ကျနော်တို့ မရှိတဲ့အခါ သူတို့ ဘာပြောကြမှာလဲ

ဒီရက်ပိုင်း အစိမ်းကြွေ ကြွေတွေ အတွေ့များလို့လားမသိ။
ကျနော်သည် ထိတ်လန့်မှုနှင့် တုန်လှုပ်စိတ် ဝင်နေမိပါသည်။ အလတ်ကြီးပဲ ရှိသေးတယ်ဆိုသည့်
ငါးစိမ်းသည်စကားမျိုးတော့ မပြောရက်ပါ။ လူတို့၏ ဘဝသက်တမ်း အတိုအရှည်ကို သခွားသီးအနုအရင့်
စမ်းသလို လက်သည်းနဲ့ နာနာဖိကြည့်ပြီး ပြောခြင်းကို မှန်ကန်သည့် လုပ်ရပ်ဟု မသတ်မှတ်သောကြောင့်လဲ
ဖြစ်သည်။ သို့သော် ကျနော့်ဝန်းကျင်တွင် ငယ်တုန်းရွယ်တုန်း တောက်လောင် လှပတုန်းမှာ လွင့်ကြွေသွားသူတွေ
များလေလေ ကျနော့်မှာ စောလွန်းသည်ဟု မဆိုင်ကော ဆိုင်ကော စောကြောစုတ်သပ်နေမိပါသည်။
ကျနော့်အနီးဆုံး အဝန်းဝိုင်းထဲမှ အစောဆုံး
ထွက်ခွာသွားသူမှာ အောင်သူမြင့် ဖြစ်သည်။ အောင်သူမြင့်သည် ၁၉၉၃ မှ ၂၀၀၀ ပြည့်နှစ် အထိ
ကျနော်နှင့် ပုခုံးဖက် ပေါင်းသင်းခဲ့သည့် ရှားပါးငယ်ပေါင်းကြီးဖော်များထဲမှ တစ်ဦးလည်း
ဖြစ်သည်။ ထိုနှစ်များတွင် ကျနော် အမှတ်ရဆုံးအရာမှာ အောင်သူမြင့် ၊ ကျနော် ၊ ကိုဌေးနှင့်
ကိုသူတို့ အသစ်တည်စ ရွာ၏ အရပ်ရှစ်မျက်နှာကို စူးစမ်းလေ့လာခဲ့ပုံများ ဖြစ်သည်။ ကျနော်တို့အဖွဲ့သည်
အာကာသယာဉ်မှူးများ လကမ္ဘာကို စူးစမ်းခဲ့သလိုမျိုး ကျနော်တို့ ရောက်ရှိရာ ပတ်ဝန်းကျင်သစ်ကို
စူးစမ်းခဲ့ကြဖူးသည်။ ထိုစဉ်က ကျနော်တို့ အားလုံးသည် အများဆုံး ၅ နှစ်ကျော် ၆ နှစ်ထက်
မကြီးသေးဟု ထင်သည်။ ထိုနှစ်များသည် ကျနော်တို့ နေထိုင်ရာအသစ်စက်စက် ရွာကလေး၏ အလှုပ်ခတ်ဆုံး အပြောင်းအလဲဆုံး
နှစ်များလည်း ဖြစ်ပေမည်။
ထိုနှစ်များတွင် ကျနော်သည် ကျောင်းပြေးသည့်အရသာကို တော်တော်ကြီး
စွဲလမ်းနေပြီ ဖြစ်သည်။ ကျောင်းပြေးသည့်အချိန်များတွင် ကျနော်တို့သည် အရှေ့ဘက် ချောက်များ
၊ ထူးဂျပ်များထဲ သွားပြီး တောကြောင် ၊ ပဒက် ၊ မြွေပါနှင့် ငှက်ဝင်းအသိုက်များ ရှာသည်။ လယ်ထဲဆင်းပြီး
ငါးနှိုက်သည်။ ဂဏန်းစမ်း ဖားစမ်းသည်။ ကန်စွန်းဥတူးသည်။ ခရုကောက်ပြီး လက်ညှိုးနှင့် လက်ခလယ်ကြား
