ချစ်တယ်ကြိုက်တယ် လွယ်ရဲ့လားကွဲ့..
(၁)
မိအေး သူ့ကို
ကျနေပြီ ဆိုတာ သူကောင်းကောင်း သိလိုက်ပြီ။
သေချာအောင်
ကိုမောင်မြင့်တို့ ပဲစဉ်းငုံခင်း ပေါင်းလိုက်တဲ့နေ့မှာ လက်တွေ့စမ်းသပ်ဖို့ သူ
ဆုံးဖြတ်လိုက်တယ်။ သူက အကြံသမားမို့ ပေါင်းထိုးရင်း မိအေးနဲ့ ငန်းချင်းကပ် ရွေးတယ်။
အခင်းရှင် ကိုမောင်မြင့် ၊ သူ့အပေါင်းအသင်း ကိုကြီးသိန်းထွန်း ၊ ကိုမောင်စိုးနဲ့
ဘကြီး မြတ်စီတို့လည်း မြှောက်ပေးထားသမို့ သူ့စိတ်တွေ ကြွနေတယ်။
“ဟိတ်
မိအေး” တစ်ငန်းတိုက်လို့ မဆုံးသေးခင် သူမိအေးနား တိုးသွားရင်း လှမ်းခေါ်တယ်။
မိအေးက မူတူတူနဲ့ မကြားဟန် လုပ်နေတယ်။ “ဟေ့ ဟေ့ကောင်မလေး” သူထပ်ခေါ်တယ်။ မိအေးက
မထူး။
သူတို့ အဖြစ်ကို အစောကတည်းက ချောင်းနေတဲ့ ကိုမောင်စိုးက “စိုးမိုးမေတ္တာ”ထဲက အတိုင်း “ကိုသိန်းတန် စိုး သင်္ဘောပေါ်တက်ခဲ့တော့မယ်နော်” ဆိုပြီး မိန်းမသံနဲ့ ချော်တော်နောက်တောက် အော်နေတယ်။ ကိုကြီးသိန်းထွန်းကလည်း နွားမောင်းရင်း “ကြိတ်ထားကွ သားကြီး။ ရုန်းနိုင်မှ စားရမှာနော” လို့လှမ်းကလိတယ်။ သူ စိတ်မရှည်တော့။
“ကဲဟာ” ပြောပြောဆိုဆို မိအေးကို ဖက်နမ်းပစ်တယ်။ မိအေးက သူ့ကို တဗုန်းဗုန်းထုရင်း “သေနာကြီး” တဲ့။ အခင်းလိုက်လာတဲ့ ယောင်္ကျားမိန်းမတွေများ ရယ်လိုက်ကြတယ်ဆိုတာ အုန်းခနဲ။ သူ့စိတ်ထဲတော့ ပါတီပွဲကြီး ပေးလိုက်ရသလို ပျော်နေတာ ဒိန်းဒပ်ဒပ်။ အဲ့ဒီနေ့က သူ နဲ့ မိအေး စချစ်တဲ့နေ့ ထင်တယ်။
(၂)
ရွာထဲက
လူတွေကတော့ သူနဲ့မိအေး ကြိုက်ကြတာကို “အိုးပဲ့နဲ့ နှုတ်ခမ်းရွဲ့ တွေ့” ပြောဆိုပဲ။
ဒီလို အပြောတော့ သူက အရေထူလှပေါ့။ မိအေးက သူ့ထက် ၄ နှစ်ကျော် ၅ နှစ်လောက် ငယ်တယ်။ လူက
ခပ်သေးသေး ညိုတိုတို။ သိပ်တော့လည်း ကျပ်မပြည့်ဘူးပေါ့။ ကျပ်မပြည့်တာက
ပြဿနာမဟုတ်ပါဘူး။ သူလည်း ကျပ်ပြည့်တာမှ မဟုတ်တာ။ တစ်ရွာလုံးက ခင်ဝင်းကို
ရူးပေါပေါလို့ သမုတ်ထားတာပဲ။ ရုပ်ဆိုးတာနဲ့ ရူးချာချာနိုင်တာမှာတောင် ရူးတာက
ပိုအလေးသာတဲ့ဘက်ကကောင်ပဲ။ အဲ.. မိအေးကတော့ သူနဲ့စာရင် ပိုပြီး ကျပ်နည်းတာပေါ့။
သူတို့နှစ်ဦးမှာ တခြားတူတာတွေ ရှိသေးတယ်။ မိအေးလည်း မိရယ် ဖရယ် ရှိတာမဟုတ်။
သူ့လိုပဲ ကြီးဒေါ်တွေဆီ ကပ်နေတာ။ သူက ယောင်္ကျားလေးမို့ တော်သေး။ လူငှားလုပ်နေတဲ့
အိမ်ထဲက တင်းကုတ်ကိုပဲ အိမ်လုပ်နေပြီး လစာရမှ သူ့အဒေါ်တွေဆီ သွားအပ်ရင်း အမွေဆိုင်အိမ်လေးမှာ
တစ်ညတန်သည် နှစ်ညတန်သည် နေဖြစ်တာ။
မိအေးကလည်း သူတို့အပိုင်ထဲကပဲ။ အစကတော့ ဒီကောင်မလေး ရူးတူးပေါတောလို့ပဲ တွက်တာ။ ကောင်မလေး ၁၆-၁၇ လောက် ရောက်တော့ သူ့စိတ် ပြောင်းသွားတယ်။ သူ့စိတ်ပြောင်းလောက်အောင်လည်း ကောင်မလေးက လှလာတယ်။ အရင်လို ပိန်ကပ်ကပ် မည်းသည်းသည်း ဂျီးဗရဗျစ်လေး မဟုတ်တော့။ သူ့နေရာနဲ့သူ တင်းတင်းပြည့်ပြည့် စိုလက်လာတယ်။ နောက်ပြီး ကောင်မလေးကလည်း တခြားသူထက် သူ့ကိုဆို အရောတဝင် ပိုရှိတယ် ထင်တယ်။ သူ့ပခုံးကြီးတွေကို ဖျစ်ဖျစ်ပြီး ကိုခင်ဝင်းကြီးက .. ကိုခင်ဝင်းကြီးက နဲ့ မထိခလုတ် ထိခလုတ်။ သူလည်း သွေးအားကောင်းစအရွယ်။ ဆန့်ကျင်ဘက်လိင်ကို တောင့်တလို့ ကောင်းတုန်း။ ကောင်မလေးကလည်း အပျိုပီပီ ဖြစ်လာနေတော့ ကောင်မလေးကို စိတ်ဝင်စားမိတာ ဆန်းရော့လား။
(၃)
ပြန်ပြောရမှာလည်း ရှက်စရာ။ မိအေးနဲ့ သူ ကြိုက်သွားတော့ မိုးမမြင်လေမမြင် ပျော်ရတယ်။ မိုးမမြင် လေမမြင်ဆိုတာ တကယ့်ကို မိုးမမြင် လေမမြင်။ ကောင်မလေးကလည်း သူ့မှသူ စွဲနေတာ။ သူတို့ကဲပုံ တွဲခဲ့ပုံကို သူတို့ရွာလေးက လူတွေအမြင်နဲ့ ကြည့်ရင် အတော့်ကို မျက်စိရှက်စရာ , ကဲ့ရဲ့မေးငေါ့စရာပါ။ မိအေးကိုယ်ပေါ်မှာဆို သူမထိဖူးတဲ့နေရာရယ်လို့ မရှိ။ ချစ်တလင်းခေါ်ရာ လိုက်တဲ့ မိအေး။ သဘောကောင်း အလိုက်သိလိုက်တဲ့ မိအေး။ အရူးမလေး။
