ကပ်ဘေးသင့် ပတ်ဝန်းကျင်
သမ္မာကျန်းစာမှာပါတဲ့ ကမ္ဘာပျက်ကိန်းထဲက မြင်းစီးသမားလေးယောက်ဟာ တတိယကမ္ဘာရဲ့ ကောင်းကင်တွေပေါ် မြင်းစီးရတာ ကြိုက်ကြပုံပါပဲ။ အပူပိုင်းဒေသတွေဟာ သဘာဝရော သဘာဝကြောင့် မဟုတ်တဲ့ကပ်ဘေးတွေပါ ခါးစည်းခံရဖို့ ကျိန်စာသင့်နေကြတာပါ။ ကပ်ဘေးကြောင့် ဖြစ်တဲ့ လူသေဆုံးမှု ၁၀ ခုမှာ ၉ ခုကျော်က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်လေ့ရှိပါတယ်။
မိုးခေါင်ရေရှားမှု ၊ ရေကြီးရေလျှံမှု ၊ လေဆင်နှာမောင်း နဲ့ ငလျင်တွေက အဓိက ဖျက်ဆီးရေးသမားတွေ ပါ။ ပထမနှစ်ခုကြောင့် အပူပိုင်းဒေသ ကမ္ဘာ့ရာသီဥတုယန္တရား ထိခိုက်ပုံကို ကျွန်တော်တို့ ရှေ့မှာ တွေ့ပြီးပြီ။ အပျက်အစီးအများဆုံး လေဆင်နှာမောင်းတွေလည်း အီကွေတာ မြောက်နဲ့တောင် လတ္တီကျူ့ဒ် ၈ ဒီဂရီ နဲ့ ၁၅ ဒီဂရီအကြား ဖြစ်လေ့ရှိပါတယ်။ ဒီမုန်တိုင်းတွေက အရှေ့တောင်အာရှကျွန်းတွေကို ဖြတ်ပြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း ဘင်္ဂလားပင်လယ်အော်ပေါ် နဲ့ ကာရစ်ဘီယံကျွန်းတစ်လျှောက် ပုံမှန် မပျက်မကွက် လာဖျက်ဆီးကြပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေထဲက လေဆင်နှာမောင်းသင့်ရာဒေသတွေ ဆိုလို့ အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်း နဲ့ ဩစတြေးလျ အရှေ့ဘက် ကမ်းရိုးတန်းပဲ ရှိပါတယ်။
ငလျင်နဲ့ သူ့လက်ပါးစေတွေ ဖြစ်တဲ့ မီးတောင်တွေကလည်း
ကမ္ဘာ့ကျောက်ချပ်ကြီးတွေ တစ်ခုပေါ်တစ်ခု ထပ်ပြီး ဖိအားနဲ့ ဝင်ဆောင့်မိရာက
ဖြစ်ပေါ်လာတဲ့ ကမ္ဘာ့တိုက်ချပ်ကြီးတွေ ရွေ့လျားရာဇုန်တွေမှာ ရှိနေပါတယ်။ ကံစီမံရာပါပဲ။
ဒီနေရာတွေ အကုန်လိုလိုက လက်တင်အမေရိကကျောရိုးတလွှား ၊ ဟိမဝန္တာတောင်ဘက်စွန်းပိုင်း
နဲ့ ပစိဖိတ်ကျွန်းစုတွေ တလျှောက်ကနေ
တူရကီအထိ ပေါက်တဲ့ တတိယကမ္ဘာထဲမှာပါ။ ဒီဒေသတွေမှာ နေတဲ့သူတွေကြည့်ရတာ ခြေထောက်မှာ
ငလျင်အချက်ပြစနစ် တပ်ထားပုံပါပဲ။ တစ်ခါက ကျွန်တော် ဘာလီက အစည်းအဝေးခန်းတစ်ခုထဲ
ထိုင်နေတုန်း ရုတ်တရပ် အားလုံး ဝုန်းခနဲ ထသွားပြီး ဘာကြောင့်မှန်း မသိ အပြင်ကို
ပြေးထွက်သွားခဲ့ကြတယ်။ ခပ်သိမ့်သိမ့်ပဲ လှုပ်တာမို့ ကျွန်တော်ဆို ငလျင်လို့တောင်
မခံစားမိပါဘူး။ ချမ်းသာတဲ့ အမေရိကန်ပြည် အနောက်ပိုင်း ပင်လယ်ဘက်ခြမ်း နဲ့
အီတလီရဲ့တချို့နေရာတွေ ၊ ယူဂိုဆလားဗီးယားနဲ့ ဂျပန်တို့လည်း ငလျင်အန္တရာယ်
