နွေဦးတစ်ရက် လမ်းလျှောက်ထွက်ခြင်း

နွေဦးတစ်ရက် လမ်းလျှောက်ထွက်ခြင်း

            ဒီနွေဦးမှာ ကျနော်ဟာ အတော်ကို ကံထူးခဲ့ပါတယ်။ ကံထူးရတဲ့အကြောင်းက ဒီလို။

ဖေဖော်ဝါရီကုန်လို့ မတ်လဆန်းပြီဆို ဒါက ဒီဘက်ရဲ့ နွေဦးလို့ ပြောရမယ့်အချိန် ‌ရောက်ပါပြီ။ နွေကို ဦးဦးဖျားဖျား ကြိုတာကတော့ တောင်ကုန်းတွေကို ကြီးစိုးထားတဲ့ ရာဘာပင်တွေပါပဲ။ ဆောင်းကျွတ်ကတည်းက ရာဘာတွေဟာ သူတို့တစ်ကိုယ်လုံးကို နီကျင်ကျင် အရောင်ပြောင်းပြီး နွေကို ကြိုတာပါ။ ဖေဖော်ဝါရီဆန်းစနေ့တွေမှာ တောင်ကုန်းတွေဟာ ထိန်ထိန်ဝါလို့။ မသိရင် ဒီတစ်နွေလုံး ခြောက်ကပ်နေတော့မလား တွေးစရာ။ မကြာခင်မှာတော့ တစ်တောလုံး ဘယ်အပင်မှ အရွက်မကျန်တော့။ သစ်ပင်တွေရဲ့ နွေကြိုပွဲက ရှင်းတယ်။ အဝတ်အစားသစ် ဝတ်ဖို့ အဝတ်ဟောင်းကို ချွတ်ချလိုက်သလိုမျိုး။

အဲ့ဒီအချိန် ဒီဘက်က တောတွေထဲ လမ်းလျှောက်ထွက်ရင် ကြောက်မက်ဖွယ်ရာ ခြောက်သွေ့ပုံတွေ နဲ့ တစ်နှစ်စာ ရှင်သန်ခဲ့ရာကနေ မျက်မှောက်မှာ အသေဖြစ်သွားတဲ့ ရာဘာရွက်တွေကို တွေ့ရမယ်။ သေချာနားစိုက်ထောင်ဖြစ်ရင် ရွက်ခြောက်တွေ တဖျစ်ဖျစ် တဂျွတ်ဂျွတ်မြည်သံတောင် ကြားလိမ့်မယ်လို့ ကျနော်ပြောရဲတယ်။ သစ်ပင်တွေဟာ အကိုင်းချည်းသပ်သပ် မိုးမျှော်ပြီး ထိုးထောင်နေတော့တယ်။ သစ်ရွက်တွေကို သစ်ပင်တွေက နှင်ချလိုက်တဲ့ ရာသီလေ။ ကျန်ခဲ့တဲ့ ကာလတွေတုန်းက အပင်ချင်းထပ်မတတ် အရွက်တွေ စည်ဝေနေခဲ့တဲ့ တောပါပဲ။ အခုဆို တောကို ခင်ဗျား ဒိုးယိုပေါက် မြင်သွားပြီ။ တောထဲက သစ်တစ်ပင်ချင်းရဲ့ ထိပ်ဖျားမှာ ကောင်းကင်ဟာ လတ်ဆတ်စွာ ပြာလဲ့လို့။ ကြည်လင်ကျန်းမာတဲ့ ဥတုသစ်ရဲ့မျက်နှာကို မြင်နေရပါတယ်။ ပြောရရင် တောဟာ အဟောင်းတွေအကုန် ရှင်းထုတ်လိုက်ပြီး အဖူးသစ်အပွင့်သစ် အစစအရာအရာအသစ်အတွက် အဆင်သင့်ဖြစ်နေခဲ့ပြီ။

