အခန်းတစ်ခုထဲ ထည့်ထားခြင်း

အခန်းတစ်ခုထဲ ထည့်ထားခြင်း

ဈေးဝယ်ဖို့ သတိရပြီးမှ ဈေးရောင်းတဲ့သူတွေ မရှိတော့တာ သူသတိရသွားတယ်။ အခုတလော လမ်းပေါ်မှာ လူတွေ မရှိတော့ဘူး။ လမ်းပေါ်မှ မဟုတ်ပါဘူး။ ဈေးထဲမှာ ၊ ကျောင်းမှာ ၊ ရပ်ကွက်ထဲမှာ ၊ ဘောလုံးကွင်းမှာ ၊ နောက်ဆုံး အမြဲလူစည်တတ်တဲ့ ဘီယာဆိုင်နဲ့ ဘုရားမှာတောင် လူတွေ မရှိတော့ဘူး။ ပြောကြတာတော့ အခုရက်ပိုင်း လူအတော်များများ ကတ္တရာပူပူပေါ် ကျသွားတဲ့ ရေစက်တွေလို ရှဲခနဲ အသံမထွက်ရုံတမယ် ပျောက်ကွယ်သွားကြတယ်တဲ့။ ဒါက အပိုတွေပါလို့ သူတွေးလိုက်သေးတယ်။ တွေးပြီးမှ မဟုတ်သေးပါဘူး။ ငါလည်း အပြင်မှ မထွက်တာ။ ဟုတ်ရင်လည်း ဟုတ်မှာပဲလို့ ထပ်ဖြည့်တွေးရတယ်။ ဖြည့်မတွေးလို့လည်း မဖြစ်။ အခုခေတ်က ဘာမဆို ဖြည့်တွေး တွေးပေးရတဲ့ ခေတ်။ မနေ့က အကောင်းကြီး။ ဒီနေ့ ဆုံးသွားပြီဆိုရင်လည်း ကံစီမံရာပဲလေလို့ ဖြည့်တွေးတတ်ရတယ်။ ကျောင်းသွားတဲ့ကလေး ပျောက်သွားရင်လည်း ဒီကလေး ဘာမဟုတ်တာ လုပ်ထားလို့မှန်းမှ မသိတာလို့ ထည့်တွေးရတယ်။ တစ်ယောက်ယောက် အနိုင်ကျင့်ခံရရင်လည်း အရင်ဘဝက သူများကို အနိုင်ကျင့်ခဲ့တာ ဖြစ်မယ်လို့ ဆွဲတွေးတတ်ရတယ်။ လူတိုင်း အနိုင့်ထက်ပြုခံရရင်လည်း ဒီလူတွေ အကုန်လုံး စုပြီး မဟုတ်တာ တစ်ခုခု လုပ်ထားတာ ဖြစ်မယ်လို့ပဲ အလွယ်တွေးထားတာ ကောင်းတယ်။ ပြုသူထက် အပြုခံရသူကို အပြစ်ပုံချတာက လူအတော်များများ အလွယ်လုပ်နေကျ ပုံစံပဲ။ တကယ့်အကြောင်းရင်းမှန်ကို သိဖို့ အများကြီး လျှောက်စဉ်းစားနေလို့ မဖြစ်။ အများကြီး စဉ်းစားတာက ဒီဘက်ခေတ်မှာ အလုပ်မဖြစ်တော့ဘူး မဟုတ်လား။ ကိုယ်တွေးနိုင်တာထက် ပိုနှိုက်တွေးရင် ရူးတတ်တယ်တဲ့။ အဲ့ဒါကြောင့် ထင်တယ်။ ရူးနေတဲ့သူ တော်တော်များများက ပုံမှန်ထက် ပိုတွေးကြတာ ဖြစ်မယ်။ မသိနိုင်ဘူးလေ။ တစ်နေ့ကလည်း အင်တာနက်ပေါ်မှာ ကမ္ဘာကြီး ပူနွေးလာတာကို ကာကွယ်ဖို့ဆိုလား ဘာလားပြောတဲ့သူ တစ်ယောက်ရဲ့စာကို တွေ့လိုက်ရတယ်။ ပို့စ်အောက်မှာတော့ တစ်ယောက်က "စောက်ရူးကြီး... ကမ္ဘာကြီးပူတာ မင်းကိစ္စလား။ အလကား