မိုးစိုသွားတဲ့ ပဲကြီးစေ့လေးတွေ

တစ်ခါက နယ်မြို့လေးတစ်မြို့၏ အထက်တန်းကျောင်းခန်းတစ်ခု နောက်ဆုံးတန်း၌ ကျောင်းသားအရွယ်လူငယ် ၄ ယောက် တစ်စုံတစ်ခုကို သည်းကြီးမည်းကြီး ဆွေးနွေးနေသည်ကို တွေ့ရပေမည်။ ထိုလူငယ် ၄ ယောက်ကား ...
အပေါ်က
ဝါကျက ကျနော့်ခေါင်းထဲ ဆယ်စုနှစ်နှစ်ခုလောက်ကြာအောင် အစိုင်အခဲလို တည်နေခဲ့တဲ့ အကြောင်းအရာအပိုင်းအစလေးတစ်ခုပါ။
တစ်နေ့ ငါစာရေးဖြစ်ရင်တော့လား ဆရာကြီး ရွှေဥဒေါင်းတို့ ၊ ဆရာမင်းသိင်္ခတို့လိုမျိုး
စာခန့်ခန့်ကြီးနဲ့ ဒီအကြောင်းတော့ ရေးလိုက်မဟဲ့ဆိုပြီး မောင်းတင်ထားခဲ့တာလေးပေါ့။ အဲ့ဒီကျောင်းသား
၄ ယောက်ထဲက တစ်ယောက်က ကျနော်ပါ။ ကျန်တဲ့ သုံးယောက်ကလည်း ကျနော့်လို မြို့ကျောင်းဆိုတာ အခုမှရောက်လာတဲ့
ရွာသားတွေ။
တစ်ယောက်က
စိုးနိုင်တဲ့။ ကျနော်တို့အဖွဲ့ထဲတင် မဟုတ်ဘူး။ တစ်ကျောင်းလုံးမှာပါ အရပ်အမြင့်ဆုံး ၊ အထွားဆုံး
၊ အသားအမည်းဆုံးနဲ့ အသည်းအငယ်ဆုံး။ သူတစ်ပါးကို သနားငဲ့ညှာတတ်ဆုံး။ ဗန်ဒိန်းကေနဲ့ စိုးနိုင်က ကျနော်သိတဲ့ ၉ တန်းကျောင်းသားတွေထဲမှာ
လက်ရေးကလည်း အလှဆုံးပါပဲ။ သူ့လက်ရေးသေးသေးလေးတွေက လှသလောက် သေသပ်ချက်။ အဲ့ဒီနှစ်တုန်းက
သူ့လက်ရေးနဲ့ Physics မှတ်စုစာအုပ် ဟိုးအရင်က ကျနော့်မှာ ရှိဖူးတယ်။
စိုးနိုင်က မြို့သစ်နယ်က။
ကျော်စိန်ထွန်းက
ကျနော်တို့အဖွဲ့ထဲမှာ အရိုးဆုံး ၊ အပိန်းဆုံး။ ဒါပေမယ့် ကျနော်တို့ထဲမှာ စီးပွားအတောင့်ဆုံး။
သူ့အဖေက ပဲနှမ်းပွဲရုံလုပ်ငန်းလုပ်တာတော့ မှတ်မိတယ်။ ဒီကောင်လည်း စာသာ ညံ့တာ ၊ အတွက်အချက်နဲ့
သီးနှံအကြောင်းကျ တောင်သူ့သားဖြစ်တဲ့ ကျနော်တို့ထက်တောင် ချက်ကျလက်ကျ ရှိတယ်။
နောက်တစ်ယောက်က
ဆန်းလွင်ပါ။ ဒီကောင်က ကျနော်တို့ထဲမှာ အညှက်ဆုံး ၊ အနေအထိုင် ညစ်ပတ်ဆုံး။ ဆန်းလွင်ကို
အခုမှ တွေ့မိတဲ့သူဆို ဒီကောင် မျက်နှာဘယ်နေ့က နောက်ဆုံးသစ်တာလဲ မေးချင်မယ့် ရုပ်မျိုးပါ။
နာမည်အတိုင်းပဲ။ ဆန်းဆန်းပြားပြားဆိုလည်း သိပ်တွေးတတ်တဲ့ကောင်ပေါ့။ ဆန်းလွင်က ချောင်းတစ်ဖက်ကမ်း
ရွာက။ ဘယ်ရွာလဲ မေးတော့ ဘူတာရွာကတဲ့။ ရွာနာမည်က ဘူတာလားလို့ စိုးနိုင်က မေးတော့ မဟုတ်ဘူးတဲ့။
