ဒီတစ်ခါဆောင်း

ဒီတစ်ခါဆောင်း

ထုံးစံအတိုင်း သပိတ်ပိုက်ပြီး ကျောင်းဝင်းထဲ ပေသီး ပြုံးပြုံးကြီး ဝင်လာတော့ ကျနော်တို့တွေ ဗိုက်ဆာလှပြီ။ ပေသီးနောက်မှာ သံချောင်း နဲ့ ဒက်ချီးတို့လည်း ပါလာတယ်။ ကျနော်လည်း ပြေးပြီး ပေသီးလက်ထဲက သပိတ်ကို သွားသယ်တယ်။ ပေသီးက ကျနော့်လက်ထဲ သပိတ်ကမ်းပေးရင်း ပြောလိုက်တယ်။ “ကျောင်းသား သပိတ်ထဲမှာ ကိုယ်တွေအကြိုက် ပေါင်မုန့်နဲ့ ငပိရည်ပါတယ်”တဲ့။

            ဘုရားစင်ရှေ့ ခုံပုလေး ခင်းပြီး ကျနော်တို့ ဆွမ်းကပ်နေတုန်း ပေသီးက ချွေးနစ်နေတဲ့ သင်္ကန်းကို တန်းပေါ် လွှားပြီး နောက်တစ်ထည် လဲနေတယ်။ ဆွမ်းကပ်ပြီး ကျနော်တို့ အိပ်နေကျ ကျောင်းအောက်ကုတင်ပျက်လေးဆီ ပေသီး ရောက်လာတယ်။ ကုတင်လေးပေါ် စုထိုင်နေကြတဲ့ ကျနော်တို့တွေဘက် လှည့်ပြီး “ဆာနေကြပြီလား။ ခဏအောင့်ထားကြဦး”တဲ့။ ပေသီးက အဲ့လို ဦးဇင်းပါ။

ကျနော်တို့ရဲ့ ယဉ်ကျေးမှုအမဲ့ဆုံးအပြုအမူတစ်ခုက ဦးဇင်းတစ်ပါးဖြစ်တဲ့ ပေသီးကို ဘွဲ့နာမည်နဲ့ တစ်ခါမှ မခေါ်ဖူးတာပါ။ ကြာသာပတေးသားမို့ ဘွဲ့နာမည်မှာ ပ,တို့ မ,တို့နဲ့ စလိမ့်မယ်လောက်ပဲ တွေးဖူးတာ။ လူနာမည် ပေသီးကိုတောင် ရှေ့က ဦးဇင်းတပ်မခေါ်ဖြစ်တာ ခပ်များများ။ ကျနော်တို့ထဲက ဘယ်သူက သူ့ကို ပေသီးလို့ စ,ခေါ်ခဲ့လဲတောင် မသိတော့ဘူး။ ဝပ်ရှော့ကကောင်တွေလား ၊ ကျောင်းတိုက်ထဲက ဘုန်းကြီး ၊ ဦးဇင်းတွေလား ၊ ကျနော်တို့ထဲက တစ်ယောက်လားတောင် မသိဘူး။ ဘာပဲဖြစ်ဖြစ် ရဟန်းတစ်ပါးကို ပေသီးလို့ ခေါ်ရလောက်တဲ့ အကြောင်းလည်း ရှိတာကိုး။

            ကျနော်တို့ ပေသီးက အသက် ၂၃-၄ ဆိုပေမယ့် လူက သေးသေးညှက်ညှက်လေး။ အရပ်မှ ၃ ပေခွဲ သာသာပဲ။ ဘာလို့ ဒီလောက်ညှက်တာလဲ မသိပေမယ့် သူ့အိမ်မှာတော့ ပေသီးက အကြီးဆုံးသားပါ။ ပုံမှန် ဉာဏ်ရည်ဉာဏ်သွေး ရှိတာကလွဲရင် ပေသီးက သာမန်လူတစ်ယောက်လို ရှာဖွေအသက်မွေးဖို့ မလွယ်ပါဘူး။ ဒါကြောင့်ပဲ သူ့ဘကြီး ဘုန်းကြီးက အခုကျောင်းလေးကို ခေါ်ထားတာကိုး။ ဘုရားရိပ်တရားရိပ်မှာ အသက်ကြီးပေတော့ ပေသီးလို့ မပြောရုံတမယ်ပါပဲ။

