မဲဆောက်ပုံပြင်

(၁)
သူ ဒီရောက်လာတော့
ပညာတစ်ပိုင်းတစ်စ ၊ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့။ လူငယ်တစ်ယောက်ရဲ့ ခေါင်းမာမှု ၊ စွန့်စားလိုစိတ်နဲ့
မဟုတ်မခံချင်စိတ်ကလည်း အလျှံတရဲရဲ။ ကိုယ်ယုံကြည်ရာနောက် လိုက်ဖို့ ကိုယ်ရောက်နိုင်တဲ့
အမြင့်တစ်နေရာတွေ ၊ ဘဝစည်းစိမ်တွေ ရင်းပစ်ဖို့လည်း ဝန်မလေးခဲ့။ သူ့ကို သိပ်မျှော်လင့်ထားတဲ့
သူ့အသိုင်းအဝိုင်းကို ဒီအတိုင်း ချန်ထားရစ်ဖို့အထိ သူ့သွေးတွေ နီနေခဲ့သည်ပဲ။
ဒီကို မလာခင်က
သူ့ဘဝက တော်တော့်ကို သာယာပါတယ်။ လယ်မြေဧကအတော်အတန်ရှိတဲ့ မြေပိုင်ရှင်ပေါက်စ အဖေနဲ့
အတိုးအပွားလေး ပေးစားတတ်တဲ့ အမေရဲ့ ပြုစုမှုအောက်မှာ သူ့ဘဝ ဖြောင့်ဖြူးခဲ့ပါတယ်။ သူကလည်း
သူ့အမျိုးတွေ စကားအတိုင်း ပြောရရင် တော်တော်ထက်တဲ့သူပေပဲ။ သူတို့ရွာလေးသမိုင်းမှာ ဆေးတက္ကသိုလ်
ပထမဆုံးရောက်ခဲ့တဲ့သူဟာ ရွာက ဂုဏ်ယူရတဲ့ စံပြလူငယ် ဖြစ်ခဲ့တယ်။ ကျောင်းစာတင် တော်တာမဟုတ်ဘဲ
အပြင်စာတွေပါ စုံနေအောင် ဖတ်ထားလို့ သူ့ရွာလေးမှာ သူက အငယ်တန်းစား ပညာရှိလေးလိုကို
ဖြစ်နေတာ။ စာရိတ္တအရာမှာဆိုလည်း သူ့ကို ထောက်ပြစရာ အမည်းတစ်ကွက်မှ မရှိခဲ့။ ရိုးသားတယ်။
ဖြောင့်မတ်တယ်။ မဟုတ်မခံစိတ်ရှိတယ်။ ကူညီရိုင်းပင်းတတ်တယ်။ ပေါင်းတတ်သင်းတတ်တယ်။ ဒီအရည်အချင်းတွေအတွက်လည်း
အဖေနဲ့အမေ သူ့ကို ဘယ်လောက်တောင် ဂုဏ်ယူကြမလဲဆိုတာ ပြောဖို့ကို လိုမယ် မထင်ပါဘူး။ သူ့အပေါ်
အကြီးကြီး မျှော်လင့်ထားမယ်ဆိုလည်း မျှော်လင့်လောက်သကိုး။
(၂)
ရန်ကုန်ဆေး
(၁) ရောက်တော့လည်း အေးအေးဆေးဆေးပါပဲ။ ပထမနှစ် ၊ ဒုတိယနှစ် ၊ တတိယနှစ် ... အားလုံး ပျော်ပျော်ရွှင်ရွှင်
ပညာသင်ခဲ့ , ဖြတ်ကျော်ခဲ့တာပါ။ တစ်ခုပဲ ထူးခြားတာ ရှိလာတယ်။ တစ်နှစ်ထက် တစ်နှစ် သူ့အတွေးအမြင်
, သူ့ယုံကြည်ရပ်တည်မှုတွေ ပိုပြီးလေးနက်သထက် လေးနက်လာတာပါ။ သူတို့ ခေတ်တက္ကသိုလ်အသိုင်းအဝိုင်းက