ကြုံနိုင်ပါတယ်။
ကပ်ဘေးကြောင့်
နှစ်စဉ် လူသေနှုန်းက ဆင်းရဲတဲ့နိုင်ငံတွေအတွက် ငွေကြေး ၊ အရင်းအမြစ်တွေ ၊ လူ့အသက်တွေနဲ့
ပေးဆပ်နေရတဲ့ အခွန်လို ဖြစ်နေပါတယ်။ ၁၉၇၅ ကနေ ၁၉၇၆ ၁၂ လလောက်အချိန်လေးပဲ တစ်ချက် ကြည့်လိုက်ပါ။
၁၉၇၅ စက်တင်ဘာလထဲ အိန္ဒိယအရှေ့မြောက်ပိုင်း ရေကြီးမှုတွေက လူပေါင်း ၂၃၃,၀၀၀ ကို
အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့ပြီး အပျက်အစီးဆုံးရှုံးမှုတန်ဖိုး ပေါင် သန်း ၃၀၀
(ဒေါ်လာသန်း ၆၀၀) ခန့် ရှိခဲ့ပါတယ်။ ၁၉၇၆ ဖေဖော်ဝါရီထဲမှာ လှုပ်ခတ်ခဲ့တဲ့
ဂွာတီမာလာငလျင်ကြီးကြောင့် လူပေါင်း ၂၄,၀၀၀ သေဆုံးပြီး လူ ၇၇,၀၀၀
ထိခိုက်ဒဏ်ရာရခဲ့သလို လူဦးရေရဲ့ ၅ ပုံ ၁ ပုံကျော် နေထိုင်ရာ အိမ်ပေါင်း ၁.၂ သန်း
ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်မှာပါပဲ။ မေလထဲ ဖိလစ်ပိုင်မှာ
တိုက်ခတ်သွားတဲ့ တိုင်ဖွန်းမုန်တိုင်း Olga ကြောင့် လူပေါင်း ၈ သိန်း
အိုးအိမ်မဲ့ခဲ့တယ်။ ဇွန် ၊ ဇူလိုင်လတွေဟာ အာရှမှာ ငလျင်လတွေ ဖြစ်ခဲ့တယ်။
အဲ့ဒီအချိန်က အနောက်အီရန်မှာ ရွာပေါင်း ၂၀ ငလျင်ကြောင့် ပျောက်ကွယ်ခဲ့တယ်။ ဘာလီမှာ
လူပေါင်း ၈၅,၀၀၀ နေထိုင်ရာအိမ်တွေ ပျောက်ဆုံးသွားခဲ့တယ်။ တရုတ်မှာ
တန်ရှန်းမိုင်းတွင်းဘက် ငလျင်ကြောင့် လူပေါင်း သန်းတစ်ဝက်လောက် သေဆုံးခဲ့ဖူးတယ်။
ဩဂုတ်လထဲမှာတော့ ရေတွေ ကြီးခဲ့ကြတယ်။ ပါကစ္စတန်နိုင်ငံ အင်ဒူးစ်က ဘဏ်တွေ
ရေမြှုပ်သွားပြီး လူပေါင်း ၃၇၀ ဦး သေဆုံးခဲ့တယ်။ ဘယ်လူချင်စတန်က ဘိုလန်ဆည်ကြီး
ကျိုးပြီး ၂၅ ရွာ ရေထဲ ပါသွားခဲ့တယ်။ ရေမြုပ်ဧရိယာက ပတ်လည်စတုရန်းမိုင်ပေါင်း ၅
သိန်းတောင်ပါပဲ။
ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေအတွက်တော့ ကြေကွဲဖွယ်ရာတွေနဲ့ အကြီးအကျယ်
ဆုတ်ယုတ်ပျက်ပြားကြတဲ့ နှစ်တစ်နှစ်ပါပဲ။ အဆုံးအရှုံးက ကြီးလွန်းပါတယ်။
ရေကြီးရေလျှံမှု နဲ့ ဆိုင်ကလုန်း မုန်တိုင်းတွေကြောင့်တင် ၁၉၆၁ နဲ့ ၁၉၇၄ အကြား
အာရှမှာ ဆုံးရှုံးခဲ့တာ ဒေါ်လာ ဘီလျံ ၃၀ (ပေါင် ၁၅ ဘီလျံ) အထိ ရှိပြီး အသေအပျောက်
လူပေါင်း ၂၈၀၀၀၀ ရှိခဲ့ပါတယ်။ ဒီဘေးတွေကြောင့် ထိခိုက်ခံစားရသူ ၄၈၅ သန်း ရှိပြီး
ရေလွှမ်းမြေ ဟက်တာ ၁၃၉ သန်း နဲ့ ပျက်စီးအိမ်ခြေ ၃၅ သန်းအထိ စာရင်းထွက်ပါတယ်။ ၁၉၆၀
