ကြည်ပြာရောင် နဂ္ဂတစ်များ ၊ မေ့ဉာဏ် နှင့် ကျနော်

ကြည်ပြာရောင် နဂ္ဂတစ်များ ၊ မေ့ဉာဏ် နှင့် ကျနော်

            ခင်ဗျားဘဝမှာ ဘယ်ရုပ်ရှင် ပထမဆုံး ကြည့်ဖူးတာလဲ။ ကျနော်ပြောတဲ့ ရုပ်ရှင်ကြည့်တယ်ဆိုတာ တကယ့်ရုပ်ရှင်ရုံထဲ ဝင်ကြည့်တာကို ပြောတာ။

            ကျနော့်ဘဝမှာ ရုပ်ရှင်ရုံထဲ ပထမဆုံးကြည့်ဖူးတဲ့ ရုပ်ရှင်ကားက လွင်မိုးနဲ့ ထွန်းအိန္ဒြာဗိုလ်တို့ သရုပ်ဆောင်ထားတဲ့ ကြည်ပြာရောင် နဂ္ဂတစ်များ ဆိုတဲ့ ရုပ်ရှင်ပါ။ ဒီရုပ်ရှင်ကားက ကျနော့်အတွက် အတော် အမှတ်ရစရာကောင်းပါတယ်။ ပထမဆုံး ရုပ်ရှင်ရုံမှာ ကြည့်ဖူးလို့ အမှတ်တရဖြစ်တာကလည်း တစ်ကြောင်းပေါ့။ တကယ်က အဲ့ဒီတုန်းက အဲ့ဒီရုပ်ရှင်အကြောင်း ပြောပြပါဆိုရင် “လဲသေလိုက်” ဆိုတာကလွဲပြီး ကျနော် ဘာမှ မပြောနိုင်ပါ။ “လဲသေလိုက်” ဆိုလို့ အခု စာဖတ်တဲ့ ခင်ဗျားကို ဆဲလိုက်တာ မဟုတ်ပါဘူး။ အဲ့ဒီရုပ်ရှင်ထဲက ဒိုင်ယာလော့ခ်တစ်ခုပါ။ “လဲသေလိုက်”လို့ ကြားတိုင်း ပရိသတ်က ထထရယ် , သူတို့ရယ်တိုင်းလည်း ကျနော် ဆတ်ခနဲ ဖြစ်ဖြစ်သွားလို့ကိုး။

            အဲ့တုန်းက ကျနော်က ကိုးတန်းကျောင်းသား။ ဘော်ဒါအုပ်အစီအစဉ်နဲ့ မြို့လေးရဲ့ တစ်ခုတည်းသော ရုပ်ရှင်ရုံကို တစ်တန်းလုံး သွားကြည့်ရတာ။ သွားကြည့်တဲ့အချိန်က အကောင်း။ ရုံထဲရောက်ပြီး ၅ မိနစ်လောက် နေတော့ ကျနော် အိပ်ပျော်သွားတယ်။ ဒီလိုပြောလို့ ဇာတ်လမ်းမကောင်းလို့ အိပ်သွားတာလို့ မထင်လိုက်ပါနဲ့။ ကျနော့်ဘာသာ ညစာအဆီယစ်ပြီး ဘေးက သူငယ်ချင်းပေါ် မှီအိပ်ပျော်သွားတာ။ ဘယ်လောက်တောင် အိပ်လို့ ကောင်းသလဲဆို ဘယ်အချိန်က ရဲဝင်းနဲ့ ကြည်ပြာတို့ ကြိုက်ပြီး ဘယ်လို ကွဲသွားသလဲကို မသိတာ။ ရုပ်ရှင်ပြတဲ့ ဆရာနဲ့ ရုပ်ရှင်ထဲက ဇာတ်ဆောင်တွေတောင် အားနာဖို့ကောင်းသေး။ အပြန်ကျ ဘော်ဒါက သူငယ်ချင်းတွေအကုန် ကျနော့် ဝိုင်းဟားတာပေါ့။ ဆရာလည်း ကျနော့်ကို ရုပ်ရှင်ပြတာ နောင်တရသွားသလားတောင် မသိဘူး။ “မင်းကွာ သူများတွေ ဒီလောက် ဟီးဟီးဟားဟား ဖြစ်တာ။ မင်းက ရုံထဲလာပြီး ပိုးလိုးပက်လက်ကြီးကို အိပ်နေပါလားဟ”တဲ့။ စိတ်တောင် မကောင်းဘူး။

