အဖေနှင့် လှည်းရောင်းထွက်ခြင်း

အဖေနှင့် လှည်းရောင်းထွက်ခြင်း

(၁)

“လှည်းရောင်းမယ်ဆို လူအကြောင်း သိဖို့ လိုတယ်”

ဒီစကား အဖေပြောတော့ ကျနော် ဒုတိယနှစ်အပြီး ကျောင်းခဏနားတဲ့အချိန်ပဲ။ ကျနော့်အတွက် ပထမဆုံး လှည်းအရောင်းအဝယ်အလုပ် စဖို့ အဖေက သင်ပေးနေတာပါ။ ကျနော်တို့ဘက်မှာ အဖေ့လို ရွာစဉ်လှည့် လှည်းရောင်းသူတွေ ၁၀ - ၉ ဦး ဆိုသလို ရှိကြတယ်။ အားလုံးက လှည်းအကြောင်းဆို ထမ်းပိုးကနေ နားစောင့်အထိ အကုန်ကျွမ်းကျင်သူတွေ။ တချို့က လှည်းလုပ်,လှည်းရောင်းကို မိဘအစဉ်အဆက် လုပ်ကိုင်လာသူတွေ။ တချို့ဆို ကိုယ်တိုင် တံကူခုတ် ၊ ပန်းတောင်းလုံးထွင်းကနေ လှည်းမီးချတာအထိ လုပ်နိုင်တယ်။

ဒီထဲမှာ အဖေက ဝါအနုဆုံးလို့ ပြောလို့ရတယ်။ ဒီတော့ ကျောင်းသားတစ်ပိုင်း ကျနော်ဆို ဘယ်လောက်တောင် ဝါနုမလဲ စဉ်းစားသာ ကြည့်ပေရော့။ ဒါကြောင့်ပဲ အဖေက လှည်းရောင်းချင်ရင် လူအကြောင်း သိအောင် လုပ်ဖို့ ကျနော့်ကို သင်ပေးနေတာပါ။ မသင်ပေးလို့လည်း မဖြစ်။ လှည်းမှ မရောင်းရင်လည်း လုပ်စားစရာ မရှိတော့ဘူးကိုး။ ရွာကလည်း အဲ့ဒီနှစ်တွေက အခုလိုပဲ တော်တော်ကို ခေါင်တာ။ မိုးလေမမှန်တော့ တောင်သူလုပ်ရင်း မွဲဆေးဖော်မိသလို ဖြစ်နေတယ်။ ဒီတော့လည်း တတ်တတ် မတတ်တတ် မငတ်အောင်ဟာ ကျနော် နဲ့ အဖေ လှည်းရောင်းထွက်ဖို့ ဖြစ်လာခဲ့တာပါ။

(၂)

စစချင်းတော့ အဖေနဲ့ ကျနော် လှည်းရောင်းတဲ့ဘက် မလိုက်သေးဘူး။ လှည်းရောင်းလောက်အောင် ပညာမစုံသေးလို့လား။ အရင်းအနှီး ၊ အဆက်အသွယ် ၊ ဈေးကွက်မရှာနိုင်သေးလို့လားတော့ မမှတ်မိဘူး။ လှည်းမရောင်းခင် လှည်းသန် နဲ့ ထမ်းပိုးတုံးတွေ ရောင်းတဲ့အလုပ် စလုပ်ခဲ့တယ်။ အဲ့အလုပ်က ရိုးရိုးလေး။ ရိုးပေမယ့် အန္တရာယ်တော့လည်း ရှိတယ်။ အန္တရာယ်ကြီးပေမယ့်လည်း ဘာမှ ပိုပိုလျှံလျှံရယ် မရှိ။ ဒီကြားထဲ အိပ်ရေးကပျက် ပင်က ပင်ပန်းသေး။