နဲ့ ၁၉၇၄ အကြား ဗဟိုအမေရိက ၅ နိုင်ငံ ကြုံရတဲ့ သဘာဝဘေးအန္တရာယ်တွေဟာ
ဒီနိုင်ငံတွေရဲ့ ထုတ်လုပ်မှုတန်ဖိုး GDP ရဲ့ ၂.၃% ရှိခဲ့ပါတယ်။ ဒီလောက် ငွေပမာဏသာ စိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်းဘက်
ရင်းနှီးမြှပ်နှံမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်ရေးအရှိန်ကို အတော်ကြီး
ပြောင်းလဲစေမှာပါ။
တကယ်တော့ ဒီကပ်ဘေးတွေက သဘာဝတရားကြီး ဖောက်ပြန်လို့ သက်သက်တော့ မဟုတ်ပါဘူး။ ကပ်ဘေးတွေ ဖြစ်ရတာ လူတွေကြောင့်လည်း ပါပါတယ်။ ဆင်းရဲမှုကလည်း ကပ်ဘေးဖြစ်ပေါ်စေမှုနဲ့ ကပ်ဘေး သက်ရောက်မှုရဲ့ အကြောင်းခံ ဖြစ်နေပါတယ်။ ရေကြီးရေလျှံမှုနဲ့ မိုးခေါင်ရေရှားပြဿနာကို ပိုဆိုးစေတဲ့ သစ်တောပြုန်းပြီး ကန္တာရဖြစ်ရခြင်းက ဆင်းရဲမှုမှာ အရင်းခံပါတယ်။ ဆင်းရဲမှုနဲ့ လူဦးရေဖိအားကြောင့် ဆင်းရဲသူတွေဟာ ဘင်္ဂလားဒေ့ရှ်က ဂင်္ဂါမြစ်ဝှမ်းရဲ့ ရေလွှမ်းပြီး မုန်တိုင်းဝင်တဲ့ ကျွန်းလို , မတ်စောက်တဲ့ တောင်ကမ်းပါးလို အန္တရာယ်ကြီးတဲ့နေရာတွေမှာ နေရဖို့ ဖြစ်လာပါတယ်။ ဆင်းရဲသားတွေဖြစ်လို့ သစ်သား ၊ ရွှံ့နဲ့ ကောက်ရိုးနဲ့ ဆောက်ထားတဲ့ ဖြစ်ကတတ်ဆန်းအိမ်လေးတွေမှာပဲ နေရပါတယ်။ ဒီအိမ်မျိုးတွေက မုန်တိုင်းကို ခံနိုင်စွမ်းမရှိပါဘူး။ ပိုဆိုးဝါးတဲ့ သဘာဝဘေးအန္တရာယ်ကလည်း ပိုပြီး ခပ်စိပ်စိပ် ဖြစ်လာနေပါတယ်။ ဘရက်ဒ်ဖို့တက္ကသိုလ် လေ့လာမှုတစ်ခုအရ သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ အကြိမ်ရေဟာ ၁၉၁၉ နဲ့ ၁၉၇၁ အကြား ပျမ်းမျှ တစ်နှစ် ၅ ကြိမ်ကနေ ၁၉၅၁ ကနေ ၁၉၇၁ ထဲမှာ ပျမ်းမျှ ၁၁ ကြိမ် နဲ့ ၁၉၆၈ နဲ့ ၁၉၇၁ အကြား ၁၇ ကြိမ် တက်လာတယ်လို့ ဆိုပါတယ်။ သဘာဝကြောင့် ရာသီဥတုဆိုးဝါးမှု ဒီနှုန်းနဲ့ တက်လာတယ် ဆိုတာ ဖြစ်နိုင်စရာမရှိသလိုပါပဲ။ ဒီလို ဖြစ်ရတာဟာ ဆင်းရဲမှုကြောင့် ကပ်ဘေးသင့်နိုင်ခြေ ပိုမြင့်လာတာလည်း ဖြစ်နိုင်ပါတယ်။ ကပ်ဘေးတွေ ကိုယ်တိုင်က ဆင်းရဲမှုကို ပိုဆိုးစေပြီး နောင်အနာဂါတ်မှာ ကပ်ဘေးဒဏ်ပိုခံရအောင် လုပ်နေတာပါ။
ခြုံပြောရရင်
ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်ကလည်း ဖွံ့ဖြိုးဆဲအားယူနေတဲ့ နိုင်ငံတွေကို
မျက်နှာသာ ပေးမထားပါဘူး။ မြေဆီဩဇာနဲ့ လူသားတွေရဲ့ ထုတ်လုပ်မှု နိမ့်ပါးခြင်းကလည်း
ဖွံ့ဖြိုးမှုကို နှောင့်နှေးစေတယ်။ ဒီကြားထဲ ကပ်ဘေးနဲ့ မိုးလေမမှန်တာကလည်း