ကျောင်းဝန်းကလည်း တကယ့် သေးသေးလေး။ ပေ ၆၀ x ၈၀ ထက် မရှိဘူး။ ဒီကျောင်းလေးမှာ ဝင်ဝင်ချင်း ကားဝပ်ရှော့တစ်ခု ရှိမယ်။ အထဲမှာ အလုပ်သမားတွေ အိပ်ဖို့ ကွပ်ပျစ်တန်းလျားလေးလည်း ပါပြီးသား။ ဝပ်ရှော့အလွန်မှာ ခြေတံရှည် နှစ်ထပ်သစ်သားကျောင်းလေး။ ကျောင်းအောက်မှာ နာရေးအိမ်တွေက လှူထားတဲ့ ကုတင် ၄-၅ လုံး ရှိမယ်။ ဝပ်ရှော့အလုပ်သမားတွေ အလုပ်ပါးချိန် တရေးတမော လာလှဲတဲ့ နေရာပေါ့။ ကျနော်တို့ ကျောင်းသားတွေလည်း ကျောင်းပိတ်ရက် နေ့လည်တွေဆို ဒီကုတင်တွေပေါ် စတည်းချတာပဲ။ ညအိပ်တာတော့ ကျောင်းအပေါ်ထပ် ဆရာတော့်အခန်း ခြေရင်း နောက်ဖေးအခန်းရှည်ရှည်လေးထဲ အိပ်ကြတယ်။ ပေသီးတို့က ဆရာတော့်အခန်းရှေ့ ကြမ်းပြင်ပေါ် သုံးပါးသား ဒီအတိုင်း ကျိန်းကြတာပဲ။

လူဦးရေ စာရင်းတွက်ရင် ၄ ပင် ၃ ခန်း ထရံကာသစ်သားကျောင်းလေးပေါ်မှာ ဆရာတော် ၊ ပေသီးပါ သုံးဦးနဲ့ ကျောင်းသား ၄ ယောက် စုစုပေါင်း ၄ ပါး ၄ ယောက် နေထိုင်ကြတာပဲ။ ဝပ်ရှော့ထဲမှာလည်း ၄-၅ ယောက်လောက်တော့ ညအိပ်ညနေ ရှိပါတယ်။ ပေသီးတို့ တစ်နေ့တာက မနက် ၅ နာရီလောက်ထ, သပိုက်ပိုက်ပြီး မြို့စွန်ရပ်ကွက်တွေထဲ ဆွမ်းလှည့်မယ်။ ၁၀ နာရီလောက်ဆို ပြန်ရောက်လာပြီ။ ကျောင်းအတွက် သုံးဖို့ အုတ်ရိုက်ရတာမျိုး မရှိတဲ့ရက်ဆို ဒါပြီးရင် တစ်နေ့တာ ပြီးပြီလို့ ပြောလို့ရတယ်။ ကျောင်းကလည်း စာဝါသင်တဲ့ ကျောင်းမျိုးမဟုတ်ဘူး။ ရပ်ကွက်ထဲက ရိုးရိုးဘုန်းကြီးကျောင်းမျိုးပဲ။ တစ်ခါတစ်ခါသာ ကျောင်းတိုက်ထဲက တခြားကျောင်းတစ်ခုခုမှာ အခြေခံစာဝါနဲ့ ဘုရားရှိခိုးသွားသင်တာပဲ ရှိမယ်။ ကိုရင် ၊ ဦးဇင်းတွေက အားရင် ဂိမ်းတိုက်တာ ၊ နေ့လည်ဘက် ကျိန်းတာ နဲ့ ညနေတစ်ခါတစ်လေ ခြင်းခတ်တာမျိုး ရှိမယ်။ ပေသီးက သီချင်းဝါသနာပါတဲ့သူမို့ နေ့လည်ဘက်ဆို ဖုန်းတစ်လုံးနဲ့ သူကြိုက်တဲ့ ဆောင်းဦးလှိုင်သီချင်းတွေ ဖွင့်ပြီး နားထောင်နေတတ်တယ်။ ဥပုသ်ရက်တွေမှာတော့ ပေသီးတို့ ဦးဇင်းကိုရင်တွေနဲ့ ကျနော်တို့တတွေ ဘုရားသွား , တချို့ရက်တွေကျ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်တယ်။ ဘုန်းကြီးကျောင်းဖြစ်လို့ ညနေ ၇ နာရီလောက်ဆို ဘုရားရှိခိုးမယ်။ ဒါပါပဲ။