အဲ့ဒီ မိအေးနဲ့သူ အချစ်ပင်လယ်ကြီးထဲ ရွက်လွှင့်လာတာကိုပဲ တစ်နှစ်လောက် ရှိရော့မယ်။ မိအေးနဲ့သူ ချစ်ဗျူဟာခင်းခဲ့တဲ့ နေရာတွေလည်း စုံလို့။ သူ့ယာခင်းရှင်ရဲ့ တဲကနေ နှမ်းခင်း ၊ ပြောင်းခင်းတွေထဲအထိ ၊ ရွာဘုရားဘေး ချောက်ကြိုချောက်ကြားကနေ ဟိုးဘက် ထင်းခုတ်ရာတောတွေထဲအထိ ၊ ချိုးတည်,ခါတည်တဲ့ နေရာကနေ သူရေစည်လှည်းတိုက်တဲ့ ချောင်းထဲအထိ။ အို စုံလို့ပါပဲ။ မိအေးကတော့ သူ့မှသူ။ သူ့ရမ္မက်မီးတို့ ငြိမ်းသတ်ရာ စမ်းချောင်းလေး။ သူ့ကို ဘယ်တော့မှ ဟင့်အင်းမရှိခဲ့။
(၄)
တစ်နေ့
သူအခင်းက ပြန်လာတော့ သူ့တင်းကုတ် ကွပ်ပျစ်လေးပေါ် ကိုမောင်စိုး ၊
ကိုကြီးဖိုးလုံးတို့နဲ့ အိမ်ရှင် ကိုကျော်နိုင်တို့ ရောက်နေတယ်။ ဗိုက်ဆာဆာနဲ့
ပြန်လာတာမို့ သူတို့ဆီ မသွားအားသေး။ မီးဖိုချောင်ထဲ ဝင်ပြီး သူ့အတွက် ထမင်းနဲ့ ဟင်းခွက်တွေ
ရောထည့်ထားတဲ့ တောင်းကြီး သွား,မတယ်။ လက်တစ်ဖက်က မဲတူးနေတဲ့ ဒန်ရေနွေးအိုးကြီး နဲ့
သူသောက်နေကျ မတ်ခွက်ကိုင်းပဲ့လေးပါ ဆွဲလာတယ်။
“ကိုကြီး
မောင်စိုး အလည်ပဲလားဗျ။ တစ်ခါတည်း ထမင်းဝင်စားလိုက်ဗျာ” ဆိုတော့ ကိုမောင်စိုးက
နေနေ တဲ့။ သူလည်း ကွပ်ပျစ်ပေါ် စွေ့ခနဲ တက်ထိုင်ရင်း ခြေတစ်ချောင်းထောင်
တစ်ချောင်းလဲရင်း ထမင်းအိုးထဲ ဟင်းခွက်တွေ အကုန်ပစ်ထည့်ရင်း တစ်ခါတည်း
နယ်ဖတ်စားလိုက်တယ်။ ခွက်ထဲက ရေနွေး တရှူးရှူးမှုတ်သောက်ပြီး -
“မနက်
ပဲခင်းထွန်ဖို့ လာတာလားဗျ။ ကျုပ် ထွန်တွေ အကုန်ပြင်ပြီးသားပါ။ ခါလီလာပြီး
နွားကောက်ရုံပါဗျ” ဆိုတော့ ကိုမောင်စိုးက “မဟုတ်ပါဘူးကွာ”တဲ့။ ပြောပြီး ဝါးဆစ်ခွက်ထဲက
ရွှေကျေးဆေးလိပ်ကြီး မီးကောက်ညှိတယ်။ ကိုမောင်စိုးကြည့်ရတာ ခပ်တည်တည် ဆတတကြီးဖြစ်နေတယ်လို့
ထင်တယ်။ သူလည်း ဘာပြောရမှန်းမသိ။
“အဟီး
ဦးကြီးတို့ , ကိုကြီးမောင်စိုးကြီးက လူကြီးစုံရာနဲ့ဆိုတော့ ကျုပ်ကို ကြောင်းလမ်းသွားဖို့
လာပြောတာ ထင်တယ်။ ကဲ.. ကျောင်းလမ်းသွားမယ်ဆို ဖိနပ်ချွတ်။” လို့ သူနောက်တော့
အိမ်ရှင်ကိုကျော်နိုင်က မနေနိုင်တော့ဘူး ထင်တယ်။
“အေး ခင်ဝင်းရေ။ မင်း မိန်းမယူရတော့မှာ” တဲ့ ဘွင်းဘွင်းကြီး ပြောတော့ သူကြောင် သွားတယ်။
“ဟာ
ဦးကြီးကလည်း တောက်တီးတောက်တဲ့။ ကျုပ်က ဘယ့်နှယ်လုပ် မိန်းမယူရမှာလဲ”
“မယူလို့
မရတော့ဘူး ခင်ဝင်းရေ။ မင်းမိအေး အခု ဗိုက်ပေါ်နေပြီ”
ကိုကြီးဖိုးလုံး
စိတ်မရှည်နိုင်ဘဲ ဝင်ပြောတော့ သူ နင်သွားတယ်။ မျက်လုံးတွေလည်း ပြာပြီး နားထင်တွေ
ပူထူသွားတယ်။ မိအေးကို သူမယူနိုင်။ မိအေးက ရူးတူးပေါတောရယ်။ သူလည်း ရူးတူးတူးပါပဲ။
မိအေးလောက်တော့ မရူးဘူးလို့ ထင်တာပဲ။
“ကျုပ်
မိအေးကို မယူနိုင်ဘူး ကိုကြီးဖိုးလုံး”
ကိုကြီးဖိုးလုံးတင်မဟုတ်ဘဲ ကိုကျော်နိုင်တို့ ကိုမောင်စိုးတို့ကပါ သူ့ကို မွှန်နေအောင် ဆဲတော့တယ်။ သူကတော့ ဒီလိုအဆူအဆဲတွေနဲ့ နားယဉ်ပြီးသား။ သူချောက်ချားတာက မိအေးကို တကယ်ယူရမယ့်ကိစ္စ။
မိအေးကို သူမယူနိုင် ၊ ယူဖို့လည်း အစကတည်းက စိတ်ကူးမရှိ။ မိအေးက သူ့အသွေးအသားဆန္ဒကို ရက်ရက်ရောရော ဖြည့်ဆည်းပေးလို့ သူ့လိုဘပြည့်ရသည်ကလွဲရင် မိအေးနဲ့သူ အတူနေဖို့ စိတ်မရှိ။ မိအေးကို သူချစ်တယ် ထင်ပေမယ့်လည်း စဉ်းစားကြည့်ရင် ဒီနေ့အထိ မိအေးကို ချစ်ပါတယ် ကြိုက်ပါတယ်တောင် တစ်ခါမှ ပြောဖူးတာမဟုတ်။ ပြောစရာလည်းမလိုဘူး ထင်တာပဲ။ အဲ့တာထက် သူလိုချင်တဲ့ မိန်းမမျိုးက မိအေးလို အေတီးအေတ ရူးတူးပေါတောမျိုးမဟုတ်။ သူ့ထက်တော့ လည်တဲ့ ပတ်တဲ့ မိန်းမမျိုး။ သူ့ကို ဦးဆောင်နိုင်မယ့် မိန်းမမျိုး။
