ကျနော်တို့ တစ်ယောက်ကိုတစ်ယောက်...

ကျနော်တို့ တစ်ယောက်ကိုတစ်ယောက်...

(၁)

နတ်ဒေဝတာတွေ လာမကယ်ခင်

ငါတို့ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရမယ်

ငါတို့အချင်းချင်း ကယ်တင်ရမယ်။ 

 

(၂)

တစ်ယောက်တည်းလို့ ထင်နေပြီလား။

အနာဂါတ်မဲ့နေပြီလို့ တွေးနေပြီလား။

ဘာမှ အဆင်မပြေတော့ဘူးလို့ မြင်နေပြီလား။

 ကျနော် နည်းနည်း ပြောပါရစေ။

သိပ်ခံစားနေရရင် ယုံကြည်ရသူကို ရင်ဖွင့်လိုက်တာ ကောင်းတယ်။ ရင်ဖွင့်ရလောက်အောင် ယုံကြည်ရသူ ရှိရင်ပေါ့လေ။ ဒါမှမဟုတ်လည်း Lifestyle ပြောင်းပြီး ကိုယ့်ကိုယ်ကိုယ် Build Up လုပ်လိုက်တာ ကောင်းတယ်။ မနက်စောဘက် ခြေလှမ်း ၁ သောင်း ရောက်အောင် လျှောက်တာမျိုး။ စိတ်ရဲ့ မွန်းကြပ်ချက်တွေကို ဟိုးအဝေး တိတ်ဆိတ်တောနဲ့ မြက်ရိုင်းလွင်ပြင်တွေဆီ စေလွှတ်ရင်းပေါ့။

အဲ့ဒီအချိန် ကိုယ်ကိုယ်တိုင် အေးချမ်းတိတ်ဆိတ်ရာတောနဲ့ တောင်တွေဆီ ရောက်နိုင်ရင် ပိုကောင်းမယ်။ ဖော်ရွေတဲ့ တောင်တွေအကြားဆို ခိုင်မတ်တဲ့ အကာအရံတွေကြောင့် စိတ်လုံခြုံရာ ရှာလို့ရရင်လည်း ရမှာပဲလေ။ မဟုတ်ဘူးဆိုလည်း တောင်တွေရဲ့ တည်ကြည်အ‌ဖော်မဲ့မှုက ကိုယ့်ရဲ့ အထီးကျန်မှုအတွက် နှစ်သိမ့်စာနာရာလည်း ဖြစ်နိုင်တာပါပဲ။ အခုပြောသလို လုပ်နိုင်အောင် အခြေအနေနဲ့ လွတ်လပ်မှုရှိရင်ပေါ့လေ။

(၃) 


ကျနော််ကခင်ဗျားနဲ့ အတူပဲဆိုတာ ပြောချင်လို့ပါ။ အဝေးရောက်လွင့်ပါးနေတဲ့ စိတ်တွေနဲ့ ပြန်ဆက်သွယ်ဖို့ ကျနော်တို့ ကြိုးစားနိုင်တာတွေ အများကြီး ရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိပေးနေဖို့ပါ။ ဘယ်လိုမှ မပျော်နိုင်တဲ့အခါ ဘာမှ မရှိတဲ့အချိန်တုန်းက ကျနော်တို့ ပျော်ရွှင်နိုင်ခဲ့တာတွေကို ပြန်အမှတ်ရနေရင် ကောင်းတယ်။ အဆင်မပြေတဲ့နေ့တွေဆိုတာလည်း အခိုးအငွေ့တစ်ခုလိုပါပဲလို့ တွေးနိုင်ရင် သက်သာရာရနိုင်ပါတယ်။

သိပ်ပင်ပန်းလာရင် ရောက်ရာအရပ်က နားလိုက်ပါ။ ၃-၄ နာရီဆက်တိုက် ထိုင်မိလို့ ညောင်းညာလေးလံနေတဲ့ ခန္ဓာကိုယ်ကိုတောင် အနည်းဆုံး ခါးလှည့် ခေါင်းခါ နေသာအောင် ပြင်ဖို့ ကျနော်တို့ သတိရသေးတာ မဟုတ်လား။ နှစ်နဲ့ချီကြာ အကြောမလျှော့လာတဲ့ နှလုံးသားကို ကြင်နာဖို့ လိုကိုလိုပါလိမ့်မယ်။ တရားထိုင်တာလိုမျိုး စိတ်ကို နက်နက်နဲနဲ ဆက်သွယ်ပြီး ရောဂါချက် ရှာနိုင်ရင် အကောင်းဆုံးပါ။ တကယ်လို့ ဒီအဆင့်အထိ မသွားနိုင်ရင် ကျနော်အကြံပေးချင်တာလေးတချို့ကို ထည့်စဉ်းစားကြည့်စေချင်ပါတယ်။

