မိုးခေါင်ခြင်း နဲ့ မိုးကြီးခြင်း

မိုးခေါင်ခြင်း နဲ့ မိုးကြီးခြင်း

            အပူပိုင်းမှာ မိုးရွာသွန်းတဲ့ပုံစံက မိုးကြီးရင်ကြီး မဟုတ်ရင် မိုးခေါင်ရေရှားတာပါပဲ။ နှစ်မျိုးလုံး ပြဿနာကြီးတာချင်းတော့ အတူတူပဲ။ ဒီတစ်ခါလည်း ဥတုယန္တရားကိုပဲ အပြစ်ပြောရတော့မှာပါ။ ‌

             ရေခိုးရေငွေ့တွေ စုဝေးနေတဲ့ ပူနွေးတဲ့လေထုက အပေါ်တက်လာတဲ့အခါ မိုးရွာပါတယ်။ အပေါ်တက်ချိန်မှာ ‌‌ရေငွေ့ပြန့်ကားသွားပြီး အပူချိန်က ရေမှုန်ရေငွေ့တွေ သိပ်သည်းရာကနေ မိုးအဖြစ် ပြန်ကြတာပါ။ သမုဒ္ဓရာတွေက ရေတွေကို နေက ‌ရေငွေ့ပျံစေတဲ့ အီကွေတာအနီးအနားမှာ လေက စိုထိုင်းလာပြီး ပိုပူလာတယ်။ ဒီလိုနဲ့ ပိုမြင့်တဲ့ လတ္တီကျူဒ်တွေထက် မြန်မြန်တက်လာလိုက်ရာကနေ မိုးတိမ်မှောင်တွေ ဖြစ်လာပြီး ကမ္ဘာဆီကို မိုးကြီးရိုက်တော့တာပါပဲ။ ရေငွေ့အစုအဝေးကြီးတွေ တစ်ခုနဲ့တစ်ခု ပွတ်တိုက် ရိုက်ခတ်ရာကနေ လျှပ်နွယ်တွေလည်း တဝင်းဝင်းလက်ပါတော့တယ်။

            ဒါမျိုး မိုးသက်မုန်တိုင်းထန်တဲ့ ဖြစ်စဉ်လမ်းကြောင်းတွေက အီကွေတာ မြောက်ကနေ တောင်ကို ရွေ့သွားလေ့ ရှိပါတယ်။ အစတော့ မြောက်ဘက်ပါပဲ။ နောက် တောင်ယဉ်စွန်းတန်းကနေမှ နေရှိရာဘက် လှည့်သွားပါတယ်။ ဒီလိုနဲ့ အပူပိုင်းဧရိယာအများစုမှာ မိုးရာသီနဲ့ နွေရာသီဆိုပြီး ရှိကြပါတယ်။ ဥပမာ အာရှက တချို့နိုင်ငံတွေမှာ မုတ်သုန်ကနေ ဖြစ်လာတဲ့ သက်ရောက်မှုမျိုးရှိပါတယ်။ လွင်ပြင်ကျယ်ကြီးတွေပေါ်က လေက နွေရာသီမှာ အပူပျံပြီး တက်ပါတယ်။ ပင်လယ်ကနေ တက်လာတဲ့ ရေငွေ့ပါတဲ့လေကို စုပ်ယူပြီး မိုးအနေနဲ့ ရွာချတာပါ။ ဆောင်းရာသီမှာ မြေပြင်က အေးပြီး လေက သမုဒ္ဓရာဘက် တိုက်သွားရာကနေ ခြောက်သွေ့ရာသီ ဖြစ်လာပါတယ်။


