မြင်းစီးခြင်း
(၁)
တပေါင်းလဆန်းပြီဆို ဒီလမ်းလေးက အဝါရောင်ရွက်ခြောက်မျိုးစုံနဲ့ နုပျိုဆန်းသစ်နေတတ်သည်။ ဒီအရပ်လို သွေ့ခြောက်ခြောက် လွင်ပြင်ထဲမှာ မြေသား ၆၀% သဲ ၃၀ % နဲ့ ကျောက်စရစ် ၁၀% ခန့် နှောနေသည့် လမ်းကလေးဖုံဖုံမှာ မြင်းစီးဖို့ အကောင်းဆုံး။
လမ်းဘေးတစ်ဖက်တစ်ချက်မှာ နဘူးခြုံလို နွယ်ပင်များ ၊ ဝါးကိုင်း ၊ ဆီးတောနဲ့ ထန်းပင်တစ်ပင်တလေတို့က စီစီရီရီ။ လှည်းတစ်စီးစာသာသာ လမ်းကြောင်းအတိုင်း တောင်ပုပုလေးတွေအကြား တိုးဝင်ကာ အဖေနဲ့အတူ မြင်းကိုယ်စီနှင့် ခရီးနှင်ရသည်မှာ ဆန်းပြားသည့်ရေရှည်မှတ်ဉာဏ်တစ်ခုအဖြစ် ကျန်ရစ်စရာ။
မြင်းစီးတိုင်း အဖေက မှာသည်။"ထိန်းထား ထိန်းထား။ မင်းမြင်း အရှိန်ရလာပြီ။ လက်ကို တင်းမထားနဲ့။ ဇက်ကို မြှင့်မထားနဲ့။ သတိကပ်နေ။ ကုန်းနှီးနဲ့လူ မကွာစေနဲ့။မင်းစီးနေတဲ့ မြင်းကို နားလည်အောင်လုပ်"
အဖေက ညိုမကို စီးသည်။ ကျွန်တော်က ပိုပြီး ယဉ်ပြီး စိတ်ကောင်းသည့် မြင်းဝါမကြီးပေါ်မှာ။ အရှိန်ပြင်းပြင်းနှင့် လေးဘက်ကျ နှင်နေသည့် မြင်းတစ်ကောင်ပေါ် လိုက်ပါရသည့်အခါ လူသည်် မြေဆွဲအားနှင့် ဆန့်ကျင်စွာ လွင့်မျောလာသည့်နှယ်။ တစ်ခါတခါ လှည်းလမ်းကြောင်းအတိုင်း မောင်းလာသည့် ယာသွားယာပြန် လှည်းတစ်စီးနှင့်လည်း ထိပ်တိုက်တွေ့ရတတ်သည်။ နွားတွေက မြင်းဆို အသေလန့်။ ထို့ကြောင့် အဖေက သတိပေးသည်။ "ထိန်းထား ထိန်းထား။ မြင်းနဲ့ တသားတည်းနေ။"
မြင်းဆိုသည်မှာ ဉာဏ်ကောင်းသလောက် ဉာဏ်နီဉာဏ်နက်ကြွယ်သည့် သတ္တဝါမျိုးဖြစ်သည်။ တချို့မြင်းတွေက စိတ်ဖောက်ပြီး သူ့ပေါ်က လူလွင့်စင်ကျသွားအောင် မကြာခဏ လုပ်ကြံတတ်သည်။ မြင်းတလွတ်စာ ဆူးပင် ထနောင်းပင်အောက်လည်း ဝင်အောင်းချင်အောင်းမည်။ အရှိန်နဲ့ပြေးရင်းလည်း ခြေစုံပစ် ရပ်ချင် ရပ်ပစ်မည်။ သို့မဟုတ်လည်း ပတက်ရပ်ပြီး လူကို ပက်လက်လန်ကျသွားအောင်လည်း လုပ်ချင်လုပ်မည်။ ဉာဉ်ဆိုးလှသည့်မြင်းဆို ကမ်းပါးဘက် ဆွဲပြေးပြီး ပစ်ခုန်ချင် ခုန်ပစ်မည်။ ဘာကိုမှ စိတ်ချလို့မရ။