ရိုးတာက ရွာက လှည်းသန်တွေကို နတ်မောက်ဝယ်လက်ကို သွားပို့ရုံပဲ။ သွားပို့ရုံဆိုပေမယ့် သစ်တောထွက်ကုန် ဆိုပြီး ရဲနဲ့တောခေါင်း တွေ့ရင် လှည်းအသိမ်းခံရတာတို့ ၊ ငွေညှစ်ခံရတာတို့ ကြုံတတ်လို့ပါ။ မိသွားလို့ ပေးရကမ်းရရင်လည်း မနည်းဘူ။ အဲ့ခေတ်တုန်းကကိုပဲ လှည်းတစ်စီးအဖမ်းခံရရင် ၁ သောင်းမျိုး ၂ သောင်းမျိုး ပေးရတာ။ လှည်းသန်တစ်စုံမှ ၇၅၀၀/၈၀၀၀ မရတဲ့အချိန် ငွေ ၁ သောင်း ၂ သောင်းက တော်တော့်ကို များပါတယ်။ ရွာက ၆၅၀၀/၇၀၀၀ တန် လှည်းသန်အစုံ ၁၅ စုံ အစုံ ၂၀ လောက် တင်သွားတဲ့လှည်းက ကျန်လှမှ ၁ သောင်းခွဲ ၂ သောင်း။ ဒါတောင် ကိုယ့်နွားနဲ့ကိုယ်မို့။ နွားငှား လှည်းငှား အကြွေးနဲ့ သွားရောင်းရရင် သေရောပေါ့။

နွားတွေလည်း အတော်ပန်းပါတယ်။ တစ်မိုးတွင်းလုံး လယ်ထဲ ယာထဲ ဖက်ရုန်းရတဲ့ နွားတွေက တောလမ်းအတိုင်း ၄-၅ နာရီ ဝန်အပြည့်နဲ့ ရုန်းရတာ မပန်းနေရော့လား။ ဒီကြားထဲ တောခေါင်းတွေ လက်က လွတ်ရအောင် ညနေဘက် ပစ္စည်းတင်ထားပြီး သန်းခေါင်လောက်ကြီး ထသွားရတယ်။ မြို့ကို ချော‌ချောမောမောရောက်ရင်လည်း မနားရသေးဘူး။ လှည်းသန်တွေကို ပွဲစားသူဌေး ချခိုင်းတဲ့နေရာ ကိုယ်တိုင် ထမ်းချရတယ်။ ပြီးရင်တော့ ရတဲ့ပိုက်ဆံလေး ဆုပ်တဲ့ပြီး နတ်မောက်‌ဈေးကနေ တို့တို့တိတိ ဝယ်ခြမ်းပြန်ရတယ်။

၂ လ လောက် လှည်းသန်အရောင်းအဝယ်လုပ်ပြီးနောက်မှာတော့ အဖေနဲ့ ကျနော် လှည်းရောင်းတဲ့ဘက် ကူးကြတယ်။ နတ်မောက်မြောက်လက်တွေ ဖြစ်တဲ့ ဈေးသာ ၊ မရိုးတော ၊ စည်သာ ၊ ကျွဲမင်းကျ ၊ ရုံးပင် ၊ သားမျှား ၊ အမှိုက်ပင် ၊ ကန်ကြီးကုန်း ၊ ဖုန်ကုန်း နဲ့ ပင်းတစ်ဝိုက် ရွာတွေက ကျနော်တို့ လှည်းရောင်းဝယ်ရာ ဈေးကွက်ပါပဲ။ နယ်ဝေးလေ ကျနော်တို့ အရောင်းအဝယ်ကောင်းလေ ၊ စွန့်စားရလေ။ တစ်ရွာနဲ့တစ်ရွာ သဲတောကြီးတွေ ရုန်းပြီး ခြေတိုအောင်လည်း လျှောက်ရတယ်။ တစ်ခါတစ်ခါ လှည်းမောင်းလာရပြီး တစ်ခါတစ်လေတော့ ပါးစပ်အော်ဒါ သွားစပ်ရတယ်။ လမ်းလျှောက်တိုင်းလည်း လူလွတ်လျှောက်ရတာမျိုး ရှားတယ်။ ပခုံးပေါ်မှာ ထမ်းပိုးကျည်း ၊ ထမ်းပိုးကြိုးတွေနဲ့ ဖြစ်ရင် ဖြစ်မယ်။ တစ်ခါတစ်လေ တည်းအိမ်က တခြားရွာကို လူကြုံထည့်ပေးလိုက်တဲ့ ပစ္စည်းထုပ်ကြီးငယ် ထမ်းသွားရတာလည်း ရှိမယ်။ လမ်းမလျှောက်ရဘူးဆိုရင်တောင် တစ်ရက်ကို ၁၀ မိုင်လောက် အသာလေး လျှောက်ရတယ်။ အဲ့တုန်းက ကျနော်ဆိုတာ အရပ် ၅ ပေ ၉/၁၀ လောက် ဆိုပေမယ့် ကိုယ်အလေးချိန်ကျ ပေါင် ၁၁၀ ထက် မရှိဘူး။ ဒါကြောင့်ပဲ ကျနော်ဟာ လမ်းလျှောက်ခြင်းအကျိုးတွေအကြောင်း သူများတွေထက် ပိုပြောနိုင်ခဲ့ပါတယ်။ ထားပါတော့လေ။

