ဒိုင်အိုဂျင်းနီးစ် မီးအိမ်ပျောက်ဆုံးခြင်း

ဒိုင်အိုဂျင်းနီးစ် မီးအိမ်ပျောက်ဆုံးခြင်း

(၁)

လွန်ခဲ့သော တစ်နေ့၌ ဒိုင်အိုဂျင်းနီးစ်နှင့် ကျနော် စကားစမြည် ပြောဖြစ်ခဲ့ပါသည်။ ဒိုင်အိုဂျင်းနီးစ် နေသည့် ကမ်းခြေအပြင်ဘက် မြေတလင်းမှာ ခြေဆင်းထိုင်ကြရင်း ထိုညနေခင်းကို ဖြတ်သန်းခဲ့ကြခြင်း ဖြစ်ပါသည်။ စကားဝိုင်းအစကတော့ ဟိုဟိုဒီဒီ အလာပသလ္လာပ မျှသာဖြစ်သော်လည်း နောက်ပိုင်းတော့ တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ရေးကိုယ်တာတွေပါ ရင်ဖွင့်ဖြစ်လာပါသည်။

 

(၂)

ပြဿနာအစက သူ့မီးအိမ်ကလေးအကြောင်း ဖြစ်ပါသည်။

ကျနော်နှင့်တွေ့တော့ ဒိုင်အိုဂျင်းနီးစ်က သူ့ပင်ကိုယ်ဟန်အတိုင်း တစ်စုံတစ်ရာကို အလေးအနက် စဥ်းစားနေဟန်ဖြင့် ကမ်းခြေ မြေကမူလေးထက်မှာ ထိုင်ရင်း တောင်ခြစ်မြောက်ခြစ်လုပ်နေ ပါသည်။ သူ့နံဘေးမှာ ကျနော် ရပ်လိုက်ပါသည်။ ကျနော့်အရိပ်က သူ့လက်ရှိအလုပ်ပေါ် အရိပ်ထိုးကျသွားသည့်အခါ ဒိုင်အိုဂျင်းနီးစ်က တစ်ချက်မော့ကြည့်ပြီး သူ့ပြောနေကျ စကားကို ပြောဖို့ ပြင်လိုက်ပါသည်။ နောက်မှ ပြောချင်စိတ်ကုန်သွားဟန်ဖြင့် မပြောဘဲနေပါသည်။ ကျွန်တော်နေရာရွှေ့ပေးလိုက်ပါသည်။

အနည်းဆုံးတော့ သူ့အလုပ်ကို မနှောင့်ယှက်ချင်ပါ။ ကြားထားသည့် စကားအရ ဒိုင်အိုဂျင်းနီးစ်သည် စကားနည်းပြီး တိကျပြတ်သားသူ ဖြစ်ရာ သူ နှင့် အလာပသလ္လာပပြောဖို့လည်း ကျနော် မကြိုးစားပါ။ နောက်ပြီး အခုလို ညနေခင်းမှာ တစ်ယောက်တည်းပဲ စိတ်အေးလက်အေးနေစရာ တစ်ခုမှာ နေချင်သည့်အတွက် ဒီနေရာကို ရောက်လာခဲ့ခြင်း ဖြစ်ပါသည်။

ကျနော့်မှာ တွေးစရာကိစ္စတစ်ချို့ရှိနေပါသည်။ ဒီနေရာကို ကျနော့်စိတ်နဲ့ကျနော် လာထိုင်ခြင်း ဖြစ်သည်။ ဒိုင်အိုဂျင်းနီးစ်နှင့် တွေ့ဖို့ချိန်းထားတာကြောင့် ရောက်လာခြင်း မဟုတ်ပါ။ ဒိုင်အိုဂျင်းနီးစ်ကို တွေ့ဖို့ ကျနော် ရောက်လာရခြင်းမဟုတ်ဘဲ ကျနော်ရောက်လာရင်း ဒိုင်အိုဂျင်းနီးစ်ကို တွေ့သွားခြင်းဖြစ်ပါသည်။ ထို့ကြောင့် ကျနော်က ဒိုင်အိုဂျင်းနီးစ်ကို လာတွေ့ခြင်းမဟုတ်ပါ။ ဒိုင်အိုဂျင်းနီးစ်နှင့်ကျနော် တွေ့သွားခြင်းသာဖြစ်ပါသည်။

