Language တစ်ခု မြန်မြန်ပြောတတ်ဖို့...
ဘာသာစကားသစ် ပြောတတ်ဆိုတတ်ဖို့ ဘယ်လောက်သင်ရမလဲဆိုတာ ပုံသေနည်းမရှိဘူး ထင်ပါတယ်။ အားထုတ်မှု ၊ လိုချင်စိတ်နဲ့ နည်းစနစ်မှန်ကန်တဲ့ပေါ် လိုက်ပြီး တချို့လပိုင်း တချို့ နှစ်ပိုင်းလောက် သင်ရတတ်ပါတယ်။
ကိုယ်လည်း ကြိုးစားနေမယ် ၊ ပုံမှန်လေ့လာမှုလည်း ရှိနေပြီး လေ့ကျင့်ဖော်ပတ်ဝန်းကျင်တစ်ခုလည်း ရှိနေမယ်ဆို Language တစ်ခု ပြောတတ်ဖို့ ၆ လ ၁ နှစ်လောက်ပဲ ကြာနိုင်ပါတယ်။ ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ဖို့တော့ တောက်လျှောက် ၃-၄ နှစ်တန်သည် လေ့လာရမှာပါ။
ဒါကလည်း ကိုယ်လေ့လာတဲ့ ဘာသာစကား ၊ လေ့လာမှု အပျော့အပြင်းနဲ့လည်း ဆိုင်သလို ကိုယ်သိကျွမ်းပြီးသား ဘာသာစကားနဲ့ နွှယ်တဲ့ Language တွေ သင်ရတာမျိုးဆို ပိုတတ်လွယ်တာပါပဲ။ ဘယ်ဘာသာစကားပဲ လေ့လာလေ့လာ အရေးကြီးတာက -
(၁) ဆက်တိုက်လေ့လာပါ
ဘာသာစကားတစ်ခုကို စွဲစွဲမြဲမြဲထိတွေ့သွားတဲ့သူဟာ In-Class သင်တာ မဟုတ်လည်း ကာလအပိုင်းအခြားတစ်ခုမှာ ပြောနိုင်ဆိုနိုင် ဖြစ်သွားပါလိမ့်မယ်။ အဓိကက Keep In Touch ဖြစ်နေဖို့ပါ။ ကျနော့်အဘွား ပြောဖူးတာ ရှိတယ်။ အဘွားက ဂျပန်ခေတ်ကို မှီခဲ့တဲ့သူပါ။
သူ့ကို ထိန်းတဲ့ ကိုတင်မောင်ဆိုတဲ့ အဘကြီးက အဘွားတို့အိမ်မှာ စာရင်းငှားအနေနဲ့နေပြီး ရေစည်လှည်းတိုက် ၊ တောင်သူအလုပ်လုပ်ရင်း ကလေးတွေပါ ထိန်းခဲ့တာတဲ့။ ကိုတင်မောင်ကြီးက အတန်းကျောင်း ရောက်ဖူးတဲ့သူ မဟုတ်ပါဘူး။ ဘုန်းကြီးကျောင်း သင်ပုန်းကျွတ်ရုံပါပဲ။
ဂျပန်ခေတ်မှာ ရွာထိပ်မှာ ဂျပန်တွေ နေသွားတဲ့ ၇ လ၈လလောက်မှာပဲ ဂျပန်တွေ ရေချိုးဖို့ ရေစည်တိုက်ပေးရတဲ့ ကိုတင်မောင်ကြီးက ဂျပန်တွေနဲ့ အလွမ်းသင့်ပြီး ဟိုပြောဒီပြောနဲ့ ဂျပန်လို အတော်ကြီး ပြောနိုင်သွားတယ်တ်ဲ့။ အဘွားဆို ကိုတင်မောင်ကြီး တော်ချက်လို့ မှတ်ချက်ပေးတယ်။
ကျနော်တို့လည်း ကိုတင်မောင်လို တော်နိုင်ပါတယ်။ နေ့တိုင်း ထိတွေ့ပြောဆို လေ့လာနေဖို့ပဲ လိုတာပါ။
(၂) အသုံးများတဲ့ စကားလုံးတွေ ကျက်ထားပါ
ဘာသာစကားဆိုတာ စကားလုံးတွေနဲ့ တည်ဆောက်ထားတာ ဖြစ်လို့ ဝေါဟာရမတတ်ဘဲ Language သင်ဖို့ မဖြစ်နိုင်ပါဘူး။ အဘိဓါန်ထဲက စကားလုံး အကုန်လုံးတော့လည်း သိစရာမလိုပါဘူး။ နေ့စဉ်လက်တွေ့ဘဝမှာ အသုံးများတဲ့ အသုံးတွေပဲ လေ့လာရမှာပါ။
စကားလုံးသစ်တွေ Notes မှတ် ကျက်တာ ၊ Duolingo , Babblel , Rosetta Stone တို့လို Language app သုံးတာတို့အပြင် ကိုယ်ကျက်ထား ပြောထားတာတွေကို ဖုန်းနဲ့ Recording ဖမ်းပြီး နားထောင်တာမျိုး လုပ်ပြီး memorize လုပ်နိုင်ပါတယ်။ အရေးကြီးတာက ကိုယ်ကျက်ထားတဲ့စကားလုံးကို အလျင်းသင့်သလို မကြာမကြာ သုံးပေးဖို့ပါ။
(၃) အရေးကြီးဆုံးက ဘာသာစကားတတ်ချင်နေဖို့ပါပဲ
စကားပြောသင်တန်းတွေ ဆင်းပြီး တကယ့်လက်တွေ့မှာ ထိထိရောက်ရောက် မပြောနိုင်တဲ့သူတွေ တွေ့ဖူးမှာပါ။ ဘာသာစကားတစ်ခုကို ဒါလေးတော့ သင်ထားမှဆိုတဲ့ သူတွေနဲ့ ဒါမတတ်လို့ မဖြစ်ဘူးဆိုတဲ့ သူတွေအကြား တတ်မြောက်မှု ကွာပါတယ်။
တကယ်တတ်ချင်တဲ့စိတ်နဲ့ တွန်းသင်နေတဲ့သူဟာ Language တစ်ခု ပြောလို့ မှားသွားမှာလည်း မကြောက်ပါဘူး။ သင်ရင်းနဲ့လည်း စိတ်အားလျော့တာမျိုး ဖြစ်မှာ မဟုတ်ပါဘူး။ သူစွမ်းသလောက် သေချာတတ်အောင် စိတ်ဝင်တစား လေ့လာသွားမှာပါ။
ဒါမတတ်ရင် ငတ်ပြီလို့ သင်ချင်တဲ့တစ်နေ့ အဲ့ဒီစကားတတ်ဖို့ သိပ်မခက်တော့ဘူးလို့ ပြောချင်ပါတယ်။