(၄)

ကျနော်တို့ ကြုံနေတဲ့ ဖိစီးဆို့နင့်နာကျင်မှုတွေဆိုတာ တစ်ခါတစ်ခါ သေချာကြည့်ဖို့ လိုနေတာလည်း ဖြစ်နိုင်ပါတယ်။ ဘာကို ကျနော်တို့ တကယ်နာကျင်နေရတာလဲ အလေးအနက် မေးခွန်းထုတ်ကြည့်ပါ။ ကိုယ့်မေးခွန်းမှာ အဖြေတွေ့ရင် သက်သာရာရှာလို့ ရနိုင်ပါတယ်။ ပြဿနာကို ရှင်းဖို့ လမ်းစတွေ့နိုင်ပါတယ်။

တစ်ခါတလေတော့လည်း ကျနော် လက်လွတ်လိုက်ဖို့ လိုနေတာ ဖြစ်နိုင်တယ်။ ကိုယ်သိလျက်ဖြစ်စေ မသိဘဲဖြစ်စေ ဆုပ်ကိုင်မိတဲ့အရာတွေ ငုံ့ကြည့်လိုက်ပါ။ ကျနော်ငယ်ငယ်က အဖေနဲ့အတူ မိုးရေထဲ တောစီးရာဘာ လည်ရှည်ဖိနပ်ကြီး စီးပြီးနဲ့ ယာခင်းက ပြန်လာခဲ့ဖူးတယ်။ ရွှံတွေနဲ့ လေးလံလွန်းလို့ ကျနော်ဟာ အဖေ့ကို မှီအောင် မလျှောက်နိုင်ခဲ့ဘူး။ နောက်တော့ အဖေက ဖိနပ်ချွတ်ပေးလိုက်တဲ့အခါ ပေါ့ပေါ့ပါးပါး ကျနော် လျှောက်သွားနိုင်ခဲ့တာ အမှတ်ရမိတယ်။ ကျနော်တို့ လွှတ်ချရမယ့်အချိန်ကို ဉာဏ်ရှိရှိ သိနိုင်ရင် ပေါ့ပါးသွားနိုင်ပါတယ်။

တစ်ခါတစ်လေတော့လည်း ငိုချပစ်ဖို့ လိုနေတာ ဖြစ်နိုင်တာပဲ။ နောက်ဆုံးအကြိမ် စိတ်အဖုအထစ်တွေ အရည်ပျော်ပြီး မျက်ရည်ကျခဲ့တာ ဘယ်အချိန်လဲ ပြန်စဉ်းစားကြည့်လိုက်ပါ။ ‘ငို’ ဆိုလို့ အသံအကျယ်ကြီးနဲ့ ငိုချပစ်လိုက်ဖို့ မလိုပါဘူး။ Chopin တို့ ၊ Batch  တို့ Yiruma တို့ရဲ့ စန္ဒယားတီးလုံးတွေကို တိတ်ဆိတ်ညမှာ တစ်ယောက်တည်း နားကြပ်လေးတပ် စိတ်အေးလက်အေး နားထောင်ရင်း ငိုချင်တဲ့အခါ လွတ်လပ်စွာ ငိုချတာမျိုးပါ။ မဟုတ်လည်း ကဗျာတစ်ပုဒ် ၊ ဝတ္ထုတစ်ပုဒ်ကို စိတ်နှစ်ဖတ်ပြီး ငိုချင်တဲ့အခါ ငိုချပစ်ဖို့ပါ။ တစ်နည်းနည်းနဲ့ ခင်ဗျားစိတ်အတွင်းသားကို လှုပ်သွားစေမယ့် အနုပညာပစ္စည်းတစ်ခုခုကို ခံစားကြည့်စေချင်ပါတယ်။

ခံစားရလွန်းတာ တစ်ခါတစ်လေ စိတ်ကူးထဲ သိပ်နစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်အများဆုံး တွေးမိတဲ့ အဓိပ္ပါယ်မရှိတဲ့ ၊ ကိုယ့်ကို ဒုက္ခအပေးနိုင်ဆုံးအတွေးကို ပြန်ရှာကြည့်ပါ။ အချိန်ရရင် ဘယ်အတွေးကို ဒီနေ့ ဘယ်နှစ်ကြိမ် တွေးမိပြီလဲ ပြန်ချရေးကြည့်ပါ။ ဒီအတွေးကို ယန္တရားပြင်သလို ပြင်နိုင်ရင်လည်း ခံစားချက်ကောင်းသွားနိုင်ပါတယ်။