ဆရာတော်နဲ့ ပေသီးတို့ တစ်စုက တစ်ရွာတည်းသားတွေ။ နောက်ပြီး အမျိုးတွေ။ အားလုံးကလည်း ချစ်ဖို့ ကောင်းတဲ့သူတွေချည်းပဲ။ ကျောင်းထိုင်ဆရာတော်ကြီးက သဘောထားကြီးသလို အနေလည်း အေးဆေးတယ်။ သူတစ်ပါးလည်း ကူညီတတ်တယ်။ ဒါကတော့ ဆရာတော်ကြီးမှ မဟုတ်ပါဘူး။ ပေသီး ၊ ဒက်ချီးနဲ့ သံချောင်းတို့လည်း ကူညီချင်စိတ်အပြည့်ရှိတဲ့သူတွေ။ ဆွမ်းဟင်းကောင်းကောင်း ရလာရင် ကျောင်းသားတွေအတွက် သပ်သပ်သိမ်းပေးထားတတ်သူတွေ။ ဒီလို စေတနာကောင်းလို့လည်း ဆွမ်းကွမ်းချို့တဲ့ပြီး လာဘ်လာဘနည်းတဲ့ ကျောင်းလေးပေါ် ကျောင်းသား ၄ ယောက်ကို ခေါ်တင်ထားတာကိုး။ ဒါပေမယ့်လည်း ကိုရင်ဦးဇင်း ၃ ပါးရဲ့ ဆွမ်းနဲ့ လူ ၈ ယောက် စားဖို့ ဘယ်လိုဖြစ်နိုင်ပါ့မလဲ။ ဆွမ်းအရနည်းတဲ့ ရက်ဆို ကျောင်းသားတွေ ငတ်တော့တာပဲ။ ဒါမျိုးဆို ပေသီးက ဘယ်ကဘယ်လို ရောက်ရောက်လာလဲ မသိပါဘူး။ သင်္ကန်းလိပ်ကြားထဲက ပေါင်မုန့်ထုပ်လေးတွေ ထုတ်ပေးပြီး ကျောင်းသားတွေ ကျွေးတယ်။ ပေသီးရဲ့ ရွှေကျီးပေါင်မုန့်ဟာ ကျနော်တို့ ကျောင်းသားတွေအဖို့ အာဟာရပါပဲ။

တစ်ခါတော့ ဆွမ်းမကျန်တဲ့တစ်ရက်နဲ့ ကြုံတယ်။ ညကျ ကျနော်တို့တတွေ ဗိုက်ဆာလှပြီ။ အဲ့ဒီနေ့မှ အပြင်ထွက် စားရအောင်လည်း တစ်ယောက်မှ ပိုက်ဆံမရှိ။ အဲ့ဒီတုန်းက လမ်းဘေး ထမင်းကြော်ဆိုင်မှ တစ်ပွဲ ၃၅၀ ပဲ ရှိတယ်။ ဒါတောင် နပ်မှန်အောင်မစားနိုင်။ ပိုက်ဆံပြတ်ပြီး အူလိမ်နေတုန်း ကျနော်တို့ အိပ်တဲ့အခန်းထဲ ပေသီး ရောက်လာတယ်။ “ပေသီး ဘာစားစရာ ရှိသေးလဲ။ ဗိုက်ဆာလို့” ဆိုပြီး ဆရာတော် မသိအောင် တိုးတိုးပြောတော့ ပေသီးက ဘုရားခန်းထဲ ပြန်ပြီး ဘုရားစင်အောက်က ပေါင်မုန့်ထုပ်လေးတွေ သွားယူလာတယ်။ ရွှေကျီးပေါင်မုန့်ထုပ် သေးသေးလေးတွေ။