(၃)

လှည်းအရောင်းအဝယ်လုပ်တာကလည်း ဘာပုဒ်မနဲ့ ဘယ်လို ငြိသလဲ မသိ။ သွားလေရာရာ တောခေါင်းကြောက်ရ ၊ ရဲကြောက်ရ ၊ စစ်သားကြောက်ရ ၊ ဥက္ကဌကြောက်ရ။ ဟိုပေး ဒီကမ်းနဲ့ စမ်းတဝါးဝါးလုပ်ရတာ။ အတွေ့အကြုံတွေတော့လည်း မနည်းပဲ ရလိုက်တယ်။

တစ်ခါတစ်ခါဆို ရွာခံလူမိုက်တွေနဲ့လည်း ဆုံတယ်။ အဖေနဲ့ ကျနော်တို့ အမှိုက်ပင်ဆိုတဲ့ ရွာကို လှည်းရောင်းသွားတုန်းကပေါ့။ အမှိုက်ပင်ဆိုတာ နာမည်ကျော် “မင်းဒင်”ရဲ့ “သက်ခိုင်” ဝတ္ထုထဲက သက်ခိုင်ဇာတိပဲလေ။ လူမိုက်ဆိုတာ ပေါမှပေါ။ လှည်းရောင်းဖို့ ရောက်သွားတော့ ညနေဘက်ကြီး။ ရွာလမ်းမပေါ်မှာ နွားအုပ်တွေ ဖြတ်မောင်းသွားလို့ ဖုန်တွေက တထောင်းထောင်း။ လှည်းဝယ်ဖို့ စပ်ထားတဲ့ အိမ်မှာ မြင်းတွေ ရှိတယ်။ စီးပွားရေးလည်း တောင့်တယ်။ ဖအေလုပ်တဲ့သူက အေးဆေးပါပဲ။ သားက လူမိုက်။ ဖဲဝိုင်းမှာ ဖဲလိမ်တယ်ဆိုပြီး ဓါးနဲ့ ပွေ့ထိုးခဲ့လို့ ဓါးထိုးမှုနဲ့ ထောင်ကျထားတဲ့သူ။ လူက ခပ်ကြမ်းကြမ်း။ ထောင်ကလွတ်တာကလည်း မကြာသေး။ မိဘက စီးပွားရှိတော့ ပိုပြီး မိုက်နယ်ကျယ်တာပေါ့။ ကျနော့်ကို တက္ကသိုလ်ကျောင်းသားမှန်း သိသွားတော့ “ဝါးတစ်ရာ မ- ကိုးခေါက် သယ်နိုင်ရင် မင်းလှည်း ငါဝယ်မယ်” ဆိုပြီး စိန်ခေါ်တယ်။ အ,ချင်ယောင် ဆောင်နေရတယ်။ တကယ်က ကြောက်တာပေါ့။ လူမိုက်အဖေကြီးကတော့ ကောင်းပါတယ်။ သူ့သားကို “ဟေ့ကောင် ဧည့်သည်ကို ဘာပြဿနာရှာတာလဲ” လို့ ဟောက်တော့ လူမိုက်ကြီးက တရှုးရှုးနဲ့ အပြင်ထွက်သွားတယ်။ လက်ထဲမှာ ဓါးကြီးနဲ့။ မကြာပါဘူး။ သွေးသံတရဲရဲနဲ့ အိမ်ထဲ ပြန်ဝင်လာတယ်။ ပြီးတော့ သူ့အဖေကို ပြောလိုက်တယ်။ “မောင်လှဆိတ် ကျုပ် ခုတ်ခဲ့ပြီ။ အပြင်က သူ့သားကို ဆိတ်ဖိုး ပေးလိုက်။” တဲ့။