ကိုယ်ကိုယ်တိုင် မစဉ်းစားတတ်တဲ့အတူတူ စဉ်းစားဉာဏ်ရှိတဲ့မိန်းမယူလိုက်ရတာ အေးတာပဲလို့ သူလက်ခံထားတယ်။ မဟုတ်လည်း လုပ်ကျွေးရမှာပဲဆိုတော့ ကျောအပူခံပြီး ခေါင်းအပူမခံတာ ကောင်းတယ်လေ။ သူ့ဘဝတစ်လျှောက်လုံး ကြီးဒေါ်တွေတစ်မိန့်ပဲ။ ကြီးဒေါ််််တွေ ကကဘယ်သူ့အိမ် လူငှားသွားလုပ်ဆို လုပ်လိုက်တာပဲ။ ဘယ်နေ့ ဘယ်သူ့အခင်းသွားဆိုလည်း သွားလိုက်တာပဲ။ နောက်ဆုံး အဝတ်အစားတောင် ကိုယ်တိုင်တစ်ခါမှ ဝယ်မဝတ်စဖူး။ ကြီးဒေါ်တွေ ဆင်တာနဲ့ပဲ ကျေနပ်ခဲ့တာလေ။ ကြီးဒေါ်တွေကလည်း သူ့ကို ၃-၄ နှစ် မေ့လောက်ရှိမှ တစ်ခါ ပုဆိုးလေး အင်္ကျီလေးဆင်ပေးသလို သူကလည်း တစ်ပတ်တစ်ခါတောင် ရေချိုးချင်မှ ချိုးတာမို့ သူ့ကို ကြည့်တိုင်း စုတ်တီးစုတ်ပြတ် နံနံစော်စော်နဲ့ပဲ မြင်ရစမြဲ။
ဘာကိုမှ ကိုယ်တိုင်မဆုံးဖြတ်နိုင်ခဲ့တဲ့အတွက်တော့ သူ့ကိုယ်သူ ဘယ်တော့မှ မကျေမချမ်း မဖြစ်ဖူးခဲ့။ ကိုယ်ကိုယ်တိုင်ကလည်း ဘာလိုချင်လို့ လိုချင်မှန်းလည်း မသိ။ သိအောင်လည်း တစ်ခါမှ ပြန်မစဉ်းစားဖူး။ မစဉ်းစားဆို ကိုယ်ကလည်း ရူးပေါပေါကိုး။
ဒီလိုလူက မိန်းမတစ်ယောက် ယူပြီး အိမ်ထောင်ဦးစီး လုပ်နိုင်မယ်မထင်။ မိအေးလို ရူးပေါပေါမိန်းမမျိုးယူရင် ပိုတောင်ဆိုးဦးမယ်။ မိအေးဆိုတာလည်း ငယ်ကငယ် ၊ ရူးကရူးနဲ့။ နောက်ပြီး သူ့ကိုချစ်စိတ်မွှန်တာကလွဲလို့ ဘာမှ သိတာမဟုတ်။ ဆယ်တန်နဲ့ ကျပ်တန်တောင် ခွဲတတ်တဲ့ မိန်းမ မဟုတ်။ မိအေးနဲ့ စာရင် သူကမှ ပိုတတ်သေး။ မိအေးတော့ သူယူလို့ မဖြစ်။
နဂိုကတည်းက သူ့ခေါင်းက အိုးနင်းခွက်နင်း။ အခုလို ရှည်ရှည်ဝေးဝေးတွေ တွေးမိတော့ ခေါင်းခွံကို လွှနဲ့တိုက်သလို ကြိမ်းကြိမ်းလာတယ်။
“မဖြစ်ပါဘူးဗျာ။ မိအေးကို ယူလို့ ဘယ်လိုမှ မဖြစ်ပါဘူးဗျာ”
(၅)
မိအေးကို
သူရှောင်တယ်။ မိအေးကလည်း ဗိုက်ကြီးတကားကားနဲ့ သူရှိတဲ့ဆီ လာတယ်။ လာတိုင်း သူ တစ်နေရာမဟုတ်
တစ်နေရာပုန်းနေတာပါပဲ။ နွားစာစဉ်းတိုက်ထဲမှာ ၊ ကိုကျော်နိုင့်အိမ်အောက်ထပ်
ပီပါကြီးတွေထဲမှာ ၊ ဟိုဘက်အိမ်က စပါးပုတ်ထဲမှာ ။ တစ်ခါတစ်ခါ ဝိုင်းထဲ ဆုံမိရင်လည်း
သူက ရေစည်လှည်းပေါ် အမြန်တက် , နွားတွေ ဒုန်းစိုင်းမောင်းတော့တယ်။ မိအေးဗိုက်က
တစ်နေ့တခြား စူစူလာတယ်။ တစ်ခါတော့ နွားခြံဘက် နွားကျွေးဖို့ တောင်းထဲ နွားစာကုန်းထည့်နေတုန်း
မိအေး ရောက်လာတယ်။ ကိုယ့်အာရုံနဲ့ကိုယ်မို့ မိအေးရောက်လာတာ သူမသိလိုက်။
“ကိုကြီးခင်ဝင်းရယ်။
ကျုပ်ကို လက်ထပ်ပါတော်။ ကျုပ်မှာ တော်နဲ့ရတဲ့ မပေါ့မပါးကြီးနဲ့ပါ။ တော် ကျုပ်ကို
ယူမှ ဖြစ်မှာတော့။ အဒေါ်ကြီးတွေကလည်း ဒီဗိုက်ကြောင့် ကျုပ်ကို နေ့တိုင်း ရိုက်နေတာ။
ကျုပ် တော်နဲ့ နေပါရစေ။ ရှင်ကြီးခိုးပါရဲ့။ ကျုပ်ကို အခုလိုကြီး ရှောင်မနေပါနဲ့တော်။
ကျုပ်တောင်းပန်ပါတယ်။”
မိအေး
အသံကြားတော့ သူတုန်တက်သွားတယ်။
“ဟာ
ငါနင့်ကို မယူနိုင်ပါဘူး။ ငါ့ဆီ မလာနဲ့ဟာ။ အစကတည်းက အဲ့လို သိရင် နင့်လည်း
ငါကြိုက်မှာ မဟုတ်ဘူး။”
သူပြောမိပြောရာတွေ စွတ်ပြောလိုက်တယ်။ မိအေးခမျာ မျက်နှာလေး အငယ်သား။ မျက်လုံးကလည်း ဘယ်လောက်တောင်
ငိုထားလဲမသိ။ မျက်ချေးတွေနဲ့ မျက်ရည်စီးကြောင်းတွေကို လိုက်လို့။ နဂိုညိုတဲ့
မိအေးရဲ့ မျက်နှာက အခုတော့ မည်းခွက်ခွက်ကို ဖြစ်လို့။ ခပ်သေးသေးပုံစံကနေ အခုက
တစ်ဆုပ်စာတောင် မရှိတော့တဲ့ ရှုနာရှိုက်ကုန်း ဖြစ်သွားပြီ။ စိတ်ရှုပ်ရတဲ့ကြားထဲက
“ကောင်မလေး ရုပ်အတော်ကျသွားတာပဲ။”လို့ တွေးမိသေးတယ်။ ဟာ.. သွားသနားလို့ မဖြစ်ဘူးလို့
ပြန်တွေးရင်း သူစိတ်တင်းလိုက်တယ်။ ပျော့လို့ မဖြစ်ဘူး ခင်ဝင်း။
“ဟုတ်တယ်
။ ငါနင့်ကို မကြိုက်ဘူးဟာ။ ငါ့ဆီလည်း မလာနဲ့တော့။ အဲ့ကလေးလည်း နင့်ဟာနင်
လုပ်ချင်တာ လုပ်လိုက်။”
သူ့စကားကြားတော့
မိအေးမျက်နှာက သားရေပြားတစ်စ ဆွဲဆန့်လိုက်သလို တင်းခနဲ ဖြစ်သွားတယ်။ ဒါမျိုး
သူတစ်ခါမှ မမြင်ဖူးခဲ့။ သူနဲ့ တွေ့တိုင်း မိအေးဆိုတာ သူ့ကိုပဲ ဦးစားပေး လေးစားရိုသေပြီး
သူ့အလိုကျ ကျွန်မ တစ်ယောက်လို ရိုကျိုးခဲ့သူ။ အခုတော့ မိအေးမျက်နှာက မာန်ဖီနေတဲ့
ကြောင်တစ်ကောင်လို အထိတ်အလန့် ကင်းတဲ့ မျက်နှာမျိုး။
”ဒီမှာ ကိုခင်ဝင်း။ တိရစ္ဆာန်တောင် ကိုယ့်ကလေးကိုယ် မဖျက်ဆီးဘူး။ ကျုပ် ဗိုက်ထဲက ကလေး ပြန်ဖျက်ဆီးရလောက်အောင် ကျုပ်မယုတ်မာဘူး။ တော်သာ ကိုယ့်တာဝန်ကိုယ်မယူရဲတဲ့ လူယုတ်မာကြီး။ ကျုပ်ကလေး ကျုပ်မွေးမယ်။ တော်နဲ့ကျုပ် ဆန်ဆုံလို့ စားပြီးပြီ။ နောက်တစ်ခါ ဒါမျိုး လာအစော်ကားမခံတော့ဘူး။ ကျုပ်ကလေးနဲ့ တော်လည်း ဒီတစ်သက် မဆိုင်ဘူး မြဲမြဲမှတ်”
မိအေးက သူ့ကို လက်ညှိုးငေါက်ငေါက်ထိုးပြောပြီး ချာခနဲ လှည့်ထွက်သွားတယ်။ ဟိုဘက်အိမ်က ကိုမောင်ဆန်းမိန်းမ နဲ့ ကလေးတစ်သိုက်တို့က သူတို့အဖြစ်ကို ပွဲကြည့်ပရိတ်သတ်လို ကြည့်နေတယ်။ သူ မရှက်ပါ။ နွားခြံဘက်ကို အမှတ်မထင် ကြည့်မိတော့ မိအေးနဲ့သူ လသာသာတစ်ည ဗွီဒီယိုရုံသွားမယ်ပြောပြီး ဒီနွားခြံထဲ ပျော်ခဲ့တာကို သတိရမိသေး။ ခေါင်းထဲက မြန်မြန်ဖျောက်လိုက်ရတယ်။ မိအေးနဲ့သူ ဝေးပြီ။ အေးတာပဲ။
(၆)
မိအေးနဲ့
သူ ဝေးပြီး အခါမလည်ခင် သူမိန်းမရတယ်။ ရတာကလည်း ဒီလို။ ပဲခင်းဆွတ်ချိန် ရောက်တော့
သူတို့အခင်းကို တောင်ဘက်ရွာက ပေါင်းထိုးလူထုတ်ပါလာတယ်။ ၆ ယောက် ၇ ယောက်အဖွဲ့။
လင်မယားအတွဲလည်း ပါတယ်။ အလွတ်လည်း ပါတယ်။ ထုံးစံအတိုင်း အခင်းရှင်က
ဧည့်သည်လူထုတ်ကို တင်းကုတ်မှာ နေရာချတယ်။ ပဲရာသီကုန်တဲ့အထိ ဒီမှာပဲ
ချက်ပြုတ်စားသောက် လုပ်ကိုင်ရတာ။
ပေါင်းထိုးအဖွဲ့ထဲက မိန်းမတစ်ယောက်ကို သူမျက်စိကျနေတယ်။ မိန်းမက ခပ်သွက်သွက်။ သူ့လည်း စိတ်ဝင်စားပုံရတယ်။ သူကတော့ ပေါင်းထိုးအဖွဲ့နဲ့ တွဲမလုပ်ရသေးဘူး။ နွားစာသိမ်းရင်း အလုပ်ရှုပ်နေတာ။ သူအိပ်တဲ့နေရာနဲ့ လူထုတ်တွေ စတည်းချတာက တစ်စပ်တည်း။ ခပ်တောင့်တောင့် မိန်းမကို သူစိတ်ဝင်စားတော့ ထုံးစံအတိုင်း ကိုကြီးသိန်းထွန်းတို့ ၊ ကိုမောင်စိုးတို့ကို တိုင်ပင်တယ်။
ထုံးစံအတိုင်းဆိုတာက ယာခင်းက တဲထဲမှာ ပုလင်းလေးထောင်ပြီး အကြံတောင်းတာပါ။ သူက သိပ်သောက်တတ်တာ မဟုတ်။ ကိုကြီးသိန်းထွန်းတို့ ၊ ကိုမောင်စိုး၊ ကိုဖိုးလုံးတို့ကတော့ ကြိုက်တတ်တာကိုး။ အဲဒီနေ့ကတော့ သူလည်း သောက် ၊ ကိုမောင်စိုးတို့လည်း တိုက်ပေါ့။
“မင်း မအုန်းစိန်ကို တကယ်ယူမှာနော်” လို့ ကိုကြီးမောင်စိုးက မေးတယ်။
“ရရင်
ယူမှာဗျာ”
“ရရင် ယူမှာ မလုပ်နဲ့ မောင်ရ။ အဲ့မအုန်းစိန်ကြီးအကြောင်းရော မင်းသိလို့လား”
“သိသိမသိသိဗျာ။
ရ ယူမှာပဲ။”
“မဟုတ်ဘူးဟ
ခင်ဝင်းရ။ ငါပြောချင်တာက ဒီလိုကွာ” ဆိုပြီး ကိုကြီးမောင်စိုးက တစ်ချက် ပြောမယ်ဟန်
ပြင်တော့ ကိုကြီးဖိုးလုံးက စိတ်မရှည်တဲ့ဟန်နဲ့
“ပြောမနေပါနဲ့
ကိုမောင်စိုးရာ။ ဒီကောင် ရူးတူးပေါတောတော နဲ့ စွတ်တွေ လိုချင်နေတာ။ နောက်မှ
သူ့ဟာသူ အကြောင်းသိသွားလိမ့်မယ်။” လို့ ဝင်ဟောက်တယ်။ ကိုကြီးမောင်စိုးလည်း
ငြိမ်သွားတယ်။ ကိုဖိုးလုံးက ဆက်ပြီး
“မင်းအဲ့လောက်
မအုန်းစိန်ကြီး ကြိုက်ရင်လည်း ဒီည ဝင်အုပ်ကွာ။ ငါတို့ ကြည့်စီစဉ်လိုက်မယ်။” လို့
အာမခံတယ်။
တိုတိုပြောရရင် အဲ့ည သူ မအုန်းစိန်ခြင်ထောင်ထဲ ဝင်တော့တာပါပဲ။ ထွားထွားအိအိ မအုန်းစိန်ကြီးက အနံ့တော့ တစ်မျိုးပဲလို့ တွေးမိတယ်။ အနံ့ကအနံ့ပဲ ဖဿက ဖဿပဲလို့ တွေးလိုက်ပြီး ဒိန်းဒလိန်းနတ်ပူးနေတယ်။ တစ်ချီတစ်မောင်း အမောဖြေတုန်း ရုတ်တရပ် ဓါတ်မီးရောင်တွေ ခြင်ထောင်ဆီ ဝိုင်းလာပြီး “ဟေ့ကောင် ခြင်ထောင်ထဲက ထွက်ခဲ့” လို့ အော်သံတွေ ကြားရတယ်။ တောင်ရွာက ပေါင်းထိုးလူထုတ်အဖွဲ့တွေ။
မအုန်းစိန်က ခပ်တည်တည်ပဲ။ လူစုံရာမှာ ခင်ဝင်းကို ပြောတယ်။ “ကဲ ခင်ဝင်း နင်ငါ့ကို ယူတော့”တဲ့။ ဒီလိုနဲ့ မအုန်းစိန် နဲ့သူ ညားတော့တာပါပဲ။