            မိုးများလွန်းတာက အမေဇုန် နဲ့ ကွန်ဂိုမြစ်ဝှမ်းတွေ အပြင် အရှေ့တောင်အာရှ ကျွန်းတွေပေါ်က အီကွေတာနေလမ်းကြောင်းကျရာ မြေတွေအတွက် ပြဿနာပါပဲ။ မိုးနည်းလွန်းတာကလည်း မြောက်နဲ့တောင် စိုစွတ်ဇုန်ပေါ်က မိုးနည်းမိုးခေါင်နယ်နိမိတ်တွေအတွက် ခေါင်းကိုက်ရတဲ့ကိစ္စ.။ အီကွေတာပေါ်က လေဟာ မြောက်နဲ့တောင် လတ္တီကျူဒ်အမြင့်တွေကနေ ဖြတ်ကျော်သွားပြီး အေးသွားပါတယ်။ ဒါပေမယ့် တောင် ဒါမှမဟုတ် မြောက် ၂၀ ဒီဂရီနဲ့ ၃၀ ဒီဂရီအကြား ဖိအားမြင့်ရပ်ဝန်းတွေထဲမှာ ပြန်ပြီး ကျဆင်းပါတယ်။ ဒီဇုန်ထဲမှာဆို ကမ္ဘာ့မျက်နှာပြင်ရဲ့ သုံးပုံတစ်ပုံမကတဲ့ ခြောက်သွေ့မြေတွေ ရှိပါတယ်။ ဒီနေရာမှာ ကျဆင်းတဲ့ လေဟာ အပူပိုင်းမိုးရွာသွန်းမှုအတွင်း စိုထိုင်းဆအမြောက်အများ ဆုံးရှုံးပြီးသား ဖြစ်နေပါတယ်။ မိုးရွာပြီးရင် အပူချိန် ပြန်တက်လာပါတယ်။ ဒီတော့ ကျန်ကောင်းကျန်ရာ စိုထိုင်းဆလေးနဲ့ ရေငွေ့ပြန်သိပ်သည်းဖို့ အလားအလာနည်းသွားပါတယ်။

            စိုထိုင်းတဲ့ ဒါမှမဟုတ်လည်း မိုးနည်းသွေ့ခြောက်တဲ့ မြေပေါ် ‌ရောက်တဲ့အခါ ရေက သမပိုင်းမြေတွေလို ကောင်းကင်က သာသာယာယာမကျပါဘူး။ ပြင်းထန်ပြီး ဖျက်အားကြီးတဲ့ အိုးကြီးမှောက်ရွာနည်းကားနဲ့ ရွာတော့တာပါပဲ။ ဥပမာ - နိုင်ဂျီးရီးယားမြောက်ပိုင်း ဆိုပါတော့။ ရွာသမျှ မိုးရဲ့ ၉၀% က တစ်နာရီ ၂၅ မီလီမီတာကျော်တဲ့ မုန်တိုင်းအသွင်နဲ့ ရွာသွန်းပါတယ်။ (နှိုင်းယှဉ်ကြည့်ရင် ဒါက လန်ဒန်ရဲ့ Kew Gardens က ပျမ်းမျှ လစဉ်မိုးရွာသွန်းမှုရဲ့ တစ်ဝက်လောက် ရှိပါတယ်။) ဂါနာမှာ မိုးကြီးရိုက်ရွာပြီဆိုရင် ပုံမှန် တစ်နာရီ မိုးရေချိန် ၂၀၀ မီလီမီတာအထိ တဝုန်းဝုန်းရွာလေ့ရှိတယ်။ ဒါက Kew မှာ လစဉ်ရွာသွန်းမှုရဲ့ ၄ ဆနှုန်းပဲ။ ဂျာဗားမှာ တစ်နှစ်မိုးရွာသွန်းမှုရဲ့ ၄ ပုံ ၁ ပုံလောက်က တစ်နာရီမိုးရေချိန် ၆၀ မီလီမီတာနှုန်းနဲ့ ရွာတာပါ။ ဘာလင်မှာ တစ်လပျမ်းမျှ မိုးရေချိန်ထက် ပိုများပါတယ်။ ရုတ်ချည်းဖြစ်တဲ့ မုန်တိုင်းတွေက ရေရဖို့ အဆိုးဆုံးဖြစ်နိုင်ဖွယ် နည်းလမ်းပါပဲ။ ရေအများစုက မုန်တိုင်းနဲ့ပါသွားပြီး အဖိုးတန်အပေါ်ယံမြေဆီလွှာတွေ လေက သယ်သွားလို့ပါ။ မိုးကြီးရွာချိန် ပထမဆုံး ပါလာတဲ့ မိုးသီးမိုးပေါက်တွေကြောင့် မြေဆီလွှာအပေါက်လေးတွေဟာ အပေါ်ယံမြေက တိုက်ချလိုက်တဲ့အမှုန်တွေနဲ့ ဆို့ပိတ်ကုန်ပါတယ်။ မိနစ်ပိုင်းမှာတင် မြေဆီလွှာဟာ အပေါ်က ကျလာတဲ့ မိုးရေရဲ့ အစိတ်အပိုင်းလေးထက် ပို မစုပ်ယူနိုင်တော့ပါဘူး။ ဒီလို မိုးမျိုးရဲ့ ၃ ပုံ ၂ ပုံကျော်က ချောင်းငယ်မြောင်းငယ်တွေထဲ တရှိန်ထိုး စီးသွားတာပါ။ ဒါတွေက ထိတ်လန့်ဖွယ်ရာ မြေတိုက်စားမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဗော်လ်တာအပေါ်ခြမ်းကို လေ့လာချက်တွေအရ တစ်နှစ်အတွင်း နှစ်စဉ်မြေတိုက်စားမှုတစ်ခုလုံးရဲ့ ၉၀% နီးပါးဟာ ၆ နာရီအတွင်း ဖြစ်ပွားခဲ့တာလို့ တွေ့ထားပါတယ်။