တစ်ခါတော့လည်း သားမျှားမြောက်ရွာကို လှည်းဖိုးတောင်းဖို့ သွားတော့ တည်းတဲ့အိမ်ရှင်က လှည်းဖိုးတောင်းပေးပါမယ်ပြော အချိန်ဆွဲပြီး သူ့သားသမီးတွေကို ဇွတ်အတင်း စာပြခိုင်းတယ်။ တစ်ပတ်လောက် ကြာတော့ အတော်စိတ်ကုန်နေပြီ။ လှည်းဖိုးရရမယ့်သူဆီ ဟိုမေးဒီမေးနဲ့ သွားပြီး ကိုယ်တိုင် တောင်းရတယ်။ လှည်းဝယ်တဲ့သူက ထန်းသမား။ လှည်းဖိုး အကျေမပေးနိုင်ဘူး လုပ်နေလို့ ကျနော်လည်း ဒီမှာ လှည်းဖိုးစောင့်ရင်း စရိတ်ပြတ်နေလို့ပါဗျာ ဆိုပြီး တောင်းတောင်းပန်တောင်းရတယ်။ ထန်းသမားက မပေးဘူး ငြင်းသေးတယ်။ နောက် ကံကောင်းချင်တော့ သူ့ဦးကြီး လုပ်သူက ဒီအဖြစ်ကို မြင်သွားပြီး ထန်းသမားကို ငေါက်ငမ်းဆုံးမမှ ပိုက်ဆံအပြည့် ရတယ်။ ကျနော့်မှာ ဦးကြီးကို ကျေးဇူးတင်လိုက်ရတာ။

တစ်နေ့တော့ အဖေရယ် ၊ ကျနော်ရယ် အခု သေသွားပြီ ဖြစ်တဲ့ အဖေ့ဘက်က အမျိုးနှစ်ဝမ်းကွဲလောက် တော်မယ့် အစ်ကိုတစ်ယောက်ရယ် ရွာတစ်ရွာကို လှည်းသွားရောင်းတယ်။ ရောင်းမထွက်ခဲ့ပါဘူး။ ညနေ စောင်းလှပြီ။ ကျနော်လည်း လှည်းငုံးမြီးတိုလေး မောင်းပြီး ရှေ့က ထွက်ခဲ့တယ်။ အဖေနဲ့ အစ်ကိုဝမ်းကွဲက အနောက်က လမ်းလျှောက်လိုက်ပေါ့။ ရွာကနေ အထွက်ရောက်တော့ ခြုံထဲက တဖောက်ဖောက်နဲ့ အသံတွေ ကြားရတယ်။ မှတ်မှတ်ရရ အဲ့တုန်းက လှည်းမောင်းရင်း စိတ်ထဲမှာ မေတ္တာသုတ် ရွတ်လာခဲ့တာ။ ရိုးရိုးသားသားပြောရရင် မေတ္တာသုတ်ရွတ်တယ်ဆိုတာကလည်း အ‌ရောင်းအဝယ်လေး ကောင်းပါစေရော့ဆိုတဲ့ စိတ်နဲ့ပါ။ လှည်းအရောင်းအဝယ်လေး အဆင်ပြေမှ ကျနော်လည်း ကျောင်းပြန်တက်နိုင်မှာကိုး။ တကယ်တော့ အဲ့အချိန်မှာ ကြားရတဲ့ တဖောက်ဖောက်အသံက ကျနော့်ကို ရွာသားတစ်ယောက်က လေးခွနဲ့ ပစ်နေတာပါ။ ဘာရန်ငြှိုးရယ် မရှိဘဲ တစ်ရွာသားဆိုပြီး စော်ကားမော်ကားလုပ်တာပေါ့။ ဒါမျိုးက စရိုက်ကြမ်းတဲ့ ရွာတွေဘက်မှာ ကြုံရတတ်ပါတယ်။ မေတ္တာသုတ်ကြောင့်လားတော့ မသိ။ သူ့လေးခွစာ ကျနော့်ကို တစ်ချက်မှ မမှန်။ ဒါကို နောက်က လိုက်လာတဲ့ အစ်ကို မြင်သွားပြီး အဲ့ဒီရွာသားနဲ့ ပြဿနာတက်တော့တာပါပဲ။ အဲ့ဒီအစ်ကိုကလည်း ခပ်စွာစွာ။ သူ့နယ်မှာ နာမည်ကြီးပဲ။ ပိုက်ဆံလည်း ရှိသလို ဇ,လည်း ရှိတော့ သူ့ဆို အနီးအပါးက လူတွေက လေးစားကြတယ်။‌ လေးခွနဲ့ ရန်စတဲ့ ရွာသားလည်း ကုပ်သွားတော့တာပဲ။ တစ်ခါတစ်ခါ အဲ့ဒီလိုမျိုးလည်း ကြုံရတတ်ပါတယ်။

