ပျော်တာပေါ့အမေရယ်

ဟိုဘက်ဒီဘက် နယ်စပ်မြို့တစ်နေရာမှာပေါ့။
မြို့ထဲ ထွက်ကြည့်မယ်ဆိုရင် တစ်ဆိုင်ကျော်မှာ ဂိမ်းခုံကိုယ်စီ ၊ ဂိမ်းခုံနဲ့ မျက်စောင်းထိုးက ပြည့်တန်ဆာအိမ် မြို့နောက်ကျောမှာ ရာဘာတောများ ၊ တောင်ကုန်းများ ၊ တောင်ကုန်းတွေရဲ့ ပုခုံးတွေမှာက မြေကျင်းကြီးတွေ ဗရပွ။ တရစပ် ခုတ်မောင်းနေကျ ယန္တရားကြီးတွေ ထမ်းထားကြ။
သတ္ထုတူးဖော်ရေး ၊ လောင်းကစား ၊ အပျော်အပါးတွေ ၊ ချွေးနဲ့ငွေလဲလှယ်ရေးတွေ ၊ အရှက်နဲ့ငွေ ဖလှယ်ရေးတွေ ၊ ကံနဲ့အကြွေးအလဲအထပ်လုပ်ထားတဲ့ လူတွေ။ ကိုယ်ကျင်လည်နေခဲ့ဖူးတဲ့ ဘဝနဲ့ အဝန်းအဝိုင်း ခြားနားစွာ။
တစ်နေ့တာကိစ္စဝိစ္စတွေ ပြီးပြီဆိုရင် မြို့ကို ဆီးမြင်နိုင်တဲ့နေရာကနေ ကျနော် မြို့ကို ချောင်းကြည့်တတ်တယ်။ တခါတခါတော့လည်း မြို့ဘေးက မြစ်ရေညစ်ညစ်ကို စိတ်ညစ်ညစ်နဲ့ ကြည့်နေရတာပေါ့လေ။ မြို့ထဲမှာ အကြွေးပိလို့ ဆံပင်စုတ်ဖွားနဲ့ ဂိမ်းခုံတကာလှည့်ပြီး ပိုက်ဆံချေးနေသူတွေ ၊ ဂိမ်းမထုနိုင်လို့ မှိုင်နေသူတွေ (တချို့လည်း သူများဂိမ်းထုတာကို ဘေးက ထိုင်သွားရည်ကျရင်း Emotion အတက်အကျတွေ ဖြစ်နေကြတာပေါ့) ။ မြို့က ညနေဆို ပိုပြီး မြူးလာတယ်။
မြူးဆို ထိုင်ခုံကိုယ်စီနဲ့ ဒစ္စကိုLight အောက်မှာ ညနတ်သမီးတွေ ဖုန်းကိုယ်စီ ကိုင်ရင်း ဖောက်သည်ကို မျှော်ကြ ခေါ်ကြ။ တချို့လည်း ဖွင့်ထားတဲ့ Bluetooth Box ထဲက သီချင်းအတိုင်း လိုက်ဆိုကြ ကကြ။ ခပ်ရဲရဲ ကောင်မလေးတွေဆို ဖြတ်သွားဖြတ်လာကောင်လေးတွေကို ရိသဲ့သဲ့ မြူဆွယ်ကြ။ တစ်ဖက်ဂိမ်းခုံမှာလည်း မြန်မာတွေဟာ လူမျိုးခြားတွေနဲ့ ရောနှောပြီး ဟေ့ရှောင်မိန်း ဆိုပြီး ဂိမ်းကြေးထည့်ကြ ၊ မိချောင်းဖမ်းကြ ၊ ငါးပစ်ကြ ၊ ဆော့ဖ်ဝဲကွဲဖို့ ဆုတောင်းကြ။
ပြီးခဲ့တဲ့ ၂ လလောက်က စပြီး ဒီမှာ အလုပ်တွေ ရှားလာကြတယ်လို့ အသိတွေက ညည်းညူလာကြတယ်။ မြန်မာတွေ ရာနဲ့ချီ လစဉ်ဝင်ရောက်လာတော့ အဖြူတွေက မြန်မာတွေကို ဘယ်လိုညစ်ရမယ် ၊ ညှစ်ရမယ်ဆိုတာ ပိုပြီး အထာနပ်လာကြတယ်။ အလုပ်ခေါင်းတွေလည်း အရင်က ရွှေတွဲလွဲ ငွေတွဲလွဲဆိုပေမယ့် အလုပ်ကျပ်လာတော့လည်း ချွေးပြန်လာကြပြီလေ။
မြန်မာငွေ တစ်လ ၁၅ သိန်း ၊ သိန်း ၂၀ မှန်မှန်ရတဲ့ အလုပ်ခေါင်းတွေ ချွေးပြန်ရုံပဲ ရှိသေး။ နေ့စား ပုတ်ပြတ် အလုပ်ကြမ်းထွက်လုပ်သူတွေမှာ နေစရာကို မရှိတော့။ တချို့လည်း ဂိမ်းစွဲနေကြပြီလေ။ တခါက အသိမြန်မာလူငယ်တစ်ယောက်ကို ဂိမ်းခုံမှာ ပြဿနာတက်လို့ ကျနော်တို့ လိုက်သွားရတယ်။ ဂိမ်းကို အကြွေးနဲ့ထုတာ ပြန်မဆပ်နိုင်လို့တဲ့။ သူ့ဖုန်းပါ ဆိုင်ရှင်က သိမ်းထားတော့ လိုက်ရွေးထုတ်ရတာလေ။