“နေဦး ဒီလောက်နဲ့ ကျောင်းသားတို့ ဝ,မှာ မဟုတ်ဘူး” ပြောပြောဆိုဆို ပေသီးက ကြောင်အိမ်သွားဖွင့်တယ်။ ကြောင်အိမ်ထဲမှာ ငပိရည်တစ်ပန်းကန်။ ငပိရည်ပန်းကန်ကို ယူလာပြီး ကျနော့်ဘက် လှည့်လို့ “ကျောင်းသား မုခ်နားက ရဲယိုပင် နုနေပြီ။ အရွက်တွေ သွားခူးလိုက်ဦး”လို့ ပြောတယ်။ ကျနော် ရဲယိုရွက်တွေ တစ်ဆုပ်ကြီး ခူးပြန်လာတော့ ပေသီးက ဇလုံကြီးထဲ ထည့် , ပွက်ပွက်ဆူနေတဲ့ ရေနွေးနဲ့ ဖျောလိုက်တယ်။ “ဒီညတော့ ပေါင်မုန့်နဲ့ ငပိရည်ပဲ စားတော့။ မနက်မှ ထမင်းဝဝ စားရအောင်”တဲ့။ အဲ့ဒီညက ပေါင်မုန့်ကိုက်လိုက် ငပိရည် ရွှဲနေအောင် နစ်ထားတဲ့ ရဲယိုရွက်ကိုက်လိုက်နဲ့  ငပိရည်တစ်ဇလုံကြီး ကုန်သွားတဲ့ အထိပါပဲ။ အရသာရှိခဲ့တဲ့ ညစာတစ်နပ်နဲ့ မမေ့ရက်နိုင်တဲ့ နေ့တစ်နေ့ပါ။ ပေသီး ကျေးဇူးက တော်တော်လေး ကြီးခဲ့ပါတယ်။

ပေသီးက ကျနော်တို့ ကျောင်းသားတစ်စုအတွက် စားဝတ်နေရေးကနေ လူမှုရေးအထိ ဖြေရှင်းပေးခဲ့သူ။ အသုံးလိုတဲ့အချိန် အလှူခံရလာတဲ့ ဝတ္ထုငွေလေးတွေကို ကျနော်တို့ ခက်ခဲတိုင်း ထုတ်ပေးနေကျ။ ကျောင်းလေးမှာ ကပ်နေရတဲ့ ကျနော်တို့ ကျောင်းသားတွေကို ဝပ်ရှော့ဆရာက တစ်ခါတစ်ခါ အမြင်ကပ်ပြီး ဘုန်းကြီးကို တိုင်တိုင်း ပေသီးက ကျနော်တို့ဘက်က ရှိခဲ့တယ်။ ကျနော်တို့ကိုလည်း ပေသီးက အစ်ကိုတွေလို တွယ်တာခဲ့တာပါပဲ။ ကျနော့်သူငယ်ချင်းဆို မူးလာရင် တစ်ခါတခါ သွားနမ်းလိုက်သေး။ ပေသီးကလည်း  ကျနော်တို့ လုံးလားထွေးလား နေတာပါပဲ။ တကယ်ချစ်ခဲ့ကြတဲ့နေ့တွေပေါ့။ ပေသီးတို့က ကျနော်တို့ကို တက္ကသိုလ်ကျောင်းသားတွေ ဆိုတဲ့ လေးစားမှု နဲ့ တွယ်တာမှု ရှိသလို ကျနော်တို့ကလည်း ပေသီးတို့ သုံးပါးကို ညီရင်းအစ်ကိုလို ချစ်ခင်လှိုက်လှဲမှု ရှိခဲ့တယ်။

ဒီသံယောဇဉ်က ပြတ်မသွားခဲ့။ နောက်ဆုံး ကျနော်တို့ တစ်ယောက်တစ်နေရာစီ ရောက်သွားတဲ့အထိပါပဲ။

ကျောင်းတွေ မပြီးတပြီးမှာ ကျနော်တို့တတွေ ပေသီးနဲ့ ဆရာတော်ကြီးရဲ့အရိပ်က ခွာခဲ့ကြတယ်။ ကိုယ့်လမ်းကိုယ်ကြောင်းပြီး ကိုယ်ဝမ်းကိုယ် ရှာစားခဲ့ကြတယ်။ လေးယောက်သား မတူတဲ့ လေးဘဝမှာ ရောက်ခဲ့တဲ့ချိန်ပေါ့။ ပေသီးကတော့ ခေတ်မပျက်ခင်လေးမှာ လူထွက်သွားတယ်။ ပေသီး လူထွက်တော့မယ်ဆိုတော့ ကျနော် မအံ့ဩ။ အတူတူ ကျောင်းတစ်ရိပ်တည်းနေတုန်းက တချို့ညတွေဆို ပေသီးက ရင်ဖွင့်ရှာတယ်။ “ကျောင်းသားတို့ အခုငတ်တာက ခဏပဲ။ နောက်ကျောင်းပြီးသွားရင် ကိုယ့်ဘဝနဲ့ကိုယ် သာယာသွားလိမ့်မယ်။ ကိုယ်တွေကတော့ ဘာလုပ်ရမှန်း မသိပါဘူးကွာ။ ဒီကျောင်းမှာပဲ ငုတ်တုပ်ကြီး အသက်ကြီးသွားမလား မသိဘူး။” ပေသီးက တစ်ခု ဆက်ပြောဖို့ လုပ်တယ်။ ဘာမှတော့ မပြောဘူး။