ပက်လက်ထားပြီး ခရာမှုတ်သည်။ တစ်ခါတစ်ခါ အကြွေစေ့များ ၊ ဆေးတံကျိုးများ ၊ ထူးထူးဆန်းဆန်း
အိုးကွဲများလည်း တွေ့ရတတ်သည်။ လယ်ရေစပ်စပ်အတိုင်း သွားရင်း တစ်ခါတစ်ခါ ရေမြွေများလည်း
အပျော်ဖမ်းကြသည်။ လယ်မှ ရေများသည် ရွာဦးဘုန်းကြီးကျောင်းရှေ့ တစ်ဖက်ဆည်ကန်တွင် ဂိတ်ဆုံးသည်။
ထိုနေရာအထိလည်း ရောက်ဖြစ်သည်။ ဆည်ထိပ်က အလေ့ကျပေါက်နေသည့် အုန်းနှဲပင်များ ၊ ငှက်ပျောပင်များ
၊ သရက်ပင်များလည်း ကျနော်တို့အဖွဲ့ ချမ်းသာမပေး။ အလွန်ပျော်ဖွယ်ရာကောင်းခဲ့သည့် နေ့ရက်များပါပေ။
ကျနော်တို့တတွေသည် အသစ်စက်စက် ရွာကလေး၏
ဘူမိသွင်ပြင် ၊ ပါးစပ်ရာဇဝင်နှင့် ထူးဆန်းအံ့ဖွယ်များကို အစောဆုံးသိခဲ့သူများတွင် စာရင်းဝင်မည်ဟု
ထင်သည်။ ရွာသစ်အရှေ့တောင်ပိုင်း ရေတွင်းဟောင်းကြီးထဲမှ ထူးဆန်းသည့် ငြီးတွားသံကို ကျနော်တို့တတွေ
စပ်စပ်စုစု နားထောင်ဖူးသည်။ ထိုရေတွင်းကြီးက ရွာမတည်ခင်ကတည်းက ရှိပုံရသည့် ရေတွင်းဖြစ်ပြီး
အတွင်း၌ ကျောက်ချပ်တွေ စီထားသည်။ ရွာကျောင်း၏ အရှေ့စူးစူး သစ်ပင်အုပ်အုပ်ကြီးအောက်
လယ်ကွင်းတွေနံဘေးက ရေတွင်းကြီး။ မှတ်မှတ်ရရ ထိုရေတွင်းနှင့် မနီးမဝေးတွင် အမဲပေါ် ဝက်ပေါ်သည့်
နွားသတ်ကုန်းရှိသည်။ ယခု ကျောင်း၏ အရှေ့တောင်ဘက် ရွာချင်းဆက် နောက်တစ်ရွာ၏ အရှေ့မြောက်ဘက်တွင်
ဖြစ်သည်။ မိုးကြီးသည့်အခါ ထိုအနိမ့်ပိုင်း လယ်ချိုင့်တွေထဲ ရေစီးသည်။ ကျနော်တို့ တွေ့ခဲ့သည့်
ရေတွင်းကြီးသည် နွေအခါတွင် ရေမနေ ၊ မိုးတွင်း ရေလှိုင်ချိန် ရေအောက် ရောက်နေတတ်သည်။
ပထမဆုံး တွေ့ခဲ့သည်မှာ အောင်သူမြင့် ဖြစ်သည်ဟု ကျနော်ထင်သည်။
တစ်နေ့ ထုံးစံအတိုင်း ကျနော်တို့ လေးဦးသား ကျောင်းပြေးပြီး လယ်ကွင်းတွေဘက် ဂဏန်းနှိုက် ၊ ငါးဖမ်းထွက်ကြသည်။ ထိုအချိန်က ကျနော် ၃ တန်းဟု ထင်သည်။ မိုးတွင်းတစ်ရက် ကျောင်းပြေးရင်း ကျနော်တို့အဖွဲ့ ရွာရေကျလယ်တွေဘက် ရောက်သွားသည်။ ကျနော်တို့အဖွဲ့တွင် အသေးညှက်ဆုံးဖြစ်သည့် အောင်သူမြင့်သည် ကျနော်နှင့်ခပ်လှမ်းလှမ်း ရေစီးတစ်နေရာထဲ ငါးနောက်လိုက်ရင် ရုတ်တရုတ် စုမ်းစုမ်းမြှပ်သွားသည်။ ထိုအဖြစ်ကို ကျနော်တို့ အားလုံး မြင်လိုက်ပါသည်။ ထူးဆန်းသည်မှာ ထိုလယ်ကွင်းက ရေသည် ကျနော်တို့ ခြေသလုံးတပတ်လည်သာ နက်သည်ဖြစ်ရာ ရုတ်တရပ်တော့ အောင်သူမြင့် ဘာကြောင့် မြှပ်သွားသည်ကို ကျနော်တို့ မတွေးတတ်။ အောင်သူမြင့် ကံကောင်းသည်မှာ ရေစီးသန်နေသည့်အချိန် ဖြစ်၍ ရေပေါ်ပြန်ပေါ်ပြီး လယ်ရေနဲ့အတူ ရေစီးအတိုင်း ပြန်ပေါ်လာခြင်း ဖြစ်သည်။ သို့သော် အတော်အတန် ရေမွန်းသွားသည်မှာ သိသာပါသည်။ အောင်သူမြင့်သည် ရေပေါ် ရောက်လာလာချင်း ခပ်ပြင်းပြင်းတစ်ချက် ဆဲပါသည်။ အောင်သူမြင့် ရေနစ်သောနေရာတို့ ကျနော်တို့တတွေ အံ့အားတကြီး သွားပြီး စပ်စုဖြစ်ပါသည်။ ထိုနေရာကို ခြေဖြင့် နင်းကြည့်သည့်အခါ ပေါင်တစ်ခုလုံး မြှပ်သွားပါသည်။ ကိုသူက အကြံရပြီး တစ်လံလောက်ရှိမည့် ဝါးကိုင်းတစ်ခုဖြင့် ထောက်ကြည့်ပါသည်။ ဝါးကိုင်းဆုံးသော်လည်း အောက်ခြေကို မထိ။ အတော်နက်ပေတကား။
နောက်တစ်နေ့ လယ်ရေကျသွားသည့်အခါ လယ်ကွင်းဘေး တစ်နေရာတွင် ၁၅ ပေခန့် နက်မည့် ရေတွင်းဟောင်းတစ်ခုကို တွေ့ရပါသည်။ ဘောင်မရှိသည့် ထိုရေတွင်းပျက်အောက်ခြေကို ကျနော်တို့အဖွဲ့ ငုံ့ကြည့်ပြီး စူးစမ်းကြပါသည်။ တွင်းအောက်ခြေ၌ ရေစပ်စပ်ကို မပီဝိုးဝါး မြင်နေရပါသည်။ အသေအချာနားထောင်ကြည့်သည်တွင် ရေတွင်းထဲမှ ထူးဆန်းသည့်အသံတစ်မျိုး ကြားရပါသည်။ အသံက ကြောင်တစ်ကောင်၏ နှာမှုတ်သံလား ၊ တွင်းခြေကျောက်ချပ်တွေအကြားထဲ လေတိုးသံလား သို့မဟုတ် မြွေက ဖားကို မြိုနေသည့်အသံလား။ မသိနိုင်။ တွင်းအခြေအနေကို ကြည့်ပြီးနောက် အောင်သူမြင့်က “မသာပေါ်တော့မလို့ဟ” ဟု ရေရွတ်ပါတယ်။ ထိုစကားသည် အောင်သူမြင့်အတွက် နိမိတ်တစ်ခုလည်း ဖြစ်နိုင်ပါသည်။
နွေတစ်ရက်၌ ထုံးစံအတိုင်း ကျောင်းပြေးဖို့
ကျနော်တို့ လူစုဖြစ်ပါသည်။ ကျနော်တို့၏ အမြဲတမ်းအဖွဲ့ဝင်တစ်ဦး ထိုနေ့က ကျောင်းမလာပါ။
အောင်သူမြင့် ဖြစ်ပါသည်။ လူမစုံ၍ ကျနော်တို့ အစီအစဉ်ပျက်ပြီး စိတ်မပါလက်မပါ ကျောင်းတက်ဖြစ်ပါသည်။