အဲ့ဒီလူငယ်ပဲ လွန်ခဲ့တဲ့နှစ်တွေက အိမ်ကို တစ်လ သိန်း ၄/၅၀ ပုံမှန်လွှဲနိုင်ခဲ့တယ်ဆိုပဲ။ အခုတော့ ဂိမ်းက သူ့ကို စားသွားပြီလေ။ သူအမြဲ မြင်နေကျ ၃ ပေ ၄ ပေခွဲ မှန်ချပ်ပေါ်က ငါးတွေ ၊ လိပ်တွေ ၊ မိချောင်းတွေနဲ့ အနီရောင်ဝတ် ဟိုတရုတ်ကြီးတွေက သူ့ကို မျက်လှည့်ပြလိုက်ပြီလေ။ ဒီမှာတော့ ဒါတွေဟာ မြင်နေကျ သင်္ခါရပါတဲ့။
နှစ်ရက် သုံးရက်လောက် ဂိမ်းဆက်တိုက်ရှုံးလို့ ဘူနေတဲ့သူတွေ ၊ ဂိမ်းခုံမှာပဲ မိုးလင်းမိုးချုပ် တစ်နေကုန် ထိုင်ဆော့ ၊ ဘေးကြည့်လုပ်နေသူတွေ အများကြီးပဲ။ မိန်းမတွေလည်း ဂိမ်းခုံထဲက ယောင်္ကျားတစ်ကျိပ်ဆယ်ယောက်ရှေ့မှာ ကလေးနို့လှန်တိုက်ရင်း ဂိမ်းထုတာပဲ။ တခါတခါ ကလေးက နို့လွတ်ပြီး အိပ်ပျော်သွားပြီ။ သူက အခုထိ အင်္ကျီမချသေးဘူး။ နှစ်လုံးပြူးကြီးနဲ့ ဂိမ်းဆက်ထုတော့တာပဲ။
သမ္မာအာဇီဝနဲ့ ချွေးဒီးဒီးကျအောင် လုပ်နေတဲ့သူတွေ ရှိသလို ဖြတ်လမ်းနဲ့ ဘဝကို တက်လှမ်းချင်သူတွေကလည်း အဲ့လို ရိပ်မြုံတွေမှာ ပုံမှန်ဖောက်သည်တွေကို ဖြစ်လို့။ တစ်ရက်နှစ်ရက်လောက်များ သွားကြည့်လိုက်ရင် ဂိမ်းခုံထဲက သူတို့နေ့စဉ်ဘဝနဲ့ တစ်နေ့တာ ဝင်ငွေထွက်ငွေကို စာရင်းအတိအကျနဲ့ ကြားရပါလိမ့်မယ်။ တချို့လည်း အလုပ်ဖြစ်တဲ့ရက်မှာ ဈေးပေါတဲ့ ဘီယာတစ်ကဒ်ကိုဝယ် ကိုယ့်နစ်နာမှုကို ပြန်အဖက်ဆယ်ကြတာပါပဲ။
ဒီကို အကြောင်းအမျိုးမျိုးနဲ့ လာကြတယ်။ တချို့က ငွေရှာဖို့ ၊ တချို့က အသက်ဆက်ဖို့ ၊ တချို့က ခေတ်ပျက်လို့ ၊ တချို့က အဆွယ်ကောင်းလို့ ၊ တချို့က နေရာပြောင်းဖို့ ၊ တချို့တရုတ်မယားအဖြစ် ၊ တချို့ကလည်း အလုပ်သမားအဖြစ်နဲ့ပေါ့လေ။ ဒီမှာနေရင် ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်ရတယ်။ အရင်လို ပစ်ထားလို့ မရဘူး။ မဟုတ်ရင် နစ်သွားလောက်တဲ့ အကြောင်းတွေ အများကြီး ရှိသေး။
လမ်းပေါ်မှာ ကားတိုက်သွားသလား။ ကတ်မပါလို့ ရဲအဆွဲခံရပြီလား။ ဘာသာစကားမပေါက်လို့ နင်ပဲငဆ တစ်လမ်းလုံးကြားအောင် သူဌေးက ကော်ဆဲနေပလား။ အကြောင်းပြချက်မရှိဘဲ နောက်နေ့မလာခဲ့နဲ့လို့ အလုပ်က နှင်ထုတ်လိုက်သလား။ "နင် ငါ့မယားလုပ်ပါလား တလဘယ်လောက်ပေးရမလဲ” လို့ နီစပ်စပ် မျက်နှာအစ်အစ်နဲ့ လူကြားထဲ မိန်းမလာဝယ်တာ ကြုံနေရပလား။ ဘာပဲ ဖြစ်ဖြစ် သည်းခံပါ။ ခွင့်လွှတ်ပါ။ မေ့ပစ်ပါ။
တစ်ခုခု ဖြစ်သွားရင်တော့လည်း ဒီမှာ ဘာမှ ကိုးကွယ်ရာမရှိ။ သည်းခံပါ ။ ခွင့်လွှတ်ပါ။ မေ့ပစ်ပါ။ မြန်မာပီပီ ကံဆိုးလို့ကို အခုလို ဖြစ်ရတာလို့ ယိုးမယ်ဖွဲ နှစ်သိမ့်ကြရုံပါပဲ။ ဒါတွေ အမေမသိခဲ့ပေမယ့် ညနေအမေ့ကို ဖုန်းဆက်ဖြစ်တဲ့အခါ ပျော်ပါတယ် ပြောဖို့ ကျနော် မမေ့ခဲ့ပါဘူး။
- ငြိမ်းဝေမင်း