အပြစ်မရှိ

အပြစ်မရှိ
“သိစိတ်နဲ့ ရူးနေရတာက သတိလက်လွတ်ရူးရတာထက် သာပါတယ်” လို့ သူမ ပြောတာကို သူလက်ခံခဲ့တယ်။ ဒီစကားက သူ့အတွက် တိုးတိတ်ကျိန်စာဖြစ်လာတာတော့ သူမသိခဲ့ဘူးပေါ့။

            အဝေးပြေးလမ်းတွေဟာ ငယ်ဘဝတွေ ၊ နှစ်လိုတပ်မက်ဖွယ် အမှတ်တရတွေကို ချန်ထားမယ်လို့ သူမသိခဲ့သလိုမျိုးပေါ့။ နောက်ပြီး ဘဝကလည်း အဝေးပြေးလမ်းပေါ်က မိုင်တိုင်တစ်ခုမှန်း သူ မသိခဲ့သလိုပေါ့လေ။ အပေါင်းအသင်းကောင်းရင် သူပြောတတ်သလိုမျိုး “ဘဝရဲ့ အတန်ဆုံးအဖိုးအခက လူဖြစ်ရခြင်းမှာ စွဲလန်းဖွယ်ရာ အတိတ်တစ်စုံတစ်ရာ
ချန်ပေးတတ်ခြင်း”ပဲ ဆိုတာလိုပေါ့။ လူတိုင်းတော့လည်း ဒီယစ်မူးဖွယ်ရာ အတိတ်ကို ခံစားပိုင်ခွင့် (မဟုတ်လည်း) ခံစားနိုင်စရာ ရှိမရှိ သူ မသိခဲ့ပါ။ မရှိဘူးလို့ပဲ ထင်တယ်။ အရင်းရှင်နဲ့ အာဏာရှင်တွေမှာလိုပေါ့လေ လို့ သူ လျှောက်လှဲချက် ပေးလိမ့်မယ်။ သူ့အယူခံကို လက်ခံခံ မလက်ခံခံ သူကတော့ သူယုံတဲ့အတိုင်း လျှောက်ထားလိုက်တာပဲ လို့ ပြောလို့ ရတာမျိုးပေါ့။

            အဲ့ဒီနှစ်တွေတုန်းက နှင်းတွေလည်း ဆောင်းရောက်ရင် ကျတာပါပဲ။ နွေတွေလည်း သူ့အချိန်ကျမှ သာ နွေဖြစ်ကြောင်း သက်သေပြကြတာ။ ပြောရရင် အရာအားလုံးက သူ့အလုပ်သူ ဝတ္တရားမပြတ် ထမ်းဆောင်ဖြစ်တဲ့အချိန်တွေပေါ့လေ။ ခံစားထိရှယ်လွယ်တဲ့အရွယ်မှာ ဆုံခဲ့သူတွေက တစ်သက်လုံး မမေ့နိုင်စရာ ပြယုဂ်ဖြစ်တာ ဘာဆန်းလို့လဲလို့ ခင်ဗျားက ပြောလိမ့်မယ်။ ခင်ဗျား အပြောထဲမှာကို အဖြေ ပါပြီးသားမို့ အထွေအထူးတော့ ရှင်းပြဖို့ လိုမယ်မထင်ဘူး ထင်တယ်။ လူတွေဟာ သူတို့ဘဝကို ပိုက်ဆံရှာဖို့ သပ်သပ် ရောက်လာတာ မဟုတ်ကြောင်း သေချာ ပြန်တွေးမိတဲ့ အချိန်တွေ ရှိတယ်။ အဲ့ဒါက အစောနက ပြောခဲ့သလို ခံစားလွယ် မျက်ရည်လွယ်တဲ့နှစ်တွေအကြောင်းပါပဲ။