(၇)
ညားပြီးမှ
သူသိရတာတစ်ခု ရှိလာတယ်။ မအုန်းစိန်က ဘော်ဒီတောင့်ပေမယ့် နူနေတယ်ဆိုတာ။
နူတယ်ဆိုတာကလည်း အတော်လေး ကြည့်မှ မြင်ရမှာ။ သိသိသာသာကြီး နူတာတော့လည်း
မဟုတ်ဘူးပေါ့။ မအုန်းစိန်ကလည်း သူနူတာ လူသိမှာစိုးလို့ လက်ရှည်နဲ့ လက်အိတ်ဝတ်ပြီး
ပေါင်းထိုးလိုက်တာ ၊ လည်ပင်းက အကွက်တွေ မြင်မှာ စိုးလို့ ပုဆိုးပိုင်းကို
အမြဲလည်ပင်းပတ်ထားတာကိုး။ ကိုမောင်စိုးတို့
ကိုဖိုးလုံးတို့ကတော့ သိတာပေါ့။ သိလို့လည်း သူ့ကို ပြောဖို့ လုပ်သေးတာ။
သူကတော့ မျက်နှာလေးလက်တစ်မိုက်လောက် နဲ့ တင်ထွားထွားကြီးတွေ ကြည့်ပြီး
မွှန်နေတာကိုး။
နောက်ပြီး ရှိသေးတယ်။ မအုန်းစိန်က အပျိုမဟုတ်ဘူး။ အအိုလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ သူ့မှာက ယောင်္ကျားအတော်များများနဲ့ အဆင်ပြေသလို နေခဲ့တာတွေ ရှိတယ်တဲ့။ အေးလေ ရထားမှောင်ခိုခေတ်ကိုး။ ဘာပဲဖြစ်ဖြစ် သူကျေနပ်တာပါပဲ။ မအုန်းစိန်ကြီးကို ရလိုက်တာက သူ့အဖို့ နောက်ကြီးဒေါ်ကြီးတစ်ယောက် ရလိုက်တာပါပဲ။ သူကလည်း ခိုင်းနွားတစ်ကောင်လို ရုန်းရင်ရုန်းရပါစေ။ ကိုယ်တိုင် ရှေ့က ဦးဆောင်ဦးရွက် မလုပ်ရရင် ပြီးရော ၊ ဟိုဟာဆုံးဖြတ် ဒီဟာတွေးတောတွေ မလုပ်ရအေးရောပဲ။ ခိုင်းတဲ့နေရာ သွားလုပ်မယ်။ ရတာကို အကုန်အပ်မယ်။ ထမင်းဝဝစားပြီး ညကျရင် မိန်းမကြီးဖက်အိပ်လိုက်မယ်လောက်ပဲ စဉ်းစားတယ်။ မအုန်းစိန်ကြီးကလည်း သူ့ကို နိုင်စားတယ်။ သူမလိုရင် မလိုသလို အယုတ္တအနတ္တတွေနဲ့ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အော်ဆဲတယ်။ ရသမျှငွေ အကုန်သိမ်းပေမယ့် သူကဖြင့် ဘာအလုပ်မှ မယ်မယ်ရရ မလုပ်တော့။
သူ့သာ အကုန်ပတ်ခိုင်းတော့တယ်။ ပုံမှန်အတိုင်း အေးအေးလူလူ လူငှားလုပ်နေတာကနေ ထွက်ခိုင်းလို့ ထွက်ပြီး မီးသွေးဖုတ်ဆိုပြီး အရှေ့တောဘက် ၄-၅ လ သွားခဲ့ရတယ်။ ထင်းလှည်းတစ်စီး ၃၀၀၀ ရတယ်ဆိုတဲ့ မက်လုံးနဲ့ မြောက်ဘက် တောင်တန်းကြီးတွေပေါ် တစ်နွေလုံး အတက်အဆင်းလုပ်ပြီး ပင်ပင်ပန်းပန်း ထင်းစုခဲ့တယ်။ ဘာမှ မယ်မယ်ရရ မကျန်ပေမယ့် သူ့ခြေဖဝါးတော့ ငုတ်စူးလို့ ၂ လ ၃ လလောက် ခြေတစ်ပေါင်ကျိုး ပြည်တရွှဲရွှဲနဲ့ ဝဋ်ခံခဲ့ရတယ်။ မအုန်းစိန်ကြီး သူ့ကို ကြိမ်းမောင်းဆဲဆိုချက်က ပြောစရာတောင် မရှိတော့။ ထမင်းလည်း ဝအောင် မကျွေးတော့။ သိပ်ငတ်လာရင် အရင်လူငှားလုပ်ဖူးတဲ့ အိမ်တွေဘက် အလည်အပတ်လိုလို နွားကျွေးလိုလို သွားပြီး ဝင်စားတာပဲ။ အခင်းရှင်တွေကလည်း သူ့အကြောင်းသိပြီးသားမို့ စုတ်တသပ်သပ်နဲ့ပဲ ရှိတာလေးတွေ ချကျွေးတယ်။ ဒီလိုနဲ့ပဲ နွားကျောင်း ၊ သက်ကယ်ပျစ်၊ ပေါင်းထိုးလိုက် ၊ နွားစာလည်ရိတ်ကနေ ကျောက်စရစ်ခဲကျုံး ၊ လမ်းခင်းကျောက် စုတာအထိ မလုပ်ဖူးတာတွေ အကုန်လုပ်ရတယ်။ နွားတစ်ကောင်လို ပုခုံးသန်လှတဲ့သူတောင် ချောင်တောင်တောင် ပျော့ဖတ်ဖတ်ဖြစ်ခဲ့ပြီ။
မအုန်းစိန်ကြီးနဲ့ ပေါင်းသင်းလာတာပဲ ၈ နှစ်ကျော် ၉ နှစ်ထဲ ရောက်ခဲ့ပြီ။ ညားပြီးနောက်နေ့ကစလို့ သူ့ကို တွေ့တိုင်း မဆူမဆဲ ရန်မဖြစ်တဲ့ရက် တစ်ရက်မှ မရှိ။ လူကြုံပါးပြီး ဆဲတာက ရှိသေး။ နှစ်လုံး သုံးလုံးဝါသနာအိုး မအုန်းစိန်ရဲ့ အကြွေးကြောင့် ကြားထဲက သူပါ မဆီမဆိုင် အကြွေးရှင်တွေ လာဆဲခံရတာလည်း အကြိမ်ကြိမ် အလီလီ။ နှစ်လုံးသုံးလုံးကြောင့် သူ့အမွေဝိုင်းလေး အတိုးနဲ့ ပေါင်ထားလိုက်ရပြီ။ နှစ်လုံး သုံးလုံးမထိုးဖို့ မအုန်းစိန်ကြီးကို လေအေးလေးနဲ့ ပြောကြည့်တော့လည်း သူပဲ ထပ်အဆဲခံရသည်။ မအုန်းစိန်ကြီးက အာကြမ်းလျှာကြမ်း နှုတ်ဘရိတ်ရှိတဲ့သူ မဟုတ်။ သူကတော့ တစ်သက်လုံး သူများအဆဲအဆိုခံ အနှိမ်ခံဖြစ်ခဲ့လေတော့ ထူးပြီး မနာနိုင်တော့။
