အင်းလျား ၊ ဧရာ ၊ မြနန္ဒာ အငွေ့ပျံခြင်း
(၁)
ဒီညဟာ ဆောင်းလတစ်ရက် ဖြစ်ခဲ့သင့်တယ်။ မိုးလေရှင်းရှင်း ညခင်းမှာ ပွဲကြည့်လာတဲ့ အင်းလျားဟာ ဆုံးသွားတဲ့ ငါ့အဖွား အလောင်း သယ်လာတဲ့ လှေကို သတိရချင်စရာပါ့။ တကယ်တမ်း ဘဝမှာတော့ ရေပြင်ဟာ အမှောင်သဲ့သဲ့မှာ အဖွားနဲ့တုတ်ပေါကို စောင်လို ခြုံနှစ်ထားခဲ့ပြီ။ ဒီကမ်းစပ်က ထိုင်ငေးကြည့် ၊ ရေထဲက မသေဘဲ ကျန်တဲ့ သစ်ပင်ကြီးတွေလို တို့တွေကတော့ မသေခင် ရှင်ရဦးမယ်လို့ပြန်ပြန်သတိရမိတယ်။
(၂)
၁၉၉၇-၉၈
အသိုက်ပြောင်းသွားတဲ့ ရွာတစ်ရွာ ရှိခဲ့တယ်။အဲဒီအချိန်ကို ငါသိပ်မမှတ်မိခဲ့ဘူး။ တစ်ခုပဲ ငါ့အဖေဟာ သရဲ သိပ်ကြောက်တတ်တာ။ အမှောင်မှာ ချောင်းရေချိုးတိုင်း ငါ့ကို ကမ်းပါးပေါ်ကနေ အမြဲစောင့်ခိုင်းတာကို သတိရတယ်။ သူပြောတာတစ်ခုက ရယ်စရာ။ ရေထဲမှာ လူသေတွေ ရှိတယ်တဲ့။ ဒီစကား တကယ်မှန်တာပဲ။
မန္တလေးကျောင်းတက်တုန်းက စိတ်တွေ သိပ်ထွေပြီး ဂေါဝိန်ကို မနက် ၂ နာရီထိုးကြီး ရောက်သွားတယ်။ အိုးဘိုထောင်ဘေးက မြို့ပတ်လမ်းကနေ အမှောင်ကြီးမှာ တစ်ယောက်တည်း ဆိုင်ကယ်တစ်စင်းနဲ့ထွက်သွားခဲ့တာ။ ဘာတွေ ဖြစ်ခဲ့လဲ မသိဘူး။ ဆောင်းရာသီတစ်ညပေါ့။ ဂေါဝိန်ဟာ တကယ် လူသေတွေ မြှပ်ထားတဲ့ မြစ်ဆိပ်ပဲ။ ဘေးနားမှာ တဲသေးသေးလေးတွေက ရှင်လျက်သေနေသူတွေရဲ့ အုတ်ဂူပဲ။ မြစ်ရေက နောက်နေမလား။ ငါအကြာကြီး ငုံ့ကြည့်ခဲ့တာ။ ဒီမြစ်ဟာ ငါ့ကို အထက်ဆန်ဖို့အော်ခေါ်နေသလိုပဲ။
ငါဟာ ဧရာဝတီမြစ်အောက်က သရဲခြောက်သံ ကြားခဲ့တာပဲလို့နောက် ၃ နှစ်ကြာမှ သိလာရတာ။ အခုထိ မြစ်ကြမ်းခင်းမှာ လမ်းလျှောက်လာတဲ့ တစ္ဆေတွေကို အိပ်မက်မက်တယ်။ အိပ်မက်မှာ ငါဟာ မြစ်ထဲက ရုန်းနေပုံများ ။ ဒီမြစ်က တကယ့်မြစ်ခြောက်ပဲ။ ၂၀၁၅ ခုနှစ် အကုန်ပိုင်း နိုဝင်ဘာနှင်းတွေ ၊ ရွေးကောက်ပွဲ မဲစာရင်းတွေနဲ့သူငယ်ချင်းတွေကို ချန်ပြီး ငါထွက်သွားခဲ့တယ်။
(၃)