ကျွန်တော့်မြင်းက ဉာဉ်ကောင်းသည်။ ဘေးဆွဲတာ ၊ ခြေဖောက်တာ ၊ လူလုပ်တာ ၊ သွေးလန့်တာ မရှိ။ သို့သော် လမ်းဘေးဝဲယာမှာ ချုံပင် နွယ်ပင် နဲ့ ဆူးခြစ်ပင်တို့ ရှိသည်ဖြစ်ရာ သတိလွတ်လို့ မဖြစ်။ မြင်းစီးရင်း စိတ်က နိုးကြားနေသည်။ ထို့အတူ လှုပ်ရှားနေပြန်သည်။ ညိုမကတော့ စိတ်ဆတ်တဲ့မြင်းပီပီ ခြေကုန်သုတ်ပြေးတတ်သည်ဖြစ်ရာ အဖေနှင့်ကျွန်တော်အကြား အမြဲမြင်းတလျား ပြတ်ကျန်တတ်သည်။ ဆောင်းလက်ကျန် မြူတွေအကြား ၊ သစ်ရွက်ခြောက်သံတွေအကြား ကျွန်တော်တို့ မြင်းစီးခဲ့စဉ်က အတွေ့အကြုံများကို ပြန်လွမ်းမိ၍ ဒီစာကို ရေးရခြင်း ဖြစ်သည်။
(၂)
အခုတော့ ညိုမလည်း မရှိတော့။ မြင်းဝါမကြီးလည်း ဆီးချုပ်ပြီး ဆုံးပါးသွားလေပြီ။ သူတို့အစား နောက်ပေါက်မြင်းလားလေး ၂ ကောင်သာ အဖေ့ခြံထဲမှာ ကျန်ခဲ့ပြီ။ စီးစရာမြင်းတွေ ကျန်သေးသော်လည်း ကျွန်တော်တို့မှာ မြင်းစီးပြီး သွားစရာခရီး မရှိတော့။
ဟိုယခင် လမ်းပန်းခက်ခဲချိန် ၊ ဆိုင်ကယ်နှင့်ကားတို့ ရှားပါးစဉ်က ကျွန်တော်တို့သားအဖ အဝေးအနီး မြို့ရွာများဆီ မြင်းစီးပြီး ခရီးသွားခဲ့ကြသည်။ ကျွန်တော်တို့ ညီအစ်ကို ၃ ယောက်တွင် ကျွန်တော်က အကြီးဆုံး။ အလတ်ကောင် ညီက မြင်းစီးအကောင်းဆုံး။ အငယ်ဆုံး ညီလေးက မြင်းနဲ့ အထိတွေ့ရဆုံး။ အခုနေခါ စင်ကာပူမှာ ဗိသုကာအင်ဂျင်နီယာအဖြစ် အလုပ်ဝင်နေသည့်ညီသည် မြင်တွေနှင့် ပတ်သက်လာလျှင် ဝမ်းနည်းဖွယ်အမှတ်တရတွေ ရှိခဲ့ကြောင်း ကျွန်တော့်ကို ပြောလေ့ရှိသည်။ အပြောများဆုံးအမှတ်တရတစ်ခုက ဂျိုဝီဟု သူနာမည်ပေးထားသည့် မြင်းကလေး ရောင်းလိုက်ရစဉ်က ဖြစ်သည်။