အဲ့ဒါဆို ဘူတာရွာဆိုတာကရောဆိုတော့ ဘူတာ ရွာပေါ့ဟတဲ့။ ဆန်းလွင်က အဲ့လိုကောင်။ ကျနော်တို့
မေးခွန်းတချို့ကို ဆန်းလွင်က ဘယ်တော့မှ ကျနော်တို့ ဖြေစေချင်တဲ့အတိုင်း မဖြေ။ သူ့ကိုယ်ပိုင်အဖြေ
နဲ့ သူ ဖြေတတ်တဲ့သူမျိုး။
အဖွဲ့ထဲမှာ စာလေးပေလေး ဝါသနာအပါဆုံးက ကျနော်ပဲ။ ၉ တန်း ကျောင်းလာတက်တော့ ရွာတုန်းက ကဗျာတွေ ရေးတဲ့ ဗလာစာအုပ်လေးပါလာတယ်။ ဒါကို ဆန်းလွင်တွေ့တော့ ကျနော့် ကဗျာဖတ်ပြီး ဟားတော့တာပဲ။ ကဗျာတွေကလည်း ဟားတော့လည်း ဟားချင်စရာပါ။ ငယ်ကဗျာတွေကိုး။ စာကြိုးစားဖို့တို့ ၊ နွေရာသီညနေစောင်းရဲ့ သာယာမှုနဲ့ လိမ္မာရေးခြားရှိဖို့ ဩဝါဒပေးတဲ့ ကဗျာမျိုးတွေ။ လေးလုံးစပ်က များတယ်။ ကျနော်လည်း ဆရာကြီးမင်းသုဝဏ်ရ့ စု ၊ တု ၊ ပြုနည်းနဲ့ ကိုယ့်ဟာကိုယ် ပြန်ဖော်စပ်ထားတာလေးတွေ။
တချို့ နေရာတွေမှာတော့ ဆရာကြီးတွေရဲ့ ကဗျာတွေ ကူးရေးထားတာလည်း ရှိတာပေါ့။ ဆန်းလွင်လည်း ကျနော့်ကဗျာစာအုပ်ကိုင်ပြီး လျှောက်ဖတ်ရင်း “မင်းဟာက ဟိုအပိုဒ်က အပိုဆာဒါးတွေ လျှောက်ရေးထားတာ ၊ ဟိုစာကြောင်းက မင်းဟာမင်းတောင် ဘာလို့ ထည့်သုံးရလဲ မသိဘူးမလား။ ဒါမျိုးကတော့ ကဗျာလို့တောင် ပြောမရဘူး။ စာလုံးပေါင်း သတ်ပုံကျမ်းထဲက စာတွေ ဟိုကဒီက ကူးထားတာ နေမှာ”တို့ “ဒီကဗျာကို ငါ အသက်ရှိတုန်းတော့ စာအုပ်မထုတ်ပါနဲ့ကွာ။ ငါသေမှ ထုတ်ပါ။ မသေခင် စိတ်ချမ်းသာသွားချင်လို့” တစ်မျိုး။ “မင်းကဗျာတွေကို ဖတ်မိပြီး ဒီညတော့ အိပ်လို့တောင် ရတော့မှာ မဟုတ်ဘူး။ စိတ်လေသွားလို့” တစ်ဖုံ မညှာမတာ ကလိပြီး ရက်ရက်စက်စက်တွေ ပြောတော့တာပါပဲ။
"
တစ်နေရာရောက်တော့
ဒီကောင်က ကျနော့် ချီးကျူးတယ်။ တကယ့် ထူးထူးခြားခြား ချီးကျူးတာမို့ ကျနော့်မှာ ဆန်းလွင်
အပြစ်ပြောသမျှ အကုန်တောင် မေ့နိုင်တော့မလိုပါပဲ။
“ဘာတဲ့။
အပေါင်းမှတ်ရာ
၊ တောင်တိုင်းမှာကား
ပတ္တမြားမရှိ
ကြီးဘိစွမ်းအင်
၊ ဆင်ဟူသမျှ
မရမြုတေ
၊ တောတိုင်းဖွေလည်း
ညှာရွှေစန္ဒကူး
မရှိဘူးတည့်။
ဝေးကြူးနှံ့စပ်
အရပ်တို့မှာ
ပညာရှိကား အလွန်ရှားသည်
မှတ်သားသိဖွယ်
