code ရေးတတ်စရာမလိုဘဲ app ထုတ်နိုင်တဲ့ AI ၅ ခု

၂၀၂၅ မှာ app တစ်ခု ရေးဖို့ coding မသိလည်း ဖြစ်ပါတယ်။ အဓိကက အိုင်ဒီယာပါ။ ဘာလေး လုပ်ချင်တယ် ၊ ဘယ်လို run ချင်တယ်ဆိုတဲ့ sense လေး ရှိရင် AI tools တွေ သုံး drag-and-drop လုပ်ပြီး app ထုတ်နိုင်ပါပြီ။
လုပ်ငန်းသေးသေးလေးတွေ စလုပ်မယ့်သူတွေ ၊ ကျောင်းသားတွေ နဲ့ အပိုဝင်ငွေရှာနေသူတွေ ဒီ No-code tool လေးတွေ သုံးတတ်ရင် တကယ့်အခွင့်အလမ်းပါပဲ။ "လိုလျှင်ကြံဆ" ဆိုသလို ဈေးကွက်လိုအပ်ချက်ကို ကိုယ့်အိုင်ဒီယာနဲ့ AI နည်းပညာပေါင်းပြီး ဖြည့်ဆည်းရင်း အခွင့်အလမ်းတွေ ရှာနိုင်ပါတယ်။
code တစ်ကြောင်းမှ ရေးစရာမလိုတဲ့ No-Code AI tools တွေက အများကြီးပါ။ အဲ့ဒီထဲကမှ ဒီ tools လေးတွေ ညွှန်းချင်ပါတယ်။
(၁) BuildFire AI
mobile app တစ်ခု လွယ်လွယ်နဲ့ မြန်မြန် ဖန်တီးချင်ရင် ဒါလေး သုံးကြည့်ပါ။ BuildFire AI က ကိုယ်လုပ်ချင်တဲ့ business အကြောင်း မေးခွန်းလေးတွေ မေးပြီး သူ့ဟာသူ content ထုတ်ပေးနိုင်ပါတယ်။ ဘယ်လို features တွေ ထည့်သင့်တယ်လို့ အကြံပေးနိုင်ပါတယ်။
ကိုယ့်မှာ ဝက်ဘ်ဆိုက်ရှိရင် အဲ့ဒီက logo နဲ့ အရောင်အတွဲအစပ်ပါ ယူပြီး app မှာ သုံးပေးနိုင်ပါတယ်။ BuildFire AI ကတော့ free မရပါဘူး။ တစ်လ ဒေါ်လာ ၁၀၀ ဆိုတော့ လုပ်ငန်းရှင်တွေပဲ သုံးလို့ အဆင်ပြေမှာပါ။
(၂) Glide
Glide ကလည်း No Code App Builder ပါပဲ။ သူက spreadsheets တွေကနေ web နဲ့ mobile app ထုတ်ပေးနိုင်တဲ့ tool ပါ။ AI agents တွေ ဆောက်ဖို့လည်း သုံးနိုင်လို့ Glide ကလည်း လူသုံးများပါတယ်။ ပိုမိုက်တာက သူက Free plan ရတဲ့ tool ပါ။ တကယ်လို့ custom web publishing နဲ့ AI features တွေ သုံးချင်ရင်တော့ ပိုက်ဆံပေးရပါတယ်။
(၃) Obviously AI
ဒီပလက်ဖောင်းက BuildFire AI လိုပါပဲ။ ကိုယ်ဆောက်ချင်တဲ့ app ပုံစံကို AI က မေးတဲ့အတိုင်း ဖြေပြီး ကလစ်နှိပ်သွားရတာပါ။ သုံးလို့ လွယ်သလို app ဖြစ်လာဖို့လည်း မြန်ပါတယ်။ customize လုပ်လို့လည်း ရလို့ အတော်အဆင်ပြေပါတယ်။
free မဟုတ်ပေမယ့် ၁၄ ရက် အစမ်းသုံးလို့ ရလို့ စမ်းကြည့်လို့လည်း မှားစရာမရှိပါဘူး။ တကယ်လို့ free ပဲ သုံးချင်ရင် ClickUp တို့ Adalo တို့လည်း ကောင်းပါတယ်။
(၄) Akkio
Akkio က အေဂျင်စီတွေအတွက် ဒီဇိုင်းချထားတဲ့ Generative AI tool ပါ။ သူ့မှာက AI analytics နဲ့ ကြိုတင်ခန့်မှန်းနိုင်တဲ့ predictive modeling သုံးထားလို့ အေဂျင်စီတွေ ဖောက်သည်ကိုင်ရတာမှာ အတော်အဆင်ပြေပါတယ်။ လုပ်ငန်းသုံးဖြစ်လို့ ပိုက်ဆံပေးရပေမယ့် တစ်လ ၄၉ ဒေါ်လာဖြစ်လို့ မဆိုးဘူးလို့ ပြောနိုင်ပါတယ်။
Akkio ရဲ့ အားသာချက်က client တွေအတွက် custom chatbot တွေ ဖန်တီးလို့ ရတာပါပဲ။ AI သုံးပြီး ဒေတာတွေနဲ့ စကားပြောလို့ရတာလို့ ဆိုရမှာပါ။ ဥပမာ "လချုပ်ရောင်းအား ဇယားတစ်ခု ဖန်တီးပေးပါ" လို့ ရေးလိုက်ရင် AI က ဒေတာကြည့်ပြီး visual တစ်ခု ထုတ်တာမျိုးပါ။
(၅) AppSheet
နောက်ဆုံးတစ်ခုက အတော်များများနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ app တစ်ခု အလွယ်ရေးနိုင်ဖို့ Google က ထုတ်ပေးထားတဲ့ AppSheet ပလက်ဖောင်းပါ။ အချက်အလက်ဇယားတွေနဲ့ လုပ်ရတဲ့ လုပ်ငန်းလေးတွေအတွက် တော်တော်အဆင်ပြေတဲ့ free tool ပါ။
ဥပမာ - Delivery လုပ်ငန်းတစ်ခုရဲ့ ဖောက်သည်ဆိုင် အချက်အလက်တွေနဲ့ Delivery ပို့ပေးရမယ့် ပစ္စည်းစာရင်းကောက်တာ ၊ Deli Way ပို့တာ နဲ့ လအလိုက် report တွေကို AppSheet ထဲမှာ app တစ်ခုလို ထည့်သုံးလို့ ရပါတယ်။ gmail အကောင့်တွေချင်း ချိတ်ပြီး တခြားသူတွေလည်း ဝင်ကြည့်လို့ရအောင် လုပ်လို့ရပါတယ်။
ဒါတွေကတော့ Coding Skill မရှိဘဲ Application တစ်ခု ကိုယ်တိုင်လုပ်ချင်သူတွေအတွက် tools လေးတွေပါ။ အပေါ်မှာ ပြောခဲ့သလိုပါပဲ။ အိုင်ဒီယာရှိပြီး Coding Skill မရတဲ့သူတွေအတွက် ဒီ tools လေးတွေက အဆင်ပြေပါတယ်။
အခု tools လေးတွေ ကိုယ်တိုင်စမ်းပြီး အတွေ့အကြုံလေးတွေ မျှဝေပေးသွားပါဦး။