လူငယ်တွေက စာဖတ်ကြသူတွေ များတယ်။ အယူအဆရေးရာတွေကို စိတ်ဝင်စားသူတွေလည်း သူ့အုပ်စုနဲ့သူ။
လွတ်လပ်စနိုင်ငံမှာ လူဖြစ်လာခဲ့သူတွေဆိုတော့ နိုင်ငံရေးကို အလေးအနက်ရှိတာ အထူးအဆန်းတော့
မဟုတ်ဘူး။ ဒါကြောင့်ပဲ တက္ကသိုလ်တွေမှာ နိုင်ငံရေး နဲ့ လူမှုရေးအမြင်ထက်သန်တဲ့ သမဂ္ဂတွေ
ရှိခဲ့တာ။ ဒါကလည်း အင်္ဂလိပ်ခေတ်ကတည်းက အစဉ်အလာကောင်း တစ်ခုပါပဲ။ ဒီလို သမဂ္ဂတွေကပဲ
တိုင်းပြည်အနာဂါတ်ဆုံးဖြတ်မယ့်သူတွေ ထွက်ပေါ်လာခဲ့တာ မဟုတ်လား။
သူစတုတ္ထနှစ် တက်တော့ သမိုင်းတွင်မယ့် အရေးအခင်းတစ်ခု ကြုံတယ်။ ဒီအရေးက သူတို့လို တက္ကသိုလ်အသိုင်းအဝိုင်းနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်။ ကုလသမဂ္ဂမှာ အထွေထွေအတွင်းရေးမှူးချုပ် လုပ်ခဲ့တဲ့ နိုင်ငံဂုဏ်ဆောင်ပုဂ္ဂိုလ်ကျော် ဦးသန့်စျာပနကို ရိုးရိုးအရပ်သားတစ်ယောက်လို သင်္ဂြုလ်ဖို့ တော်လှန်ရေးကောင်စီ အစိုးရပိုင်းက စီစဉ်တာကနေ ပြဿနာတက်ကုန်တာပါ။ အဲ့ဒီတုန်းက ၁၉၇၄။ ဖြစ်ရပ်တိုင်းကို သူ အသေးစိတ် မှတ်မိနေသေး။ သူ့သမီးလေး လူလားမြောက်တော့ ပထမဆုံးပြောခဲ့သည့် ပုံပြင်ကလည်း ၇၄ ခုနှစ်က ယုံကြည်ရဲရင့်တဲ့ ကျောင်းသားလူငယ် ၊ သံဃာ ၊ လူထုတို့ရဲ့ ဇာတ်လမ်းများ ၊ ဖြစ်ရပ်များ ၊ မြင်ကွင်းများသာ။ ဦးသန့်အရေးအခင်းက သူ့ဘဝရဲ့ တကယ့်အလှည့်အပြောင်း။
(၃)
သူနဲ့ သူ့မိတ်ဆွေကျောင်းသားတချို့
တက္ကသိုလ်မြေကို စွန့်ခွာပြီး တောတွင်းထဲ ရောက်လာခဲ့တယ်။ တောတွင်းမှာ သူသိပ်ကြာကြာမနေနိုင်။
သဘောထားကွဲလွဲမှုတွေ ၊ အယူအဆရေးရာ ပွတ်တိုက်မှုတွေက သူ့ကို ဆီးကြိုနေတယ်။ နောက်တော့
သောင်ရင်းကို ကူးပြီး မဲဆောက်ဘက် ရောက်တော့တယ်။ မဲဆောက်မှာလည်း ရောက်ရောက်ချင်း ဘာလုပ်လို့
ဘာကိုင်ရမလဲ သူမသိ။ နောက်မှ အသိတစ်ယောက် အဆက်အစပ်နဲ့ မြေပိုင်ရှင်သူဌေးကြီးရဲ့ ခြံမှာ
အလုပ်ရတယ်။ ဒီမှာပဲ သူ့သမီးလေး အမေဖြစ်လာမယ့် ယိုးဒယားသူဇနီးနဲ့ သူ ဖူးစာဆုံတော့တာပါပဲ။