ဒီတော့ ဘာမှ ထွေထွေ ထူးထူး ပြောစရာ မရှိပါ။ ကျနော်လည်း ကျနော့်ဘာသာ ထိုင်နေလိုက်ပါသည်။


(၃)

            ကျနော့်မှာ ပြဿနာတစ်ခု ရှိနေပါသည်။ တစ်ယောက်တည်း အထီးကျန်ဖြစ်နေမှု ပြဿနာပါ။ တစ်ခါတစ်ခါ လူ့လောကထဲ ကျင်လည်ရှင်သန်ရင်း အက်တမ်တစ်လုံးလို ကွဲထွက်သွားသလား ခံစားရပါသည်။ လူတိုင်းနှင့် အဆင်ပြေဖို့ ကျနော် ကြိုးစားရင်းနှင့်ပင် ကျနော်သည် ဘယ်သူနှင့်မှ မဆိုင်သလို ကျနော်ကိုယ်တိုင် ဒီလောကထဲမှာ မရှိသင့်တဲ့သူတစ်ယောက်လို မြင်လာမိသည်။ ဒီပြဿနာဖြစ်နေသည်မှာ အတော်ကြာပြီ။

            ကျနော့်မှာ လူတစ်ယောက်အတိုင်းအတာနှင့် ရှိသင့်ရှိထိုက်သလောက် မိတ်ဆွေများ ရှိပါသည်။ အကျွမ်းဝင်သူ မျက်နှာသိ များလည်း မနည်းပါ။ မေးထူးခေါ်ပြော လုပ်ငန်းသုံး မိတ်ဆွေလည်း အတော်အတန် ရှိပါသည်။ သို့သော် စိတ်ပေပဲ။ အတော် ထူးထူးဆန်းဆန်းတွေ ခံစားရပါသည်။ တစ်ခါတစ်ခါ လူအများကြီး နှင့်အတူ ရီကာမောကာ စကားပြောနေရင်း ကိုယ်တကယ်မရယ်တာ ပြန်သိသိနေပြီး စိတ်ဒုက္ခဖိစီး ရပါသည်။ အဆင်ပြေပါတယ် ကောင်းသွားမှာပါ ပြောနေရင်း တကယ်အဆင်မပြေတော့ဘူးဆိုတာ အပိုင်သိနေသည့် အဖြစ်မျိုး။ ကိုယ့်လိပ်ပြာရဲ့ လင်းတချည်မှောင်တစ်လှည့် အရောင်ကစားမှုကို ကိုယ်တိုင် မြင်နေမိပါသည်။

            အလွန်အောင့်သီးအောက်သက်နှင့် အခံရခက်သည့် အခြေအနေ ဖြစ်ပါသည်။ ဘယ်လိုပင် အနေရ ခက်စေကာမူ လူမှုရေးအရ ဟန်ဆောင်ပန်ဆောင်တွေ လုပ်ရတာတွေ ရှိသည်။ ကြာတော့ စိတ်ပျက်လာရသည်။ ထိုအနေအထားကိုပင် မသုံးမဖြစ် ဆက်သုံးနေရသည်မှာ တွေးရင်း ပျို့ချင်လာသည်။ အခုကိုပဲ အတွေးတွေ အန်ချင်လာပါသည်။ သို့သော်လည်း လူတွေကြား သွားအန်ဖို့တော့ ရွံပါသည်။ ဒီတော့လည်း ဒီနေရာလေးကို တစ်ကိုယ်တော် လာအန်ဖို့ ရောက်လာရပါသည်။

(၄)

“ဘယ်လိုလဲကွ။ မြို့ထဲမှာ အခြေအနေမကောင်းဘူးလား။”

ဒိုင်အိုဂျင်းနီးစ်က ကျနော့်ဘက် လှည့်ကြည့်ပြီး စကားဆိုလာခြင်းဖြစ်ပါသည်။ ရုတ်တရပ်မို့ ကျနော်လည်း အံ့သြသွားပါသည်။

