မှားမှားမှန်မှန် မှား

မှားမှားမှန်မှန် မှား

(၁)

စာမေးပွဲနီးလာတော့ ကျနော်တို့တွေ ဘာလုပ်ရမလဲ မသိတော့ဘူး။

အဲ့တုန်းက ကျနော်တို့က စတုတ္ထတန်းမှာ။ လူမှုရေးဆိုပြီး ဘာသာရပ်သစ်နဲ့ ကြုံတယ်လေ။ ရီတော့ ရီရတယ်ဗျ သိလား။ လူမှုရေးဘာသာရပ်ကို သင်မှာက ဆရာဦးခင်မောင်ရင်။ ကျနော်တို့ ရွာကပဲ။

ရွာထဲမှာ သူ့ကို ဘော်ဒါတွေက ဂျပန်ကြီးလို့ ခေါ်ကြတယ်။ အမျိုးထဲက တူမတွေ/နှမတွေကတော့ အန်ကယ်ရင်တဲ့။ ဆရာရင်က အရပ်သားတစ်ပိုင်း ကျောင်းဆရာပါ။ သူ့အလုပ်သူ လုပ်ရင်း မေ့လောက်မှ ကျောင်းရောက်တတ်သူမျိုး။ သူ့မှာလည်း အလုပ်တွေက အများကြီး။ အိမ်မှာ ဆိုင်ဖွင့်ထားသလို ယာခင်းချောင်းခင်းကိစ္စတွေလည်း သူပဲ ဦးဆောင်ရတယ်။ ပိုက်ဆံလေးရွှင်တော့ အတိုးအပွားလည်း ပေးစားသေးတယ်။ များသောအားဖြင့်တော့ ဆရာရင် ကျောင်းလာတယ်ဆိုရင် ကျောင်းစစ်ဝင်လို့ဖြစ်ဖြစ် ၊ ကျောင်းမှာ ပွဲတစ်ခုခု ရှိလို့ / ဒါမှမဟုတ်လည်း ယာခင်းကိုင်းခင်းကိစ္စ အလုပ်ပါးလို့ဖြစ်ဖြစ်မှ လာတာ။

ဒီတော့ လူမှုရေးဘာသာရပ်သစ်တိုးတဲ့နှစ် ဆရာရင်က ကျောင်းမတက်တော့ ကျနော်တို့တွေ ဒုက္ခတွေ့ရောပဲ။ ဆရာရင်ကတော့ ပြောပါတယ်။ “မင်းတို့ လေးတန်းရောက်နေပြီ။ မြန်မာစာ မဖတ်တတ်ဘူးလား။ ကိုယ့်ဟာကို ဖတ် ၊ မရှင်းရင် မှတ်ထား။ ရွာထဲ ငါ့အိမ် အချိန်မရွေးလာမေးတဲ့။” ရွာကျောင်းဆိုတော့ ဘယ်ဆရာမဆို ပြန်ပြောဖို့ , မရှင်းလို့ မေးခွန်းပြန်ထုတ်ဖို့ မပြောနဲ့။ ကိုယ့်နားရွက်ကိုယ်တောင် အပြင်ကို တော်တော် ထွက်နေပြီလား စိုးရိမ်ပြီး ရသလောက် ကုပ်ထားရတာလေ။ ဒီတော့ ဘယ့်နှယ်လုပ်ပြီး ဆရာက ကျောင်းမလာဘူးလား သွားမေးရဲပါ့မလဲ။ တစ်ခုတော့ ဆရာရင်က ပြောသေးတယ်။

“ဟေ့ မင်းတို့ စာမေးပွဲမှာ လူမှုရေးဆိုတာ ဘာလဲလို့ မေးလိမ့်မယ်။ အဲ့ဒါဆို ‘လူမှုရေးဘာသာရပ်ဆိုသည်မှာ ပထဝီနှင့်သမိုင်း ပေါင်းစပ်ထားသော ဘာသာရပ်ဖြစ်သည်’ လို့သာ ဖြေလိုက်”တဲ့။