သူ့ဇနီးက တခြားမဟုတ်။ သူအလုပ်လုပ်နေတဲ့ မြေပိုင်ရှင်သူဌေးကြီးရဲ့ သမီး။ သူ့လို ပညာတစ်ပိုင်းတစ်စနဲ့
တစ်ရပ်တစ်ပါးက လွင့်လာသူကို သမီးဖြစ်သူနဲ့ သဘောမတူတဲ့ကိစ္စကလည်း ယောက္ခမ သူဌေးကြီးဘက်က
ကြည့်ရင် မှန်တာပါပဲ။
ယောက္ခမကလည်း
အထင်အမြင်သေး။ ဘာသာစကားကလည်း တော်တော်ဝေးတော့ သူ့ရဲ့ အိမ်ထောင်သက် ပထမနှစ်တွေမှာ အတော်လေး
ရုန်းကန်ခဲ့ရပါတယ်။ အိမ်ရိပ်အနင်းမခံတဲ့ ယောက္ခမကြောင့် ရွာစွန်က မြေလွတ်တွေထဲ တဲထိုးနေခဲ့ရတယ်။
နဂိုကတည်းက ထက်မြက်တဲ့သူဟာ အခက်အခဲတွေကို ကောင်းကောင်းကြီး ရင်ဆိုင်နိုင်ခဲ့တယ်လို့
ပြောရမယ်။ မြေလွတ်မြေရိုင်းတွေကို အစိုးရဆီ သစ်တောမြေလျှောက်တယ်။ ဒူးရင်းခြံတည်တယ်။
ရာဘာစိုက်တယ်။ လယ်လုပ်တယ်။ ဝက်မွေးတယ်။ သူ့ဇနီးက သူ့ကို ထိုင်းစကားသင်ပေးရင်းနဲ့ သူလည်း
ထိုင်းလို ပြောတတ်လာတယ်။
ထိုင်းစကားတတ်တာ
သူ့အတွက် ကြီးပွားလမ်းပဲ။ တရုတ်သူဌေးတွေနဲ့ ပေါင်းပြီး ထိုင်းဘက်မှာ လုပ်ငန်းတွေ ထပ်ချဲ့တယ်။
မြန်မာပြည်ဘက်က ငရုတ် ၊ ပဲ ၊ ဆန်တွေ ထိုင်းနဲ့ ကုန်ကူးတယ်။ နောက်တော့ မြဝတီဘက်ခြမ်းမှာ
ဧကချီကျယ်တဲ့ ဝန်းကြီး ဝယ်ပြီး သစ်ခွဲစက်တွေတည်တယ်။ အလုပ်သမားတန်းလျားတွေ ဆောက်ပြီး
သစ်အချောထုတ်တယ်။ ပရိဘောဂလုပ်တယ်။ စားအုန်းဆီ မှောင်ခိုကူးတယ်။ ကရင်တောတွေထဲ သစ်ထုတ်တယ်။
သူစွန့်ခွာခဲ့တဲ့ နိုင်ငံရေးအသိုင်းအဝိုင်းထဲက လူတွေနဲ့ ပြန်တွေ့ဖြစ်တယ်။ ဒီတစ်ခါကတော့
နိုင်ငံရေးသဘော လုံးဝမပါတော့။ အားလုံး စီးပွားရေးသက်သက်။
စီးပွားရေးကြောင့်သာပဲ အရင်က သူလုံးဝရွံရှာခဲ့တဲ့
လူတန်းစားနဲ့ ပခုံးဖက် အရက်သောက်ရတာတွေ ရှိလာတယ်။ သူ့အလုပ်ကလည်း နှစ်ဖက်အာဏာပိုင်တွေ
၊ လက်နက်ကိုင်တွေနဲ့ အဆင်ပြေဖို့ သိပ်အရေးကြီးတာကိုး။ ချစ်ကြည်ရေးတံတားကြီး ဆောက်တဲ့အချိန်
သူနဲ့ အခုခေတ် ကြီးကြီးမာစတာ ဗိုလ်ချုပ်ကြီးတွေ/ဝန်ကြီးတွေဟာ အရပ်စကားအတိုင်း ပြောရရင်