            အဲ့နောက်ပိုင်း နှစ်အတော်ကြာအောင် ရုပ်ရှင်ရုံနဲ့ကျနော် အဆက်ပြတ်သွားတယ်။ ကျနော့်ခေါင်းထဲမှာ ကြည်ပြာလည်း မရှိ ၊ ရဲဝင်းလည်း မရှိတော့။ တစ်ရက်တော့ ကျနော် Facebook ပေါ်က ဗွီဒီယိုအပိုင်းအစတစ်ခုကို ကြည့်မိတယ်။ ဗွီဒီယိုက အခုစာရဲ့အစမှာ ကျနော်ပြောခဲ့တဲ့ “ကြည်ပြာရောင် နဂ္ဂတစ်များ” ဆိုတဲ့ ဗွီဒီယို။ ဘတ်စ်ကားပေါ်မှာ ရဲဝင်းနဲ့ ကြည်ပြာ ပြန်ဆုံတဲ့အခန်း။ ဒီအခန်းအရောက်မှာ ကျနော် ဉာဏ်အလင်းပွင့်သွားသလို ဖြစ်သွားတယ်။ ရုပ်ရှင်ရုံထဲမှာ အိပ်ပျော်သွားလို့ မကြည့်ဖြစ်တဲ့ ဇာတ်ကားကို ကျနော် အစအဆုံး ပြန်ကြည့်ဖြစ်ပါတယ်။ ကြည့်ရင်းနဲ့ ရုပ်ရှင်နဲ့အတူ ရယ်မောရင်ခုန်ရင်း ကျနော်စိတ်တွေ ပြန်လတ်ဆတ်လာပါတယ်။

      ရဲဝင်းရဲ့ တလွဲတချော်ဖြစ်မှုနဲ့ မကြည်ပြာရဲ့ သွက်လက်ထက်မြက်မှု ၊ ဇာတ်ကားထဲက ဇာတ်ကောင်တစ်ဦးချင်းစီရဲ့ အံဝင်ခွင်ကျ သရုပ်ဆောင်မှုစွမ်းရည်နဲ့ ဇာတ်လမ်းရှင်ရဲ့ လှပတဲ့ဖန်တီးမှုတွေကို ကျနော် နှစ်ခြိုက်ကြည်နူးမိလာတယ်။ ကြည်ပြာဇာတ်ကောင်လုပ်တဲ့ ထွန်းအိန္ဒြာဗိုလ်ရဲ့ သရုပ်ဆောင်ချက်က အသက်ပါလှချည်လားရယ်လို့လည်း အခါခါ တွေးမိတယ်။ ကြည်ပြာတို့သူငယ်ချင်းတစ်စု ဈေးကို အထည်သွားကြည့်ဖို့ မှတ်တိုင်နားမှာ စကားပြောတဲ့အခန်း ၊ ပန်းခြံထဲ ရေခဲမုန့်ဝယ်တဲ့အခန်း ၊ ကားပေါ်အတက် ရဲဝင်းဆေးလိပ်မီးကြောင့် ကြည်ပြာ ထမီပေါက်သွားတဲ့အခန်း ၊ အူအတက်ပေါက်တဲ့ ကြည်ပြာကို ရဲဝင်း ဆေးရုံသွားမေးတဲ့အခန်း ...ပြောရင် အကုန်လုံးပါပဲ။ ရိုးရိုးသားသား ပြောရရင် ရီရတယ်။ ကြိုက်တယ်ပေါ့။

            တကယ်အကြိုက်ဆုံးအခန်းက ဘယ်အခန်းလဲလို့ ပြောရင် ဘတ်စ်ကားပေါ် ပြန်ဆုံတဲ့အခန်းလို့ ပြောမိမယ် ထင်တယ်။ “မွန်းတည့်ချိန်တွင် နေဝင်သည်”ထဲက ချိုပြုံးရဲ့ အက်တင်လို အခုရုပ်ရှင်ထဲက နှစ်ယောက်သား ဘတ်စ်ကားပေါ် ပြန်ဆုံချိန်မှာ မကြည်ပြာလုပ်တဲ့ ထွန်းအိန္ဒြာဗိုလ်ရဲ့ သွက်လက်ချက်ချာပြီး သရုပ်ပါလှတဲ့ သရုပ်ဆောင်ချက်ကို စိတ်ထဲ စွဲနေတာကိုး။ အဲ့ဒါကြောင့်ပဲ အဲ့ဒီအခန်းကို ကျနော် အကြိုက်ဆုံးလို့ ပြောခဲ့တာပါ။ အကြိုက်ဆုံးအခန်းလို့ ထင်ခဲ့တာပေါ့လေ။

တစ်နေ့က “ကြည်ပြာရောင် နဂ္ဂတစ်များ”ကို ပြန်ကြည့်တော့မှ ကျနော် ဒီအခန်းကို ကြိုက်ရတာ ထွန်းအိန္ဒြာဗိုလ်ရဲ့ သရုပ်ဆောင်ချက်တစ်ခုတည်းကြောင့် မဟုတ်မှန်း ပြန်သိရတယ်။ တကယ်တမ်း ကျနော့် မသိစိတ်မှာ ကြိုက်မိတဲ့အပိုင်းက သရုပ်ဆောင်ချက်အပြင် လူ့စရိုက်မြှုပ်ကွက်တစ်ခုကြောင့်ပါ။ ဘတ်စ်ကားပေါ် ကြည်ပြာနဲ့ ရဲဝင်း ပြန်ဆုံချိန် မကြည်ပြာရဲ့ ပုံစံကို ကြည့်ပါ။ လုံးဝအေးဆေး။ သူငယ်ချင်းတစ်ယောက်ကို ပြန်ဆုံတာထက် မပို။ ရဲဝင်းနဲ့ ဘတ်စ်ကားစပယ်ယာတို့ကသာ မကြည်ပြာအပေါ် အရင်သုံးနှစ်ကလို မြင်နေဆဲ။ ပြောရရင် မကြည်ပြာက မေ့နိုင်ပြီကိုး။ ဘတ်စ်ကားအိတ်ဇောက ထုတ်လိုက်တဲ့ မီးခိုးတန်းလို အရင်က ပတ်သက်မှုတွေကို ချန်လွှတ်ပြီး လိုရာခရီးကို သွားနိုင်ပြီလေ။ 

ရဲဝင်းမျက်နှာပေါ်က အနေရခက်မှု ၊ စပယ်ယာအရိုင်းတို့ရဲ့ အံအားသင့်မှု အခိုက်အတန့်တွေကို ကြည့်မိတဲ့အခါ မှတ်ဉာဏ်များနဲ့ တိုးတိုက်မိခြင်းဆိုသည့် စကားကို သွားသတိရမိတယ်။ အရှိန်ပြင်းပြင်း ပြေးလာတဲ့ကားတစ်စီး ဘရိတ်အုပ်လိုက်သည့်အခါ ကားပေါ်ပါ ခရီးသည်အားလုံး ရှေ့ကို ဟပ်ထိုးလဲသွားတဲ့ အီနားရှားဖြစ်စဉ်လိုမျိုး အရှိတရားနဲ့ ခေါင်းထဲကမှတ်ဉာဏ်တို့ ဖီလာဖြစ်မှုကို ကြုံရသည့်အခါ မှတ်ဉာဏ်များနဲ့ တိုးမိတိုက်မိတဲ့ကိစ္စတွေ ကြုံရနိုင်ပါတယ်။ ကျနော်တို့တွေ တချိန်မဟုတ်တစ်ချိန် ဆိုသလို ကြုံတွေ့ရနိုင်တဲ့ ကိစ္စမျိုးလည်း ဖြစ်ပါတယ်။ ရဲဝင်းရော ကားစပယ်ယာပါ အဲ့ဒီအဖြစ်မျိုးနဲ့ ကြုံကြိုက်လိုက်ခြင်းလို့ ပြောချင်ပါတယ်။ အဲ့ဒီအချိန် အရယ်အမောမပြတ်နေနိုင်သူမှာ တစ်ယောက်တည်းသာ ရှိပါတယ်။ အဲ့ဒါလည်း မကြည်ပြာပဲ ဖြစ်ပါတယ်။

            ကျနော်တို့ ဘဝတွင် ရံဖန်ရံခါဆိုသလို ကိုယ့်ခေါင်းထဲမှာ ထည့်ထားတဲ့ မှတ်ဉာဏ်နဲ့ လက်တွေ့ဘဝရဲ့ အဆီအငေါ် မတည့်မှုတို့ တိုးမိတိုက်မိတဲ့အဖြစ် ကြုံတွေ့နိုင်ပါတယ်။ နေ့စဉ်ကိစ္စမဟုတ်လို့သာ ကျနော်တို့ မအံ့ဩဖြစ်ခဲ့။ ကြုံကြိုက်ခဲ့ရင်ဖြင့် ကျနော်တို့ဟာ အံ့အားသင့်မှုနဲ့အတူ ကိုယ့်ဟာကိုယ် ပြန်မေးခွန်းထုတ်မိတတ်ပါတယ်။ တကယ်တော့ လူတချို့မှာ မှတ်ဉာဏ် ပိုတောက်ပတတ်ပြီး တချို့တွင် မေ့ဉာဏ် ပိုအားကောင်းနိုင်ပါတယ်။ တစ်ခါတစ်ခါ မေ့ဉာဏ်ကောင်းခြင်းကတောင် လူ့အဖြစ်ရဲ့ မရေရာမှု ၊ သင်္ခါရအလှည့်အပြောင်း နဲ့ နာကြည်းဖိစီးချက်တို့ကို ကျော်လွှားရာမှာ ပိုအသုံးတည့်သလို ထင်ရပါတယ်။ အခုအဆိုကို အမှန်ဟု မယူလို့လည်း ရပါတယ်။