ကျနော်တို့လည်း ဟုတ်ကဲ့ပေါ့။ ကိုချိုဆိုတဲ့ကောင်ကတော့ ကျနော်တို့ထဲမှာ အသက်လည်း ကြီးတယ်။ ဆရာရင်နဲ့လည်း တော်တော်ရင်းနှီးတယ်။ ရင်းနှီးဆို ပြီးခဲ့တဲ့ တန်ဆောင်မုန်းတုန်းက ဆရာရင်တို့ ဆရာဆန်းဦးတို့ ပျော်ပျော်ပါးပါး စားသောက်ချင်တယ်ဆိုလို့ သူတို့တောထဲက ကြက်မဒန်းနှစ်ကောင်တောင် သွားပေးဖူးပြီး ဆရာတို့ အလစ်မှာ တစ်ခွက်ဝင်ကစ်ဖူးတယ်ဆိုပဲ။ ဆရာတွေကို ကြက်သွားပေးတယ်ဆိုတာတော့ ဟုတ်ပါပြီ။ မင်းဟာက တကယ်ကြီး ဝင်ကစ်သေးတာလားဟ ဆိုတော့ ဟ ဆရာရင်တို့ရှေ့တော့ ဘယ်ချရမလဲကွ။ ဟို ဆရာများ နားနေခန်းဘေးအဖီထဲက ဖိုခွင်ထဲ ကြက်သားဟင်းအိုး ကိုင်ပေးရင်း ခိုးကစ်ရတာပေါ့တဲ့။ လခွီး။

ကိုချိုလိုကောင်က စကားပြောရင် လိုတာထက် ပိုပိုသာသာလေး ပြောတတ်ပေမယ့် သူပြောတဲ့ထဲ အမှန်တွေ ပါတယ်ဆိုတာ ကျနော်တို့အကုန်လုံး သိပြီးသားပါ။ ဆရာတွေအတွက် ခွက်ထဲက ဝေစုယူသွားတယ်ဆိုတာကိုတော့ အားကျသလိုလို မနာလို မကျေနပ်သလိုလိုတော့ အဖြစ်သား။ ထားလိုက်ပါ။

(၂)

ကျနော် ပြောချင်တာ စာမေးပွဲကြီးက နီးလာပြီ။ ဆရာရင်က ကျောင်းမလာသေးဘူး။ ဆရာရင် မလာတာက ကိစ္စမရှိဘူး။ မြန်မာစာနဲ့ ရေးပြီး မြန်မာလိုကျက် ၊ မြန်မာလို ဖြေရမယ့် လူမှုရေးဆိုတဲ့ဟာကြီးထဲမှာ ဘာတွေမှန်းလည်း မသိ။ တောရောက်‌တောင်ရောက်တွေလည်း ပါသေး။ ကျနော်တို့လည်း ဆရာရင် မဝင်တဲ့ ဘာသာရပ်မို့ ကောက်တောင် ကိုင်မကြည့်တာလည်း ပါမယ်ပေါ့။ သူကြီးမရှိတော့ ရွာဆူဆိုတာ ကြားဖူးပေမယ့် ဆရာ မရှိလို့ တပည့်တွေ ငယ်ထိပ်တက်ပူနေတာကတော့ ကိုယ်တွေ့။ ဖြစ်ချင်တော့ မြို့နယ်က အဲ့အချိန် မေးခွန်းပုံစံတွေ လာတယ်။ နမူနာမေးခွန်းမျိုးတွေပါ။ တချို့က အလွတ်ကျက်ပြီး အပုဒ်လိုက် ဖြေရတာ ၊ တချို့က ကွက်လပ်ဖြည့်။ တချို့က မှား/မှန် ရွေးရတာ။ မှား/မှန်ကချည်း ၂၀ ဖိုးလောက် ရှိမယ်။ မေးခွန်းကြည့်တော့ ပျာသွားတာပဲ။ စာတွေလည်း ကျက်မှ မထားဘဲကိုး။