“ဆိုပါတော့ဗျာ။”

“မင်းကြည့်ရတာ မလန်းလိုက်တာ ။ ဘာဖြစ်လာတာလဲကွ။” ဒိုင်အိုဂျင်းနီးစ်က သူ့ပုံစံအတိုင်း ခပ်အေးအေး ခပ်တွေးတွေးဟန်နှင့် စကားစသည်။

“အေးဗျာ ။ ဖြစ်ပုံက ခပ်ဆန်းဆန်းပဲ။ အထီးကျန်တယ်ပြောရမလား။ စိတ်ဓါတ်ကျနေတာ ဆိုရမလားမသိဘူး။ ကျနော့်မှာ ဘယ်သူမှ မရှိတော့ဘူး ခံစားရနေတယ်ဗျာ”

“အင်း ပြောပါဦး”

“ကျနော်နဲ့ သိတဲ့သူတွေ အများကြီး ရှိတယ်။ မိတ်ဆွေတွေဆိုလည်း ကျနော့်မှာ မရှားပါဘူး။ ဒါပေမယ့် တွေးကြည့်တော့လည်း ဘယ်သူမှ မရှိဘူးဗျ။ ရှိတယ် မရှိဘူးဆိုတာကို ပြန်စဉ်းစားကြည့်ရင်ကို ရှိတယ်ဆိုတာကရော တကယ်ရှိလို့လားလို့ မေးချင်စရာကြီးဖြစ်လာတယ်ဗျာ။ ကျနော်ကပဲ ကျနော့်မှာ အပေါင်းအဖော်တွေ မိတ်ဆွေတွေ ရှိတယ်လို့ ထင်လို့ ရှိနေတာလား။ ဘာလားဗျာ။ မပြောတတ်တော့ဘူး”

“အင်း စိတ်ဝင်စားစရာပဲ” ဒိုင်အိုဂျင်းနီးစ်က စကားထောက်သည်။

“အေးဗျာ။ အဲ့ဒီ ရှိမရှိဆိုတဲ့ ဟာကြီး စဉ်းစားချင်လို့ ကျနော်လည်း ဒီဘက် ထွက်လာတာပဲ။”

ဒိုင်အိုဂျင်းနီးစ်က သက်ပြင်းချလိုက်တယ်။ သူတစ်ခု ပြောဖို့ ဟန်ပြင်တာ မြင်လိုက်ရသည်။ ပြီးမှ တုံ့ဆိုင်းတဲ့ လေသံနဲ့-

“ငါ့ မီးအိမ်ပျောက်သွားပြီကွ။”

ကျနော် ဇဝေဇဝါဖြစ်သွားသည်။ သူဘာကို ပြောချင်တာပါလိမ့်။

ဒိုင်အိုဂျင်းနီးစ်က သူ့စကားကို ပြန်ဆက်သည်။

“မင်းလည်း ငါ့အကြောင်း သမိုင်းစာအုပ်တွေထဲမှာ ဖတ်ဖူးမှာပါ။ ငါဟာ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်ကျော် ကတည်းက မီးအိမ်လေးသုံးပြီး မိတ်ဆွေစစ်လိုက်ရှာနေခဲ့တယ်ဆိုတဲ့အကြောင်းလေ။”

“ဟုတ်ကဲ့။ ကြားဖူးပါတယ်။”

