ဝန်ချတောင်
တစ်ခါတုန်းဆီက
အဝေးတစ်နေရာမှာ ရွာသေးသေးလေးတစ်ရွာ ရှိခဲ့ဖူးတယ်။
လွင်ပြင်ဆန်ဆန် ကွက်လပ်ပြင်ကျယ်ကျယ်မှာ
တည်ဆောက်ထားတဲ့ရွာကလေးပါ။ မနီးမဝေးမှာ မှိုင်းညို့နေတဲ့တောတန်းကလေး။ အနောက်မှာ
မြင့်မားစိမ်းလဲ့နေ တောင်ကြီးတစ်လုံး။
အစဉ်သဖြင့်ဆိုသလိုပဲ
ရွာကလေးရဲ့အထက်နားကပ်လျက်၀န်းကျင် နဲ့ တောအုပ်ရဲ့ ခေါင်းပေါ်မှာဆို
မြူခိုးတွေနဲ့တိမ်တွေခိုဝဲ နားစက်လို့။ တစ်နေ့ နှင်းဖုံးတောင်ကုန်းလေးလို
ငြိမ်သက်ငြိမ်းအေးလှတဲ့ ရွာကလေးဆီ ရသေ့ကြီးတစ်ပါးရောက်လာ ၊ ပြီး
တောအုပ်ကလေးရဲ့နောက်ကျောဘက်က တောင်ကြီးမှာ သီတင်းသုံးရင်း တရားအားထုတ်နေခဲ့တယ်။
ရသေ့ကြီးရဲ့ ငြိမ်းချမ်းကြည်လင်တဲ့အသွင်၊
ရင့်ကျက်တဲ့ဥာဏ်ပညာ၊ ဖြူစင်တဲ့သီလဂုဏ်တွေကြောင့် ရွာကလေးတစ်ရွာလုံးဟာ ရသေ့ကြီးရဲ့
တပည့်သာ၀ကတွေ ဖြစ်လာကြတယ်။ ရသေ့ကြီးရဲ့ တမူထူးခြားတဲ့ဥာဏ်ပညာ
အရည်အသွေးများစွာထဲမှာ ဂရုဏာတရားကြီးမားစွာ နဲ့ သူတစ်ပါးတို့ရဲ့ အမှားနဲ့အပြစ်တွေကို
နားလည်စာနာစွာ နားထောင်ပေးတတ်ခြင်းဟာလည်း တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ ရွာထဲက
အမှားတစ်စုံတစ်ရာ လုပ်မိတဲ့လူတစ်ယောက်ဟာ တောင်ပေါ်က ရသေ့ကြီးဆီ လာပြီး
၀န်ချရင်ဖွင့်ကြတယ်။ ရသေ့ကြီးကလည်း သူတော်စင်ပီသစွာနဲ့ပဲ အမှန်တရားဆီ ရောက်အောင် တည့်မတ်ပြုပြင်ပေးခဲ့တယ်။
အပြစ်တွေ နောင်တအမှားတွေနဲ့ လေးလံနာကျင်ကြေကွဲပြီး ရောက်လာတဲ့ လူတွေဟာ
တောင်ပေါ်ကပြန်အဆင်းမှာ ပေါ့ပါးလွတ်လပ်သွားကြပါတယ်။ သူတို့က တောင်ကြီးကို
နာမည်ပေးလိုက်ကြတယ်။
“၀န်ချတောင်”
နှစ်ပေါင်းများစွာကြာပြီးခဲ့တဲ့နောက်
ရသေ့ကြီးလည်း ပျံလွန်တော်မူသွားပါတယ်။ တောင်ကြီးဟာ သစ်ပင်တွေနဲ့ပိုမို
စိမ်းရင့်နေခဲ့ပါပြီ။ ရွာကလေးမှာတော့ရိုးရာယဉ်ကျေးမှုတစ်ခုလို အရိုးစွဲနေတဲ့
ယုံကြည်မှုတစ်ခုက ပိုမိုရှင်သန်သက်၀င်နေခဲ့ပါတယ်။ ဟိုအရင်တုန်းကလိုပါပဲလေ
အမှားလုပ်မိတဲ့သူတစ်ယောက်ဟာ ၀န်ချတောင် ဆီသွားပြီး သူ့အမှားတွေကိုရင်ဖွင့်ပါတယ်။ ကာလတစ်ခုအထိ
ဖြစ်တည်နေခဲ့တယ်။
သင်္ခါရတရားကြီးရဲ့တစ်ခုသောပြကွက်မှာ
အရာရာဟာ ပြောင်းလဲသွားပါတယ်။ ရွာကလေးဟာလည်း