            ဒါနဲ့ ကိုယ့်ကောင်တွေနဲ့ တိုင်ပင်ရတယ်။ ဆရာရင်ဆီကို သွားပြီး မေးရအောင်ပေါ့။ ထုံးစံအတိုင်းပဲ ဆရာရင့် လက်သုံးတော် ငချိုကို ခေါင်းတည်ပြီး ခေါ်ရတယ်။ ဟိုကောင်ကလည်း ဆရာရင့်ကို သူပိုင်ပါတယ် ပြချင်လို့လား ၊ သူလည်း တကယ်သိချင်တာကြောင့်လား မသိ ‘အေး သွားမယ်လေ’ တဲ့။ စိုးနိုင်ဦးကတော့ ‘အဲ့ကောင် ဘာမှမဟုတ်ဘူး။ မိတုတ်တို့ ဥမ္မာဦးတို့က ကိုချိုနင် မေးခွန်းတွေ ဖြေတတ်လား။ ငါတို့‌ မဖြေတတ်လို့ လုပ်ပါဦး’ ပြောလို့ အဲ့လောက် ဇောင်းကြွနေတာ ဆိုပြီး မလိုတမာမျက်နှာထားနဲ့ ပြောတယ်။ ‘ဘာဖြစ်ဖြစ်ကွာ ဒီကောင်ပါမှ ဖြစ်မှာဟ’ ဆိုပြီး ကျနော်တို့ တစ်သိုက် ဆရာရင်ရဲ့အိမ်ဘက် ထွက်ခဲ့တယ်။

            ဆရာရင့်အိမ်ရောက်တော့ ဈေးရောင်းနဲ့ ဆရာနဲ့ တွေ့တယ်။ ဆရာက အေးဆေးပဲ။ ရီရတယ်ဗျ သိလား။ ဆရာရင်က ဈေးရောင်းတာတောင် ကျောင်းစိမ်းဝတ်စုံကြီးနဲ့။ ဒါပေမယ့် ဘယ်သူက ရီမှာလဲဗျာ။ ကိုယ့်ဆရာပဲဟာ။ ဈေးဝယ်တွေ ပြတ်သွားတော့ ဆရာရင်က ကျနော်တို့ဆီ လျှောက်လာတယ်။ ဆရာရင့်ပုံစံကလည်း သူ့အိမ်ဝန်းက သူ့ကျောင်းခန်းလို မြင်နေလားမသိပါဘူး။ ကျနော်တို့ကို စဟောက်တော့တာပဲ။ ဟေ့ကောင်တွေ ကျောင်းလစ်လာ ပြန်ပြီလားတဲ့။ မဟုတ်ပါဘူးဆရာရယ်။ ကျနော်တို့ စာမေးချင်လို့ပါ ဆိုတော့ ဆရာရင် တချက်တွေသွားတယ်။ သူ့ ကိုယ်သူလည်း ငါဆရာပါလားလို့ ပြန်တွေးမိတာလားတော့ မသိဘူးပေါ့။ လေသံလည်း ပျော့သွားတယ်။

            ‘အေးကွာ။ ဆရာလည်း ကျောင်းဘက်လာမို့ပဲ။ အလုပ်လေးတွေ များနေတာနဲ့။ ပြောပါဦး မင်းတို့ ဘာမေးချင်တာလဲ”တဲ့။ ကျနော်တို့လည်း မေးခွန်းစာရွက်ပေးပြီး ဆရာရင့်ကို အကျိုးအကြောင်း ပြောပြတော့ ဆရာရင်က ခပ်ဟဟ ရယ်တယ်။ ဆရာ့ပုံစံက ပျောက်စေဆရာကြီးတစ်ဦး နှာစေခေါင်းကိုက်ဝေဒနာ ကုတော့မလဲ အေးအေးဆေးပဲ။ ပြီးတော့ ကျနော်တို့  သိချင်တာကို ဖြေပါတယ်။