ဖင်ယားနေတာ"တဲ့။ နောက်တစ်ယောက်ကလည်း “ဟေ့ကောင် တော ပြန်တော့” လို့ ကွန်မန့်မန့်နေတာ တွေ့တယ်။ တခြား အတော်များများကလည်း ဒီသဘောပါပဲ။ ဝိုင်းပြီး ဆဲကြတာ။ ဒီလူတွေကလည်း ဆဲဖို့သက်သက် အင်တာနက်သုံးတာ နေမယ်လို့တောင် တွေးမိတယ်။ သူတို့အကောင့်ထဲ ဝင်စပ်စုကြည့်ရင်တော့ အဲ့အတွေးပျောက်သွားပြီး အူလည်လည် ဖြစ်သွားမယ်။ သူများပို့စ်အောက်မှာသာ ခွဆဲနေတာ။ သူတို့ Wall မှာတော့ ဘုရားပုံနဲ့ တရားစာနဲ့ တစ်ခါတစ်ခါ နာမည်ကြီး ဆရာတော်ကြီးတွေပုံနဲ့ စာတိုလေးတွေက ပါသေး။ ... အဆုံးအမလိုလို ၊ သံဝေဂလိုလို စာသားတွေက Share ထားသေး။ တစ်ခုမှ သူတို့ရေးတာတော့ မပါ။ အဲ့တော့လည်း အစောနက ပိုးစိုးပက်စက် ဆဲနေတာ သူတို့မှ ဟုတ်ရဲ့လားလို့ အူကြောင်ကြောင်ဖြစ်သွားရတယ်။ အေးလေ မျက်စိလည်မယ်ဆိုလည်း လည်လောက်တာကိုး။ သူကတော့ ဆဲမနေတော့ပါဘူး။ သူ့ဂူလေးထဲကနေပဲ  ဟိုကြည့်ဒီကြည့် ကြည့်မိတာ။ အပြင်တော့ မထွက်ရဲပါဘူး။ အပြင်မှာက အန္တရာယ်ကြီးတယ်တဲ့။ အခုဆို သူ့ကိုယ်ထဲမှာ လှောင်ထားတဲ့ အဆီတွေကို ပြန်စားခိုင်းပြီးပြီး အငတ်နေနေတယ်။ အပြင်မှာ စားစရာတစ်ခုခု ရှိမှာပါ။ သူကတော့ မသွားရဲ။ အခုနေမှာ ပစ္စည်းပို့တဲ့သူတွေလည်း ဖုန်းမကိုင်တော့။ ပစ္စည်းပို့သူတွေလည်း သူတို့ကို တစ်နေရာရာ အပို့ခံရတာ ကြုံတော့ မပို့ရဲတာ နေမယ်။ နောက်ဆုံးတစ်ကြိမ် ပစ္စည်းလာပို့တဲ့ ကောင်လေးနဲ့ တွေ့တာကိုပဲ ၄ လလောက် ရှိပြီ။ အဲ့ကောင်လေးက သူနဲ့ပြင်ပလောကကို ဆက်သွယ်ပေးထားတဲ့ တစ်ခုတည်းသော သက်ရှိလို့ ပြောလို့ရတယ်။ ကောင်လေးရောက်လာရင် သူက အပြင်မှာ ဘယ်လိုလဲ အမြဲမေးဖြစ်တယ်။ မေးတိုင်းလည်း ကောင်လေးက “မပြောပါနဲ့ ဦးလေးရာ။ ငတ်လို့သာ လုပ်စားနေရတယ်။ ဘယ်ချက်ပါသွားမလဲ ကြောက်နေရတာ။ ပစ္စည်းပို့တဲ့အလုပ်လည်း စိတ်ကုန်နေပါပြီပြောတတ်မြဲ။ အလုပ်အကိုင်ရော ကောင်းလားဆိုတော့ “အပြင်မထွက်ရဲတဲ့ သူတွေကတော့ မှာကြတာပေါ့။ ဒါပေမယ့်လည်း လူတွေ မွဲကုန်ပြီမလား။ ဘယ်နှယ့်လုပ် မှာနိုင်တော့မှာလဲ”။ သူနဲ့ ကောင်လေး နောက်ဆုံးတွေ့တော့ အဲ့ကောင်လေးရဲ့ အလုပ်ဆင်းချိန်။ သူက အဲ့ဒီနေ့အဖို့‌ နောက်ဆုံး customer တဲ့။ ဒါနဲ့ ကောင်လေးကို “လာပါကွ။ အလုပ်သိမ်းချိန်ဆို ဘီယာလေး စုပ်ရအောင်” ဆိုတော့ ကောင်လေးလည်း မငြင်းဘူး။ “ပြောပါဦးကွ။ အပြင်လောကအကြောင်း” ဆိုပြီး သူက စကားစတယ်။ တကယ်လည်း သူအပြင်က အခြေအနေကို သိချင်တယ်လေ။ သူ့အခန်းပြတင်းကနေ မြင်ရတဲ့ မြင်ကွင်းကလည်း ဟိုဘက်ဒီဘက် တိုက်ထဲက သူ့လို အခန်းအောင်းပြီး အပြင်ငေးနေတတ်သူတွေရဲ့ မျက်နှာတွေပဲ ရှိမယ်။ သူတို့ရှေ့လမ်းဆိုတာကလည်း တစ်နေ့လုံးနေလို့ လူ ၁ ကျိပ်ပြည့်အောင် လျှောက်ပါရဲ့လားမသိ။ တစ်ခါတစ်ခါ မိသားစုလိုက်များ လမ်းပေါ်မှာ မြင်ရရင် သူ့မှာ ရင်တွေဘာတွေကို ခုန်လို့။ ဒါပေမယ့်လည်း အဲ့ဒီမိသားစုတွေရဲ့ မျက်နှာကို မြင်လိုက်ရရင် သူ့မှာ ဝမ်းသာရင်ခုန်နေတာလေးပါ အငွေ့ပျံသွားတတ်တယ်။ ဘယ်တော့ကြည့်ကြည့် လမ်းပေါ်က လူတွေရဲ့ မျက်နှာဟာ ထိတ်လန့်မှုကိုယ်စီနဲ့။ အပြင်တကယ့်ဘဝမှာ ဘာတွေ ဖြစ်နေကြပြီလဲ။ သူ သိပ်သိချင်နေတာ။ ကောင်လေးက ဘီယာဗူးကို ဖောက်တဲ့ပြီး တစ်ကျိုက်မော့လိုက်တယ်။ “လူတွေတော့ လမ်းပေါ်မှာ မရှိတော့ဘူး ဦးလေးရေ။ ရှိတဲ့လူတွေကလည်း ကျနော်တို့လို မသွားမဖြစ်လို့ သွားရတဲ့ သူတွေနဲ့ ဒီလူတွေကို အမဲလိုက်ဖို့ လုပ်နေတဲ့သူတွေ။ ဒီနှစ်မျိုးပဲ ရှိတာ။”တဲ့။ “ကျနော့်သူငယ်ချင်းတွေကတော့ ဒီမှာ မနေရပြီးရောဆိုပြီး ခိုးလမ်းနဲ့ ထွက်သွားတဲ့သူ သွားကုန်ပြီ။ တောထဲ ရောက်တဲ့ကောင်တွေလည်း ရောက်ကုန်ပြီ။ နည်းနည်းသွက်တဲ့ ကောင်တွေက အခုနိုင်ငံခြားမှာလေ။ ကျောင်းအတက်ပြပြီး နေလို့ရအောင် ဖန်ကြတာပေါ့။ ကျနော်လည်း လိမ့်ဖို့ လုပ်နေတာ။ အခုက ပိုကြပ်သွားပြီ။ မရတော့ဘူး။” ပြောပြောဆိုဆို ဘီယာလက်ကျန်ဖြတ်တယ်။ သူလည်း နောက်တစ်ဗူးထိုးပေးရင်း “သွားပေါ့ကွ။ ငယ်တုန်း စွန့်စားရတယ်။ ဦးလေးတို့ ငယ်ငယ်တုန်းကဆို..” သူက သူ့ငယ်ဘဝစွန့်စားခန်းကြီး ချပြမလို့ ရှိသေး။ ကောင်လေးက လက်ကာပြတယ်။ “တော်ပါတော့ ဦးလေးရာ။ အခုခေတ်က ဦးလေးတို့ ခေတ်နဲ့ ဘာမှ မဆိုင်တော့ဘူး။ ဦးလေးတို့လည်း ကျနော်တို့လိုသာ ဒီခေတ်ထဲမှာ ငယ်နေသေးရင် ရူးခါသွားမယ်။” ကောင်လေးလေသံက ခပ်တင်းတင်း။ သူ့ကို စိတ်ဆိုးနေတာ မဟုတ်တာတော့ သူသိတာပေါ့။ အခုခေတ် ကလေးတွေအကုန် စိတ်တွေ ဆတ်နေကြပြီလား မသိ။ တစ်ခုခုဆို ပက်ခနဲ ပြန်ပြန်ပြောတတ်တာ သူသတိထားမိတယ်။ ကလေးတွေ ဘာသာရေးနဲ့ ဝေးကုန်ပြီထင်ရဲ့ ဆိုပြီး သူ အူတိအူချာ တွေးမိတယ်။ တွေးရင်းက “ ဘယ်လို ဖြစ်လို့လဲ ငါ့တူရ။ လူဆိုတာ ကြိုးစားရင် မိုးစွန်တစ်မွတ်..” ။ “မိုးမစွန်နဲ့ ဦးလေးရေ မြေကြီးပေါ်တောင် နေရာပျောက်နေတာ။ ဘာမှ မိုတီဗေးရှင်းတွေ ပြောမနေပါနဲ့ဗျာ။ ဦးလေး ကျနော့်အရွယ်တုန်းက ဦးလေးနဲ့ ရွယ်တူ သူငယ်ချင်းတွေ အရှင်လတ်လတ် ပျောက်သွားဖူးလို့လား။ သားမတွေ့လို့ ဖအေ မအေ အဆွဲခံရပြီး ဘဝပျက်သွားတဲ့အကြောင်းတွေ ကြုံခဲ့လို့လား။ ကျောင်းတက်ပြီး နိုင်ငံခြားထွက်ဖို့ အိပ်မက်ကြီးကြီးမက် ကြိုးစားပြီးမှ အနာဂါတ်မရှိ လမ်းပျောက်သွားတဲ့ လူငယ်တွေ အုပ်စုလိုက် မြင်ဖူးလို့လား။ တစ်ခုပဲ ပြောမယ်ဗျာ။ တစ်နေ့က ကျနော် KTV တစ်ခုကို Deli သွားပို့ရတယ်။ အဲ့ဒီ KTV က အရင်ကလည်း ပစ္စည်းပို့ရင်း ရောက်ဖြစ်တာမို့ ကျနော်နဲ့က ရင်းနှီးပြီးသား။ အဲ့ KTV က အခန်းထဲ သီချင်းဆိုတဲ့ KTV ။  ကျနော်ပြောတာ နားလည်လားမသိဘူး။ လူ  မိုက်နဲ့ ကောင်မလေးတွေ သီချင်းဆိုရတာလေ။” ပြောရင်း ကောင်လေးက သူ့ပါးစပ်ရှေ့ မိုက်ကိုင်သလို ကိုင်ပြီး လက်ကို ရှေ့တိုးနောက်ဆုတ် လုပ်ပြတယ်။ “အဲ့ဒီနေ့က KTV အဝင်ဝမှာ ပစ္စည်းပေးရင်း ကောင်တာက အစ်မနဲ့ စကားပြောနေတုန်း Section ခန်းထဲက ထွက်လာတဲ့ ကောင်မလေးကို တွေ့တော့ ကျနော့်မှာ ပြာထွက်သွားတာပဲ။ ကောင်မလေးက တကယ့် ဟော့ရှော့။ လန်းတာကလည်း လွန်ရော။ အဲ့ဒါ တခြားဟုတ်ရိုးလား။ ကျနော်တို့ တက္ကသိုလ်က Roll 1 လေ။ နည်းပညာကျောင်းရဲ့ အလှဆုံးတစ်ယောက်ပေါ့။ ကျနော်တို့ထက် တစ်တန်းကြီးတဲ့ မမကြီး။ ကျနော်တို့ကောင်တွေ ကြိတ် Crush ပြီး အိပ်ရေးပျက်ခဲ့ရတဲ့ အလှဘုရင်မလေး။ ကျောင်းတုန်းက အဖော်ကောင်းရင် သူ့အဆောင်ရှေ့သွားသွား ဂစ်တာခေါက်ပြီးတောင် ကြောင်ဖူးသေး။ သူကတော့ ဘယ်သိမလဲ။ နှစ်အဆက်ဆက် Roll 1 ကိုး။ ကျနော်တို့ကို ဖင်ကြားတောင် ညှပ်တာ မဟုတ်ဘူး။ ရီရတယ်ဗျ သိလား။ အခုလည်း သူကျနော့်ကို မသိဘူး။ အေးလေ။ BE ဘွဲ့ရပြီး ဘယ်သူက Deli ပို့တဲ့ အလုပ်လုပ်တယ် ထင်မှာလဲလေ။ ကျနော်ကလည်း BE ကို ဂုဏ်ထူးနဲ့ ကျောင်းပြီးပြီး သူ အခုလို အပျော်မယ်လုပ်နေမယ်လို့ ဘယ်ထင်မလဲဗျ။ Shock အကြီးကြီးပဲ ဦးလေးရေ။ တကယ့် Shock ဗျ။ အဲ့နေ့က Deli ဆက်ပို့စရာတွေ ရှိပေမယ့် ကျနော် မပို့တော့ဘူး။ အဆောင်ပဲ ပြန်လာတော့တယ်။ အခန်းထဲက ဂစ်တာလေး မြင်တော့ ငိုမိတယ်ဗျာ။ ကျနော်တို့ ဘဝတွေ ဘာလို့ ဒီလောက်တောင် အဖတ်ဆယ်မရ ဖြစ်ကုန်တာလဲ မသိတော့ဘူးဗျာ။” ကောင်လေးက ပြောရင်း မျက်ရည်စို့လာတယ်။ သူက အခုထိ အူတိအူလည်။ ကောင်လေးက ဆက်ပြီး “ဦးလေးတို့ Gen Lee တွေက ဒါတွေ ဘယ်သိမလဲဗျာ။ လူငယ်တွေဆို စောက်ရူးလေးတွေ့ပဲ ထင်ကြတာမလား။ ကျနော်တို့ မရူးဘူးဗျ။ ရူးတဲ့ကောင်က သပ်သပ် ကျနော်တို့က ရူးတာက ဘယ်သူ့မှ မထိခိုက်ဘူး။ ဘယ်ဟာကိုမှ မဖျက်ဆီးဘူး။ တကယ်ရူးတဲ့ ကောင်တွေက ကျနော်တို့ကို ဖျက်ဆီးသွားတာ။” ပြောရင်း ဒေါသတစ်ဝက် ဝမ်းနည်းသံတစ်ဝက်နဲ့ အသံတိမ်သွားတယ်။ အတော်ကြာကြာ ငြိမ်ပြီးမှ ဘီယာလက်ကျန်ကို မော့ချလိုက်ပြီး သူ့ Delivery အိတ်ကို လွယ်တယ်။ ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး အခန်းဝကို ထထွက်သွားတယ်။ အခန်းဝရောက်မှ သူ့ဘက် လှည့်ပြီး “ကျနော် သွားပြီ” လို့ ပြောသွားတယ်။ သွားပြီဆိုတာ ဘာကို ပြောတာလဲ။ သွားပြီဆိုမှတော့ သွားဖို့ နေရာရှိမှာပေါ့။ အိမ်ပြန်မှာလား။ အလုပ်သွားမှာလား။ တစ်နေရာရာသွားမှာလား။ ဘယ်သွားလဲတော့ သူမသိ။ ကောင်လေးကို အဲ့နေ့က သူနောက်ဆုံးမြင်ခဲ့တာလို့ပဲ မှတ်မိတယ်။ နောက်တော့ ဖုန်းတောင် ဆက်မရတော့။ ဘယ်ရောက်သွားတာလဲ။ ကတ္တရာပူပူပေါ် ကျသွားတဲ့ ရေတစ်စက်လို ရှဲခနဲ ပျောက်ကွယ်သွားတာလား သူမသိ။ ဒီနေ့တော့ သူ မစဉ်းစားစဖူး သူအများကြီး စဉ်းစားနေမိရင်း သူ့အခန်းလေးထဲကနေ လမ်းမပေါ် လှမ်းငေးနေမိတယ်။ လမ်းပေါ်မှာ လူတွေ တစ်ယောက်မှ မရှိ။

 

ငြိမ်းဝေမင်း