တစ်ခုပဲ သူစပ်ဖျဉ်းဖျဉ်း ဖြစ်ရတယ်။ မအုန်းစိန်ကြီး သူ့ကို ဆဲတိုင်း လက်သုံးလုပ်ပြီးပြောတဲ့ “ဟဲ့ ခင်ဝင်း ငါက လူယူတာမဟုတ်ဘူး။ နွားယူတာဟဲ့။ နင်က နွား။ နွားဆိုတာ ခိုင်းတာပဲ လုပ်ရမယ်။ ငါ့လာအထွန့်မတက်နဲ့”ဆိုတဲ့ စကား။ မအုန်းစိန်ကြီးကို သူကြိုက်လို့ ယူခဲ့တာထင်တယ်။ မအုန်းစိန်ကြီးကတော့ သူ့ကို နွားဆိုပါလား။ ကြည့်ရတာ မအုန်းစိန်ကြီးက သူ့ကို တကယ် ကြိုက်ပုံမရပါဘူးလေ။
ရုတ်တရပ် မိအေးကို သူ ဖျပ်ခနဲ သတိရမိတယ်။ “မိအေးသာဆိုရင်?”။ မိအေးက ရွာမှာ မရှိတော့။ ရွာက အဒေါ်တွေ မောင်းထုတ်လိုက်လို့ သူ့ဆွေမျိုးနီးစပ်ရာ လယ်ဝေးဘက်ဆိုလား ပျဉ်းမနားဆိုလား ထွက်သွားတယ် ကြားတယ်။ မိအေးဗိုက်ကိစ္စနဲ့ သူ့ကိုလည်း မိအေးတို့ အသိုင်းအဝိုင်းက သတ်မယ်ဖြတ်မယ်တွေ ဖြစ်ခဲ့တယ်။ ကိုကျော်နိုင်တို့လူကြီးတစ်စု ပေးကမ်းပြေငြိမ်းလိုက်လို့ အမှုမရောက်ပေမယ့် သူ့ကို ကမ္ဘာ့ရန်ကြီးလို တူးတူးခါးခါး ဖြစ်သွားကြတယ်။ အဲ့ကတည်းက မိအေးတို့လမ်းဘက် ခြေဦးမလှည့်ဖြစ်တော့။ မိအေး အရူးမလေး အဲ့ဒီမှာ အဆင်ပြေရဲ့လား။ အိမ်ထောင်တွေများ ကျနေပြီလား။ ကလေးလေးဆိုတာရော လူ့လောကထဲ ရောက်သွားရဲ့လား။
(၈)
ရွာထိပ်ရေတွင်းက
ရေကို ငင် , ရေစည်ထဲ ထည့်နေရင်း သူတုန်ခနဲ ဖြစ်သွားတယ်။ ဘယ်သူမဆို ကိုယ်နဲ့
ရုပ်ချင်းသိပ်တူသူတစ်ယောက်ကို ရုတ်တရပ်တွေ့ရင် သူ့လို အံ့ဩသွားမှာပဲ။ ပိုအံ့ဩရတာက အခုဟာက
၈ နှစ်ကျော် ၉ နှစ်လောက်အရွယ် ကလေးမလေး။ ကလေးမလေးက ဘုန်းကြီးကျောင်းပေါ်ကအဆင်း
ရေတွင်းကို ဖြတ်အပြန် သူက ရေစည်ထဲ ရေထည့်ရင်း အမှတ်မထင် ကြည့်မိရာက ဆုံတာ။ ရေစည်ထဲ
ရေထည့်လျက်သား “ငါနဲ့ တူလိုက်တာ” လို့ ကိုခင်ဝင်းတွေးမိသည်။ ပိန်သေးသေး ညိုညက်ညက်
ဆံပင်လေး ကျစ်ဆံစည်းထားတဲ့ ကောင်မလေး။
“ဟိတ်ကောင်မလေး
နင်ဘယ်သူ့သမီးတုန်း” သူ လှမ်းမေးတော့ ကောင်မလေး လန့်သွားပုံရတယ်။ သူ့ပုံစံက
ဆံပင်ထူပျစ်ပျစ် မည်းသည်းသည်း စပ်ဖြဲဖြဲနဲ့မို့ လန့်သွားတာ နေမယ်။
“ဒေါ်မိအေးရဲ့သမီးပါရှင့်” ဆိုတော့
သူ့ရင်ထဲ ဒိန်းခနဲ ထူတက်သွားတယ်။
“မိအေးသမီး?”
“တောင်ပိုင်းက ကြီးမေကျင်သန်းသမီး
ဒေါ်မိအေးပါရှင့်”
“ဟေ”
(၉)
အဲ့ဒီနေ့က ရေစည်လှည်းထဲ ရေတစ်ဝက်လောက်နဲ့ ပြန်လာခဲ့တယ်။ အိမ်ရောက်တော့လည်း ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိ။ ဘယ်သူနဲ့မှလည်း စကားပြောချင်။ ဘယ်သူနဲ့မှလည်း မတွေ့ချင်။ ရင်ထဲ ပူပြီး ဟာနေတယ်။ ဆောင်းညနေဘက်မို့ နေဝင်တာ မြန်တယ်။ သူ ဘာမှ ကွဲကွဲပြားပြား မမြင်နိုင်တော့။ ရေစိုပုဆိုးကြီးနဲ့ အမှောင်ထဲ သူ ငူငူကြီး ထိုင်နေမိတယ်။ ခေါင်းထဲမှာ နွားချေးပိုးထိုးကောင်ကြီးတွေ အုံလိုက်ကျင်းလိုက် တူးဆွနေသလို အတွေးတွေ တစ်ဆစ်ဆစ်။
မိအေးသမီးဆိုတော့ ဒီကလေးမလေးက သူ့သမီးလေးပေါ့။ ရုပ်ကလည်း မိအေးနဲ့ တူသလို သူနဲ့လည်း ရုပ်တူတာပဲ။ ချစ်ဖို့ ကောင်းလိုက်တဲ့ ကလေးမလေး။ ယဉ်ကျေးလိုက်တာကလည်း လွန်လို့။ သူ့လို ရူးပေါပေါကြီးကိုတောင် လေးလေးစားစား ဖြေသွားတယ်။ ဘုန်းကြီးကျောင်းမှာများ အတန်းတက်နေတာလား မသိ။ မိအေးတို့ လယ်ဝေးက ပြန်လာပြီတဲ့လား။ သိတောင်မသိလိုက်ဘူး။ ကလေးမလေးနာမည်ကရော ဘယ်လိုပေးထားလဲ။ ငါ့နှယ် ညံ့ချက်။ နာမည်လေးတောင် မမေးလိုက်ရဘူး။ သူတို့သားအမိတွေ ဘယ်လိုများ နေထိုင်စားသောက်နေလဲ။ ရုတ်တရပ်ကြီး သူ မိအေးကို သတိရလာတယ်။
သူနဲ့ရတဲ့ ဗိုက်ကိုတာဝန်ယူဖို့ လာပြောပြီး နောက်ပိုင်း မိအေးကို မတွေ့ရတော့တာ။ သူ့မှတ်ဉာဏ်ထဲ သူရှိရာ လိုက်လာပြီး သနားစဖွယ် တောင်းတောင်းပန်ပန်လာပြောနေတဲ့ မျက်နှာလေး ပြန်ပေါ်လာတယ်။ နောက်ပြီး သမီးလေး။ စိတ်ထဲ သမီးလေးမျက်နှာက အမှောင်မှာ လွှဲနေတဲ့ မီးအိမ်လေးလို တစ်ရစ်ဝဲဝဲ ပေါ်လာတယ်။ ချစ်ဖို့ကောင်းလိုက်တဲ့ သမီးလေး။ ညိုစိမ့်စိမ့် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်လေး။ ငါ့လို ရူးပေါပေါတော့ မဟုတ်ဘူးပဲ။ သမီးလေး မျက်နှာက စိတ်ထဲ သမာဓိစွဲနေတော့တယ်။ သူ့ရဲ့ တစ်ခုတည်းသော မျိုးဆက်လေး။