ကျနော်မှတ်မိသည်မှာ မြန်မာစာဆရာမ ဒေါ်ညွန့်ညွှန့်ဆွေသည် ကျောင်းသားများကို အလွန်ရစ်၍
အင်္ဂလိပ်စာဆရာမ ဒေါ်အေးမြင့်သည် မဆီမဆိုင် ဘာသာရေးတွေ ပြောနေသည့်နေ့တစ်နေ့ ဖြစ်ပါသည်။
စိတ်လေးလေးနှင့် ကျောင်းတက်ခဲ့ပြီး ပျော်ပျော်ကြီး ကျောင်းဆင်းခဲ့ပါသည်။ နောက်နေ့လည်း
အောင်သူမြင့် ကျောင်းမလာ။ တကယ်တော့ အောင်သူမြင့် ဘယ်တော့မှ ကျောင်းမလာတော့ပါ။ အောင်သူမြင့်သည်
နှလုံးဖောက်၍ ကွယ်လွန်ခဲ့လေပြီ။ ကျနော့်၏ အနီးဆုံးအဝန်းအဝိုင်းမှ အရင်းနှီးဆုံးတစ်ယောက်
အစောဆုံးသေဆုံးမှုဖြစ်သည်။ ကျနော့်တွင် မိတ်ဆွေများများစားစားမရှိပါ။ အောင်သူမြင့်သည်
ထိုရှားပါးမိတ်ဆွေထဲမှ ကျနော်၏ဖိတ်စဉ်မှုဟု ဆိုရပါမည်။
အောင်သူမြင့် ဆုံးတော့ ကျနော်တို့အဖွဲ့
နာရေးအိမ်ဆီ ရောက်ပါသည်။ အရင်က အောင်သူမြင့်အိမ်ကို ကျနော် မရောက်ဖူးပါ။ အောင်သူမြင့်သေမှ
ဒါ အောင်သူမြင့်တို့ အိမ်ပါကလားဟု သိရခြင်းဖြစ်ပါသည်။ ကျနော်သာ အောင်သူမြင့်တို့ အိမ်
, အောင်သူမြင့်မိသားစုနှင့် စိမ်းနေသော်လည်း အောင်သူမြင့်အိမ်သားတစ်စုက ကျနော့်ကို
မစိမ်းပါ။ အသုဘရှုလာသည့် ကျနော်တို့ကို မြင်သည့်အခါ အောင်သူမြင့်အမေဟု ထင်ရသူသည် သူ့သားအလောင်းကို
ပိုက်လျက် “ အမယ်လေး သားရဲ့။ သားသူငယ်ချင်းတွေ သားဆီလာကြပြီ။ ထကြည့်ပါဦးသားရဲ့” ဟု
အော်အော် ငိုသည်။ ကျနော်သည် မျက်ရည်လွယ်သူ ဖြစ်သည်။ ဤမျှလောက်ဆိုလျှင်ပင် ကျနော် မျက်ရည်ကျဖို့ကောင်းသည်။
သို့သော် ကျနော်မှတ်မိသလောက် အောင်သူမြင့် အသုဘကို ကြည့်စဉ်က ကျနော် မျက်ရည်မကျ။ အောင်သူမြင့်လောက်
ရင်းနှီးသူ၏ အသက်မဲ့ခန္ဓာကိုယ် ကြည့်ရင်းနှင့် ကျနော်သည် အတူတူ ပျော်စဉ်က ကိစ္စတွေ ပြန်ပြောင်းတွေးကာ
ငိုကြွေးသင့်သည်။ သို့သော် ဘာကြောင့်ရယ်မသိ။ ကျနော် မငို။