            မြေဆီထဲက အာဟာရဓါတ်တွေနဲ့ အဖိုးတန် သတ္ထုဓါတ်တွေ မိုးကြီးရိုက်တဲ့အထဲ ပါသွားတော့တာပါပဲ။ အပူပိုင်းဒေသအများစုမှာ ကျောက်တုံးကျောက်ဆောင်တွေ ရှေးရှေးကတည်းက ဖြစ်တည်ခဲ့တာနဲ့  ရာသီဥတုဒဏ်အတော်လေးခံထားရတာကို ပေါင်းလိုက်တော့ အပူပိုင်းမြေဆီလွှာအများစုက ဩဇာမထက်သန်တော့ပါဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ တစ်ခါတလေ နေနဲ့ မိုး ဖျက်ဆီသွားကြောင်း အမှတ်အသားအနေနဲ့ မပျော်ဝင်တဲ့ အလူမီနီယမ်နဲ့ သံအောက်ဆိုဒ်အကြွင်းအကျန်တွေ စုဝေးရာ နီကျင့်ကျင့် မြေတွေကို မြင်ရတတ်ပါတယ်။

            အပူပိုင်းက တချို့နယ်မြေ အနည်းအကျဉ်းလောက်တော့ မြေဩဇာကြွယ်တဲ့ မြေဆီလွှာတွေ ရှိကြတယ်။ ဒါကလည်း တိုက်စားလို့ ဆုံးရှုံးသွားတဲ့ အာဟာရဓါတ်တွေကို တခြားအရင်းအမြစ်တွေကနေ စဉ်ဆက်မပြတ် ပြန်ဖြည့်တင်းနေတဲ့ နေရာမျိုးတွေမှာပါ။ ဘယ်လိုနေရာမျိုးတွေလဲဆို မြစ်ကြောင်းမြစ်ဝှမ်း နဲ့ မြစ်ဝကျွန်းပေါ် နုံးတင်မြေနေရာတွေပါ။ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ချ်က ဂင်္ဂါမြစ်ဝှမ်း ၊ တရုတ်က ယန်စီ နဲ့ မြစ်ဝါ မြစ်ဝှမ်း ၊ မဲခေါင်မြစ်ဝကျွန်းပေါ် ၊ အီဂျစ်နိုင်ငံ နိုင်းမြစ်ဝှမ်းတို့လို မြစ်ဝကျွန်းပေါ်ဧရိယာတွေဟာ တတိယကမ္ဘာမှာ လူဦးရေအသိပ်သည်းဆုံး နေထိုင်ရာနေရာတွေ ဖြစ်ကြပါတယ်။ ဒီလို မြေဆီလွှာမျိုးကနေပဲ အစောဆုံး လူ့ယဉ်ကျေးမှုတွေဖြစ်တဲ့ အီဂျစ် ၊ ဆူမား ၊ အက်ဆီးရီးယား ၊ ဟာရာပါ ၊ အိန္ဒိယက မောရိယ နဲ့ ဂုပတားအင်ပိုင်ယာနဲ့ တရုတ်နိုင်ငံတွေ ပေါ်ပေါက်လာခဲ့တာပါ။ ဂျာဗားကျွန်းက မီးတောင်မြေဆီလွှာဆိုလည်း ကျောက်တုံးသစ်တွေကနေ မြေဆီလွှာအသစ် ပြန်ဖွဲ့စည်းတာမို့ မြေဆီဩဇာအလွန်ကောင်းကြပါတယ်။ မြေဆီကောင်းတယ်ဆိုပေမယ့်လည်း ကျွန်းနေလူဦးရေနဲ့ ထွက်တဲ့ အစားအသောက် ပြန်ချိန်ကြည့်တော့ မြေဆီဩဇာမကောင်းရာ နေရာတွေမှာ တပြန့်တကြဲနေထိုင်ကြသူတွေနဲ့ ဆင်းရဲတာချင်း တူသလောက် သွားကျပါတယ်။