ဂျိုဝီဆိုသည့် နာမည်သည် နာမည်ကျော် War Horse ဆိုသည့် စစ်ကားထဲက မြင်းကလေး၏ နာမည်ဖြစ်သည်။ ကျွန်တော်တို့၏ နှာရောင်စင်း ခွာဖြူ အညိုရောင်မြင်းပေါက်ကလေးဂျိုဝီသည် War Horse ထဲက မြင်းကလေးအတိုင်းပင် လိမ္မာသိတတ်ပြီး ခွန်အားကောင်းသည်။ သခင်ကို တွယ်တာတတ်သည်။ ထိုမြင်းကလေးကို မြင်းဝယ်လက်တစ်ယောက်က မျက်စိကျသွားပြီး အဖေ့ဆီက ဝယ်သည်။ စီးပွားရေးအကျပ်အတည်းနှင့် ကြုံနေသည့်အဖေသည် ဦးပိုက်တင်ဆိုသည့် ထိုဝယ်လက်ပေးသည့်ငွေကို မငြင်းနိုင်သည့်အဆုံး ဂျိုဝီ့ကို ရောင်းလိုက်သည်။
အလတ်ကောင်ညီမှာ သူ့မြင်းကလေးရောင်းမည်သတင်းကြားကတည်းက မျက်စိမျက်နှာမကောင်း။ အိမ်အပေါ် သိတတ်သည့်သားဖြစ်၍သာ မိဘစိတ်မကောင်းအောင် မပြောရှာသော်လည်း ကျွန်တော့်ရှေ့တွင်မူ မကြာခဏ ညည်းညူရှာသည်။ ပိုဆိုးသည်ကား ဂျိုဝီ့ကို ဝယ်လက်ရောက်နေသည့် ကုက္ကိုလ်တန်းဆိုသည့်နေရာကို သူကိုယ်တိုင် ပို့ရခြင်း ဖြစ်သည်။ ထိုနေရာက ကျွန်တော်တို့ရွာနှင့် ၇ မိုင် ၈ မိုင်ခန့် ဝေးမည်။ ထူးထူးခြားခြား တစ်သက်လုံး လိမ္မာအပိုးကျိုးပြီး စီးတိုင်း စိတ်ချမ်းသာရသည့် ဂျိုဝီသည် သူ့အချစ်ဆုံးသခင်ကို ထိုနေ့က ကလန်ကဆန်လုပ်တော့သည်။
ကျွန်တော့်ညီလည်း တောင်ကြားအကွေ့တစ်ခုမှာ မြင်းပေါ်က ပြုတ်ကျတော့သည်။ ဂျိုဝီစိတ်ဖောက်နေသည်မှာ အကြာကြီ။ နောက်တော့ ကုက္ကိုလ်တန်းကို ရောက်နင့်နေသော ကျွန်တော်တို့နှင့် ဂျိုဝီ့ကို စီးလာသည့် ကျွန်တော့်ညီနှင့်ဆုံသည်။ ဂျိုဝီသည် ရောက်ကတည်းက ဟီသံမစဲတော့။ နီးရာအအေးဆိုင်ထဲတွင် ထိုင်နေသည့် ကျွန်တော့်ညီသည် မောပန်းနေသော်လည်း ရေတစ်ခွက်ပင် မသောက်။ သူ့မြင်းကလေးရှိရာကိုသာ ငေးကြည့်နေသည်။ ဂျိုဝီ့ကို ဦးပိုက်တင်စီးသွားသည့်အခါ သူ့ခမျာ မျက်ရည်ဝဲနေရှာသည်။ ကျွန်တော်လည်း စိတ်မကောင်း။ ဂျိုဝီသည် ဦးပိုက်တင်လက်ထဲတွင် အသွေးအမွေးပိုတောက်ပြောင်ကာ ပထမတန်းစားမြင်းဈေးတန်း မြင်းတစ်ကောင်ဖြစ်သွားသည်ဟု ပြန်ကြားရသည်။ ကျွန်တော်တို့ဆီတွင် နောက်ထပ် ဂျိုဝီမရှိတော့။
(၃)
အငယ်ဆုံးညီကျတော့ရော