ဘော်ဒါတွေ ဖြစ်နေပြီ။ သမ္မတနေရာတောင် ငုတ်တုပ်ကြီး ရောက်သွားဖူးတဲ့သူနဲ့လည်း အသိအကျွမ်းတွေပေါ။
အဲ့ဒီခေတ်တုန်းက မြဝတီမှာ ထိုင်တဲ့ တပ်တွေထဲက ရာထူးကြီးတဲ့သူဆို သူနဲ့ မသိတာ မရှိသလောက်ပဲ။
ဒီလူတွေကို ခွံ့ရင်း သူလည်း စားနေရတာကိုး။ ချစ်ချစ် မချစ်ချစ် ဒီလူတွေနဲ့ နီးနီးစပ်စပ်ရှိဖို့လိုတယ်။
ကြိုက်ကြိုက်မကြိုက်ကြိုက် သူတို့နဲ့ အလိုက်အထိုက် ရှိဖို့လိုတယ်။
သူ့သမီးလေး ၄ နှစ်သမီးအရွယ်ရောက်တော့ သူတော်တော်
အခြေအနေကောင်းနေပြီ။ နောက်တော့ မဲဆောက်ရဲ့ ထိပ်ထိပ်ကြဲ လူချမ်းသာ စာရင်းဝင်သွားတာပါပဲ။
သမီးလေး ကျောင်းတက်တဲ့အရွယ်ရောက်မှ သူ့ယောက္ခမကြီးကလည်း “ငါ့သမက် တော်တယ်။ အိမ်လာနေ”
ဆိုပြီး ဖြစ်လာတယ်။ သူကတော့ မနေ။ ယောက္ခမကို စိတ်နာလို့တော့ မဟုတ်။ သူ့မခံချင်စိတ်နဲ့
ကိုယ့်ဒူးကိုယ်ချွန် ရပ်တည်ချင်တဲ့စိတ်ကြောင့် သီးသန့်ခွဲနေသည်။
အခု ချစ်ကြည်ရေးတံတားကြီး ဖြစ်လာမယ့်နေရာမှာ ပေ ၁၂၀ ကျော်ပတ်လည်လောက် ကျယ်တဲ့ ဝိုင်းကြီး သူဝယ်လိုက်ပြီး ထိုင်းပုံစံ နှစ်ထပ်တိုက်လှလှကြီး ဆောက်တယ်။ ပေါ်တီကို မြင့်မြင့်နဲ့ တောင်ဘက်လှည့်ထားတဲ့ တိုက်ကြီး။ ပေါ်တီကိုအထက်က ဝရန်တာကလည်း လူ ၁ ကျိပ်လောက် အိပ်လို့ရအောင်အထိ ကျယ်တယ်။ အဲ့ဒီကနေ ကြည့်မယ်ဆိုရင် မြစ်ကို ကျော်ပြီး မြဝတီကို ကုပ်ကုပ်လေး မြင်တယ်။ ချိုင့်ဆန်ဆန် မြို့ကလေး။ အဲ့ဒီနောက်မှာ လေးကေ့ကော် ၊ လက်ခတ်တောင် နဲ့ သင်္ကန်းညီနောင် တောင်တန်းတွေက တနံတလျား။ တစ်ခါက သူ ဖြတ်ကျော်ခဲ့ဖူးရာ တောနဲ့တောင်တွေ။
(၄)
တစ်ခါတစ်ခါ သူဟာ မဲဆောက်တိုက်ကြီးရဲ့
အပေါ်ထပ်ဝရန်တာကနေ မြဝတီဘက်ခြမ်းကို အကြာကြီး ငေးနေမိတယ်။ တောင်တွေရဲ့ ဟိုဘက်မှာ သူပြန်မရောက်ဖြစ်တော့တဲ့
သူ့ဇာတိရွာလေး ရှိမယ်။ သူ့အမေကတော့ သူ့စိတ်နဲ့ ဆုံးသွားတာပဲ နှစ် ၂၀ လောက် ရှိပြီ။
