ဆောင်းရောက်တောင် အညှောင့်မပေါက်သေးတဲ့အပင်

“ညီလေးတို့လို ပညာတတ်မျိုးဆို တစ်လ
ယွမ် ၁ သောင်းအေးဆေးပဲ”
ဒီနေ့
လက်ဖက်ရည်ဝိုင်းကတော့ တကယ့်ငလွဲ။ ပုံမှန်ဆို ဒါမျိုး လာပြောရင် သူ့သဘောက လက်ဖက်ရည်ဖိုးရှင်း
ထပြန်ရုံပဲ။ အခုက ကိုယ့်အစ်ကိုလို ခင်ရသူတွေလည်း ရှိနေတော့ အားနာသမှုနဲ့ နားလာခု, ရတာပေါ့။
ထိုင်တာကလည်း ဖင်တောင် မပူသေး။ ကြိုက်ပေမယ့် တစ်ခွက် ၃ ယွမ်တန် လက်ဖက်ရည်တောင် တစ်ပတ်မှ
စနေ , တနင်္ဂနွေနှစ်ရက်ပဲ သောက်နိုင်တဲ့သူ့အဖို့ သောက်လက်စ တစ်ဝက်တောင်မကျိုးသေးတဲ့
လက်ဖက်ရည်ထား , ထပြန်ဖို့ကလည်း မဖြစ်နိုင်။ ဒီလိုနဲ့ သူ နားဒုက္ခစ, ခံရတော့တာပါပဲ။
အခုဝိုင်းထဲ
ပါလာတဲ့သူက သူ့အစ်ကိုနဲ့ မိတ်ဆွေ ကားဆရာ။ တောင်ပေါ်သတ္ထုဆိုက်တွေမှာ ဘတ်ဖိုးကားတွေ
မောင်းတဲ့သူ။ သူ့ကို ဘွဲ့ရပညာတတ်မှန်းသိတော့ စပြီး မေးတဲ့ မေးခွန်းကတည်းက ပယောဂမစင်။
“မင်း တစ်လ ဘယ်လောက်ရလဲ။ ယွမ် ၇ ထောင် ၈ ထောင် ဝင်လား”တဲ့။ “ဒီလိုပါပဲဗျာ စားဖြစ် သောက်ဖြစ်ပေါ့”
လို့ ပြီးစလွယ် ဖြေလိုက်တာကို မရပ်။ လူကို အရောင်းအဝယ်ပစ္စည်းတစ်ခုလို သေချာကြည့်ပြီး
“မဟုတ်ဘူးလေကွာ။ တစ်လဘယ်လောက်ဘယ်ညာ ရလဲပြောကြည့်ပေါ့။
ငါ့ညီကို အစ်ကိုက အလုပ်တစ်ခု ပြောမလို့။ ညီလေးတို့လို ပညာတတ်တွေဆို တစ်လ ယွမ် ၁ သောင်း
, ၁ သောင်းခွဲ အေးဆေးပဲ။ ဘယ်လိုလဲ စိတ်ဝင်စားလား”။ သူကလည်း ဒါမျိုးမေးတဲ့သူဆို အတော်ချဉ်။
ဒါပေမယ့်လည်း မေးတဲ့သူ အပြစ်မဟုတ်တော့ဘူး။ အမှားတွေတောင် လူအများဆုံး မှားနေတဲ့အရာကို
အမှန်လို့ လက်ခံထားရင် ကျန်တဲ့ကောင်တွေ ဘယ်လောက် မှန်မှန် မှန်ဘလန်ပဲ။ ဒါမျိုးက လူသုံးများတဲ့အမှားပဲလေ။ ဒီတော့လည်း ခွင့်မလွှတ်လို့
မဖြစ်။ ကိုယ့်ပေတံက ကိုယ်တိုင်းဖို့ သူ့ပေတံက သူတိုင်းဖို့။ ဒီလို နားလည်ထားမှ သက်သာရာရမယ်ဆိုတာ
သူသိတယ်။
