ရပ်ကြည့်သူရဲ့မနက်ခင်း

ရပ်ကြည့်သူရဲ့မနက်ခင်း

မနက်မနက်မှာ

ဘုရားတစ်ခါသွားတယ်

နက်စ်တစ်ခွက် ခံစားတယ်

မနက်မနက်ဆို

လူများတယ်

' အောင်မိုးဝေ'ဆိုင်

ဘုရားသမားနဲ့လည်း ဆုံတယ်

မဟားဒယားနဲ့လည်းကြုံတယ်

မတူမတန်ဆက်ဆံခံရတဲ့

အလှူခံက ခလေးနဲ့လည်းတွေ့တယ်

ရွှေတွဲလွဲငွေတွဲလွဲ

အမြဲဆင်းရဲတဲ့ သူဋ္ဌေးနဲ့လည်းတွေ့

တစ်နေ့တစ်နေ့ချူချာတဲ့

လူမမာ မြို့သူတွေနဲ့လည်းတွေ့

တရွေ့ရွေ့လျှောက်

ခြေထောက်ဆာတဲ့ ဆိုက်ကားသမားနဲ့လည်းတွေ့

ဗိုက်အငှားစားတဲ့ မိန်းမလှလေးနဲ့လည်းတွေ့

စပွန်ဆာမတွေ့တဲ့နေ့ နံပြားစားပြီး

ကြီးပွားတဲ့မနက် J Donut ကိုစတိုင်နဲ့ တွယ်

ဒီတစ်ခါ ရယ်သံတွေကျယ်သထက်ကျယ်

ပင်လယ်လို ပတ်ဝန်းကျင်

အဆင်ပြေသူက ရယ်

ဘယ်က စရမှန်းမသိသူတွေက

ဘုရားကြိုဘုရားကြား

လဒများလို မှိုင်

တစ်ချို့က ဘုရားကို တိုင်လို့..

 