တစ်ခါကျတော့ လှည်းရောင်းရင်း အိမ်တစ်အိမ် ဝင်တည်းတယ်။ အဖေနဲ့ ကျနော်တို့ အဲ့အချိန် တစ်ယောက်တစ်ရွာစီ ခွဲပြီး လှည်းရောင်းထွက်ကြတာ။ ဘယ်နေ့ဘယ်ရွာမယ် ပြန်ဆုံမယ် အချိန်းအချက်နဲ့ပေါ့။ ကျနော့်အိမ်ရှင်မှာက သမီးချည်းပဲ ၄ ယောက် သားက တစ်ယောက်။ ခပ်ခြောက်ခြောက်လေး။ သားက ကျနော့်ထက် ၄-၅ နှစ်လောက် ငယ်မလားမသိ။ တစ်နေကုန် ခြေတိုအောင် ရွာစဉ်လှည့်နေရတော့ ကျနော်လည်း အိမ်မှာ ဘယ်သူက ဘယ်သူမှန်း မသိဘူးပေါ့။ ညနေ လှည်းရောင်းက ပြန်ရောက်ရင် တုံကင်မှာ ရေနှိပ် ရေချိုးပြီး အိမ်ရှင်ကျွေးတဲ့ ထမင်းစား။ စားပြီးရင် လူက အိပ်ချင်လှပြီ။ အဲ့ဒီအချိန် လေကြောရှည်တဲ့ အိမ်ရှင်မျိုးနဲ့ဆို တကယ့်ဒုက္ခပဲ။ သူမကြည်အောင်လည်း မနေရဲဘူးလေ။ ကိုယ်က သူ့ကို မှီခိုရတာကိုး။ အရောင်းအဝယ်ပြီးသွားလို့ ပြန်မယ်ဆိုရင် ထမင်းဖိုးဆိုဆို တည်းစရိတ်ဆိုဆို ၅ ထောင်မျိုး ၁ သောင်းမျိုးတော့ ပေးရတာပါပဲ။ ဒါပေမယ့် အရေးကြီးတာက အိမ်ရှင်နဲ့ အဆင်ပြေဖို့။ အိမ်ရှင်နဲ့ ပြေလည်မှ ကျန်တဲ့ အကြွေးတွေ သူက တောင်းပေးမှာကိုး။ ဒါတောင် တချိူ့အိမ်ရှင်တွေဆို အားရင်းအားသလို ပဲခင်းထွန်းခိုင်း ၊ နွားစာသွားရိတ်ခိုင်းတာက ရှိသေး။

 ဒီလိုနဲ့ တစ်ညတော့ ခရီးပန်းပန်းနဲ့ ပြန်လာပြီး အောက်ထပ်က ကွပ်ပျစ်ပေါ် အိပ်ရာဝင်တော့ ထူးထူးဆန်းဆန်း အိမ်ရှင့်သားက ကျနော်နဲ့ လာအိပ်ချင်လို့တဲ့။ ယောင်္ကျားချင်းပဲ ဘာအရေးလဲ။ လာအိပ်ပေါ့။ ပင်ပန်းတော့လည်း ခေါင်းချပြီး မကြာခင် အိပ်တော့တာပဲ။ အိပ်လို့တောင် တစ်မှေးမရသေးဘူး။ ကျနော် လန့်နိုးလာတယ်။ မနိုး ခံနိုင်ရိုးလား။ ဟိုကောင်က ကျနော့်ပေါင်ကြား လာကိုင်နေတာကိုး။ ဒေါသလည်း ထွက် ရှက်လည်းရှက်နဲ့ ခေါင်းရင်းက ထမ်းပိုးကျည်းဆွဲ ရိုက်မယ် လုပ်ပြီးမှ အတော်စိတ်ထိန်းလိုက်ရတယ်။ အိမ်ရှင့်သားကို “ ဟေ့ကောင် သွားတော့” ဆိုပြီး ထမ်းပိုးကျည်းနဲ့ ရွယ်နှင်လိုက်ရတယ်။ နောက်တစ်နေ့ရောက်တော့ အဖေရှိတဲ့ရွာဆီ သွားတော့တာပါပဲ။ အဖေ့တော့ အကျိုးအကြောင်း ပြောမနေတော့ပါဘူး။