            “မခက်ပါဘူးကွာ။ မင်းတို့ သိချင်တာတွေ ငါ ဟိုတစ်နေ့ကပဲ စာရေး ကျော်ဇောဟိန်းဆီက ကြားပြီးသား။ မြို့နယ်က ချတဲ့ မေးခွန်းတောင် ငါက သိနေပြီ။ အဲ ငါသိပြီးသားလို့တော့ မင်းတို့ ဘယ်သူမှ လျှောက်မပြောရဘူးနော်။ ကြားလား။ ဒီစကားအပြင်ပေါက်လို့ကတော့ မင်းတို့အကုန် နာပြီသာမှတ်”တဲ့။

            ကျနော်တို့လည်း “ဟုတ်ကဲ့”ပေါ့။ ဆရာက ဆက်ပြောတယ်။

            “ဒီလိုကွာ။ အပုဒ်ကြီးတွေထဲမှာ ပထဝီက ကျက်ရမှာတွေ ဆရာရေးပေးလိုက်မယ်။ သမိုင်းထဲက အပုဒ်ကြီး ၁ ပုဒ် မေးခွန်းတို ၁၀ မှတ်တန် ၂ ပုဒ်။ ဒါတွေ ကျက်ထားရင် မအောင်မရှိ ငါ့တပည့်ပဲ။ မှန်/မှားကတော့ တစ်ခါတည်း ရေးပေးလိုက်မယ်။”

            ပြောပြောဆိုဆို ဆရာက မေးခွန်းစာရွက်ရဲ့ လွတ်နေတဲ့ နေရာမှာ “မှား , မှား , မှန် , မှန် , မှား” လို့ တစ်ဖက်မှာ ရေးလိုက်တယ်။ ရေးရင်းနဲ့ အတူတူပဲ နောက် ၅ ခုလည်း မှားမှား မှန်မှန် မှားပဲတဲ့။ ကျနော်တို့လည်း သဘောတွေ ကျသွားလိုက်တာ။ ဆရာက သူ့လက်သုံးစကားလေး ပြောလိုက်သေး။ ဒါမျိုးက ပုစ္ဆာတစ်ပုဒ်ကို ဆရာနဲ့ ကျနော်တို့ အတူတူဖြေရှင်းပြီးရင် ဘလတ်ဘုတ်ကို တဘုတ်ဘုတ် ပုတ်ပြီး ဆရာပြောနေကျ စကားပါ။

            ဘာတဲ့။

ဆရာရင်။ ။ “ဘာလေး...”

ကျနော်တို့ တပည့်များ။ ။ “လွယ်လွယ်လေး”

 

(၃)

စာ‌မေးပွဲကြီး ဖြေတော့ အကုန်လုံး မအောင်မရှိ ငါ့တပည့်ပါ။ လူမှုရေးဘာသာရပ် မှား/မှန်ပုစ္ဆာတွေမှာ ဘယ်ကျောင်းသားမဆို “မှားမှားမှန်မှန်မှား” နဲ့ ဖြေမယ်ဆိုတာကတော့ ပြောဖို့ လိုမယ်မထင်ပါဘူး။ ကျနော်တို့တွေ ၄ တန်းကနေ ၅ တန်း , ၆ တန်း စသည်ဖြင့် အတန်းတွေ အောင်သွားကြတယ်။ ကျောင်းသားဘဝ ပြောစရာတွေထဲမှာ ဆရာရင်ရဲ့ “မှားမှားမှန်မှန် မှား” ကို အမှတ်တရအဖြစ် လက်ဆင့်ကမ်းခဲ့ကြတယ်။ အခက်အခဲတွေနဲ့ ကြုံနေတဲ့ ကျောင်းနေဘက် သူငယ်ချင်းကို “ဘာလေး..လွယ်လွယ်လေး” လို့ အားပေးနိုင်ခဲ့တယ်။ ဆရာရင့် ကျေးဇူးတွေပါပဲ။

