မွန်းတဲ့နွေ

မွန်းတဲ့နွေ

တောင်ပေါ်က ဆင်းသမို့

ရေသီချင်းဟာ ပြင်းမပေါ့

သစ်ကိုင်းဖျားကို ငှက်နားသလို

နဂိုညွှတ်စ တိမ်း .. ယိမ်းမိတာပါ...


အို ရှမ်းစိမ်းစိမ်း

ပန်းစိမ်းစိမ်း

စကားစိမ်းစိမ်း

လေစိမ်းစိမ်း

ငါတို့ရဲ့ နှလုံးအိမ် ငြိမ်းဝပ်ဖို့

သင်ဖွင့်မယ့် စကားထာ ဘာပါတဲ့လဲ

ဒီမြေခြောက်ရင် 

နောက်တစ်မြေကူး

ဒီရေ ရွှံ့လူးတော့ နောက်တစ်အိုင်ရှာ

ငါတို့ဟာ ဘာတွေပါလဲ



အို

ပူတယ်လေ

တောင်ကြားနေဝင်

မြေပြင် အက်ထ

အပျိုပျက်စနဒီ

သတ္ထုရည်လည်

စီးနီနောက်ကျိ

အဆိပ်တိဆွေး

လူအန်ထွေးလျက်



တောင်ခပန်းမှာ

ဝဲလည်ပတ်ကုံး

နိဂုံးတည်ထောင်

ဘုရားဆောင်နှင့် ကျောင်းတော်နှင့်

လမ်း၏အလယ်တွင်

သစ်တစ်ပင်သည်

ယာဉ်ကို ရင်ဆိုင် မတ်မတ်မား

လူကို ကြိုဆို စွန့်စွန့်ကား




အဝေးတပြေ

အကြေတခွင် တို့ရပ်မြေတွင်

စည်ရှင်သာမည် မသာသည်

ရာသီမသိ ကောင်းကင်ကြည့်

တိမ်ထိသည့်တောင်

တောင်ငြိသည့်ရွာ 

ရွာအစွန်းကငါ

အို .. မဲဇာ

ဤနေရာတွင်

တစ်နွေဝင်

ဤတစ်ရပ်တွင်

တစ်ဆောင်းဝင်၍

ဤတွင်

တစ်မိုးရောက်မည်လား

ဒီကဗျာကို 

စာနာတွေးပါ

မှောင်တာ ဘယ်လောက်မည်းမလဲ။




သင်ရောငါပါ 

မြေကမ္ဘာ၏

မကြေညာသည့် ဧည့်သည်တွေ

ဒီနွေကို ကြုံဖူးရုံ

ကံကို ယုံခဲ့တယ်။