သိုဝှက်မေတ္တာ

ဆေးရုံတစ်ခုရဲ့ သားဖွားဆောင်ထဲမှာပါ။ "ကျွန်မကလေးလေး ကြည့်လို့ရမလားရှင်" ။ ပူပူနွေးနွေး ကလေးအမေဖြစ်လာခဲ့တဲ့ အမျိုးသမီးက ဆရာဝန့်ဆီ ခွင့်တောင်းလိုက်တာပါ။ သူမဆီရောက်လာတဲ့ အနှီးလေးနဲ့ထွေးထားတဲ့ ကလေးနီတာရဲလေးကို ဖွင့်ကြည့်လိုက်ချိန်မှာတော့ အမေဖြစ်သူဟာ ပင့်သက်တစ်ချက်ရှိုက်ရင်း နင့်ခနဲ ဖြစ်သွားသည်။
ကလေးဟာ နားရွက်မပါဘဲ လူဖြစ်လာတာကြောင့်ပါ။
နားရွက်မပါတာကလွဲရင် ထူးထူးခြားခြား အကြားအာရုံကောင်းမွန်ပြီး ဥပဓိရုပ်ကောင်းတဲ့ ဒီကလေးရဲ့ ဘဝဟာ အခက်အခဲတွေနဲ့တင်းကြမ်းပြည့်နေခဲ့ပါတယ်။ သူကျောင်းတက်တဲ့ တစ်နေ့မှာပေါ့။ ကျောင်းကနေ ဝမ်းပန်းတနည်း ဒုန်းစိုင်းပြန်လာပြီး သူအမေ့ရင်ခွင်ထဲ တိုးဝင်လိုက်တော့ အမေဖြစ်သူက သိလိုက်ပြီ။ သူ့သားအတွက် နာကျင်စရာတွေ ရှိနေပြီပဲ။
"ကျောင်းမှာ ခပ်ကြီးကြီးကောင်းတစ်ကောင်က" ငိုရင်းတန်းလန်းနဲ့"သားကို မကောင်းဆိုးဝါးကောင်လို့ခေါ်တယ်အမေ"တဲ့။ အမေဖြစ်သူကတော့ သားကို မျက်ရည်သုတ်ပေးရင်း ရင်ထဲ မချိမဆန့်နာနေရှာရဲ့။
နောက်နှစ်အနည်းငယ်ကြာသွားခဲ့တယ် ။ ကလေးဟာ ကျောင်းမှာ စာတော်ရုံတင်မဟုတ်ဘဲ မိခင်ရဲ့ အဆုံးအမကောင်းမွန်မှုကြောင့် လူတိုင်းက ချစ်ခင်နှစ်သက်ကြတဲ့ ကျောင်းသားကောင်းတစ်ယောက် ဖြစ်လာခဲ့တယ်။ စာပေ ၊ ဂီတဘက်မှာ တော်ပေမယ့် ရုပ်အင်္ဂါ ချို့ယွင်းမှုကြောင့်ပဲ သူဟာ ကျောင်းသားခေါင်းဆောင် ၊ အသင်းအဖွဲ့ဥက္ကဌဖြစ်ခွင့်မရခဲ့ပါဘူး။။
တစ်နေ့။ သူ့အဖေက မိသားစုဆရာဝန်နဲ့သားအတွက် နားရွက်တစ်စုံတပ်ပေးလို့မရနိုင်ဘူးလားလို့ဆွေးနွေးတယ်။ "တကယ်လို့ပေါ့ ခင်ဗျားသားအတွက် နားရွက်အလှူရှင် ရှိရင် ကျွန်တော်တို့ဒီကလေးကို လူကောင်းပကတိ ဖြစ်အောင် ပြန်လုပ်ပေးနိုင်တယ်"တဲ့။
နှစ်နှစ်ကြာပြီးနောက်မှာ ဒီကလေးအတွက် နားရွက်လှူပေးမယ့် အလှူရှင်တစ်ယောက် ပေါ်ပေါက်လာခဲ့တယ်။ "သား အဖေတို့အခု ဆေးရုံသွားရမယ်။ မင်းအမေရယ် ၊ အဖေရယ် နောက်ပြီး နားရွက်လှူမယ့်သူလည်း လာလိမ့်မယ်။ တစ်ခု တော့ရှိတယ် ငါ့သား။ ဒါက လျှို့ဝှက်ချက်တစ်ခု ဖြစ်လို့ဘယ်သူက လှူတယ်ဆိုတာ သားသိခွင့်မရှိဘူးနော်" လို့အဖေက သားကို ရှင်းပြတယ်။