လူတွေ တွန်းထိုးသွားနေတဲ့ လမ်းမကြီးက ရေပြင်ညီမဟုတ်ဘဲ ထောင်လိုက်ဝင်ရိုးစွန်း ဖြစ်သွားတယ်။ အဲဒီ ပုံမှန်မဟုတ်တဲ့ လမ်းမကြီးက ငါ့ကို ရှေးမြို့တစ်ခုကို ပြန်ခေါ်သွားတယ်။ တကယ်က ငါလျှောက်နေတာက တစ်ခြားဘက်ပါ။ လူတွေထဲက အသံတစ်ခုက တော်လှန်ရေးဆန်တယ်။ သူက သီချင်းရေးပြီး သူ့နာမည်ကို အပုဒ်တိုင်းမှာ လိုက်ထည့်ထားတယ်။ ဒီတော့ငါတို့ရဲ့ ဆိုလိုက်တိုင်း သူဟာ ပြန်ပြန်ပြီး ရှင်သန်လာတာပေါ့။
တစ်ချို့ညများမှာ ရှေးဆန်တဲ့ငါဟာ အဲဒီရှေးလူတွေနဲ့အတူ စကားလက်ဆုံကြဖြစ်တယ်။ တောင်ရှည်ဝတ်ပြီး ယောင်ထုံးထားတဲ့ သူတို့နဲ့ဂျင်းကြိုက်ပြီး ဆံပင်အတိုထားတဲ့ ငါ့အကြားမှာ ဝိရောဓိများစွာ ရှိခဲ့တာပဲ။ ဒီလူကြီးတွေ ပဉ္စလက်ဆန်တာ ၊ ဆေးပေါ့လိပ်ကြိုက်တာ ငါသိတာပေါ့။ ငါကတော့ သူတို့လောက် မပျော်ရွှင်နိုင်ခဲ့တာကိုပဲ ငါ့ကိုယ်ငါ အံ့သြတာ။ နောက်တစ်ခုက သိပ်ပြီး အလျင်မမှန်ရင် ပြတ်ကျန်ကျန်ခဲ့တဲ့ ယဉ်ကျေးမှုကလည်း ငါ့ကို ခေါင်းကိုက်စေတဲ့အရာ။
ငါ့ချစ်တဲ့ သူတွေနဲ့ငါ ယဉ်ကျေးမှု မတူဘူး။ ငါမုန်းမိတဲ့ လူတွေကမှ ငါနဲ့ယဉ်ကျေးမှုချင်း တိုက်ဆိုင်သွားတာတွေရှိသေး။ တကယ် စဉ်းစားစရာက ငါကိုက ခေတ်မှားတစ်ခုမှာ လူဖြစ်လာသလား ဆိုတာပဲ။ ဒီအကြောင်းကို မြနန္ဒကြားတိုင်း စဉ်းစားမိလို့ပါ။
(၄)
မိုးရာသီက တကယ် မလွန်သေးဘူး။ အိမ်ပြန်ဖို့ပြင်တိုင်း ငါ့စိတ်ထဲ စိုစွတ်ရတယ်။ ဘဝမှာ ရင်းရင်းနှီးနှီး ရှိခဲ့ဖူးသူက ပြောတယ်။ ငါဘယ်ကို ရောက်နေလဲဆိုတာ သူသိတယ်တဲ့။ ဒါ တကယ်လား။ ပြုစားချက်တွေ သိပ်များတဲ့ မြို့ကနေ ကိုယ့်အိပ်ရာဆီ ပြန်တော့ မိုးတွေ သိပ်ရွာတယ်။ ဒီအချိန်မှာ ဧရာဝတီဟာ မာန်ကြီးနေလိမ့်မယ်။ အားလုံး အိပ်မောကြနေချိန်မှာ ဝါးတူရိယာလေး တစ်တောက်တောက်ခေါက်ပြီး မြနန္ဒာကို ရှေးသံကြီးနဲ့ဆိုနေလိမ့်မယ်။
ငါကတော့ အသင့်ဖျော်ကော်ဖီတစ်ခွက်လို ခေတ်ထဲ အလွယ်ကလေး မပျော်ဝင်နိုင်တာကို စိတ်ညစ်နေတာ။ ဒါပေမယ့် ရိပ်ခနဲ မြင်ရတဲ့ အဲဒီက ကော်ဖီငွေ့တွေလို ပျောက်ကွယ်ဖို့တော့ အသင့်ပြင်ပြီးသား။ ခေတ်များလည်း ဧရာဝတီကနေ အင်းလျားအထိ စီးဆင်း ။ မြနန္ဒာသီချင်းထဲကလို ရက်မရွေးဘဲ အသက်ကလေးလည်း ရှည်ချင်ရဲ့။
- ငြိမ်းဝေမင်း