သူ့မှာ သွေးသားရယ် ခေါ်စရာဆိုလို့ ဒီလောကကြီးထဲ ဒီသမီးလေးပဲ ရှိတော့မယ်။ မအုန်းစိန်ကြီးနဲ့ သူက သားသမီးရစရာမရှိ။ မအုန်းစိန်ကြီး သားအိမ်ထုတ်ထားတယ်ဆိုတာ အိမ်ထောင်ကျပြီးမှ သူသိရတာ။ သူ့အဖို့ဟာ မအုန်းစိန်ပြောသလို ခိုင်းနွားတစ်ကောင်လို မသေမချင်း ရုန်းကန်ရှာကျွေးရုံကလွဲလို့ ယောင်္ကျားဘသားရယ် လေးစားအားကိုးခံရမှု မရ။ အရင်က ဒါတွေ ဒီလောက်မတွေးမိ။ တွေးဖို့လည်း မရှိ။ သမီးလေး မျက်နှာပေါ်လာတော့မှ သူ့ကိုယ်သူ ဖအေတစ်ယောက်လို ခံစားချက်သစ်က တစ်ဆစ်ဆစ်မွှေနှောက်လာတယ်။
သမီး... သမီးလေး။ သူသမီးလေးကို တွေ့ချင်စိတ် ထိန်းမရအောင် ပြင်းထန်လာတယ်။ သမီးလေး ဘယ်လို နေနေရလဲ သူသွားကြည့်ချင် လာတယ်။ အတွေးဆုံးတာနဲ့ လူက ဆတ်ခနဲထ,ရပ်လိုက်တယ်။
“ဟဲ့ခင်ဝင်း ဒါ ဘယ်သဝေထိုးမလို့လဲ”
ဘယ်အချိန်ကတည်းက သူ့ကို ကြည့်နေလဲ မသိတဲ့ မအုန်းစိန်ဆီက အသံထွက်လာတယ်။ သူလှည့်မကြည့်တော့။
“ကျုပ် သမီးဆီ သွားမလို့”
မအုန်းစိန်ဆီက ပျစ်ပျစ်နှစ်နှစ် ဆဲရေးတိုင်းထွာသံတွေ ထွက်လာတယ်။ ဘာသံရယ်လို့ သူမကြားတော့။ ကြားလည်း မကြားချင်။ မအုန်းစိန်ကို ကျောပေးပြီး ထွက်ခွာခဲ့တယ်။
(၁၀)
သူ့စိတ်ထဲ
သမီးလေးရဲ့ မျက်နှာတစ်လှည့် မိအေးရဲ့ မျက်နှာတစ်လှည့်သာ ရုပ်ရှင်တစ်ကားရဲ့ အထပ်ထပ်ရစ်ထားတဲ့
ပြကွက်လို ပေါ်နေတယ်။ ခေါင်းငိုက်စိုက် သွားရင်းနဲ့ သူ့စိတ်တွေက လွန်ခဲ့တဲ့
ဆယ်နှစ်ကျော်က မိအေးနဲ့သူ အတူတူ ပျော်ခဲ့တာတွေ ထူးထူးခြားခြား သတိရလာတယ်။
သတိရစိတ်နဲ့ အမှောင်ထဲမှာ သူပြုံးမိ ၊ တချို့အမှတ်တရတွေကို ပြန်တွေးမိပြီး
ရှက်တက်တက်ဖြစ်မိတယ်။ ချစ်စိတ်တွေ ပြည့်လျှမ်းနေပြီး ပျော်ရွှင်ခဲ့ရတဲ့နေ့ရက်တွေ ၊
နှစ်ယောက်တည်းနဲ့ ပြီးပြည့်စုံခဲ့တဲ့ အချိန်တွေ ၊ နွားစာရိတ်ပြီးအပြန် တောထဲမှာ
မိုးမိလာလို့ တစ်ယောက်ကို တစ်ယောက် တင်းနေအောင် ဖက်ပြီး ရှားပင်တောထဲမှာ
ထိုင်ခဲ့တာတွေ။ မြက်ထုံးကြီးတွေက နွေးနေပြီး သစ်စိမ်းနံ့တို့နဲ့အကြား တစ်ယောက်ကိုတစ်ယောက် ကြားလေမသွေးအောင် ထွေးဖက်ခဲ့တုန်းက အနွေးဓါတ်တွေ။
ဆယ်နှစ်လုံး သူမိအေးကို သတိမရ မဟုတ်တောင် လွမ်းတဲ့အထိ မရောက်အောင် မေ့ထားနိုင်ခဲ့တယ်။ မိအေးကို သူသွေးသားဆန္ဒကြောင့်ပဲ ပတ်သက်ခဲ့တယ်လို့ ထင်ခဲ့တယ်။ ရူးပေါပေါကောင်မလေးတစ်ယောက်နဲ့ ဝေးရလို့ ဘာမှမဖြစ်ပါဘူး မှတ်တယ်။ တကယ်တော့ မိအေးမရှိတဲ့ ဆယ်နှစ်အတွင်း သူ့ပျော်ရွှင်လန်းဆန်းမှုတွေ ပျောက်ဆုံးခဲ့သည်ပဲ။ မိအေးက သူ့ကို လူတစ်ယောက်ဆိုတာ မမေ့အောင် လုပ်ပေးခဲ့တာပဲလို့ သူတွေးမိလာတယ်။
သူတွေးနေတုန်း ရုတ်တရပ် စာကျက်သံခပ်စူးစူးကို ကြားလိုက်ရပြီး အတွေးပြတ်သွားတယ်။ အသံလာရာ ကြည့်လိုက်တော့ ညနေက တွေ့ခဲ့တဲ့ သမီးလေးပဲ။ သမီးကို မြင်မှ သူ မိအေးတို့ ကြီးဒေါ်အိမ်ရှေ့ ရောက်နေတာ သိတော့တယ်။ အမှောင်ထဲမို့ သူရပ်နေတာ အိမ်ထဲက မြင်မှာမဟုတ်။ သမီးက သူ့ဘွားအေတွေ အိမ်အဖီ ပြတင်းနားမှာ မီးထွန်းပြီး စာကျက်နေတာပဲ။ သူက စာတတ်တာမဟုတ်တော့ ဘာစာတွေ ကျက်နေလဲမသိ။ ဘာစာတွေဆိုနေလဲ သူမသိပေမယ့် ကမ္ဘာပေါ်မှာ အသာယာဆုံးအသံလေးပဲရယ်လို့ ကြည်နူးနေမိတယ်။ ဒီလို ကြည်နူးမှုမျိုး သူ့ဘဝမှာ မဖြစ်စဖူး။ သနပ်ခါးပါးကွက်ကျားနှင့် ဆံပင်ရှည်ကို သပ်သပ်ရပ်ရပ် ကျစ်ဆံမြီးစီးထားတဲ့ သမီးလေးက ချစ်ဖို့ကောင်းလိုက်တာ။ သမီးလေးကို ကြည့်ရင်း သူဝမ်းသာကြည်နူးမှုနဲ့ မျက်ရည်ဝဲလာတယ်။