(၄)

ပြောမယ်ဆိုရင် အများကြီး။ သေချာတာတော့ လှည်းရောင်းလို့ ကျနော်တို့ ပြောင်ပြောင်ရောင် ဖြစ်မလာခဲ့ပါဘူး။ ကျောင်းစရိတ်လည်း မစုမိခဲ့ပါဘူး။ ကျောင်းတစ်နှစ် မတက်လိုက်ရတာပဲ ရှိတယ်။ ဒီလို ပြောလို့ လှည်းရောင်းပြီး ဘာမှမရခဲ့ပါဘူးလို့ မပြောချင်ပါဘူး။ ဘဝသင်ခန်းစာတွေ ၊ လူတွေ နဲ့ သူတို့ရဲ့ အပြုအမူတွေကို သင်ခွင့်တော့ ရခဲ့တာပါပဲ။ အဖေနဲ့အတူ လှည်းရောင်းတိုင်း အဖေက ကျနော့်မျက်နှာကို ခဏခဏ အကဲခတ်တာကို သတိထားမိတယ်။ ကျနော်ပင်ပန်းနေပြီလား။ စိတ်ကုန်နေပြီလားပေါ့။ အမှန်ပြောရရင် စိတ်က တော်တော်လေးကို ကုန်နေပြီ။ ဘာမှ မယ်မယ်ရရ မရတဲ့ လုပ်ငန်းတစ်ခုအတွက် စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်ရတာ မတန်ဘူးဆိုတာ အဖေ့ကို ပြောချင်တယ်။ ကျနော် မပြောလည်း အဖေသိမှာပါ။ ကြံရာမရတဲ့ နေ့တွေမို့ ကျနော်တို့ နှစ်ယောက်လုံး အဆင်ပြေလုပြေငြား ရှာစားနေရတာကိုး။

တစ်နေ့တော့ အဖေနဲ့ ကျနော် သားမျှားကနေ လော်ကယ်ရထားစီးပြီး ရွာကို ပြန်လာခဲ့တယ်။ အဲ့ဒီတစ်ခေါက်က လှည်းအရောင်းအဝယ်နဲ့ နောက်ဆုံးလမ်းခွဲတဲ့အခေါက် ဖြစ်ခဲ့တယ်။ လှည်းပွဲစားအလုပ် ဖြုတ်လိုက်ပြီလို့တော့ အဖေရော ကျနော်ရော မသိသေးဘူးပေါ့။ လက်ထဲမှာလည်း ထမ်းပိုးကျည်း ၊ ထမ်းပိုးကြိုးတွေနဲ့။ ခါတိုင်းလို ရထားအတက်အဆင်း အပေါက်ဝတံခါးကိုင် ထိုင်စီးရင်း ရထားအပြင် ငေးကြည့်နေမိတယ်။ မြေလတ်ရထားက ဖုန်တသောသော တောခြောက်လွင်ပြင်ကို ဖြတ်ကျော်နေတယ်။ သဲတောတွေ ၊ ဆီးပင် ၊ ရှားပင်နဲ့ ဒဟတ်ပင်တွေက တရိပ်ရိပ်။ ဟိုးအဝေးကို ကြည့်လိုက်ရင်လည်း အခုလိုပဲ တောခြောက်ခြောက် တောင်ကတုံးခြောက်ခြောက်နဲ့ မစိမ်းလန်းတဲ့လွင်ပြင်တွေ မြင်ရမယ်။ ဘယ်နေရာကြည့်ကြည့် စိတ်ကြည်စရာ အစိမ်းတစ်ကွက်တောင်မရှိ။ နီဗားဒါးပြည်နယ်က ကွင်းပြင်တစ်ခုကို ဖြတ်ကျော်နေသလိုမျိုး။ ကျနော့်ဘဝကလည်း အခုချိန်ဟာ အခြောက်သွေ့အပူပြင်းဆုံးအချိန်ပဲလို့ ထင်မိတယ်။ ဒီလောက် ရုန်းကန်ခဲ့တာတောင် ဘယ်မှ မရောက်နိုင်သေးတော့ တစ်နေ့နေ့ ကောင်းရာမွန်ရာ သာယာလိမ့်မယ် မယုံနိုင်ခဲ့တဲ့အချိန်တွေပါပဲ။