အဖေ့သတင်း မကြားရတာလည်း ကြာပြီ။ သစ်လုပ်ငန်းကို ဖိဖိစီးစီး လုပ်တုန်းက ကရင်တောထဲ သူကိုယ်တိုင်
ရောက်သွားရင်းနဲ့ ကိုယ့်ရွာခံတစ်ယောက်နဲ့ တွေ့ဖြစ်တယ်။ အဖေ စီးပွားပျက်သွားပြီး လေဖြတ်နေတယ်တဲ့။
သူကိုယ်တိုင် ရွာပြန်လိုက်ချင်ပေမယ့် လုပ်ငန်းတွေက အရှိန်ရနေပြီ။ လုပ်လက်စကိစ္စတွေကိုလည်း
လက်လွှဲစရာ လူမရှိ။ ငွေ ၅ သောင်းသာ အဲ့ဒီလူလက်ထဲ ထည့်ပြီး ဆက်ဆက်ပို့ပေးဖို့ မှာတယ်။
ရောက်မရောက်တော့ မသိ။ အဲ့ဒီနောက်တော့ သူ့လုပ်ငန်းထဲမှာပဲ သူမြှပ်နေတော့တယ်။ ဒီအချိန်မှတော့
ရွာလည်း မပြန်ချင်တော့။ ကိုယ် ဆက်ခံရတဲ့ သွေးသားထက် ကိုယ့်ကို ဆက်ခံတဲ့ သွေးသားက သံယောဇဉ်
ပိုတင်းသကိုး။
သူ့လုပ်ရပ်တွေ မှန်သလား မှားသလား ရံဖန်ရံခါ စဉ်းစားမိတယ်။ ဒီလို စဉ်းစားမိတဲ့အခါမျိုးဆို သူ့စိတ်ထဲ ခွပ်ဒေါင်းအနီ ခေါင်းစည်းနဲ့ အလံကိုင် ချီတက်ကြွေးကြော်နေတဲ့ ကောင်လေးတစ်ယောက်ကို ခဏခဏ ပြန်မြင်မိတယ်။ ပါးပါးလျပ်လျပ်ကိုယ်နဲ့ သံမဏိလို စိတ်ဓါတ်ခိုင်ကျည်တဲ့ ကောင်ကလေး။ ယုံကြည်ချက်အတွက် ဘာပဲပေးရပေးရ နောက်မတွန့်ခဲ့တဲ့ ကောင်လေး။ အဲ့ကောင်လေးက သူပဲ။ သူ ဖြစ်ခဲ့တာပဲလို့ ပြောရမှာပေါ့။ ညနေ နေရောင်မှာ သူ့လက်သူ ထောင်ကြည့်လိုက်တယ်။ တွန့်ခေါက်နေတဲ့ အရေပြား ၊ ဖောင်းကားနေတဲ့ သွေးကြောတွေနဲ့ အရေးစင်းတွေက လူ့ဘဝထဲ သူဘယ်လောက် ဖြတ်သန်းရောက်ရှိခဲ့ပြီလဲပြ ဇယားကွက်တွေလို။ အခု သူအိုခဲ့ပါပြီ။ သူ့ယုံကြည်ချက်တွေ အိုမင်းခဲ့သလို သူ့လောဘတွေလည်း အိုမင်းခဲ့ပါပြီ။ သူဘာကိုမှတောင် သိပ်မလိုချင်တော့။ ပိုက်ဆံရှိပြီး လုံလုံခြုံခြုံနေရတဲ့ဘဝမှာ တစ်ခုခု ထပ်လိုချင်သေးရင်လည်း အဲ့ဒါ လူသားဂုဏ်သိက္ခာပဲ ဖြစ်မှာပဲ။ သူကတော့ သူ့မှာ အဲ့ဒါလေး ရှိမရှိ ပြန်မေးကြည့်တိုင်း အဖြေမကွဲ။
(၅)
သူ့သမီးကြီးက မြဝတီကို ငေးနေတဲ့ မဲဆောက်တိုက်ပေါ်က အဖေကို ခပ်လှမ်းလှမ်းကနေနေကဲခတ်နေတယ်။ တန်တော့ အဖေ အတွေးလွန်နေပြန်ပြီ ထင်ရဲ့။
- ငြိမ်းဝေမင်း