“သမီး” သူစိတ်မထိန်းနိုင်ဘဲ လှမ်းအော်မိတယ်။ သူ့အသံက တိတ်ဆိတ်တဲ့အမှောင်ထဲ ကျယ်ကျယ်လောင်လောင် လွင့်ပျံသွားတယ်။ ခြံဝန်းထဲက အသံတွေ လူရိပ်တွေ ကြားလာတွေ့လာရတယ်။ သမီးစာကျက်တဲ့ ပြတင်းဝမှာ မိအေးမျက်နှာ ရုတ်တရပ် ပေါ်လာတယ်။ သူ့ဘက် တစ်ချက်စိုက်ကြည့်ပြီး တံခါးကို ပိတ်လိုက်တယ်။ ပိတ်ထားတဲ့ ပြတင်းကို ကြည့်ပြီး “သမီး” လို့ သူ ကျုံးအော်တယ်။ သူ သမီးကို တွေ့ချင်စိတ် ထိန်းမရတော့။ “သမီး” လို့ ထပ်အော်တယ်။ သားသမီးအလုခံလိုက်ရတဲ့ တောရိုင်းတိရစ္ဆာန်တစ်ကောင်လို “သမီး” ဆိုတာက လွဲပြီး ဘာမှလည်း မပြောတတ်။ မိအေးဆီက ဟန့်တားသံလား ၊ တောင်းပန်သံလားမသိ အော်သံတစ်ချက် ကြားရတယ်။ သူကတော့ သမီးရှိရာ ရောက်ဖို့ပဲ စိတ်စောနေတယ်။ ပိတ်ထားတဲ့ ဝါးကပ်တံခါးကို အတင်းတွန်းဖွင့်တယ်။ အားနဲ့ တောက်လျှောက် ပစ်ဆောင့်လိုက်တော့ ဝါးကပ်တံခါးပြိုပြီး သူလည်း ခြံထဲ ထွေးလားလုံးလား ပစ်လဲသွားတယ်။ သူမထနိုင်ခင် လမ်းထဲက ပြေးလာတဲ့ ခြေသံတွေ ကြားရပြီး သူ့ညာဘက်ချိုစောင်း ထိန်ခနဲ အသံထွက်ပြီး ပူခနဲ ဖြစ်သွားတယ်။
နောက်ကျောတွေ ၊ ခေါင်းတွေမှာ ဖျောင်းခနဲ ခွက်ခနဲ။ သူ့မျက်လုံးထဲအထိ သွေးတွေ စီးကျလာတယ်။ ရိုက်ချက်တွေ ထိုးချက်တွေ ကာရင်းရှောင်ရင်း သူကတော့ စိတ်ဇောခေါ်ရာ ရှေ့တည့်တည့်က သမီးစာကျက်ရာ ပြတင်းဆီပဲ ရသလောက် သွားနေတယ်။ ပြတင်းပေါက် မလုံ့တလုံနောက်မှာ ဖယောင်းတိုင်မီးနဲ့ လူရိပ်လေးက သမီးလေးလား။ အိခနဲ အသံတစ်ချက် သူကြားမိသလိုပဲ။ သူ့တစ်ကိုယ်လုံးက နာကျင်မှုတွေဆိုတာ သူ့အတွက် မှုလောက်စရာ မထင်တော့။ သမီးလေးနဲ့ ဝေးခဲ့ရင် ၊ မိအေးနဲ့ မဆုံဖြစ်တော့ရင် ဆိုတဲ့အတွေးက သူ့ရဲ့အနာကျင်ဆုံး ကိုယ်တွင်းဝေဒနာ။ သူဘာမှ မမှုနိုင်။ ဘာကိုမှ မကြောက်နိုင်။ နောက်က မိအေးတို့ အမျိုးတွေ အုပ်လိုက်ဝိုင်းရိုက်တဲ့ကြားက သမီးရှိရာဆီ သူတိုးကပ်လာတယ်။
လှေကားနားအရောက်မှာ သူ့နံကြားအကန်ခံရပြီး နှစ်ပတ်လောက် လိမ့်သွားတယ်။ လှေကားခုံနဲ့ ခေါင်းတိုက်မိပြီး မူးဝေနေတုန်း ကြည့်လိုက်တော့ အနီရောင်ကလေးဖိနပ်လေး။ သူ့သမီးလေးဖိနပ်ပဲ နေမှာ။ သူဖိနပ်လေးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်တယ်။ ကြာကြာနေရင် သူသေတော့မှာ သိတယ်။ ဖိနပ်ကို ပိုက်ပြီး ခြံတံခါးဘက် ပြေးတယ်။ သူပြေးနေတုန်း “ခွေးမသား လူယုတ်မာ” ဆိုတဲ့ အသံနဲ့အတူ ကျောက်ခဲတစ်လုံးက သူ့ကျောကုန်းကို အုန်းခနဲ။ ခြံဝမှာ သူလဲကျသွားတယ်။ ပြန်ကုန်းထပြီး သူ့ကို အသေသတ်ဖို့ လိုက်လာတဲ့သူတွေရန်ကနေ ခြေဦးတည့်ရာ ကမူးရှူးထိုး ထွက်ပြေးလာခဲ့တယ်။ ခေါင်းက နောက်ကျိမူးဝေနေပြီး တစ်ကိုယ်လုံးလည်း မခံနိုင်အောင် နာကျင်နေတယ်။ အသိစိတ်ကလည်း လွတ်တစ်ချက် မလွတ်တစ်ချက်။
စိတ်ကိုတင်းထားရင်း ငုံ့ကြည့်မိတော့ သူ့လက်ထဲမှာ သမီးဖိနပ်လေး တွေ့ရတယ်။ ဖိနပ်နီနီလေးပေါ် သူ့ခေါင်းထက်က သွေးတွေ တပေါက်ပေါက် ကျသွားတယ်။ သွေးတွေကို လက်ခုံနဲ့ သုတ်ပစ်လိုက်တယ်။ သူနဲ့ သူ့သမီးရယ် ၊ မိအေးရယ် ပြန်ပေါင်းစည်းဖို့ ပထမဆုံးထိတွေ့မှုလေးပါလား။ နှစ်ပေါင်းများစွာ နှစ်နှစ်ခြိုက်ခြိုက်မရယ်ဖြစ်ခဲ့တဲ့ ခင်ဝင်းမျက်နှာမှာ ရဲရင့်ယုံကြည်တဲ့ အပြုံးတစ်ပွင့် ပြန်ပေါ်လာတယ်။ သမီးဖိနပ်လေး ကိုင်ထားရင်း သူ့ရင်ထဲ နွေးထွေးလှိုက်ဖိုသွားတယ်။
ဟုတ်တယ်။ ငါ့မိသားစုလေးဆီ ငါပြန်မယ်။ မရောက်ရောက်အောင် ပြန်မယ်။ ပထမဆုံးအကြိမ်အဖြစ် ပြတ်ပြတ်သားသား စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် သူ့ကိုယ်သူ ကျေနပ်မိသွားတယ်။ ဒဏ်ရာကြောင့် ခေါင်းတစ်ဆစ်ဆစ် နာလာတဲ့ကြားထဲက သူ့ရင်ထဲ အားတက်ရွှင်လန်းစိတ်တွေ ပြည့်လျှမ်းလာတယ်။ ဖိနပ်လေးကို သမီးအမှတ်နဲ့ ပွေ့ဖက်ထားမိတယ်။ နောက် ဘယ်တော့မှ မဝေးရမယ့်ပုံမျိုးနဲ့။
- ငြိမ်းဝေမင်း