အဖေ့ဘက် ကြည့်လိုက်တော့ ကျနော့်ကို ကြည့်နေတာတွေ့တယ်။ ကျနော်လည်း အားတင်းပြုံးရင်း မရည်ရွယ်ဘဲ “ ကျနော် လှည်းမရောင်းချင်တော့ဘူး အဖေ။” လို့ ပြောထွက်သွားတယ်။ အဖေက ကျနော် ဒီလို ပြောမှာ သိပုံပဲ။

“အေးပါ ငါ့သားမလုပ်ချင်ရင်လည်း နားတာပေါ့။ အဖေလည်း ဒီလှည်းအရောင်းအဝယ်ကို စိတ်ကုန်နေတာ ကြာပါပြီ”တဲ့။

ပြီးမှ အဖေက ဆက်ပြီး -

“လှည်းရောင်းလို့ ဘာမှမကျန်တာတော့ မဟုတ်ဘူးသား။ လှည်းရောင်းရင်း အဖေတို့ မသိတဲ့လောကကို သိခွင့်ရခဲ့တာပဲ။ အရင်က အဖေတို့ ရှိမှန်းတောင် မသိတဲ့ လူစားမျိုးတွေနဲ့ အဖေတို့ ကြုံခဲ့ပတ်သက်ခဲ့ရတာပဲ။ နောက်ပြီး အဖေတို့ မဖြေရှင်းခဲ့ဖူးတဲ့ပုံစံ နဲ့လည်း ပြဿနာတွေ ဖြေရှင်းခဲ့ရတာပဲ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ငွေရယ် ကြေးရယ် အမြတ်မကျန်ခဲ့ပေမယ့် အဖေရောမင်းပါ ဒီတစ်ဆောင်း ဒီတစ်နွေမှာ လူ့ဘဝကျူရှင်‌ကျောင်း တက်ခဲ့ရသလိုပါပဲကွာ။ အတွေ့အကြုံတွေ ရခဲ့ပါတယ်။”

“အဖေပြောခဲ့သလိုပေါ့။ လှည်းရောင်းချင်ရင် လူအကြောင်း သိအောင် အရင်လုပ်ရတယ်ဆိုတာ။ လူတွေအကြောင်း သိလိုက်တာက လှည်းအစီးရာချီ ရောင်းရတာထက် ကျန်ပါတယ်။ တကယ်တော့ အဖေတို့ လှည်းမရောင်းလည်း ဘဝထဲမှာ တစ်ခုခုတော့ ရောင်းနေရမှာပဲ။ ပညာတတ်တဲ့သူတွေက အသိပညာရောင်းတယ်။ ပစ္စည်းရှိတဲ့သူတွေက ပစ္စည်းရောင်းတယ်။ အာဏာရှိတဲ့သူတွေက အာဏာရောင်းမယ်။ ‌ရောင်းစရာ ပညာ ၊ အာဏာနဲ့ ပစ္စည်းမရှိတဲ့သူတွေက ခန္ဓာကိုယ် ရောင်းရတာပါပဲ။ ဒါကို အဖေတို့ လက်ခံရမယ်။ တစ်ခုခုကို ရောင်းတဲ့အခါ သမ္မာအာဇီဝဖြစ်ဖို့နဲ့ ထိုက်သင့်တဲ့ အကျိုးအမြတ်ရှိဖို့ပဲ အဖေတို့ ဆုတောင်းရမှာပေါ့” တဲ့။