ဒီတော့လည်း “ကောင်းရာမွန်ရာဆိုရင်တော့ စိတ်ဝင်စားပါတယ်ဗျာ။ မဟုတ်မဟပ်ဆိုရင်တော့” လို့ပဲ ပြောရသေး။ “ဒါတော့ မပူနဲ့ညီလေး။ အားလုံး ဒါပဲ လုပ်စားနေကြတာ။ အေးရာအေးကြောင်းပါပဲ”တဲ့။ သူလည်း မနေနိုင်တော့။ “အစ်ကို ပြောတာ ကျားဖြန့်လုပ်ဖို့ မဟုတ်လား။ ပွင့်ပွင့်လင်းလင်း ပြောမယ်ဗျာ။ ကျနော်က ဒါမျိုး အလွန်ရွံဗျ။ လုပ်မစားဘူး။ တတ်နိုင်သလောက် သမ္မာအာဇီဝကျကျပဲ ရှာစားတာ” လို့ သူ ဘုတောတယ်။
“မဟုတ်ဘူး ညီလေး။ မင်းက ငယ်ပါသေးတယ်။ ၄-၅ နှစ်လောက် ဘယ်က ရရကွာ။ ပိုက်ဆံကျုံးရှာ။ ပြီးမှ ညီလေး ပြောသလို ကောင်းရာမွန်ရာ အေးဆေးနေပေါ့။ ညီလေးက ပညာတတ်မို့ ပြောတာနော်”တဲ့။ ဒီဘဲတော့ မန်းလေ ပြဲလေ။
“သူများ မျက်ရည်ပေါက်ကြီးငယ်ကျအောင် ၊ ဘဝပျက်အောင်
လိမ်ဖို့တော့ ဘွဲ့ရပညာတတ်ဖြစ်စရာ မလိုပါဘူးဗျာ။ လိမ်တတ်ဖို့နဲ့ လိမ်ရက်ဖို့ပဲ လိုပါတယ်။
ကျနော်က လျှာပေါ် မြက်ပေါက်ပါစေဆိုပြီး အသားယူ ပြောတာ မဟုတ်ဘူး။ နောက်ဆုံးအချိန်အထိ
ကျနော် မဟုတ်တာ မလုပ်မိအောင် ကြိုးစားနေတာ။ နောက်ပြီး အစ်ကို ပြောသလို ကျနော်က ၃-၄-၅
နှစ် မဟုတ်မတရားစီးပွားရှာ အဆင်ပြေမှ လူကောင်းလိုနေ ဆိုတာ ဖာခေါင်းလုပ် ၊ ဆေးရောင်းပြီး
ပိုက်ဆံရှိမှ ဘုရားဒကာလုပ်ပြီး အပူဇော်ခံချင်တဲ့ဟာနဲ့ အတူတူပဲ။ တော်တော် ရွံဖို့ ကောင်းတဲ့အလုပ်။
မတရားအလုပ်လုပ်ပြီး ကြီးပွားမှတော့ ကျနော့် ဘယ်သူက လူရာသွင်းပါ့မလဲ။ ကျနော် မွေးထားတဲ့
ကလေးတွေကိုရော လူ့အသိုင်းအဝိုင်းက ဘာပြောကြမလဲ။ လူလိမ့်သား ၊ ဖာခေါင်းသားပဲ ပြောကြမှာပေါ့။
ရိုးရိုးသားသားနဲ့ ကြိုးစားလို့မှ မချမ်းသာရင်လည်း ကျနော်တော့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှာ
မဟုတ်ဘူး။ မရိုးမသားလုပ်ပြီး ချမ်းသာတော့ရော ကျနော်က ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှာမှ
မဟုတ်တာ။ မဟုတ်တာလုပ်ပြီး ကြီးပွားတယ်ဆိုတာကလည်း ကိုယ့်ဟာကိုယ် ကျေနပ်ဦးမှ အရသာရှိမှာ။
ကျနော်တော့ ကိုယ့်ဟာကိုယ် သိတယ်။ အဲ့ဒီလို မတရားလုပ်ပြီးတော့ဖြင့် အရသာခံနိုင်မှာ မဟုတ်ဘူးဆိုတာ။