           သို့ပေငြား တချို့ မှတ်ဉာဏ်များကဖြင့် လက်တွေ့ဘဝကို ရင်ဆိုင်ရာမှာ အတော် အခက်တွေ့ရပါတယ်။ စိတ်ဒဏ်ရာဖြစ်စရာ အတိတ်ကိုသာ အမှတ်စွဲနေခြင်း ၊ ဆိုးရွားလှတဲ့ ဖြစ်ရပ်တွေမှာပဲ တရစ်ဝဲဝဲ ရုန်းမထွက်နိုင်ဖြစ်နေခြင်း ၊ ကိုယ့်ကြောင့်ဖြစ်စေ တစ်ပါးသူကြောင့်ဖြစ်စေ မကျေနိုင်တဲ့ အငြှိုးကို ရင်ထဲမွေးမြူထားရှိခြင်း ၊ ကြီးကြီးငယ်ငယ် ကိစ္စတစ်ခုခုကြောင့် စိတ်နာရခြင်း စတဲ့စတဲ့ မကောင်းတဲ့ဘက်မှာ မှတ်မှတ်သားသား စိတ်စွဲနေခြင်းမျိုးကို ဆိုလိုပါတယ်။ ပြီးခဲ့တာတွေ ပြီးစေတော့ရယ်လို့ မထားနိုင်ခဲ့တဲ့အခါ အဲ့ဒီစိတ်ဒဏ်ရာဝန်ထုပ်ကို ကိုယ်ပဲ ထမ်းထားရစမြဲ။ အိပ်နေရင်းဖြစ်စေ ၊ စကားပြောရင်းဖြစ်စေ ၊ လှုပ်ရှားသွားလာရင်းဖြစ်စေ ချထားလို့မရတဲ့ စိတ်အနာမှတ်ဉာဏ်မျိုး ဖြစ်ပါတယ်။ ဒီလို မှတ်ဉာဏ်ဆိုးမျိုးထက် စာရင် မေ့ဉာဏ်ရှိတာ ခပ်ကောင်းကောင်းလို့ ဆိုချင်ပါတယ်။

            ဒီလို ပြောလို့ မေ့လျော့တာ ကောင်းတယ်လို့ အပြတ်ပြောချင်တာမျိုး မဟုတ်ပါ။ မေ့လျော့တာ ကောင်းတယ်လို့ ဘယ်ဘုရားဟောမှလည်း မပါ။ ကျနော်လည်း မယူဆပါ။ အဖြစ်ဆိုးတွေကို မေ့ဖျောက်ပစ်တာကလည်း အဖြေမဟုတ်နိုင်ပါ။ ကောင်းတဲ့သတိနဲ့ ယှဉ်ပြီး အမှတ်ရလျက် သိလျက်နေက အကောင်းဆုံး ဖြစ်ပါတယ်။ သို့ပေငြားလည်း သာမန်သူလိုကိုယ်လို လူအဖို့ ဘယ်လိုလုပ် အမြဲတမ်း ဓမ္မနဲ့ယှဉ် မှတ်မိနိုင်ပါ့မလဲ။ လူသားဆန်စွာ နာကြည်းအမှတ်ရမှုတွေ ၊ မေ့လျော့သွားမှုတွေက ရှိနေဦးမှာသာ။ ကျနော်တို့ ဉာဏ်အရှိဆုံး လုပ်နိုင်တဲ့အပိုင်းက ဘယ်ကိစ္စကို မေ့ခန်းထဲ ထားပြီး ဘယ်ဖြစ်ရပ်ကို မှတ်ဉာဏ်မှာ သိမ်းထားလို့ အကောင်းဆုံး နဲ့ တရားအမျှတဆုံး ဘယ်လိုဘယ်ပုံ ပြန်အသုံးချနိုင်မလဲ ရွေးချယ်ဖို့သာ ဖြစ်မယ်လို့ ထင်ပါတယ်။

            ရုပ်ရှင်တစ်ကားကြည့်ပြီး ကျနော် လေရှည်နေတယ်လို့ ထင်ရင်လည်း ခွင့်လွှတ်စေချင်ပါတယ်။ ကျနော့် မှတ်ဉာဏ်ထဲ ပေါ်လာတဲ့အဖြစ်လေး ပြန်ပြောပြမိတာ ဖြစ်ပြီး ခင်ဗျား မေ့ပစ်ချင်လည်း မေ့ပစ်လို့ ရပါတယ်။ မေ့ဖြစ်သွားရင်လည်း ခွင့်လွှတ်လို့ ရကောင်းရနိုင်ပါတယ်။

 

-       ငြိမ်းဝေမင်း