ကျနော် အဖေ့ကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ အဖေရော လှည်းရောင်းရင်း ဘယ်လိုအဖြစ်တွေ ကြုံခဲ့လဲ။ ကျနော်မသိ။ ကျနော်တို့ တစ်ယောက်ချင်းစီမှာ မပြောဖြစ်တဲ့ လှည်းရောင်းခြင်းအတွေ့အကြုံကိုယ်စီ ရှိမှာတော့ အမှန်ပါပဲ။ အဖေပြောသလို လှည်းမရောင်းလည်း ကျနော်တို့မှာ ရှိတဲ့ အစွမ်းအစ ၊ ပညာ ၊ ခွန်အား ၊ အသုံးတည့်မှု တစ်ခုခုတော့ ရောင်းနေရမှာပါပဲ။ လောကကြီးဟာ အရောင်းအဝယ်လောကကြီးပါလားလို့ တွေးမိလိုက်တယ်။ လှည်းမရောင်းဖြစ်တော့တဲ့အတွက် လှည်းရောင်းရင်း ကြုံတဲ့ဒုက္ခနဲ့တော့ ဝေးသွားတာပါပဲ။

(၅)

အခုတော့ ကျနော်ရော အဖေပါ လှည်းမရောင်းတော့။ ကျနော်လည်း ကျနော်တတ်တာကို တစ်နေရာမှာ ရောင်းပြီး အသက်မွေးနေပြီ။ အဖေလည်း သူကျင်လည်ရာ အတတ်ပညာကို အသုံးလိုသူဆီ ရောင်းနေပြီ။ အရင်လို ကျနော်တို့ သဲပူပူထဲ ခြေကုန်ရုန်းပြီး တစ်ရွာဝင် တစ်ရွာထွက် သွားဖို့ မလိုတော့။ အခုချိန်က အဲ့လို သွားလို့လည်း မရတော့ဘူးလေ။

ဘဝမှာ ရွာစင်လှည့် လှည်းရောင်းခဲ့ဖူးတာ ကျနော့်ရဲ့ အကြီးမားဆုံး အရောင်းအတွေ့အကြုံ ဖြစ်ခဲ့တယ်။ မအောင်မြင်ခဲ့တာတော့လည်း အပြစ်မပြောစေချင်ပါဘူး။ လှည်းရောင်းခဲ့ဖူးလို့ပဲ ကျနော်ဟာ အရောင်းမစွံတဲ့လူမှန်း ကိုယ့်ဟာကိုယ် သေချာသိခဲ့တာပေါ့။ လူတွေ ကျနော့်ကို ကြိုက်လာအောင် ၊ ကျနော့်ကို ဝယ်ချင်လာအောင် ကျနော် မဆွဲဆောင်နိုင်ခဲ့ဘူး။ ကျနော် ဘယ်လောက်တန်ကြောင်း လူတွေ သိခွင့်မရဘူးလို့ ကိုယ့်ဘက်ကိုယ် ယက်တွေးရင်တော့လည်း ဖြစ်မှာပါပဲ။

ဘာပဲပြောပြော အခုထိတော့ ကျနော် ရသင့်တဲ့အတိုင်းအတာအထိ မရသေး။ ကျနော် ဖြစ်သင့်တဲ့ အနေအထားအထိ ဖြစ်မလာသေး။ ဒါပေမယ့်လည်း အမြီးကျက်အမြီးစား စရိုက်ပျက်နေတဲ့ခေတ်ထဲ  သမ္မာအာဇီဝကျကျ ရှာဖွေအသက်မွေးနိုင်တာလေးကို ဝမ်းသာကျေနပ်နိုင်ရပါတယ်။ အဖေပြောသလို “သမ္မာအာဇီဝကျကျနဲ့ ထိုက်သင့်တဲ့အကျိုးအမြတ်ရဖို့” ဆိုတဲ့စကားကလည်း တစ်ခုနဲ့တစ်ခုများ ဖီလာဖြစ်နေသလားတောင် သံသယဝင်မိပါရဲ့။ အဖေ့စကားက ကောင်းလွန်းလို့ ကျနော်ယုံရခက်နေတာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား။

 

-       ငြိမ်းဝေမင်း