အဲ့ဒါမို့ ဒါမျိုးတော့ ကျနော့် လာမပြောပါနဲ့ဗျာ။ အပေါင်းအသင်းလို ခင်တယ်ဆိုရင်ပေါ့”
ဘတ်ဖိုးဆရာလည်း
မျက်နှာပျက်ချင်ချင်။ “အေးကွာ ကိုယ်ကတော့ တစ်မျိုးကွ။ ငဝိုင်း အဓိကပဲ။ ဘယ်လိုနည်းနဲ့ ရရ ပိုက်ဆံရတုန်းရှာမယ်။ နောက်မှ ကောင်းရာကောင်းကြောင်းနေမယ်”
ဆိုပြီး စကားတိတ်သွားတယ်။ သူလည်း ဘတ်ဖိုးဆရာဆီက နောက်ထပ်စကားမကြားရလို့ စိတ်အေးသွားတယ်။
မဟုတ်ရင် ပြောရဆိုရဦးမယ်။ အရေးထဲ မိတ်ပါပျက်သွားနိုင်တယ်။ လောလောဆယ်တော့ ဗိုက်က ဟာနေတော့
အီကြာကွေးလေး လက်လှမ်းလိုက်တယ်။ သူက တစ်နေ့မှ ထမင်းနှစ်နပ်သာ စားတဲ့သူ။ အခုလို လက်ဖက်ရည်သောက်တဲ့နေ့ဆို
ညနေခင်းလောက်မှ ထမင်းစားတော့မှာ။ ဒီတော့ မနက်လက်ဖက်ရည်ကို မုန့်လေးတစ်ခုနဲ့မှ အာသာပြေတယ်။
အီကြာကွေးကို ထက်ပိုင်းဖြတ်ပြီး လက်ဖက်ရည်ထဲနှစ်ပြီး အားရပါးရစားတယ်။ ရိုးရိုးသားသား ရှာလို့ရတဲ့
ပိုက်ဆံနဲ့ စားတာဟ ဆိုပြီး သူ့ဟာသူ ကျေနပ်နေတာလည်း တစ်ပိုင်းပေါ့။
သူ လက်ဖက်ရည်နဲ့ အာရုံရောက်နေတုန်း ဘတ်ဖိုးဆရာက သူ့အစ်ကိုကို စကားစတယ်။ “ကျုပ် ဟို သတ္ထုလောပန်နဲ့ ဈေးညှိမလို့။ သူကတော့ နံပါတ် ၇ ဂီယာနဲ့ပဲ မဟုတ်ဘဲ သူပြောသလို ဂီယာကြီးတွေနဲ့ အမြန် မောင်းပေးရင် နာရီကြေး ပိုပေးမှာပဲ။ ဘယ်လောက်တောင်းရကောင်းမလဲဗျ ” ။ အစ်ကို လုပ်သူက “ကြည့်လုပ်ပါ ကိုပေါက်စီရာ။ ခင်ဗျားအုံနာသိရင် ခင်ဗျားဒုက္ခရောက်သွားမယ်နော။ ခင်ဗျားသူဌေးက သူ့ကားကို ဘော်ဒီလေး ပုတ်ပုတ်ပြပြီး အစင်းတောင် မထင်စေဖို့ ပြောထားတာ မဟုတ်လား” ဆိုတော့ ဘတ်ဖိုးဆရာက “ဒါတော့ ဒါပေ့ါဗျ။ ဒါပေမယ့် ဂီယာလေး ပြောင်းမောင်းတာ သူမသိပါဘူး။ အခုဆိုက်က သူနဲ့လည်း လှမ်းပါတယ်။ တစ်ခါတစ်ခါမှ ဒီဘက် ရောက်ဖြစ်တာပါ” ဆိုတော့ အစ်ကိုလည်း နားအေးပြီးရောဆိုပြီး “ခင်ဗျားသဘောဗျာ”တဲ့။ ဘတ်ဖိုးဆရာက စကားလေး ထပ်ထောက်လိုက်သေးတယ်။ “ မတတ်နိုင်ဘူးဗျာ။ မိုးရွာတုန်း ရေခံဆိုသလို ကိုယ့်အတွက် ကျန်အောင် ကဲ့ရမှာပဲ။”တဲ့ ။ ပြောပြီး တအောင့်နေတော့ ဘတ်ဖိုးဆရာလည်း ထွက်သွားတယ်။