နှစ်တွေ သိပ်ကြာတော့ ကျနော်လည်း မငယ်တော့ဘူး။ အသက်ပဲ ၃၀ ကျော်ပြီ။ အခြေတကျ ဖြစ်ပြီးသား အလုပ်အကိုင်ကနေ အာဏာသိမ်းမှုနောက်ပိုင်း စွန့်ခွာခဲ့ရပြီး ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးတဲ့ အလုပ်တစ်ခု လုပ်ရတယ်။ နယ်မြို့လေးမှာ စားသောက်ဆိုင်လုပ်ငန်းလေးတစ်ခု စဖြစ်တာပါ။ ကိုယ်မသိတဲ့ နယ်ပယ် ၊ မကျွမ်းကျင်သေးတဲ့ အလုပ်ဖြစ်လို့ ပင်ပန်းဆင်းရဲတာရော ၊ အဆုံးအရှုံးနဲ့ စိတ်ဖိစီးမှုတွေ‌ရော ကြုံခဲ့တယ်။ မနက်ဆို အစောကြီးထ, ဟိုးဘက်ရပ်ကွက်ထဲက ဈေးကို သွားပြီး ဝယ်ရခြမ်းရ ၊ ချက်ပြုတ်ဖို့ ဆေးကြောခုတ်ထစ်ရတယ်။ ဆိုင်ဝန်းကျင် ရေဖြန်း သန့်ရှင်းရေးလုပ်။ စားသုံးသူလာရင် ကောက်ရောင်းလိုက်။ မလာသေးရင် ပို့စ်လေးတွေတင် ပြီး အွန်လိုင်း မားကတ်တင်းဆင်းရတယ်။

ကျနော်ကိုယ်ပိုင် လုပ်ငန်းလုပ်တော့ ခေတ်က ပျက်နေပြီ။ ကျနော့်ယောက်ဖလည်း ဆရာဝန်ဝတ်စုံအစား စားဖိုမှူးဝတ်စုံဝတ်ရပြီ။ ကျနော်လည်း ကွန်ပျူတာမကိုင်ရဘဲ ဒယ်ကိုင်နေရပြီ။ မီးဖိုထဲက အပူတွေ ၊ အော်ဒါမှာတဲ့ အသံဆူညံညံတွေကြား ကျနော်တို့ကိုယ် ကျနော်တို့ မြှပ်နှစ်ထားရပြီ။ အဲ့ဒီအချိန် နယ်က ကျနော်တို့ ငယ်ဆရာတွေလည်း ပြေးတဲ့သူ ပြေး , ထွက်တဲ့သူ ထွက်ကုန်ပြီ။ မထွက်သေးတဲ့ ဆရာတွေလည်း ထိတ်လန့်နေကြတယ်တဲ့။ အမှတ်ကောင်းပြီး ဝါသနာကြောင့် ကျောင်းဆရာဝင်လုပ်တဲ့ ကျနော့်သူငယ်ချင်း ချစ်ကိုဆို အခု ဝက်မွေးစားနေရတယ် ကြားတယ်။ ဒီကောင်ကြီးဆို စစ်တပ်က တဲထဲဝင်ရိုက်သွားတယ်တဲ့။ စိတ်မကောင်းစရာ။ ငါ့လူ ကျန်းမာပကတိရှိသေးလားမသိ။

(၄)

ထုံးစံအတိုင်း ကန်သာဈေးကနေ ဝယ်ခြမ်းပြန်လာတော့ အချိန်ရသေးလို့ ဈေးတောင်ဘက် နန်းကြီးသုပ်ဆိုင် ထိုင်ပြီး မှာစားဖြစ်တယ်။ နန်းကြီးသုပ်မှာရင်း ဘေးဝိုင်းတွေ ကြည့်မိတော့ ဆံဖြူကြဲကြဲ ဖြစ်ကတတ်ဆန်းဝတ်စားထားတဲ့ အသက် ၆၀ တွင်းလူကြီးတစ်ယောက်နဲ့ အကြည့်ဆုံမိတယ်။ ကျနော့်မှာ ရင်ထဲ ဒိတ်ခနဲဖြစ်သွားတယ်။ ဆရာရင်။