တခြားနေရာတွေမှာ နွေကို သေချာစောင့်မကြည့်ဖြစ်ခဲ့တော့ နွေရဲ့ ရာသီစက်ဝန်းအကြောင်း မပြောနိုင်ခဲ့။ အခု ကျနော် မြင်ရတဲ့ နွေဦးကတော့ အပြောင်းအလဲ သိပ်မြန်တာ သတိထားမိတယ်။ နွေမှာ တစ်ခုခုဆို အပြောင်းအလဲ မြန်လွန်းလို့ ကျနော့်မှာ တအံ့တဩ။ လေတဟူးဟူးကြားမှာ နွေဟာ ငါတော့ လုံးဝပြောင်းလဲသွားပြီဟေ့လို့ ပြောသွားသလိုပါပဲ။ မနက်ပိုင်းက နွေဟာ ညနေမှာ လုံးဝကွဲပြားတဲ့ ရာသီတစ်ခုအဖြစ် ကိုယ့်ဆီ ရောက်လာပြီး ညဘက်မှာ ကိုယ့်ဆီက အရာအားလုံး ယူသွားသလို ခံစားရ။ ပုရွက်ဆိတ်တွေက အစားအသောက်နဲ့ နေစရာအတွက် ရတတ်သမျှ သယ်သွားသလို တစ်ရက်ချင်းစီကနေ နွေဟာ ရသလောက် ယူသွားတယ် ခံစားရ။ မနက်တုန်းက နီလဲ့လဲ့ရွက်ကျင်တွေ နေ့လယ်ဆို မရှိတော့။ သစ်ခြောက်ပင်လို့ ထင်ရတဲ့ အပင်အိုရဲ့ အခေါက်အဆစ်တွေကနေ အညှောင့်အဖူးသစ် နီတာရဲလေးတွေ ပေါ်လာကြ။ မကြာခင် လတ်လတ်ဆတ်ဆတ် ရှင်သန်ကြတော့မယ့် သစ်ရွက်တွေကို ကြိုပေတော့။

            နွေကို စိတ်အေးလက်အေး ထိုင်ကြည့်နိုင်အောင် အားလပ်ချိန်မှာမှ အိုင်ယာလန်က တောင်ကုန်းစိမ်းစိမ်းတစ်ခုလို စိမ်းစိုလက်နေတဲ့ ဒီဒေသကို ရောက်ခဲ့တာလည်း ကံကောင်းတာပါပဲ။ ဒါက ကျနော်နဲ့ ဒီရွာလေး နွေရာသီကို အတူတူ ဖြတ်ကျော်တဲ့ ပထမဆုံးအကြိမ်ပါ။ တောင်တန်းနဲ့ မြစ်အကြား ရှည်မျောမျော စီးသွားတဲ့ ရွာကလေးပေါ်က နွေရာသီဟာ အနှေးပျံငှက်တစ်ကောင်လို ကျနော့်စိတ်ထဲ ဖြည်းဖြည်းချင်း ဝင်ရောက်လာတာပြီး ကျနော်မမြင်သေးတဲ့ မြင်ကွင်းတွေ ပြနေသလိုပေါ့။ နွေရာသီက မြန်နေပြီး ကျနော့်အတွေးက နှေးလာပုံဟာ ကျနော်ပြောခဲ့တဲ့ ကံကောင်းခြင်းတစ်ခုပါပဲ။ အခုဆို ကျနော်ဟာ အတော်များများကို ခပ်ဖြည်းဖြည်း ပြန်စဉ်းစားနိုင်လာတယ်။ ကျနော်ငယ်ငယ်က အသစ်ရွှေ့လာတဲ့ ရွာရဲ့ ကွင်းပြင်သစ်တွေမှာ ညနေတိုင်ဆို ပြေးလွှားကစားခဲ့တာတွေ ၊ ကွင်းပြင်က ကျယ်တော့ စွန်ကောင်းကောင်းလုပ်ပြီး အမြင့်ပြိုင်ခဲ့တာတွေ ၊ သူငယ်ချင်းတွေနဲ့ ရေခမ်းလာတဲ့ ရွာရေကျလယ်တွေ နဲ့ ချောင်းတွေထဲ ငါးဖမ်းထွက်ခဲ့တာတွေ ၊ သမုန်းဖူးတွေ ဖွေးနေတဲ့ အပင်အောက်ရပ်ပြီး ရွာအရှေ့ဘက်က ချောက်တွေကို ကျော်လို့ လေးထောင့်ဆန်ဆန် တောင်ကြီးကို ငေးကြည့်ခဲ့တာတွေ ၊ ညနေဘက်တွေ အဝေးက ပြန်လာတဲ့ လှည်းနွားတွေနဲ့ ဝေ့လည်လည် လိုက်လာနေတဲ့ ကန်တော့ချွန်ပုံစံ လေပွေတွေ တစ်တန်းကြီးကို စောင့်ကြည့်ခဲ့တာတွေ သတိရနိုင်လာတယ်။ နွေတစ်ရက်မှာ သေဆုံးသွားတဲ့ ကျနော့်ငယ်သူငယ်ချင်း အောင်သူမြင့်ဆို ဒီလေပွေတွေပေါ် ရူးသွပ်မှုတစ်မျိုး ရှိတယ်။ သူ့အစွဲတစ်ခုအကြောင်း ကျနော့်ကို အခုလို ပြောပြဖူးတယ်။