အောင်သူမြင့်မိခင်ဟု ကျနော်ထင်ရသူသည် သူ့သားအသက်ရှင်စဉ်က ချစ်စဖွယ် ပြုမူလုပ်ဆောင် ပြောဆိုခဲ့ပုံတွေ ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောကာ ငိုရှာသည်။ တခြားသူတွေတော့ မည်သို့ခံစားရမည် မသိ။ ထိုနေ့က ဘယ်လိုမှ ငို၍မရသော ကျနော်သည် သူ့မိခင်ပြောမှ အောင်သူမြင့်၏ ချစ်စဖွယ်စရိုက်လေးတွေကို တရေးရေးပြန်တွေးမိလာသည်။ သူ့မိခင် တတပြောသလို အောင်သူမြင့်သည် တကယ်ပင် အနွံတာခံတတ်သူ ဖြစ်သည်။ ကျနော်တို့ ဆိုးသမျှ အလိုလိုက်၍ မိုက်သမျှ ထောက်ခံသူ ဖြစ်သည်။ ကျောင်းထဲက ခွန်အားသုံးအနိုင်ကျင့်တတ်သည့် ကျောင်းသားတွေကို ပါးစပ်နဲ့ တုံ့ပြန်၍ လက်သီးချက်ကို ပါးထိုးခံသူ ဖြစ်သည်။ စာမရလို့ ကျောင်းပြေးခြင်း မဖြစ်ရအောင် စာအမေးမခံရအောင် ကျောင်းပြေးဖို့ တွေးနိုင်သူ ဖြစ်သည်။ အသစ်အဆန်းကို သူစိတ်ဝင်စားပုံမှာ အက်ဒီဆင်ထက် မလျော့ဟု ကျနော် ထင်ပါသည်။ အောင်သူမြင့်သည် ငှက်တစ်ကောင်ကို အရောင်အသွေး ၊ ကိုယ်လုံးဖွဲ့စည်းမှု ၊ ပျံသန်းသည့်ပုံစံ ၊ နေထိုင်သည့်သဘာဝနှင့် ထူးခြားသည့်အပြုအမူတွေအကြောင်း ကောင်းကောင်းကြီး ပြောနိုင်သူဖြစ်သည်။ ငှက်ဝင်း ၊ မိုးစွေ ၊ ကြက်တူရွေး ၊ ရစ် ၊ ဘုတ် ၊ ချိုး ၊ ခါ နှင့် ဇရက်တို့အကြောင်း သူပြောသည့်အခါ ကျနော်တို့မှာ သတ္တဗေဒပါမောက္ခတစ်ယောက်၏ လက်ချာနားထောင်ရသလို တအံတဩ အလေးအနက် နားထောင်ရပါသည်။ သူ့သာ အသက်ရှိနေဦးမည်ဆိုလျင် တိမွေကုဆရာဝန်ဖြစ်တန်ကောင်းရဲ့ဟု ကျနော်တောင့်တစိတ်ကူးမိပါသည်။ သို့သော် အောင်သူမြင့် မရှိတော့ပါ။ ၁၉၉၉ အကုန် ၂၀၀၀ ပြည့်နှစ်အကူး နွေရာသီတစ်နေ့တွင် ကွယ်လွန်ခဲ့လေပြီ။
စိတ်မကောင်းစရာတစ်ခုမှာ ရာစုသစ်တစ်ခုကူးပြောင်းမှုကို အောင်သူမြင့် မြင်တွေ့ခဲ့သလား မသေချာမှုပင်။ စိတ်အေးရသည်မှာ ရာစုသစ်၌လည်း စိတ်လှုပ်ရှားစရာ ပျော်ရွှင်ဝမ်းမြောက်အားတက်စရာ မရှိကြောင်း အောင်သူမြင့် မသိခဲ့သည်ပင်။ အောင်သူမြင့်သည် ၂၀ ရာစုအကုန်၌ သေဆုံးခဲ့လေပြီ။ အောင်သူမြင့်သည် ကံကြီးပေသည်။ သို့မဟုတ် ကံနည်းပေသည်။ ဘယ်သူသည် အမှန်အကန် ဆုံးဖြတ်နိုင်မည်နည်း။ ကျနော်တို့ကရော ဘယ်လောက်များ ကံကောင်းနေပါသနည်း။ ကျနော်တို့ မရှိတော့သည့်အခါရော ကျန်သူတို့ ဘာများပြောကြပါမည်နည်း။ ပြောမည့်သူရော ရှိမည်ဟု ယူဆနိုင်မည်လော။ မသိ။
- ငြိမ်းဝေမင်း