အမှန်တော့ ပေသီးမပြောလည်း ကျနော်တို့ သိပါတယ်။ ပေသီးက ဆရာတော်ကြီးအရိပ်နဲ့မို့သာ နေသာတာ။ သူ့အခြေအနေက အသက် ၂၀ ပြည့်လို့သာ ပဇ္စျင်းဖြစ်ရပေမယ့် စာဝါမတတ်တဲ့အပြင် လူကလည်း ကလေးပေါက်စလိုဆိုတော့ ရဟန်းတစ်ပါးအနေနဲ့ ကြည်ညိုလောက်စရာမရှိ။ ဆရာတော်ကြီး မရှိပြန်ရင်လည်း ဒီကျောင်းက တခြားဦးဇင်းတစ်ပါး ကျောင်းထိုင်ဦးမှာပဲ။ ပေသီးတို့က အရင်လို ဆွမ်းထွက်ခံ ၊ နေ့လည်ဘက်အိပ် ၊ ညနေဘုရားဝတ်တက် ဒါနဲ့ သံသရာလည်မှာပေါ့။ နောက်ဆရာတော် ကောင်းရင်တော့ သူတို့အဖို့ သက်သာဦးမယ်။ နောက်ပြောင်းမယ့် ကျောင်းထိုင်သာ သူတို့ကို မကြည်ရင်တော့ ... ဆိုပြီး တသီကြီး စဉ်းစားလို့ ရတယ်။ ကျနော်တို့ ပေသီးကို စာနာပါတယ်။ လူထွက်လိုက်တာကို အပြစ်ပြောစရာလို့ မထင်ဘူး။

လူထွက်လိုက်တော့လည်း ပေသီးက ပျော်ပျော်ပါပဲ။ လူနာမည်ကတော့ ပေသီးမဟုတ်တော့ပါဘူး။ အတော်ခန့်ညားတဲ့ နာမည်နဲ့ပါ။ လူဝတ်လဲ ရွာပြန်ရောက်ပြီးတဲ့နောက် လယ်ထဲချောင်းထဲ ငါးဖမ်းဖားဖမ်း ၊ လယ်လုပ်ယာလုပ်နေတဲ့ ပေသီးပုံတွေ သူ့ Facebook ပေါ် ခဏခဏ တက်လာတတ်တယ်။ ကျနော်တို့ဆီလည်း တစ်ခါတစ်ခါ ပေသီးဖုန်းဆက်တယ်။ တစ်ခါတော့ သူရန်ကုန်လာသွားတယ်။ ဆေးရုံလာတက်တာလို့ ပြောတယ်။ ကျနော်တို့ သူတက်တယ်ဆိုတဲ့ ဆေးရုံသွားမယ်လုပ်တော့ ပေသီးက ပြန်သွားပြီ။ ဘာဖြစ်တာလဲ မေးတော့ ရင်ဘတ်နည်းနည်းအောင့်နေလို့တဲ့။ ကျနော်တို့နဲ့အတူ ရှိတုန်းက ခဏခဏဆိုသလို ပေသီး နှာခေါင်းသွေးလျှံတာတော့ ကြုံဖူးတယ်။ ရာသီပြင်းလို့နေမယ် ၊ သိပ်ပြဿနာ မရှိဘူးလို့ပဲ ထင်ခဲ့တာ။ ပေသီးကို ဘာရောဂါလဲ မေးတော့ ဟိုလိုလို ဒီလိုလို။ သူလည်း သေချာမသိတာ နေမှာပါ။ ပေသီးက ကျနော်တို့ကို ဘယ်တော့မှ မညာတတ်ဘူးကိုး။