သူငယ်စဉ်က ရွာနီးချုပ်စပ် အလှူပွဲမျိုးမှာ ရှင်လောင်းလှည့်ရန် မြင်းငှားတိုင်း မြင်းကိုင်အဖြစ် လိုက်သွားရသည်။ မြင်းကိုင်ဆိုသည်မှာ ရှင်လောင်းစီီီီးနင်းလိုက်ပါမည့် မြင်းကို ထိန်းပေးရသူဖြစ်သည်။ များသောအားဖြင့် အလှူ့ရှင်သားသမီးများသာ မြင်းစီးရသည်။ တစ်ခါသား ရွာတစ်ရွာကို မြင်းကိုင်အဖြစ် သူလိုက်သွားရသည်။ ထိုစဉ် သူ့အသက်မှာ ၁၂ နှစ်လား ၁၃ နှစ်လားမသိ။ မောင်ရင်လောင်းကလည်း သူနှင့်ရွယ်တူ။ အလှူ့ရှင်ပီပီ ထည်ဝါ ချီးမြှောက်ခံနေရသည်။ မြင်းကြိုးကိုင်ထားသည့် တရွာသား ကျွန်တော့်ညီလေးကတော့ နွမ်းနွမ်းပါးပါး။
ညီလေးသည် ဒီနေ့အချိန်အထိ ရှင်မပြုရသေး။ ကျွန်တော်တို့ဘဝ၏ ခက်ခဲလှသော အပိုင်းများတွင် မြန်မာ့ဓလေ့အစဉ်အလာထုံးတမ်းတချို့ တမင်မေ့ဖျောက်ခဲ့ရသည်။ အဆင်မပြေသည့်အတွက် ကျွန်တော်တို့ တစ်ခါမှ အလှူကြီး မလှူဖူး။ ရှင်မပြုဖူး။ ကျွန်တော့်ညီလေးသည် သူတာဝန်ယူရသည့် မြင်းကိုင်အလုပ်ကို လုပ်ရင်း မပြေလည်လှတဲ့ ကိုယ့်ဘဝကို ပြန်တွေးမိဟန်တူပါသည်။ ထိုနေ့က အိမ်ပြန်ရောက်တော့ မြင်းငှားခ ရသည့်ငွေ အမေ့အပ်ကာ စကားမပြောဘဲ အိမ်ပေါ်တက်သွားသည်။ ထိုနေ့က သူ့မျက်နှာကို ကျွန်တော်သေချာ ဖတ်ရှုလိုက်ရသည်ဟု ပြောချင်ပါသည်။
အဖေကတော့ မြင်းချစ်သော်လည်း မြင်းနှင့် အကျိုးမပေးသူဟု ဆိုနိုင်သည်။ သူ့မျက်စိရှေ့တင် မြင်းပေါက်ကလေး ချောက်ကမ်းပါးပေါ်က လိမ့်ကျသေဆုံးသည်။ ယာခင်းကအပြန် ကြိုးလွတ်သွားသည့် မြင်းမကြီး ပိုးထိပြီး ဆည်တစ်ဖက်ကမ်းက ရွာတွင် သေသွားသည်။ အိမ််ခြံအတွင်း စားခွက်နားမှာပဲ မီးယပ်ကျိုးသွားသည့် မြင်းမကြီး အသက်ထွက်သွားသည်ကိုလည်း တွေ့ဖူးသည်။ နောက်မြင်းမကြီးတစ်ကောင်တော့ ဆီးချုပ်ဝမ်းချုပ်ဖြစ်ကာ အသက်လုရင်း ဆုံးသွားရှာသည်။ သူအချစ်ဆုံး မြင်းညိုမကြီးသေတော့ ခြံထဲမှာပဲ အကောင်လိုက် မြေမြှုပ်သည်။