အလင်းတည်း” တဲ့
“မှန်တယ်
ဟေ့ရောင်ရေ။ အခုထိ ပညာရှိတွေ စီးနိုင်တဲ့ကား မရှိဘူးဟ။ အဲ့ဒီတော့ ပညာရှိကားဆို ရှားမှရှားပေါ့။
ခွေးမသား။
အဟုတ်မှတ်လို့။ ဆန်းလွင်က ဒီလိုကောင်။
ဆန်းလွင်က
ကျနော်သိသလောက် ကျက်ပြီး မှတ်တဲ့ မှတ်ဉာဏ်ထက် ချွန်ပြီး စဉ်းစားတတ်တဲ့ ဂွဉာဏ်ပိုကောင်းတဲ့သူမျိုးပါ။
စာတွေကို အလွတ်ကျက်ရတယ်ဆိုတဲ့ အယူအဆကိုလည်း ခပ်ပြင်းပြင်း ကန့်ကွက် ငြင်းခုန်တဲ့ကောင်။
ကျနော်တို့က “မငြင်းချင်နဲ့ ဟေ့ရောင်။ ရှင်မဟာရဌသာရတောင် သုစိပုဘာထဲမှာ နှုတ်တက်ဆောင်
ရမယ်လို့ မှာထားတာမလား။ မင်းက ရှင်မဟာရဌသာရလောက် ပညာရှိလို့လား” ဆိုပြီး ပိတ်ပြောရင်
“အေး မင်းဘုန်းကြီးရော ငါတို့ရွာကျောင်းထိုင်လို ကားစီးနိုင်လို့လား” ဆိုပြီး ပြောတတ်တယ်။
ပြောပြီးပါရောလား။ ဆန်းလွင်က ကျနော်တို့ လိုချင်တဲ့အဖြေ ဘယ်တော့မှ မပေးတတ်တဲ့ကောင်ဆိုတာ။
စာမကျက်တဲ့
ဆန်းလွင်က အဖွဲ့ထဲမှာ စာအတော်ဆုံးဖြစ်တဲ့ ကျနော့်ဆီပဲ စာမေးရတာပါပဲ။ အဲ့တစ်ချက်တော့
ကျနော်လည်း ကိုယ့်ဟာကိုယ် ဂုဏ်ယူမိတာ အမှန်ပဲ။ ဆန်းလွင်ကို ဆရာလုပ်လို့ရတာက စာရှင်းပြရတဲ့အချိန်ပဲ
ရှိတာကိုး။ ကျနော့်ဗလာစာအုပ်ထဲမှာလည်း ဆန်းလွင်ကို ရှင်းပြရင်း ရေးခြစ်ထားတာတွေနဲ့
ရှုပ်ပွနေစမြဲ။ ဆန်းလွင်က စာမရတဲ့အပြင် ကျောင်းတက်လည်း မမှန်။ ချောင်းတစ်ဖက် ဘူတာရွာကနေ
၂ မိုင်ကျော် ၃ မိုင်လောက်ကို ခြေကျင်ကျောင်းတက်ရတဲ့ ဆန်းလွင်အဖို့ ချောင်းရေကြီးရင်
ကျောင်းပျက်ရတော့တာပါပဲ။ ချောင်းရေမကြီးလည်း တစ်ခါတစ်ခါ ကျောင်းပျက်တယ်။ စိုးနိုင်ပြောပုံအရတော့
သူ့အဖေ မကျန်းမာရင် ဒီကောင် ရထားဈေးလိုက်ရတယ်တဲ့။ ဘယ်ကိုလဲ ဆိုတော့ ကျောက်ပန်းတောင်းရထားပေါ့ကွာ။
သူ့အဖေက ရထားပေါ်မှာ ရေခဲချောင်း ရောင်းတာလေ။
ဆန်းလွင်ကျောင်းပြန်တက်တော့
ပျက်ရက်က စာတွေ ရှင်းပြရင်းနဲ့ ရထားပေါ် ဈေးရောင်းတဲ့အကြောင်း မေးမိတယ်။ ဆန်းလွင်က
ဘယ်လက်နဲ့ နှပ်ချေးနှိုက်ရင်း အေး ဟုတ်တယ်။ ငါ့အဖေအလုပ်ပေါ့ကွာ။ မင်းအတွက်တောင် ကဗျာစပ်လာသေးတယ်။
ဖတ်ကြည့်တဲ့။ ဆန်းလွင်ပေးတဲ့ စာရွက်ပိုင်းပေါ်က လက်ရေးကောက်တိကောက်ကွေးမှာ ရေးထားတာက