တစ်ရက်တော့ ပေသီးက ကျနော့်ကို tag တွဲပြီး ဆောင်းဦးလှိုင်ရဲ့ သီချင်းတစ်ပုဒ် Facebook ပေါ် တင်တယ်။ “ဒီတစ်ခါဆောင်း” ဆိုတဲ့ သီချင်းပါ။ ဗွီဒီယိုအောက်မှာ “ ဂစ်တာလက်ကွတ်လေး ပြောခဲ့အုံး”တဲ့။ ကျနော်လည်း အလွယ်ပဲ” ရှာလိုက်မယ်။ တွေ့တာနဲ့ လှမ်းပို့လိုက်မယ်ဗျို့” ဆိုပြီး ကွန်းမန့်မန့်ခဲ့တယ်။ အခုခေတ်မှာ သီချင်းတစ်ပုဒ် Cord ရှာတာ နှစ်မိနစ်တောင် မကြာတဲ့ကိစ္စပေမယ့် ဘာလို့လဲ မသိဘူး ကျနော် ပေသီးတောင်းတဲ့ သီချင်း cord ရှာမပေးဖြစ်ခဲ့ဘူး။ အဲ့ကိစ္စက ကျနော့်အဖို့ နောင်တကြီးတစ်ခု ဖြစ်ကျန်ခဲ့တယ်။

ကျနော့်ဆီက ပေသီး တောင်းဆိုခဲ့ဖူးတာ ရှိရင် အဲ့ဒါ ဆောင်ဦးလှိုင်ရဲ့ သီချင်းလေးတစ်ပုဒ်ပါပဲ။ ဒါကို လုပ်မပေးဖြစ်တာကို ကျနော့်မှာ နောင်တရလို့မဆုံး။ ဒီနောက်လည်း တစ်နှစ် နှစ်နှစ်လောက်အထိ ပေသီးနဲ့ ကျနော် အဆက်အသွယ်ရခဲ့တယ်။ သံချောင်းတစ်ယောက် ကိုရီးယားသွားမယ့်အကြောင်း ၊ သူတို့ လယ်ထဲ စပါးရိတ်နေပြီဆိုတဲ့အကြောင်း ၊ ရုံးပိတ်ရင် သူတို့ရွာဆီ လာခဲ့ဖို့ နဲ့  ငါးခူကြီးတွေ ရလို့ မီးဖုတ်ပြီး ချက်အရက်နဲ့ ဘော်ဒါတွေ စုမြည်းမယ့်အကြောင်း ... ။

ခေတ်ပျက်ကြီးထဲမှာ တစ်ရက် ပေသီး ကျနော့်ကို ဖုန်းဆက်တယ်။ “ကျောင်းသားရေ ကိုယ်တွေဘက်တော့ တော်တော် ဆိုးနေပြီ။ အဲ့ဘက်လည်း ဂရုစိုက်ဦး။ သံချောင်းကြီးတော့ ကိုရီးယားရောက်သွားပြီ။ ရွာထဲလည်း ယောင်္ကျားသားက ကိုယ်တွေလောက်ပဲ ကျန်တော့တယ်။ ကျောင်းသားတို့လည်း လွမ်းတယ်ဗျာ။ မဆုံဖြစ်တာလည်း ကြာပြီ။ ရှေ့လထဲတော့ အခြေအနေကောင်းရင် မန်းလေး သွားဦးမလို့။ ဆုံရအောင် မန်းလေး တက်ခဲ့လေ။” တဲ့ အဲ့တုန်းကတောင် ကျနော်ဟာ မတည်နိုင်တဲ့ကတိ ပေးမိသေးတယ်။ “အေးဗျာ လာဖြစ်အောင် လုပ်မယ်”တဲ့။ အတော်ရှက်ဖို့ကောင်းခဲ့တာပါပဲ။ ကျနော် မန်းလေး မရောက်ဖြစ်ပေမယ့် ပေသီးက စိတ်မခုပါဘူး။ “မန်းလေးလည်း အရင်လို မဟုတ်တော့ပါဘူး ကျောင်းသားရာ။ ကိုယ်တွေ ရှိတုန်းက တအားပျော်ဖို့ ကောင်းတာနော”တဲ့။ အေးလေ ဘယ်လောက်ငတ်ငတ် မေတ္တာမငတ်တဲ့အရပ် ၊ ဘယ်လောက်သေးသေး အရိပ်နွေးပြီး လုံခဲ့တဲ့ အရပ်ပဲဟာ။ ပျော်စရာမကောင်းဘဲ နေပါ့မလား။