တည်ငြိမ်တဲ့ စိုက်ပျိုးရေးရိက္ခာပိုလျှံမှု ဖြစ်မလာအောင် တားဆီးနေပါတယ်။
စိုက်ပျိုးရိက္ခာပိုလျှံမှုဆိုတာ ဖွံ့ဖြိုးရေးအတွက် ပထမဆုံးလိုအပ်ချက်ပါ။
နေနဲ့ ပိုနီးနီးရှိတာက အလားအလာရှိတဲ့ အကျိုးကျေးဇူးတချို့တော့ ရှိနေပါတယ်။ မြေဆီဩဇာ နဲ့ ရေသာ လုံလောက်အောင် ရမယ်ဆိုရင် တစ်နှစ်လုံးရတဲ့ နေရောင်ကြောင့် လက်ရှိထက် တစ်နှစ်ကို သုံးဆအထိ ကောက်ပဲသီးနှံအထွက် ပိုနိုင်ပါတယ်။ ရေပြတ်တာက ဒီဒေသတွေရဲ့ အလားအလာတွေကို ပိတ်ပင်ကန့်သတ်ထားသလို ဖြစ်နေပါတယ်။ လောင်စာဆီ ကုန်ခမ်းလာပြီး နေစွမ်းအင်က ပိုပြီး တွက်ချေကိုက်လာတာကြောင့် တတိယကမ္ဘာဟာ ဖွံ့ဖြိုးပြီး သမပိုင်းဇုန်က နိုင်ငံတွေထက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို အဆုံးမဲ့ အလျှံပယ် ရနိုင်တော့မှာပါ။
ဒီတွက်ကိန်းတွေကလည်း
လောလောဆယ်က အထင်အမြင်မှာပဲ ရှိပါသေးတယ်။ ဒီနေ့အချိန်အထိ ဘေးအန္တရာယ်သင့်ရာ
ဒီပတ်ဝန်းကျင်ဟာ စီးပွားရေးဖွံ့ဖြိုးမှုကို နောက်ပြန်တန့်ရပ်စေတဲ့ အဓိက
ကန့်သတ်ချက်ကြီးတစ်ခု ဖြစ်နေပါတယ်။ ဒါကပဲ စက်မှုနိုင်ငံဘက် မကူးပြောင်းနိုင်ခင် ဖွံ့ဖြိုးဆဲနိုင်ငံတွေ
ခုန်ကျော်ရမယ့် ရင်းနှီးမြှပ်နှံရေးအခက်အခဲတစ်ခု ဖြစ်လာပါတယ်။ စိုက်ပျိုးရေးအတွက်
အနောက်နိုင်ငံတွေ အလားတူ ရင်ဆိုင်ခဲ့ရတဲ့ ရေသွင်းစိုက်ပျိုးမှု ၊ ရေကြီးရေလျှံ
ထိန်းချုပ်မှု နဲ့ မြေဆီလွှာတိုက်စားမှု ထိန်းသိမ်းရေးကိစ္စမျိုးတွေကို
ဖွံ့ဖြိုးဆဲနိုင်ငံတွေက ပိုပြီး လုံးပန်းရပါတယ်။ အရင်းအနှီးကြီးကြီး ပိုသုံးရပါတယ်။
လူသားအရင်းအမြစ်အနေနဲ့လည်း ရောဂါကူးစက်မှု နဲ့ အပူချိန်ကြောင့်
လုပ်အားထုတ်လုပ်နိုင်စွမ်း ကျဆင်းတာကိုလည်း ရင်ဆိုင်ရပါတယ်။
ရှေးခေတ် အရှေ့အလယ်ပိုင်း ၊ အာရှ နဲ့ တောင်အမေရိက အင်ပိုင်ယာကြီးတွေလည်း ရေထိန်းချုပ်မှု အတွက် ရင်းနှီးမြှပ်နှံရေးဝန်ထုပ်ကြီး ထမ်းခဲ့ရတယ်။ အခုလည်း ဒါကိုပဲ ဆက်ကျော်လွှားရပါမယ်။ နိုင်ငံခြားအကူအညီ နဲ့ ချေးငွေတွေက လိုအပ်တဲ့ ရံပုံငွေထောက်ပံ့ဖို့ လိုသလို လူထုပါဝင်တဲ့ လုပ်ငန်းလေးတွေ ၊ လုပ်အားပိုထွက်စေမယ့် နည်းနာတွေနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေက ဒီရင်းနှီးမြှပ်နှံမှုရဲ့ အဖိုးအခကို လျှော့ချနိုင်ဖို့ ရှိပါတယ်။
- "တတိယကမ္ဘာအတွင်း ချောင်းကြည့်ခြင်း"မှ