“ဂျုံးဂျက်ဂျက်
ရထားကြီး
အပြုံးမပျက် ငါစီး
တစ်ခရီး တစ်ခါရောင်းနဲ့
မညီးပါကြောင်း
ဟောဒီက ရေခဲချောင်း...” တဲ့။
ကျနော်လည်း
ခပ်မိန့်မိန့် ပြုံလိုက်ပြီး “ဒါလား ကဗျာ။ ပိုက်ဆံ ၁၀၀ ပေး ဝယ်လိုက်မယ်။ ဘယ်တော့မှ
စာအုပ်မထုတ်နဲ့” ဆိုပြီး ပြန်တွယ်တယ်။ ဆန်းလွင်က အေးဆေးပဲ။ “ဟ ငါ့ကဗျာကမှ အသက်မွေးမှုအနုပညာ
ပါသေးတယ်။ မင်းကဗျာလို ခံယူချက်မရှိ စိတ်ကူးလေးတယဉ်ယဉ်နဲ့ရေးထားတာ မဟုတ်ဘူးဟ။ တန်ဖိုးသိတဲ့သူဆို
ကျောက်ထက်အက္ခရာတောင် တင်လိမ့်ဦးမယ်။” တဲ့။ တကယ့်ကောင်။
တစ်နေ့တော့
ကျနော်တို့ရဲ့ ကပ်သီးကပ်သပ်သူငယ်ချင်းဟာ ကျနော်တို့ကို နှုတ်ဆက်ဖို့ ဖြစ်လာတယ်။ စာမေးပွဲကြီး
ဖြေဖို့ တစ်လလောက်အလိုမှာ ဆန်းလွင်က ကျနော်တို့ကို ဖွင့်ပြောတာပါ။ သူ ကျောင်းထွက်တော့မယ်
ဆိုတဲ့အကြောင်း။ ဆန်းလွင် မျက်နှာက အဲ့ဒီနေ့ ရာသီဥတုလိုပဲ ခြောက်သွေ့မှုန်မှိုင်းပြီး
လေပွေရိုင်းဆန်နေတယ်။ ဘာဖြစ်လို့လဲကွာ လို့ မေးတော့ “ငါ့အမေပြောသလိုပါပဲ။ ပဲကြီးတွေ
ရေစိမ်တယ်ဆိုတာ ချက်စားဖို့ပဲကွ။”တဲ့။ မင်း စကားကြီးကလည်း ဘယ်လိုလဲကွာ ဆိုတော့ “အမေကတော့
ပဲကြီးစေ့တွေ ရေစိမ်လိုက်တာ မဟုတ်ပါဘူး။ မိုးမိသွားတာပါ။ ဒီမိုးကို ငါတို့ဘယ်သူကမှ
မကာနိုင်ဘူးမလား။” ဆန်းလွင်စကားကို ကျနော်တို့ နားမလည်။ ဒါ ဆန်းလွင်ရဲ့ ပုံစံကိုး။
ဆန်းလွင် ကျနော်တို့ကို နှုတ်ဆက်သွားတာ ဒီလိုပါပဲ။
တကယ်တမ်း ဆန်းလွင် ကျောင်းထွက်ရတဲ့အကြောင်းရင်းတော့ ကျနော်တို့ မကြာခင်မှာ သိရပါတယ်။ ဆန်းလွင်အဖေက ရထားပေါ် ရေခဲချောင်းလည်ရောင်းရင်း ရထားပေါ်က ပြုတ်ကျပြီး ရထားကြိတ်လို့ ခြေတစ်ဖက် ပြတ်သွားတယ်တဲ့။ သူ့အဖေက အရက်လေးလည်း မှီဝဲတတ်သူကိုး။ ဒီတော့ လစ်ဟာသွားတဲ့ မိသားစုကွက်လပ်မှာ ဆန်းလွင်က အုတ်တစ်ချပ် ၊ လှေကားတစ်ထစ် ဖြစ်သွားရတာပါပဲ။ ဆန်းလွင်ပြောသလို ပဲကြီးရေစိမ် ဖြစ်ရတယ် ဆိုတာကတော့ ကျနော့်အဖို့ အခုထိ ဆန်းကြယ်နေတုန်း။