            “မင်း နွေဘက်တွေမှာ တသောသော တိုက်တတ်တဲ့ လေပွေတွေကို မြင်လား။ အေး လေပွေတစ်ခုတည်းဆိုရင် ဒါက သိပ်မထူးဆန်းဘူး။ လေပွေတွေ သုံးလေးခု အများကြီး တွေ့ရရင် သတိထား။ ဒါ ဝိညာဉ်တွေ နေရာရွှေ့တာပဲ။ ဝိညာဉ်တွေ‌က ညဘက်မဟုတ်ဘဲ နေ့ဘက်မှာ နေရာရွှေ့ချင်ရင် အခုလို နွေရာသီကို ရွေးတတ်တယ်။ ရွှေ့ရင်လည်း ဘယ်တော့မှ မနက်ပိုင်းတွေ မရွှေ့ဘူး။ နေ့လယ်ဘက် လူတွေ အပြင်မထွက်တဲ့ အချိန်တွေ ရွေးပြီး ရွှေ့တတ်တယ်။ သေချာသာကြည့်လိုက်။ သေချာကြည့်ရင် လေပွေတွေထဲမှာ ဝိညာဉ်တွေကို မြင်ရတယ်။ မင်းကြည့်တတ်ဖို့တော့ လိုတာပေါ့။”

            အဲ့ဒီတုန်းက ကျနော်ရော အောင်သူမြင့်ရော ၃ တန်းတက်နေတဲ့အချိန်ပေါ့။ အောင်သူမြင့် ပြောတာ ၃ တန်းကျောင်းသားကျနော်တောင် မယုံတဲ့ကိစ္စပါ။ ဒါပေမယ့် အစွဲအလန်းဟာ ဆိုးပါတယ်။ အခုနေခါမှာ လေပွေတွေ လေးငါးခု တစ်ပြိုင်တည်း ပလူဝေ့နေပြီဆို ကျနော် စိတ်တွေ လေးလံလာသလိုပါပဲ။ တိုက်ခတ်ပြီး အဝေးကို ထွက်မသွားတဲ့ လေပွေမျိုးဆို ပိုဆိုးပေါ့။ အောင်သူမြင့်ပြောသလို ဝိညာဉ်တွေ လေပွေဖန်ဆင်းပြီး ကျနော့်ကို လာကြည့်သလို ခံစားရတယ်။ ပြောခဲ့တဲ့ အောင်သူမြင့်ကတော့ သေပြီပေါ့။ ဒီကောင် မဟုတ်မဟပ် ပြောတာပါပဲလို့ ကျနော်ထင်တယ်။ ဘယ်လိုပဲထင်ထင် ကျနော့်သူငယ်ချင်းဟာ သူစိတ်ကူးယဉ်တဲ့ကိစ္စတစ်ခုကို ကျနော့်ခေါင်းထဲ အစွဲအဖြစ် လွှဲထည့်ပေးနိုင်တယ်လို့ ဆိုရမယ်။ အခုလို လူတွေ အလွယ်တကူ သေဆုံးနိုင်ခြေမြင့်တဲ့ခေတ်မှာ ဝိညာဉ်တွေ လေပွေယောင်ဆောင်ပြီး နေရာရွှေ့တယ်ဆိုတဲ့ ကိစ္စက ဘယ်လိုတွေးတွေး ယုတ္တိနည်းနဲ့ ဝေးပါတယ်။ ဝိညာဉ်တွေက သိပ်များနေပြီး လေပွေတွေက သိပ်မရှိဘူးကိုး။

            ကျနော့်ရဲ့ လက်ရှိနွေရာသီဌာနက မြေပြန့်မဟုတ်တော့ လေပွေတွေကို မမြင်ရ။ လေပူလေပွေတွေဟာ ခြောက်သွေ့လွင်ပြင်တွေမှာသာ ပိုပြီး ပျော်မြူးတတ်တာလဲ ဖြစ်နိုင်တာပါပဲ။ ရွာထဲမှာထက်စာရင် ကျနော် မကြာမကြာ လမ်းလျှောက်ထွက်ဖြစ်တဲ့ မြစ်တစ်ဖက်ကမ်း တောင်ပတ်လမ်းမှာ နွေရာသီ ပိုပြီး ပီသတယ်။ ညနေ ၅ နာရီနဲ့ ၆ နာရီကျော်အတွင်းက ဒီနေရာရဲ့ အလှဆုံးနွေရာသီပဲ။ ကျနော်ကလည်း လမ်းလျှောက်ပြီဆို အနည်းဆုံး ၁ နာရီကျော်ကျော်တော့ ကြာတာပါပဲ။ စိတ်အေးလက်အေးနဲ့ မညောင်းမချင်း လျှောက်တာကိုး။ ရာသီဥတုကလည်း သာသလို ဒီနေရာရဲ့ လုံခြုံဘေးကင်းမှုပေါ်မှာ ကိုးစားလို့ ရတာတစ်ကြောင်းအပါအဝင်ပေါ့။ ကတ္တရာလမ်းလေးအတိုင်း နေရှိရာ ဦးတည်ပြီး ရွာတွေဖြတ် ၊ တောတွေ ဖြတ် ၊ ချောင်းတွေကျော် လျှောက်တော့တာပဲ။