ကာလတစ်ခုရဲ့သွေးဆောင်တိုက်စားမှုအောက်မှာ ပျောက်ကွယ် သေဆုံးသွားပါပြီ။ လွင်ပြင်ထဲက
အိမ်အိုအိမ်ပျက်တွေက ချုံနွယ်စိမ်းစိမ်းတွေကြား အရိုးမည်းမည်းကြီးတွေလို
ငြိမ်သက်ဆွံ့အ, စွာ ကျန်ရစ်ခဲ့ပြီ။ ရွာကလေးနဲ့၀န်ချတောင်တို့ရဲ့ သမိုင်းဟာ
အခုချိန်မှာတော့ ကလေးတွေအတွက် အိပ်ရာ၀င်ပုံပြင်တွေ ဖြစ်လာတယ်။
၀န်ချတောင်ပုံပြင်တွေကို
နားထောင်ပြီး ကြီးပြင်းလာတဲ့ လူငယ်လေးတစ်ယောက်ရှိတယ်။ ၀န်ချတောင်နဲ့ပတ်သတ်ပြီး
သူ့မှာလည်း အခိုင်အမာ ယုံကြည်ခြင်းတစ်ခု ရှိတယ်။ ၀န်ချတောင်ဟာ အမှားတွေကို
ဖြေပေးနိုင်တဲ့နေရာတစ်ခုတဲ့လေ။
နှစ်ပေါင်း
နှစ်ဆယ်ကျော်ကြာပြီးတဲ့နောက် တစ်နေ့မှာ အနှစ်နှစ်ဆယ်စာအမှားတွေ နောင်တ နဲ့အပြစ်တွေ
သယ်ပိုးရင်း ဘယ်လိုမှမခံစားနိုင်တော့တဲ့အဆုံး လူငယ်လေးဟာ သူအမှားတွေကို
ချန်ထားခဲ့လို့ ရမယ့်ပုံပြင်ထဲက ၀န်ချတောင်ကို ရှာဖွေဖို့ခရီးထွက်လာခဲ့တယ်။ အချိန်တွေ
အများကြီးကုန်လွန်ခဲ့ပြီးနောက် သူသိပ်ရောက်ချင်လှတဲ့ အိပ်မက်ထဲက ၀န်ချတောင်ဆီ
ရောက်သွားခဲ့တယ်။
တောင်ထိပ်ဆီ တက်ကြွစွာတက်လာခဲ့တယ်။
တောင်ထိပ်မှာတော့ သိပ်အံသြစရာကောင်းတဲ့ တိုက်ဆိုင်မှုတစ်ခု ရှိနေတယ်။ တောင်ရဲ့တစ်နေရာမှာ
အသက်အရွယ်အတော်ကလေး ကြီးရင့်နေပြီဖြစ်တဲ့ ရသေ့ကြီးတစ်ပါးကို တွေ့လိုက်ရတယ်။ လူငယ်လေးလည်း
ရသေ့ကြီးဆီ ပျော်ရွှင်၀မ်းသာစွာ လျှောက်သွားပြီး သူ့ အမှားအားလုံးကို စတင်၀န်ခံပါတော့တယ်။
လူငယ်လေးဟာ သူ့အမှားတွေ အိတ်သွန်ဖာမှောက် ထုတ်ပြပြီးတဲ့နောက် ပြောလိုက်ပါတယ်။
“အရှင်ဘုရား တပည့်တော်ဟာ
နှစ်ပေါင်းနှစ်ဆယ်စာ မှားခဲ့၊နောင်တရခဲ့ ပါတယ်ဘုရား။ကျေးဇူးပြုပြီး တပည့်တော်ရဲ့
အမှားတွေကို ဖြေဖျောက်သန့်စင်ပေးပါ ဘုရား။”
ရသေ့ကြီးက
လူငယ်လေးရဲ့မျက်လုံးတွေကို အသေအချာစိုက်ကြည့်ပြီး ပြန်ဖြေလိုက်တယ်။
“ကောင်လေးရေ…. မင်းလိုပဲ
ငါလည်း ၀န်ချတောင်ဆီ ငါ့အမှားတွေကို ၀န်ချဖို့ ရောက်လာခဲ့တာပါပဲကွာ။
နှစ်ပေါင်းခြောက်ဆယ်စာ ငါ အမှားတွေ တစ်ပုံကြီးလုပ်ခဲ့ဖူးတယ်။ အမှားတွေက ငါ့ အတွက်
ဆေးမတိုးတဲ့ရောဂါတစ်မျိုးလို နာကျင်လွန်းလို့ ရသေ့၀တ်နဲ့ ၀န်ချတောင်ရှာဖွေရင်း