            အီကွေတာနေသွားလမ်းပေါ်မှာ တစ်နှစ်ပတ်လုံးမိုးရေချိန် စိတ်ချရနိုင်တဲ့ နေရာက နည်းနည်းလေးပါ။ အပူပိုင်းက တခြားနေရာတွေမှာ မိုးရွာသွန်းမှုက တစ်နှစ်နဲ့ တစ်နှစ် တောက်လျှောက်ပြောင်းနေသလို တစ်နှစ်ထဲတောင် စိတ်ချရတာမျိုး မဟုတ်ပါဘူး။

            အပူချိန်ကြောင့်လည်း အပူပိုင်းနိုင်ငံက အပင်တွေက သမပိုင်းရာသီဥတုတွေထက် အစိုဓါတ် ပိုပျံကြပါတယ်။ စိုထိုင်းဆ ပျံလွယ်လို့လည်း ရေပိုလိုပါတယ်။ ဒါပေမယ့် ဒေသအတော်များများမှာ ပြဿနာက မိုးလုံးလုံးခေါင်တာ မဟုတ်ဘဲ အတော်ကြာအောင် မိုးတစ်စက်မှ မကျရာကနေ လအနည်းငယ်ကြာအောင် မိုးကြီးရွာတာပါ။  တတိယကမ္ဘာမှာ အများစု ကြုံတွေ့ခံစားနေရတာက မိုးခေါင်တစ်လှည့် ရေကြီးတစ်လှည့် ဖြစ်တာပါ။

            ဥရောပအနောက်ပိုင်းနဲ့ မြောက်အမေရိကအရှေ့ပိုင်း မိုးရွာသွန်းပုံက တစ်လနဲ့ တစ်လ သိပ်အများကြီး မကွာတတ်ပါဘူး။ နယူးယော့ခ်မှာ မိုးအရွာဆုံးလက မိုးအနည်းဆုံးလထက် တစ်ဆခွဲလောက်ပဲ ပိုရွာပါတယ်။ Kew Gardens မှာက နှစ်ဆ ၊ ဘာလင်မှာ နှစ်ဆခွဲ။ ဒီလောက်ပါပဲ။ Kew နဲ့ တစ်နှစ် မိုးရေချိန်ချင်း တူတဲ့ ဒေလီနဲ့ ယှဉ်ကြည့်လိုက်ပါ။ နိုဝင်ဘာလထဲမှာ ဒေလီရဲ့ မိုးရွာသွင်းမှုက မိုးရေချိန် ၁၀ မီလီလီတာ ရှိပါတယ်။ ဇူလိုင်နဲ့ ဩဂုတ်လမှာ တစ်လကို မိုးရေချိန် မီလီမီတာ ၁၇၀ ကျော်သွားပါတယ်။ ကာလကတ္တားမှာ ဩဂုတ်လထဲ မိုးရွာသွန်းမှုက ဒီဇင်ဘာမှာ မိုးရွာတာရဲ့ ၃၂ ဆ ရှိပါတယ်။ နိုင်ဂျီးရီးယား အလယ်ပိုင်း ဇန်ဂါရူမှာ မိုးအရွာဆုံးလက မိုးအပါးဆုံးလထက် ၅၄ ဆလောက် ပိုရွာပါတယ်။ မြေဆီလွှာက သီးနှံဖြစ်ဖို့ ရေသိုလှောင် သိမ်းဆည်းတာက အကန့်အသတ်ရှိပါတယ်။ ဘာနဲ့တူလဲဆို မိုးရာသီမှာ ဘဏ်အကောင့်ထဲ ငွေထည့်ပြီး နွေရာသီမှာ ထုတ်သုံးတာမျိုးပါ။ အပူပိုင်းနိုင်ငံအတော်များများက တစ်နှစ် မိုးလုံလောက်အောင် ရတယ် ထင်ရပေမယ့် ဒါက တစ်ချီတည်း တစ်လုံးတစ်ခဲရတာ ဖြစ်ပါတယ်။ အများစုက အဟောသိကံဖြစ်သွားပြီး ဘဏ်အကောင့်ထဲက လက်ကျန်နည်းနည်းကိုပဲ လနည်းနည်းလောက် သုံးရစွဲရတာ ဖြစ်ပါတယ်။ ဥပမာ - တာ့ဂျ်မဟာတည်ရှိရာ အဂ္ဂရာမှာ ဇူလိုင်နဲ့ ဩဂုတ်လရောက်ရင် စိုက်ပင်ပျိုးပင်က လိုတာထက် မိုးပိုရွာပါတယ်။ စက်တင်ဘာမှာ မိုးနည်းလာလိုက်တာ သုံးပတ်လောက်ပဲ မြေဆီထဲ မိုးရေစုနိုင်ပြီး  နောက်ကျန်တဲ့ ၉ လလုံး ဘာရေမှမရှိဘဲ ရေအကြွေးတင်တော့တာပါပဲ။

