်ရည်တွေ သုတ်သည်။ မျက်ရည်နှင့်အတူ စီးချင်ချင် ဖြစ်လာသည့် နှာခေါင်းထဲက နှပ်ကို ရွှတ်ခနဲ တစ်ချက် ရှုံ့လိုက်သည်။ အခြေအနေကို မရိပ်မိသည့် ခပ်လှမ်းလှမ်း ကုတင်ပေါ်မှ သူဌေးမက "ရပ်နိုင်ပေလေ" လို့ မပီကလာ ပီကလာနှင့် လှမ်းပြောနေသည်။ 

မကျော့မေ ရပ်နေရာမှ ထိုင်ချလိုက်ရင်း ကလေးလက်ကို ကိုင်လျက် အသံတုန်တုန်နှင့် ဆိုလိုက်သည်။ 

"ရပ်နိုင်ပေ ရပ်နိုင်ပေ့ လူလေး ရပ်နိုင်ပေ့"။


- ငြိမ်းဝေမင်း