“ကိုပေါက်စီနဲ့လည်း
ခက်ပါတယ်ကွာ။ တစ်လ တစ်လ သိန်း ၄၀ လောက် ရနေတာတောင် မတော်လောဘ တက်နေသေး။ သူအခုမောင်းနေတဲ့
ဘတ်ဖိုးအုံနာက တော်ပါတယ်။ သူ့လည်း လစာကောင်းကောင်း ပေးထားတာ။ ဒါကို သူက အခု သူဝင်နေတဲ့
ဆိုက်က သတ္ထုသူဌေးနဲ့ လက်ဝါးချင်း ရိုက်ပြီး စက်ကို နင်းခိုင်းနေတာ။ သူ့သူဌေးသိရင်
မလွယ်ဘူး။ တော်ကြာ မြန်မာတွေအကုန် ဒီလိုကလိန်ကကျစ်တွေလို့ ထင်ကုန်မှာ စိုးရတယ်။”
“အဲ့ကိုပေါက်စီကို
အစ်ကိုက မပြောဘူးလား”
“ပြောသားကွာ။
ငါလည်း အာပေါက်မတတ်ပြောတာပါပဲ။ ကိုပေါက်စီက ငွေတစ်မျက်နှာပဲကွ။ သူပြောတာ မကြားဘူးလား။
ဘယ်လိုနည်းနဲ့ ရရ ငွေရအောင်ရှာမယ်ဆိုတာ။ တစ်ခါတစ်လေ သူပြောတာ ရှိသေးတယ်။ မိုးရွာတုန်း
အစေ့မစိုက်ရင် ဘယ်အပင်မှ မပေါက်ဘူးတဲ့။ သူ့အမြင်နဲ့သူတော့ ဟုတ်တာပေါ့ကွာ။ ငါတို့ကျတော့
လုပ်အပ် မလုပ်အပ် ထည့်တွက်ရတာပေါ့။ ကိုပေါက်စီကတော့ ဒါတွေ ခေါင်းထဲ မထည့်ဘူး။ မထည့်လို့သာပဲ
ငါတို့အထဲ သူငွေအရွှင်ဆုံး ဖြစ်နေတာဟ”တဲ့
သူလည်း
ငွေ , သမ္မာအာဇီဝ , မရိုးသားမှု , အသက်မွေးခြင်း စတဲ့ခေါင်းစဉ်တွေနဲ့ တသီကြီး စဉ်းစားနေမိတယ်။
အော် ငွေ ..ငွေ။ မသေမချင်း ရှာရမယ့်ငွေ။ ဘဝအပျက်ခံ ကျန်းမာရေးအထိခံ မိသားစုအကွဲခံ ရှာရတဲ့ငွေ။
တရားသော မတရားသော စောကြောစစ်မနေသာတဲ့ ငွေ။ လောဘကို အားပေး ငရဲမွေးရှာရတဲ့ ငွေ။ တော်တော်မွှေတဲ့
ငွေ။
“ညီမလေးရေ
လက်ဖက်ရည်ဖိုး ရှင်းရအောင်” သူ လက်ဖက်ရည်ဖိုး ရှင်းဖို့ လှမ်းခေါ်တယ်။ ကောင်မလေးက သူစားထားတာ
တွက်ပြီး “၇ ယွမ်ပါအစ်ကို” ။ “၅ ယွမ် မဟုတ်ဘူးလား ညီမလေး။” ဆိုတော့ လက်ဖက်ရည်ဈေးတက်သွားလို့ပါတဲ့။
သေရော။ သူ့မှာ ၅ ယွမ်ပဲ ပါလာတယ်။ မျက်နှာပူပူနဲ့ပဲ “အစ်ကို ကျနော့်ကို နှစ်ကျပ်ချေးခဲ့ပါ”
လုပ်ရတယ်။ အစ်ကို လုပ်သူက ကြည်ကြည်သာသာပဲ နှစ်ယွမ်ထုတ်ပေးတယ်။ မျက်နှာကတော့ တစ်မျိုးပဲလို့
သူထင်မိတယ်။
နောက်အပတ်တော့
စနေတစ်ရက်ပဲ လက်ဖက်ရည်သောက်နိုင်တော့မယ် ထင်ပါရဲ့။
- - ငြိမ်းဝေမင်း