“အေး ။ မင်းတို့စာအုပ်ထဲမှာ မပါတာတစ်ခု ပြောရဦးမယ်။ တစ်နေ့တော့ ငါရှာတာကို တွေ့ခဲ့တယ်ကွ။ ငါ့အသိဥာဏ်ပညာနဲ့ အတွေ့အကြုံအရ သူဟာ တကယ်မိတ်ဆွေစစ် ဖြစ်မယ့်သူပဲ။ ငါနဲ့သိတဲ့ ဗေဒင်နက္ခတ်ပညာရှင်တွေ လက္ခဏာပညာရှင်တွေ အားလုံးကလည်း တစ်ညီတစ်ညွတ်တည်း ထောက်ခံကြတယ်။ ဒါနဲ့ငါလည်း သူ့ကို ငါ့ရဲ့တစ်ဦးတည်းသော မိတ်ဆွေရင်းချာအဖြစ် သတ်မှတ်လိုက်တယ်။ ငါလည်း ဒီမီးအိမ်လေးကျေးဇူးနဲ့တွေ့ခဲ့တယ်ဆိုတဲ့ အသိနဲ့ နေ့တိုင်းနေ့တိုင်း ငါသွားလေရာမှာ ဒီမီးအိမ်လေးကို ယူပြီးသွားတာပေါ့ကွာ။ “

“ငါအားရင်လည်း ဒီမီးအိမ်လေးကို ပဲ သန့်ရှင်းရေးလုပ်ပေးလိုက် အရောင်ထွက်အောင်ပွ တ်သပ်လိုက်လုပ်တာပေါ့ကွာ။ ငါ့မိတ်ဆွေနဲ့ငါဟာ ဟောဒီ ကမ်းစပ်က ကျောက်ဂူထဲမှာ နှစ်ပေါင်းများစွာ ညီညီညွတ်ညွတ်ချစ်ချစ်ခင်ခင် နေခဲ့ကြတယ်ကွ။ ဘာကတောက်ကဆမှလည်း မရှိခဲ့ဘူး။ ဒါပေမယ့် တစ်နေ့တော့ ငါ့မိတ်ဆွေဟာ ငါ့ဆီကနေ ငါမသိအောင် ထွက်ပြေးသွားတယ်ကွ။ ငါတရားနဲ့ဖြေနိုင်ပါတယ်ကွာ ။ ဒါပေမယ့် ထူးဆန်းတာက ငါ့မီးအိမ်လေးပါ ပျောက်သွားတာပါပဲ။ ငါ အဲဒီပြဿနာကို စဥ်းစားနေတာ တစ်ပတ်လောက်ရှိပြီကွ။ ဘယ်လိုမှ စဥ်းစားမရဘူးဖြစ်နေတယ်။”

ကျနော် ဒိုင်အိုဂျင်းနီးစ်ကို စာနာပါသည်။ မိတ်ဆွေအများကြီး ရှိပြီး အထီးကျန်နေသည့် ကျနော်နှင့် စာရင် ခမျာမှာ ရှိစုမဲ့စု မိတ်ဆွေတစ်ယောက် ပျောက်ဆုံးသွားသည်ပဲ။ တစ်ချိန်တည်းမှာ တစ်ခုတည်းသော ပိုင်ဆိုင်ရာဖြစ်သည့် မီးအိမ်လေး ပျောက်သွားခြင်း။ ဒိုင်အိုဂျင်းနီးစ်ခမျာ သောက ရောက်နေမှာပါပဲ။

“ကျနော် စဉ်းစားမိသလို ပြောကြည့်မယ်နော်။ ဖြစ်နိုင်တာ နှစ်ခုရှိမယ်။ တစ်ခုက ခင်ဗျားမိတ်ဆွေက ခင်ဗျားမီးအိမ်ကို အဖိုးတန်ပစ္စည်းမှတ်ပြီး ယူသွားတာဖြစ်နိုင်တယ်ဗျ။”

“မဖြစ်နိုင်တာပဲ။ ငါ့မီးအိမ်က သူလိုကိုယ်လို မီးအိမ်တွေနဲ့ အမျိုးအစားတူတူပါပဲ။ ဘာမှ တန်ဖိုးကြီးပြီး ထူးခြားနေတာမှ မဟုတ်တာ။သူ ဘာလို့လိုချင်ရမှာလဲကွ။”