            မိုးတွင်း ပုံမှန်ရွာတာမျိုးက အနည်းဆုံးတော့ အလိုက်သင့် ပြောင်းလို့ရတယ်။ အာရှမှာ ဆည်မြောင်းစနစ်တွေက သီးနှံစိုက်ချိန်တွေမှာ ရေပေးဝေနိုင်တယ်။ ဆာဟာရတောင်ပိုင်း ဆာဟီးလ်မှာ လယ်သမားတွေက နှံစားပြောင်း နဲ့ လူးဆပ်တို့လို အကြီးမြန်တဲ့ မြက်မျိုးနွယ်ဝင်အပင်တွေ စိုက်ပါတယ်။ ဒီအပင်တွေက ၃ - ၄ လနဲ့ အစေ့ကနေ အနှံသိမ်းနိုင်တဲ့အထိ အပင်ဖြစ်သန်တာကိုး။

            သို့သော်လည်း တစ်နှစ်နဲ့တစ်နှစ် မိုးလေ မှန်အောင် လိုက်ညှိရတာ လွယ်တာတော့ မဟုတ်ပါဘူး။ ဥရောပ နဲ့ မြောက်အမေရိကဒေသအတော်များများမှာ တစ်နှစ်ပျမ်းမျှ မိုးရေချိန်အပြောင်းအလဲက ၁၅% အောက်မှာပဲ ရှိပါတယ်။ တတိယကမ္ဘာက အများစုမှာတော့ မိုးရေချိန်အပြောင်းအလဲဟာ ၁၅% ကနေ ၂၀% အတက်အကျ ရှိတတ်ပြီး ခြောက်သွေ့ မိုးပါး မိုးခေါင်ရပ်တွေမှာတော့ ၄၀% အထက်တောင် ရှိနိုင်ပါတယ်။ မိုးရှားတဲ့နှစ် သီးနှံပျက်စီးတာက ပုံမှန်ပါပဲ။ မိုးအဝင် နောက်ကျရင် သီးပင်စားပင် စိုက်ချိန် တိုပြီး အထွက်ကျပါတယ်။ ဒါနဲ့ ဆက်ပြီး ငတ်မွတ်ခေါင်းပါးမှုနဲ့ ရောဂါဘေးတွေလည်း ကပ်လိုက်တော့တာပါပဲ။ ဒါကြောင့်ပဲ အိန္ဒိယတိုက်ငယ်မှာဆို မုတ်သုန်ကို ရင်တဖိုဖို စောင့်မျှော်ကြရစမြဲ။ မုတ်သုန်အဝင် တစ်ပတ်ကနေ နှစ်ပတ် နောက်ကျပြီဆိုရင် ရတက်ပွေ ထိတ်လန့်ရမြဲပါပဲ။