ခွဲစိတ်မှုက အောင်မြင်ခဲ့ပြီး ကလေးဟာ လူအသစ် တစ်ယောက်လို ဖြစ်သွားခဲ့တယ်။ နဂိုကတည်းက အရည်အချင်းရှိတဲ့ သားဟာ နားရွက်အလှူရှင်ကြောင့် ဘဝမှာ ပိုပြီး တောက်ပတဲ့ ပါရမီကို ချပြခွင့်ရခဲ့တယ်။
ကျောင်းတက် ကောလိပ်မှာ ဘွဲ့ရ အောင်မြင်မှုတွေ တန်းစီရရှိရင်း နောက်ဆုံး သူချစ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့အိမ်ထောင်ကျကာ ဘဝလမ်း ဖြောင့်ဖြူးခဲ့တယ်။ သူ့ဘဝတစ်လျှောက်လုံး မေးခွန်းက ငါ့ကို ဘယ်သူ နားရွက်လှူခဲ့တာလဲဆိုတဲ့ မေးခွန်းပါ။
ဒီမေးခွန်းကို သူ့အဖေကို မေးတိုင်းလည်း အမြဲ ငြင်းခံခဲ့ရပါတယ်။ "အဖေတို့သဘောတူညီချက်အရ သားသိခွင့်မရှိသေးဘူး" ဆိုတာကတော့ သူ့အဖေရဲ့ မပြောင်းလဲတဲ့ အဖြေပေါ့။
တစ်နေ့မှာ သူ့အတွက် အမှောင်မိုက်ဆုံး အချိန် ရောက်လာခဲ့တယ်။ သူ့အမေ ဆုံးသွားခဲ့တာပါ။ သူနဲ့သူအဖေဖြစ်သူဟာ အမေ့ရဲ့ ခေါင်းတလားဘေးတစ်ဘက်စီမှာ ရပ်နေခဲ့တယ်။ အဖေက သူ့လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ရင်း သူ့ဇနီးရဲ့ အုံကောင်းပြီး တောက်ပရှည်လျား ဆံပင်တွေကို သပ်တင်လိုက်တယ်။ နီညိုရောင် ဆံသားတွေရဲ့ နောက်မှာတော့ နားရွက်တစ်စုံ ပျောက်နေခဲ့ပါတယ်။
"မင်းအမေက ဆံပင်တွေ ညှပ်စရာ မလိုတော့တာကိုပဲ ဝမ်းသာနေတာ" ဆိုနင့်တိုးတိမ်တဲ့ အသံနဲ့အဖေက ဆိုပါတယ်။ "ဘယ်သူကမှလည်း သူ့ဆံပင်တွေ မညှ့ပ်ထားလို့အလှတွေ လျော့သွားတယ်လို့လည်း မထင်ကြဘူးလေ"။
တကယ့်အလှတရားဟာ ရုပ်အဆင်းသွင်ပြင်မှာ မရှိပါဘူး။ တကယ့်ရတနာဟာ လူတွေ မမြင်တဲ့ တစ်နေရာမှာ သိုသိုသိပ်သိပ် ရှိနေသလိုမျိုး ၊ တကယ့်ချစ်ခြင်းမေတ္တာဟာ ဘယ်သူမှ မသိအောင် ပေးဆပ်ပြခဲ့ခြင်းသာ။ အမေဟာ သားကို နားရွက်တစ်စုံပဲ ပေးခဲ့တာတော့ မဟုတ်ပါဘူး။
[He Was Born Without Ears. But When He Grew Up, He Found Out About One Sad Secret ကို ပြန်ဆိုသည်။]