အဖေ့မှာ မြင်းကြောင့်လည်း ပြဿနာပေါင်း သောင်းခြောက်ထောင် ကြုံဖူးသည်။ မြင်းပေါ်က လိမ့်ကျပြီး ပေါင်ကျိုးဖူးသည်။ ရွာအပြင်ဘက် လှန်းထားတဲ့ မြင်းတွေကို ဆွဲပြီး စင်းငုံခင်းထဲက ဖြတ်အပြန် လန့်သွားတဲ့ မြင်းက သူ့ခြေထောက်ကို နင်းသွားတာလည်း ကြုံဖူးသည်။ ကြိုးလွတ်သွားတဲ့မြင်းကို တစ်ရွာဝင် တစ်ရွာထွက် စိတ်မောလူမော လိုက်ရှာရသည်မှာလည်း မကြာခဏ။ သို့ဖြစ်ငြား အဖေသည် မြင်းတွေပေါ် စိတ်မကုန်ခဲ့။ မြင်းကြောင့် ပေါင်တစ်ချောင်းကျိုးပြီး တစ်လကိုးသီတင်း ဆေးရုံတက်ခဲ့သော်လည်း မြင်းစီးချင်စိတ် မကုန်သေး။ မြင်းစီးဖို့မလိုအောင် ကား ၊ ရထား ၊ ဆိုင်ကယ်နဲ့ လမ်းတွေ လွယ်လာသော်လည်း အဖေသည် မြင်းစီးပြီး ခရီးထွက်ချင်သေးသည်။
မြင်းစီးတိုင်းလည်း သူ့ကိုယ်သူ ကောင်းဘွိုင်ဆန်ဆန် ကိုယ်နေဟန်ထား စမတ်ကျအောင် ဂရုစိုက်တတ်သေး။ အဖေက ကျွန်တော်တို့ မြင်းစီးတိုင်းလည်း "ထိန်းထား ထိန်းထား" ဟု အော်တတ်သည်။ အရှိန်မြင့်လေလေ ထိန်းချုပ်သတိ ရှိဖို့လိုလေလေဟုများ အဖေဆိုလိုလေသလား။
(၄)
အခုနေခါ မြင်းမစီးတော့ပါ။ မြင်းအစား ဘဝခရီးကို တော်ရာယာဉ်နဲ့ အဆင်ပြေသလို ဖြတ်သန်းနေရပြီ ဖြစ်သည်။ ဘယ်ခရီးကို ဘယ်လိုပုံစံနဲ့ သွားသွား ကိုယ့်ကိုယ်ကိုယ် "ထိန်းထား ထိန်းထား" ဟု သတိကပ်မိခြင်းသည် အဖေ့ကျေးဇူးပင်။ ဟိုးအရင်က တောလမ်းလေးအတိုင်း မြင်းစီးပြီး ဖြတ်သန်းရသည့်အခါ ရင်ဖိုခြင်း ၊ စိတ်လှုပ်ရှား ကြည်နူးခြင်း ၊ လွင့်မျောခြင်းမျိုးတော့ အခုနေခါ ပြန်မရနိုင်တော့။ သို့ဖြစ်ငြား ကျွန်တော်တို့ဘဝတွေသည် အမြဲတမ်း မြင်းတစ်ကောင်ကောင်၏ ကုန်းနှီးပေါ်တွင် ရှိနေတတ်သည်။
ကျွန်တော်တို့ ဉာဉ်ကောင်းသည့်မြင်းကို စီးနေမိသည်လား မသိနိုင်ခြင်းကြောင့် ကျွန်တော်တို့ ပိုပြီး သတိထားဖို့ လိုလာသည်။ ကျွန်တော်တို့စီးနေသည့်မြင်း အထီးအမသိဖို့အပြင် ထိုမြင်း၏စိတ်အခြေအနေနှင့် ပတ်ဝန်းကျင်၏သူ့အပေါ် ရိုက်ခတ်မှုပါ နားလည်အောင် ကြိုးစားလာရသည်။ ကျွန်တော်တို့ တစ်ဦးချင်းစီသည် မြင်းစီးကြသူများဖြစ်သည်ဟုလည်း ကိုယ့်ကိုယ်ကိုယ် သတိပေးနေရသည်။