ကျနော်လမ်းလျှောက်နေကျအချိန်မှာ နေလုံးဟာ တစ်နေ့လုံးမှာ အကြီးဆုံးနဲ့ အနီရဲဆုံးအချိန်ပေါ့။ မြစ်ကြောင်းထဲ ဝါးဖောင်ချပြီး ငါးမျှားတဲ့သူတွေကိုပါ နေရောင်နီနီအောက်မှာ အနီရောင်မြင်ကွင်းတစ်ခုလို မြင်ရတာ။ ရေထဲမှာ နေရဲ့ အရိပ်ဟာ ဆေးနီဖိတ်ထားတဲ့ ပန်းချီကားတစ်ချပ်လို ရဲပဒေါင်းခတ်နေတယ်။ မြစ်ဘေး စိမ်းနေတဲ့ မြက်ခင်းနဲ့ ဖွေးနေတဲ့ သဲသောင်ပြင်ပေါ်မှာ တစ်ခါတစ်ခါ ရေချိုးဆင်းလာသူတွေ တွေ့ရတယ်။ မြစ်အထက်ရောက်လေ ရေကြည်လေ။ ရာဘာတွေ စီးမိုးထားတဲ့ တောအရိပ်လည်း မြစ်ထဲမှာ လှမ်းမြင်နေရတယ်။ မြစ်နဲ့ ယှဉ်လျက်သား တြိဂံပုံ တောင်ချွန်းလေးတွေရဲ့ အထက်မှာ မြူတွေက ဆုတ်ဆုတ်ဆိုင်းဆိုင်း ဝဲနေတယ်။ လေခပ်ပြင်းပြင်း တိုက်လာချိန် တောင်ကုန်းတစ်နေရာက ကြည့်ရင် မြူတွေက ဖွဲ့စည်းပုံပျက်ပြီး ခပ်သာသာမှုတ်ထုတ်လိုက်တဲ့ စီးကရက်ငွေ့တွေလို ရွေ့သွားတယ်။ မြူတွေကြားထဲ တစ်ခါတစ်ခါ အမျိုးတူငှက်အုပ်ကြီး အသံစွာစွာနဲ့ ဘွားခနဲ ပေါ်လာတာလည်း ကြုံတယ်။ အခင်းထဲ လှန်ထားပြီး မသိမ်းသေးတဲ့ နွားတွေပဲ အေးဆေး။ မြက်လေးဝါးလိုက် ၊ နှာလေးမှုတ်လိုက်နဲ့။ တကယ်လည်း ဒီလို အေးဆေးဖြစ်သင့်တဲ့ အချိန်ပါပဲလေ။

            နွေဦးနေ့ရက်တွေဆိုတာ ဘယ်သူမဆို အနားယူသင့်တဲ့အချိန် ၊ အသစ်သစ်တွေ ထုတ်လုပ်ဖို့ အားမွေးသင့်တဲ့အချိန် ဖြစ်သင့်ပါတယ်။ တစ်နှစ်လုံး ပြီးခဲ့သမျှကို မြက်ဝါးသလို စားမြှုံ့ပြန်ပြီး အမှားအမှန်တွေ အရသာခံရမယ့်အချိန်မျိုးပေါ့။ ကျနော်ပြောခဲ့တဲ့ ဒီနွေဦးမှာ ကံထူးခဲ့တယ်ဆိုတာ ဒါပါပဲ။ ကျနော့်ကိုယ်ကျနော် သေချာထိတွေ့ဖို့ အချိန်ရခဲ့တာရယ် ၊ အတိတ်ကို အေးအေးလူလူ ပြန်တွေးခွင့်ရခဲ့ပြီး လက်ရှိကာလကို ငြိမ်ငြိမ်မွေ့မွေ့ ဖြတ်ကျော်နိုင်ခဲ့တာရယ် ၊ ဘယ်သူ့ကိုမှ မထိခိုက်ဘဲ ကျနော်နေထိုင်ရှင်သန်နိုင်ခဲ့တာရယ်ပေါ့။ အနည်းဆုံးတော့ ဒီနွေဦးမှာ ကျနော်ဟာ ဘာကောင်မှ ထူးပြီး ဖြစ်မလာပေမယ့် လူလိုသူလို လမ်းလျှောက်ခွင့်တော့ ရခဲ့တာပဲ မဟုတ်လား။

 

-       ငြိမ်းဝေမင်း