            ပေသီးဆုံးတော့ ကျနော်ဟာ တောင်တစ်လုံးကို တက်နေခဲ့တာ။ ဆောင်းရာသီကြီးပေါ့။ မှတ်မှတ်ရရ မလွတ်လပ်မှုတွေအောက်က အမည်ခံ လွတ်လပ်ရေးနေ့တစ်နေ့ပါ။ အဲဒီနေ့ ညဦးပိုင်းမှာ ဖုန်းဖွင့်ပြီး ဟိုဟိုဒီဒီ လျှောက်ကြည့်မိတော့ ပေသီးဆုံးကြောင်း သံချောင်းတင်ထားတဲ့ ပို့စ်ကို တွေ့လိုက်ရတယ်။ မှန်အခေါင်းထဲက သေးသေးကွေးကွေး ပေသီးပုံလေး ကြည့်ပြီး ကျနော်ဟာ တောင်ပေါ်က ပြုတ်ကျလိုက်သလို ခံစားရတယ်။ ဘယ်လိုမှလည်း မယုံနိုင်ခဲ့။ ပေသီးက ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ကျနော်တို့ဆီက ထွက်သွားစရာလား။ တစ်ညလုံး ကျနော် စိတ်နဲ့လူ မကပ်တော့။ နားထဲမှာလည်း ညနေတိုင်ရင် ပေသီးတို့ သုံးပါး ဘုရားဝတ်တက်တဲ့ အသံတွေ ပြန်ကြားမိတယ်။ တစ်ခါတစ်ခါ ပေသီးတစ်ယောက် ကျနော်တို့ကို ပေါင်မုန့်လေးတွေ ဝေပေးနေပုံ ၊ သင်္ကန်းလိပ်ထဲက အလှူခံ ရလာတဲ့ ဝတ္ထုငွေလေးတွေ ပြန်စွန့်ပုံတွေ ၊ ကျနော့်ရည်းစားဆီ သွားတော့ ဆိုင်ကယ်ပေါ် ပေသီး လိုက်ခဲ့ပုံတွေ ၊ ကျနော်တို့တတွေ ထန်းရည်မူးပြီး ဘုန်းကြီးကျောင်း ပြန်လာချိန် ပေသီးက ဘုန်းကြီးမသိအောင် ကျောင်းတံခါးဖွင့် ကျောင်းအောက်မှာ ထမင်း‌ခိုးကျွေးခဲ့ပုံတွေကို ရုပ်ရှင်လို ပြန်မြင်လာတယ်။

အခုတော့ ပေသီး လောကကြီးထဲက ထွက်သွားပြီ။ ပေသီး ကျနော့်ကို တောင်းခဲ့တဲ့ “ဒီတစ်ခါဆောင်း” သီချင်းထဲကလို ဆောင်းတစ်ရက်မှာ ထွက်သွားခဲ့တာပါ။ ကျနော်က ကျန်ခဲ့တဲ့သူဆိုတော့ ပေသီးအကြောင်း တစ်ဆင့်ပြန်ပြောရတဲ့သူ ဖြစ်သွားတာပေါ့။ ကျနော် အရင်ထွက်သွားရင်လည်း ပေသီးက သူ့အပေါင်းအသင်းတွေနဲ့ ရိုးပြတ်လယ်တစ်ကွက်ထဲ ချက်အရက်လေး စုသောက်ရင်း “ငါတို့ မန်းလေးမှာတုန်းကပေါ့ကွာ ..” လို့ အစချီပြီး ကျနော်တို့အကြောင်း ပြောနေမှာ သေချာတယ်။ ဂစ်တာလေးများ ပါရင်တော့ ဆောင်းဦးလှိုင်ရဲ့ “ဒီတစ်ခါဆောင်း” သီချင်းကို တီးကောင်းတီးနေမှာပေါ့။

“မညီမညာအကွေ့အကောက်နဲ့ လမ်းတွေဆီ ကိုယ်မြင်ယောင်ကြည့်တော့ သတိပြန်ရသွားပြီ” ဆိုတဲ့ အပိုဒ်မှာ ပေသီးလည်း ကျနော့်လို မျက်ရည်ဝဲလောက်ပါရဲ့။

 

-       ငြိမ်းဝေမင်း