ခရီးထွက်လာခဲ့တာ။ အခုတော့ငါ ၀န်ချတောင် ရဲ့လျှိ့ဝှက်ချက်ကို မြင်ခဲ့ပြီ… ကောင်လေး။”
“တကယ်တော့ ၀န်ချတောင်ဟာ
ငါတို့ရဲ့အမှားတွေ အပြစ်နဲ့နောင်တတွေကို
လက်ခံနားထောင်ပြီး
ငါတို့ဆီက ပြုပြင်ပြောင်းလဲမှုတွေ ဥာဏ်ပညာနဲ့စာနာစိတ်တွေ
ခွင့်လွှတ်တတ်တဲ့စိတ် နဲ့ ဆက်လက်ရှင်သန်မျှဝေမှုတွေကို
ပြန်ပြီးတောင်းဆိုတယ်ကွ။
အမှန်တရားနဲ့ကောင်းမြတ်တဲ့တာ၀န်သိစိတ်တွေကိုပါ
ငါတို့နှလုံးသားထဲ ပြန်ထည့်
ပေးတတ်လို့ ရှေးအစဉ်အဆက်ကတည်းက
၀န်ချတောင်လို့ အမည်တွင်ခဲ့တာ။
အခုမင်းရဲ့သောက၀န်တွေချထားပြီးရင်
၀န်ချတောင်ဆီက ဘာတွေပြန်ထမ်းသွားမလဲ။
ကောင်လေး..မင်းရွေးတဲ့အတိုင်းပဲ
မင်းဖြစ်တည်တော့မှာ။”
လေပြေတွေက အမှန်တရားကို
နားစွင့်ဖို့ငြိမ်သက်သွားပြီး။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ရရှိတဲ့
အသိတရားတစ်ခုက နှလုံးသားကို ငြိမ်သက်စွာ နှိုးလိုက်တယ်။
လူငယ်လေး……..
ရသေ့ကြီးနဲ့ ၀န်ချတောင်ကို
နှုတ်ဆက်ခါ သူပြန်သွားခဲ့တယ်။ သူ ၀န်ချတောင်ကနေ ဆင်းပြီးနောက် ဘာတွေဆက်ဖြစ်မလဲ။
ဘ၀ဆိုတာ
မသိကိန်းများစွာအတွက် မေးခွန်းတစ်ခုပါ။ ၀န်ချတောင်မှာ ဘာမှမရှိခဲ့ပါဘူး။ ကျနော်တို့
ဖြစ်တည်ခံစားခဲ့သမျှဟာ ကျနော်တို့ရဲ့ဗလာနှလုံးသားထဲ ကျနော်တို့ကိုယ်တိုင် နှစ်နှစ်ခြိုက်ခြိုက်ကြီး
ထည့်သွင်းထားခဲ့တဲ့ ကျနော်တို့ရဲ့ ဝင်ခွင့်လက်မှတ်တွေပါ။ ကျနော်တို့ရဲ့ နှလုံးသားထဲ
ပျော်ရွှင်စရာ အချက်အလက်တွေ ထည့်သွင်းမိတဲ့အခါ ကျနော်တို့ ပျော်ရွှင်မူဆီ
၀င်ခွင့်ရပါတယ်။ ၀မ်းနည်းသိမ်ငယ်စရာတွေ ထည့်သွင်းမိတဲ့အခါ နှလုံးသားဟာအလိုအလျောက်
သောကရောက်ပါတယ်။
အရေးကြီးတာက မပျော်နိုင်ရင်တောင်
ပြုံးပြတတ်ဖို့ပါပဲ။ အပြစ်ကင်းစွာ ရယ်မောနိုင်ခြင်းကတော့ အရင့်ကျက်ဆုံး
နှလုံးသားနဲ့ အဖြူစင်ဆုံးလူသားများဆီမှာပဲ ရှင်သန်ကြီးထွားနိုင်ပါတယ်။ ချစ်ခြင်းတရားနှင့်စာနာခြင်း
ပညာဆိုတာ ဘ၀ကို တန်ဖိုးထားမြတ်နိုးစေနိုင်တဲ့ စွမ်းအင်တွေပါ။
ကျနော်တို့ စိတ်ထဲမှာပဲ ရှိတဲ့
ဝန်ချတောင်ထိပ်တက်ပြီး အမှားနဲ့အမုန်းတွေ ချထားပြီး ချစ်ခြင်းမေတ္တာနဲ့ စာနာခြင်းတွေ
ပြန်သယ်ကြရအောင်ပါ။