အမှောင်ထဲကနေ ကောင်မလေးရဲ့ အဆောင်အခန်းကို ရည်မှန်းပြီး ဆိုခဲ့တဲ့ သီချင်းတစ်ပုဒ် ဘယ်လောက်ပဲ ကီးမကိုက်ကိုက် ၊ အသံမကောင်းကောင်း ဒီခံစားချက်ကို တုပဖို့ ဘယ်လိုလူမှ တတ်နိုင်မှာ မဟုတ်ခဲ့ကြောင်း သိဖို့ လိုတယ်။ ဘာရယ်မဟုတ် သားရည်ပင်တစ်ကွင်းနဲ့ ပန်းစည်းလေးချိတ် “ပျော်ရွှင်ပါစေ” ဆိုတဲ့ စာတန်းလေး ရေးနိုင်ခဲ့တာကိုပဲ လူ့သမိုင်းကို အကြီးကျယ်ဆုံး ပြောင်းစေမယ့် စာတန်းရေးနိုင်ခဲ့သလို ဂုဏ်ယူနိုင်တာမျိုးဖြစ်စေ။ 

ကားလိပ်အပင့် မင်းသမီးဝင်လာ 
၊ မင်းသားအား စကားနာထိုး “ငါသူ့ကို ချစ်လည်း မချစ်ဘူး ။ စိတ်လည်း မဝင်စားဘူး။ ပြီးတော့ ရင်လည်း မခုန်ဘူး” ပြော။ ကားလိပ်ချ။ 

တစ်ခါတစ်ခါမှာ ဘာရယ်မဟုတ်ဘဲ မျက်ရည်ဝဲမိ ၊ ဘာကြောင့်မှန်းမသိ ဆင်ခြင်တုံတရား ဘေးချပြီး လူ့ဘဝရဲ့ ငြီးငွေ့ပျက်သုဉ်းဖွယ် မမှီကမ်းရာအရပ်ဆီ လက်လှမ်းနေမှုကို ပြန်စဉ်းစားမိ ၊ တစ်ခါတစ်လေမှာ မကြုံရသေးတဲ့ အနာဂါတ်အတွက် ထိတ်လန့်ရင်ခုန် လှိုက်မောမိ ၊ အဲ့ဒီလို လူငယ်ဘဝရဲ့ ထိရှနာကျင်မှု နိမိတ်အစပ်က လူ့ဘဝရဲ့ ပုံရိပ်များ။ 

            လူတွေ လုပ်နိုင်တာရဲ့ ထက်ဝက်မက စက်ယန္တရားတွေကို ခိုင်းစေလို့ ရတဲ့ ခေတ်မှာတောင် လူတွေ လိုအပ်နေတာက အကြောင်းရင်း အများကြီး ရှိမယ် ထင်ပါသလား။ ပြန်စဉ်းစားကြည့်ပါ။ 

ဘာလို့ ကမ္ဘာပေါ်မှာ လူသန်း ၇၀၀၀ ကျော် လိုပြီး ဘာလို့ စက်ရုပ် သန်း ၁၀၀၀ လောက် မလိုအပ်တာပါလဲ။ 

ဘာလို့ လူအချင်းချင်း သတ်တဲ့ စစ်ပွဲတွေ ဆက်ရှိနေပြီး ဘာလို့များ စက်ရုပ်အချင်းချင်း/ဒါမှမဟုတ် လူမဟုတ်သူတွေ အချင်းချင်း/ ဒါမှမဟုတ် စစ်တိုက်ချင်သူတွေအချင်းချင်း တိုက်ရိုက် တိုက်တဲ့ တိုက်ပွဲတွေ မရှိသေးတာလဲ။ ဒါမှမဟုတ် ခင်ဗျားအတွေးနဲ့ခင်ဗျားပေါ့လေ။ ငြိမ်းချမ်းစေသတည်းလို့ ပုတီး စိပ်ပြီး တားလို့မရတဲ့ လောကကြီးမှာ ဘာကိုမှ ကိုယ်မပိုင် ၊ ကိုယ် ဝင်မတားနိုင်ဆိုပြီး ငိုင်ပြီး ငေးနေ ၊ အချိန်တန်ရင် တစ်ယောက်ယောက် စနက်ကြောင့် ဖြစ်ဖြစ် သေဆုံးဖို့ ထိုင်စောင့်နေရတယ်ဆိုရင်.......