ဂေါပက တစ်စု

လူထုရဲ့ယုံကြည်မှုရ

ဘုရားကြီးမှာ

ရွှေနဲ့ ဝ ဝလာ

ဘေဘီလုံမှာလည်း လူမွဲရှိဦးမပေါ့

ပျော့သူ ဖယ်သဘာဝမှာ

တစ်ချို့က ညမနက်စာမမှန်

မနက်ဖြန်အကြောင်းမတွေးကြေးလောင်းထားကြ

လမ်းတေလေကလေးများ

ဘုရားရိပ်နား

ကွမ်းဝါး ကော်ရှု

စရိုက်ပျက်သူတွေလည်း

လူထဲမှာ။

မနက် မနက်

အိပ်ယာကမထရဲ

အိပ်မက်ပဲ မက်ချင်ကြ

လက်တွေ့ဘဝက အန္တရာယ်များလို့

ဘရစ်တနီစပီးယားနဲ့ လင်မယားတော်ဖို့

မိုးမလင်းရင် ကောင်းမယ်ဆိုတဲ့ လူငယ်တွေ

ပလက်ဖောင်းတစ်ခုရဲ့မနက်ခင်းမှာ

ငှက်တေလေလို

ပျံစရာ ကောင်းကင်မရှိ

ပျော်စရာလေး စတိလောက်ပေးပါတဲ့

ဈေးဆိုင်မှာ လက်ကျန်မကျန်တဲ့အခါ

ဘယ်သူဆီမှ ကြာကြာမနေတဲ့

ကံတရားဟာ

ဟောဟိုက ခပ်ယိုင်ယိုင်ဓါတ်တိုင်လို

အန္တရာယ်ကို လွယ်ထားလို့

MERS ရောဂါ ကြောက်သူတွေ ပါးစပ်ပိတ်

လူတွေဟာ

အသံတိတ်နဲ့ပဲ နှုတ်ဆက်ကြ

အတုအယောင်ဘဝမှာ

အင်တာနက်တွေ

အလုပ်ပိုဖြစ်လာကြ

တန်ဖိုးထားရမယ့် အရည်အသွေးတို့

သက်တမ်းကုန်သွားကြ

လူတွေ

ကိုယ့်ကိုယ်ကို ပိုချစ်လာကြ

ကရုဏာတရား

အနေအထားမှားကုန်ကြ

သနားစရာ အတွက်

LIKE တစ်ချက်မျှသာ

ခပ်လှလှ မိန်းကလေးပုံဆို

ရှယ်ပဲ Share တယ် ဖြစ်ကုန်ကြ

အလှအပတွေ 360 ဖြစ်ကုန်ကြ

ဆီလီကွန်တွေကြောင့်

မုဒိမ်းမှုတွေ စိုးရိမ်ရ

လူတစ်ချို့ဘုရားပိုတ တတ်လာ

ဒါလည်း ဘာသာရေးပေါ့ဗျာ

ကုသိုလ် ရမှာပါ

အဲသလို ဖြေတွေး

ခပ်ဝေးဝေးက ခပ်ဝါးဝါးတွေးမိ

လူတွေမရှိရင် ကောင်းမယ်

အိုဇုန်းလွှာပြဲ

ငရဲကြီးရှစ်ထပ်

ငတ်ပြတ်တိုက်ပွဲ

ရောဂါလည်း သူတို့ကြောင့်ဖြစ်

ဘာသာရေးစစ်

လူချင်း ပစ်ခတ်

အထက်တန်းစား လူသတ်သမားတွေ

ဘုရားမျက်နှာ အိုးမဲသုတ်တဲ့ကောင်တွေ

သိပ် ချောင်ကြိုက်တတ်တဲ့

ခပ်ကဲကဲအတွဲလို

ဆွဲမယ်ဆိုတာချည်း လုပ်လုပ်နေ

ကြိုးချည်ထားတဲ့ ခွေးဆိုးတွေလို

နည်းနည်းလေးရှက်ကြပါ

ပန်ကာအောက်က သူခိုးက

ထမိန်သူခိုးလောက်တောင်မရိုးသား

ဘုရားဒကာအခေါ်က ခံချင်သေး

ကိုယ့်မျက်နှာကို မှန်ထဲကြည့်ရဲသလားမေးချင်မိ

အဲသလို မိမစစ် ဖမစစ်ကောင်တွေ

သူ့ Level နဲ့သူ သေကြမယ်ဆိုပေမယ့်

သေတာ နောက်ကျတတ်တယ်။

မနက် မနက်တွေမှာ

ဝမ်းရေးခက်တာထက်

အနာဂါတ်ကို သွေးပိုလန့်လာတယ်

ဘုရားသွားလို့

မတရားတွေ့တဲ့ခေတ်

ဘဝတွေ ပစ်စလက်ခက် ဖြစ်နေတဲ့ ခေတ်

ချစ်သူအစစ် ရောင်းဝယ်တဲ့ခေတ်

လူလိမ်တွေ လူရာဝင်တဲ့ခေတ်

အမှန်တရားကို ဆန္ဒပြနေတဲ့ခေတ်

အရူးလည်း မူးလဲနေတဲ့ခေတ်

သူခိုးတွေ လူသတ်နေတဲ့ခေတ်

ပညာတတ်ချင်လို့

ဘွဲ့ရတွေ ကျွန်ခံနေရတဲ့ခေတ်

ထမင်းစားရဖို့အတင်းစကားဆိုရင်း

အချင်းချင်းချောက်တွန်းကြတဲ့ခေတ်

ဝေသာလီဘီလူးတွေ လူဝင်စားပြီး

ကိုယ့်သွေးသားကို ပြန်စားတဲ့ခေတ်

ဘုရားတွေပေါပြီး

တရားတွေ ပါးလိုက်တဲ့ခေတ်

ဟစ်တလာကို ဗားရှင်းမြှင့်ထားတဲ့ခေတ်

ရှိတ်စပီးယားရဲ့လက်များလို

အလင်္ကာတွေများလွန်းတဲ့ခေတ်

ခင်ဝမ်းလေသံနဲ့

တစ်ချို့တွေ နေနိုင်လွန်းတဲ့ခေတ်

.  .  .ခေတ်

. . .ခေတ်

ခေတ်။ 

ထိုခေတ်များ၌

ကျိန်စာတိုက်သူတွေ ကျိန်ဆဲ

တိုက်ပွဲအစစ်ဝင်သူတွေ

ထောင်ထဲ ဝင်

မပြင်ချင်သူတွေကို ပြင်ပေးချင်တဲ့သူတွေနဲ့

ခေတ်ကြီး လုံးခြာလိုက်လည်

မိုက်တဲ့သူတွေ ကျန်နေဦးမယ်

မိုက်တဲ့သူတွေ ကျန်နေဦးမယ်...

 

အိမ်ယာမဲ့ကလေးတွေ

ဘူမိကမ္ဗလာ မြေမွေ့ယာထက်

ဆင်းရဲခြင်းကို မတ်တပ်ရပ်ခံ

မိဘအစစ်က ပြည်နှင်ဒဏ်ပေး

ဧည့်သည် သူဌေးဆီမှာ လက်ဖြန့်ခံ

ကိုယ့်နိုင်ငံထဲမှာနေပြီး

သူစိမ်းကျွေးမှ ထမင်းစားရတဲ့ဘဝ

မိဘစကားကို တကူးတကနားမထောင်ပေမယ့်

ညည ထမင်းတစ်နပ်လျှော့လိုက်ရတယ်။

ဟုတ်ကဲ့ပါဗျာ

မနက်ဖြန်မနက်

နောက်တစ်ကြိမ်ဆက်ဖို့

မနက်မနက် ဘုရားသွားပါဦးမယ်။    ။

 

ငြိမ်းဝေမင်း