ကျနော်လည်း ထိုင်ရာက ထပြီး ဆရာ့စားပွဲသွားတယ်။ ဆရာ့ကြည့်ရတာ အိုစာလိုက်တာ။ အတော့်ကို ရုပ်ကြီး ကျသွားတာပဲ။ “ဆရာ နေကောင်းရဲ့လား။ တန်းတောင် မမှတ်မိဘူးရယ်။ ကျနော်လည်း ဈေးဝယ်လာရင်း မနက်စာလာစားတာ” ဆိုတော့ ဆရာက “အေးကွာ”တဲ့ ဘာမှလည်း ဆက်မပြောဘူး။ စကားသာ မပြောတာ။ ဆရာ့ပုံစံက ငိုချတော့မယ့်အတိုင်း။ ဆရာရင်ဟာ ပြုတ်ထွက်နေတဲ့ ဝါးစည်းအလေးကြီး ထမ်းလာသူလိုမျိုး။ ဆရာ ဘာဖြစ်တာလဲဆိုတာ့ ဗရုတ်ဗရက်ကြီးမှာ ဆရာ့အသက် အလုပ်ကြံခံရလို့တဲ့။ ကျနော်ကျောင်းဆရာပါဗျ။ ဘာမှ မသိပါဘူးလို့ တိုးလျှိုးတောင်းပန်လို့သာ ဆရာလွတ်လာတာ။ ရိုက်တဲ့အထဲ ဆရာ့တပည့်ဟောင်းလည်း ပါတယ်ဆိုပဲ။ ဆရာလည်း တော်တော့်ကို လန့်သွားပုံရတယ်။

ပြောပုံအရဆို ဆရာ့အမျိုးတွေက ရွာထဲမှာ ဒလန်အကြီးစားလို့ နာမည်ထွက်သလို ဆရာ့ယောက်ဖကလည်း အုပ်ကြီးကိုး။ နောက်ပြီး သူ့မယားညီအစ်ကိုတို့ကလည်း အုပ်ကြီးလုပ်ဖူးတဲ့သူတွေ။ ဇာတ်ရှုပ်ကြီးထဲမှာ ငါညပ်သွားတာကွာတဲ့။ အခု ဆရာဘယ်မှာနေလဲဆိုတော့ “မပြောပါရစေနဲ့ကွာ။ ရွာကကောင်တွေ ကြောက်လို့ပါ။ နေတာတော့ ဒီမြို့ပေါ်ပါပဲ”တဲ့။ ကျနော်လည်း အတော်ကြီး စိတ်ဆင်းရဲသွားတယ်။ “ဆရာ ဒါ ကျနော့်ဖုန်းနံပါတ်ပါ။ တစ်ခုခုဆို ကျနော့်ကို ဖုန်းဆက်ပါ။ ကျနော် ဒီမြို့မှာ နေပါတယ်။ ဘာပဲလိုလို ကျနော့်ကို ပြောပါ။” ဆိုတော့ ဆရာရင် မျက်တောင်တွေ ဆက်တိုက်ခတ်တယ်။

“အေးကွာ”တဲ့။ အေးကွာ ပြောပြီး အကြာကြီး ငေးနေသေးတယ်။ ပြီးမှ

“ငါလည်း ဘာအမှားမှ မလုပ်ခဲ့ဖူးပါဘူးကွာ။ ငါ့ဟာငါ ကောင်းရာကောင်းကြောင်း ရှာကြံစားနေတာ။ အသိုင်းအဝိုင်းကြောင့် ငါပါ ဒုက္ခရောက်သွားတာကွ”တဲ့။

ကျနော်လည်း ဘာပြောရမှန်းမသိ ဖြစ်နေတယ်။

“ကျနော် သိပါတယ် ဆရာ။ ဒါပေမယ့် ဆရာ ကျနော်တို့ကို သင်ခဲ့သလိုပေါ့ ဆရာရယ်။ ခေတ်ကြီးက မှားမှားမှန်မှန် မှားနေတာကိုး” ဆိုတော့ ဆရာက “အေးကွာ”တဲ့။

ဆရာလည်း ဘာမှ ဆက်မပြောတော့ဘူး။ ကျနော်လည်း အသံတိတ်နေမိတယ်။