            လူဖြစ်ကြောင်း ၊ လူတစ်ယောက်လို ရှင်သန်ခဲ့ပါကြောင်း အုတ်ဂူပေါ်က စာသုံးကြောင်းလောက်မက ဘဝမှာ ပြောစရာ ကျန်ခဲ့မယ်ဆိုရင်

            ပြန်စဉ်းစားကြည့်ရအောင် 

            လူတွေက ဘဝကို မှတ်ဉာဏ်သပ်သပ်အတွက် 
တည်ဆောက်,ဖျက်ဆီး,အဆုံးသတ်, ချန်ရစ်ခဲ့တာ မဟုတ်ရင်...

            ဘာလို့ လူတွေ တစ်ယောက်ကို တစ်ယောက် မေတ္တာထားဖို့ , သနားတတ်ဖို့ , တစ်ယောက်အမြင့် ရောက်မှုူ တစ်ယောက် ပီတိဖြစ်မှုကို ဘာသာတရားတွေက
သင်ခဲ့တာ မဟုတ်ရင်

            ဘာလို့ လူ့ဘဝဟာ လူတွေ ဖန်တီးခဲ့တဲ့ ပိုက်ဆံနဲ့ ဖလှယ်မှုတွေအတွက် ၊ 

            ဘာလို့ လူတွေဟာ သူတို့ တကယ်မသုံးမယ့် အသိပညာအတွက်

            ဘာလို့ လူတွေဟာ ကိုယ်တကယ် မသိချင်တာတွေကို အသုံးတည့်နိုးနိုးနဲ့ သင်ခဲ့ဖို့အတွက်

            ဘာလို့ လူတွေ တစ်ယောက်မရှိမှ တစ်ယောက်အေးမယ်ဆိုတဲ့ အတွေးအတွက်

            ဘာလို့ လူတွေ ဆောင်းကို နွေလုပ် ၊ နွေကို ဆောင်းလုပ်ဖို့ဆိုတဲ့ ကြံဖန်လွန်းမှုအတွက်

            ဘာလို့ လူတွေ ခံစားဖို့ မျှဝေဖို့ ရှိစေတော့ရယ်လို့ စိတ်ကို ပြင်ဆင်မထားမှုအတွက်

            ဘာလို့ ငါတို့ ဘယ်လောက်ကွဲကွဲ အတူတူပါပဲ ၊ ကမ္ဘာဟာ ငါတို့ အိမ်ပါပဲ ဘယ်နေရာသွားသွား ဘယ်လိုနေနေ ဘာတွေပဲ ယုံယုံ ဘယ်သူ့ကိုမှ မထိခိုက်သရွေ့ ငါတို့က တစ်သားတည်းလို့ ..

စသည်ဖြင့်ပေါ့လေ...

ခင်ဗျားမတွေးမိတာတွေ ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် အပြင်ကို တစ်ချက် ကြည့်မိလား။

 ကိုယ်ကြည့်မိတဲ့နေရာက လူတွေ ဘယ်လိုတောင် ရူးနေတယ်ဆိုတာ။ သူတို့ သိသိကြီး ရူးနေတယ်လို့ မထင်ဘူးလား။ ဟင့်အင်းလို့ ဖြေရင် ဘယ်လောက် ကြောက်ဖို့ကောင်းတာကို ကြုံနေပြီရော သိရဲ့လား။ စိတ်မကောင်းစရာက ဟုတ်ကဲ့လို့ ဖြေရင်လည်း အတူတူ ဖြစ်နေတာပါပဲ။

            “သိစိတ်နဲ့ ရူးနေတာက သတိလက်လွတ်ရူးနေတာထက် သာပါတယ်” ဆိုတဲ့ သူမရဲ့ စကားကို သူလက်ခံဖူးပါတယ်။ တကယ်တော့ သိလျက်ဖြစ်စေ ၊ သတိလက်လွတ်ဖြစ်စေ ရူးတာ ဘာများ ကောင်းခဲ့ပါသလဲ။ အပြစ်ကင်းတဲ့ ရူးခြင်းကားဆိုရင်တော့ ....

- ငြိမ်းဝေမင်း