“ဒီလိုတွေးကြည့်ရင်ရောဗျာ ။ခင်ဗျားမိတ်ဆွေဟာ စိတ်နေစိတ်ထားထူးဆန်းတဲ့လူ ဖြစ်ရမယ်ဗျ။ဘာလို့လဲ ဆိုတော့ သူက ခင်ဗျားလို လူထူးဆန်းကို မိတ်ဆွေအဖြစ် ပေါင်းခဲ့တာကိုးဗျ။ ဒီတော့ သူလည်း ထူးထူးဆန်းဆန်း ကိစ္စတွေကို စိတ်ဝင်စားလိမ့်မယ်။ ခင်ဗျားဆီမှာ ခင်ဗျားအပြင် ထူးဆန်းတာဆိုလို့ ဒီမီးအိမ်လေးပဲ ရှိတာမလား။ ဒီတော့ သူလည်း ခင်ဗျား အမြဲတယုတယလုပ်နေတဲ့ မီးအိမ်ကို ထူးဆန်းအံ့စရာလေးလို့ ထင်နေမလားမသိဘူး။ ဥပမာပေါ့ဗျာ- ဒီမီးအိမ်ဟာ အာလာဒင်ပိုင်ဆိုင်ခဲ့တဲ့ လိုတရ မှော်မီးအိမ်များဖြစ်နေမလားလို့ တွေးရင်လည်း တွေးမှာပေါ့။ ဒါ့ကြောင့် ခိုးပြေးသွားတာ ဖြစ်နိုင်တယ်။”

ကျနော့်စကားကို ဒိုင်အိုဂျင်းနီးစ် မငြင်းတေ့။ ဇဝေဇဝါမျက်နှာနှင့်

“ဒါဆို နောက်တစ်ချက် ဆိုတာကရော။”

“ပြောရမှာတော့ စိတ်မကောင်းစရာပဲဗျာ။ ဒါလည်း ကျွန်တော့်အထင်ပါ။ သူ မိတ်ဆွေအစစ်ရှာဖို့ ခင်ဗျား မီးအိမ်ယူသွားသလားပဲ”

ဒိုင်အိုဂျင်းနီးစ်မျက်နှာ ဖြူဖပ်ဖြူရော်နှင့် လူမမာဆန်သွားပါသည်။ကျနော် စိတ်မကောင်းပါ။ ဒိုင်အိုဂျင်းနီးစ်သည် သနားဖို့ကောင်းနေသည်။ သူ့မှာ မိတ်ဆွေမရှိ။ ထို့အတူ မိတ်ဆွေရှာဖို့ မီးအိမ်လည်း မရှိတော့ပါ။ သူ၏အထီးကျန်ကမ္ဘာသည် တိတ်ဆိတ်မှောင်မိုက်လွန်းလှပါသည်။

(၄)

ညနေစောင်း နေလုံးပျောက်ပြီ။ ကျနော်သည် ပညာရှိ ဒိုင်အိုဂျင်းနီးစ်အပါးက ထလို့ အိမ်ပြန်ဖို့ ပြင်ပါသည်။ မှောင်နေတဲ့ မြို့ထဲမှာ မနက်ဖြန် အမဲလိုက် ရဦးမည်။ အခုတောင် အိမ်ပြန်လမ်းတို့ မှောင်မိုက်စ ပြုနေပြီ။

ဒိုင်အို့ကို ကျွန်တော်နှုတ်ဆက်လိုက်ပါသည်။ အမှောင်ထဲမှာ ဂရိပညာရှိအိုကြီးသည် မိဘမဲ့ ကလေးငယ်လေးတစ်ယောက်လို အထီးကျန်စွာ ထိုင်နေသည်။ ကျွန်တော်သည် သူ့ကို ကျောခိုင်းကာ လာလမ်းဆီ ခြေဦးတည်လိုက်ပါသည်။

မှောင်နေတဲ့ လမ်းထဲ ကျွန်တော် ခြေနှစ်လှမ်း သုံးလှမ်းပဲ စမ်းတဝါးဝါးလျှောက်လိုက်ရသေး။ ဒိုင်အိုဂျင်းနီးစ်က အနောက်ကနေ အလန့်တကြားလှမ်းအော်မေးလိုက်ပါသည်။

“ဟေ့ ကောင်လေး။ မင်း မီးအိမ်ရောကွ” တဲ့။

(၅)

ထိုနေ့က လူနှစ်ယောက် မီးအိမ်ပျောက်သွားခဲ့ကြသည်။