ဆန်းလွင်နဲ့ ကျနော်တို့ မတွေ့ဖြစ်တာ အဲ့ဒီ ၉ တန်းနှစ်ကုန်ခါနီးကတည်းကပါပဲ။ ကျန်တဲ့ ကျနော်တို့ အဖွဲ့ထဲက ကြောက်တတ်တဲ့ စိုးနိုင်ကြီးက ဆယ်တန်းပြီးတော့ စစ်တက္ကသိုလ်တက်သွားတယ်။ အခုဆို ဘယ်အဆင့်တောင် ရောက်နေပြီလဲ မသိ။ အရင်လို သနားတတ် ၊ ကြောက်တတ်တဲ့စိတ်လေးတွေရော ရှိသေးရဲ့လား မသိနိုင်။ မသိဆို လမ်းချင်းမတူတော့ လူချင်း မဆုံဖြစ်တော့ဘူးကိုး။
ကျော်စိန်ထွန်းကတော့ တက္ကသိုလ်တက်ခါစမှာပဲ စီးပွားရေးစလုပ်နေပြီ။ နောက်တော့ သူ့အဖေထက်တောင် စွာတဲ့ စီးပွားရေးလုပ်ငန်းရှင် ဖြစ်ပြီး ကြီးပွားနေတာ အံ့မခန်း။ ကျောင်းတုန်းကသာ ပိန်းတယ် အထင်ခံရတဲ့ ကျော်စိန်ထွန်းက အခုဆို စီးပွားရေးလာဘ်မြင်တဲ့ မြို့မျက်နှာဖုံးသူဌေးလေးတောင် ဖြစ်လို့ မြို့ပေါ်က ရွှေဆိုင်ပိုင်ရှင်သမီးနဲ့ပါ အိမ်ထောင်ကျနေပြီ။ သူ့လက်ထက်မှာ သီးနှံအရောင်းအဝယ်တင်မဟုတ်တော့ဘူး။ လူသုံးကုန်လျှပ်စစ်ပစ္စည်းအရောင်းအဝယ်ကနေ ကျန်းမာရေးအထိ ၊ ဆန်ကနေ ကန်ထရိုက်အလုပ်ထိ ကိုင်နေပြီလေ။ ဒီနယ်တစ်ကြောက အဖြူအမည်းနှစ်ပိုင်းစလုံးနဲ့လည်း သူက ပလဲနံပသင့်အောင် နေနိုင်ခဲ့တာဆိုတော့ အခုလို ကြီးပွားတာလည်း မဆန်းဘူးမလား။
တစ်ခါတစ်ခါ ကျော်စိန်ထွန်းတို့ ကုမ္ပဏီလုပ်ငန်းနာမည်ထောင်ထားတဲ့ လမ်းပေါ် ဖြတ်သွားရတဲ့အခါ ၉ တန်းတုန်းက အချိန်တွေ ပြန်သတိရတယ်။ ဒီအခါမျိုးဆို ပြန်မဆုံတော့တဲ့ ဆန်းလွင်ကို ထူးထူးခြားခြား အမှတ်ရတာပေါ့။ ကျနော်တို့ မဆုံတာ နှစ် ၂၀ လောက် ကြာပြီ ဆိုပေမယ့် ဆန်းလွင်နဲ့ ပတ်သက်ပြီး ကျနော့်မှတ်ဉာဏ်က ဒီလောက် ကြာတာတောင် ရှင်းရှင်းပြတ်ပြတ် ဖြစ်နေသေးတာတော့ ဝမ်းသာရမှာပါပဲ။ လူတစ်ယောက် ဖြစ်သင့်ဖြစ်ထိုက် ၊ အမြင့်ရောက်သင့် ရောက်ထိုက်ပါလျက်နဲ့ မတော်ရာမှာနေ ၊ မလျော်တာတွေ လုပ်နေရရင် ဆန်းလွင်ပြောသလို ရေစိမ်ခံရတဲ့ ပဲကြီးစေ့လေးတွေအဖြစ် မြင်နေမိတယ်။
တချို့တွေကျတော့လည်း ပဲကြီးရေစိမ်အဖြစ်မျိုး မဟုတ်ဘဲ နေလှန်းတုန်း မိုးမိသွားတဲ့ ပဲကြီးစေ့လေးတွေလည်း ဖြစ်နိုင်တာပါပဲ။ လူ့ဘဝဆိုတာ ဘာမဆို ဖြစ်သွားနိုင်သလို ဘာမှလည်း ဖြစ်ချင်မှ ဖြစ်မှာမဟုတ်လား။ ဖြစ်ချင်တိုင်း ဖြစ်မသွားရင််ရော ကျနော်တို့ ဘာများဘာတတ်နိုင်မှာမို့လဲ။
-
ငြိမ်းဝေမင်း