တစ်ခါတစ်လေ အလုပ်မရှုပ်သေးလို့လည်း ဖြစ်နိုင်ပါတယ်။ ရည်မှန်းချက်ပန်းတိုင်တွေ မရှိသေး/တော့လို့ မာရ်နတ်ရဲ့ အဆိုးမြင်ရေးတီးတိုးသံကို နားထောင်နေတာလည်း ဖြစ်နိုင်တာပါပဲ။ ကျနော်တို့ အားလပ်လွန်းလို့ ကိုယ့်ကို ပြန်ဒုက္ခပေးမယ့် အတွေးဆိုးတွေ ၊ ‘အထင်မှား’တွေ ဝင်လာတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်သိပ်ဖန်တီးချင်ခဲ့တဲ့အရာ ၊ လုပ်ချင်ခဲ့တဲ့အလုပ်တစ်ခုခုကို ကောက်လုပ်ကြည့်ပါ။ အကောင်အထည်ပေါ်တဲ့အထိ လုပ်ကြည့်ပါ။ မီးခြစ်ဆံချောင်းလေးတွေနဲ့ ရဲတိုက်တစ်လုံး ဆောက်တာကနေ ဟင်းအမယ်ဆန်းတစ်မျိုး ချက်တာအထိ ၊ ဝတ္ထုတစ်ပုဒ်ရေးတာကနေ အခွေသွင်းတော့မယ့်အတိုင်း သီချင်းတစ်ပုဒ်ကို အပီအပြင် ဆိုတာအထိ ကျနော်တို့ လုပ်နိုင်တာတွေ လုပ်ကြည့်ပါ။

(၅)

ကျနော်ပြောချင်တာက ဘယ်လောက်ခံစားခံစား အဆုံးမဟုတ်သေးဘူးဆိုတာ ရှင်းရှင်းပြတ်ပြတ် မြင်နိုင်ဖို့ ကြိုးစားစေချင်တာပါ။ ကျနော်လည်း ခင်ဗျားလိုပဲလို့ ပြောခဲ့ပါတယ်။ ကျနော်လည်း ခင်ဗျားလိုပဲ နိစ္စဒူဝ ဖိစီးချက်တွေ ၊ မသေချာမှုနဲ့ ကိုယ့်ကိုယ်ကိုယ် ထောက်တည်ရာရှာဖွေမရခြင်းတွေကို ရင်ဆိုင်နေရသူပါပဲ။ ကျနော်က ဘာကောင်ညာကောင်မဟုတ်ပါဘူး။ ကျနော် ယုံကြည်သလို ဘဝကို တတ်နိုင်သမျှ အကောင်းမြင်ဖို့ သင်ယူနေတဲ့သူပါ။

ကျနော်တို့ရဲ့ တိုတောင်းပြီး သက်တမ်းကုန်ဆုံးရက်မသိရတဲ့ ဘဝမှာ ကြုံသမျှ အခိုက်အတန့်လေးတွေက နောက်တစ်ကြိမ် ပြန်မရဘူးဆိုတာ ကျနော်တို့ မေ့မပစ်ဖို့ လိုတယ်။ ကျနော်တို့ ဘယ်လောက်ပဲ ကိုယ့်ဟာကိုယ် ညံ့တယ်ထင်ထင် ကိုယ်အောင်မြင်ခဲ့တာတွေ တစ်ခုမက ရှိခဲ့တာ ပြန်မှတ်မိဖို့ လိုတယ်။ ကျနော်တို့ ဘယ်လောက် အဖော်မဲ့နေပါစေ ကိုယ့်ကို ခင်တွယ်သူတစ်စုံတစ်ယောက် /ကိုယ့်အကြောင်း ပျော်ရွှင်စွာ သတိရနေသူတစ်ယောက် ရှိနေမယ်ဆိုတာကို ယုံကြည်နေဖို့လိုတယ်။ ကျနော်တို့ တစ်ယောက်ကိုတစ်ယောက် မကယ်တင်ရင် ဘယ်နတ်ဒေဝတာမှ ဂရုစိုက်နေမှာ မဟုတ်ဘူးဆိုတာ လက်ခံလိုက်ဖို့ လိုတယ်။ ကျနော်တို့ တစ်ယောက်ကို တစ်ယောက် တကယ့်စိတ်ရင်းနဲ့ အပြန်အလှန် ကူညီကယ်တင်တာဟာ ကျနော်တို့ကိုယ်ကျနော်တို့ ပြန်ကယ်တင်နေတာပဲဆိုတာ နားလည်နေဖို့ လိုတယ်။

ဘုရားသခင်က ကျနော်တို့အနား အမြဲမရှိနေနိုင်တဲ့အတွက် ကျနော်တို့က ဘုရားသခင်ကိုယ်စား အချင်းချင်း စောင့်ရှောက်ဖေးကူနေရမှာ မဟုတ်လား။

 

-       ငြိမ်းဝေမင်း