နေရီမညှိုးခင်လဗျာ ရွှေပြည်စိုးတွေကအော်

“မင်းတို့ ခြံထဲကွာ။ မြွေနှစ်ကောင်
မိတ်လိုက်လာတာ တွေ့မယ်ဆိုပါတော့။ မင်းမှာ လုပ်စရာလည်း အထွေအထူး မရှိဘူး။ ရှိလည်း
မြွေမိတ်လိုက်တာကို ကြည့်ရတာလောက် အရေးမကြီးဘူးလို့ပဲ တွေးရင်လည်း တွေးမှာပေါ့။”
“မိတ်လိုက်နေတဲ့
မြွေက မင်းအိမ်သားတွေကို ဝင်အန္တရာယ်ပြုမှာစိုးလို့ ဖြစ်ဖြစ် ၊ မြွေမိတ်လိုက်တာ
မြင်ရခဲတယ်ဟ ဆိုပြီး စူးစမ်းချင်လို့ ဖြစ်ဖြစ် ၊ မြွေမိတ်လိုက်တာ မြင်ရင်
ကံကောင်းတယ်တို့ , လာဘ်ရွှင်တယ်လို့ ယုံလို့ပဲ ဖြစ်ဖြစ်ပေါ့။ ဒါမှမဟုတ်လည်းကွာ။
အထူးအဆန်းအနေနဲ့ လိုင်းပေါ် တင်ဖို့ ဗွီဒီယိုရိုက်ချင်လို့ ဖြစ်ဖြစ်ပေါ့ကွာ။
တစ်နည်းနည်းနဲ့ မြွေမိတ်လိုက်တဲ့အနားက မခွာနိုင်သလိုမျိုးပေါ့။”
“အင်း
မြွေက မိတ်လိုက်တာ မဟုတ်ဘဲ။ အချင်းချင်း ရန်ဖြစ်နေတာရော မဖြစ်နိုင်ဘူးလား”
“ဘယ်လို
ဖြစ်ဖြစ်ကွာ။ ငါပြောသလိုသာ လက်ခံလိုက်စမ်းပါ။ မြွေနှစ်ကောင် မိတ်လိုက်နေတယ်လို့
မင်း မျက်လုံးထဲ မြင်ကြည့် ဟုတ်ပြီလား။”
“ထားပါ။
အဲ့ဒီတော့”
“ငါပြောချင်တာကကွာ။
ငါ့အမေအကြောင်း”
“ခင်ဗျား
ပြောတော့ မြွေမိတ်လိုက်တာဆို”
“မိတ်လိုက်တဲ့
မြွေကိစ္စ ထားလိုက်တော့။ အခုပြောမှာပဲ နားထောင်ကြည့်။”
“အင်း”
“ငါ့အမေကို
ကြည့်နေတာ ။ အစကတော့ အမှတ်တမဲ့ပါပဲ။ တစ်နေ့ကတော့ သူ ဖုန်းကြည့်နေပုံကို တစ်ချက်အကဲခတ်မိပြီးမှ
သတိထားမိတာ။ အမေကကွာ။ တစ်ရက်တစ်ရက် သူ့အိမ်မှုကိစ္စတွေ လုပ်လို့ ပြီးရင် ဖုန်းလေး
ယူပြီး အိမ်ရှေ့က ထိုင်ခုံမှာ ထိုင်တော့တာပဲ။ ပြီးရင် ဘာလုပ်လဲ သိလား။ သူ့ဖုန်းထဲ
ထည့်ထားတဲ့ ဟိုးရှေးခေတ်တုန်းက ဟာသဗီဒီယိုတွေ ထိုင်ကြည့်နေတော့တာပဲ။ ငါတို့
လူမဖြစ်ခင်က ထွက်ခဲ့တဲ့ အငြိမ့်တွေ နဲ့ ဟာသဗီဒီယိုတွေပေါ့ကွာ။ ဖန်တရာတေနေတဲ့
ဟာသတွေပါပဲ။ ကြာတော့ ပြက်လုံးတွေက ရီချင်စရာတောင် မရှိဘူး။ ငါ့အမေလည်း မရီပါဘူး။
မရီပေမယ့် တစ်နေ့တစ်နေ့ လုပ်စရာတွေ ပြီးသွားရင် သူ့ဖုန်းလေးထုတ် အငြိမ့်ဟောင်းတွေ
ပြန်ကြည့်တာပဲ။ တစ်ရက်လည်း မဟုတ် ၊ နှစ်ရက်လည်း မဟုတ်။ ဒီဟာသဟောင်းတွေပဲ သူ့မှာ ဝတ္တရားမပြတ်
ကြည့်နေတာ။”
“တစ်နေ့တော့
ငါလည်း မနေနိုင်တော့ဘူး။ အမေ့ကို မေးရတာပေါ့။ အမေကြည့်နေတဲ့ ဟာသတွေက ထပ်နေပြီ။
မရီရတော့ဘူး။ ကျနော် ဟာသအသစ်တွေ ဒေါင်းပေးရမလား ပေါ့။ အမေက နေပါစေ သားရယ်တဲ့။ ဒါလေးတွေ
ကြည့်ရတာ စိတ်ချမ်းသာလို့ပါတဲ့။ ဘာတွေများ စိတ်ချမ်းသာစရာရှိလဲ မသိပါဘူးကွာ။
ငါတောင် အမေ ဖုန်းဖွင့်နားထောင်နေပြီဆိုတာနဲ့ လူရွှင်တော်တွေ ဘယ်ပြက်လုံးပြီး
ဘယ်ပြက်လုံး ထုတ်တော့မယ် အလွတ်ရနေပြီ။ ပြဇာတ်တို့ အငြိမ့်တို့ဆိုလည်း ပြောတဲ့
ဒိုင်ယာလော့ခ်တွေပါ တစ်လုံးမကျန် သိနေပြီဟာ။ ငြီးငွေ့စရာကြီးကွ သိလား။ အမေ့မို့
မငြီးမငွေ့ကွာ။ ဒါနဲ့ အမေရာ ဘာများ စိတ်ချမ်းသာစရာရှိလဲလို့ ဖွင့်မေးရတယ်။”
“အမေက
ပြုံးတယ်ကွ။ ဒီရက်ပိုင်း ရှားရှားပါးပါး အမေပြုံးတာပဲ။ အမေတို့ ငယ်ငယ်တုန်းကပေါ့။
သိပ်ငယ်ပါသေးတယ်။ အဲ့တုန်းက ရွာမှာ နှစ်တိုင်း ပွဲခင်းကြတယ်။ အမေတို့ ရွာတင်
မဟုတ်ဘူး။ အနီးအနားက ရွာတွေလည်း သူ့အခါနဲ့သူ ပွဲခင်းတတ်တာပါပဲ။ ပွဲခင်းရင်လည်း
သီးနှံသိမ်းပြီးတဲ့ ပြာသို ၊ တပိုတွဲလို ဆောင်းတွင်းတွေ များတယ်။ အားလုံးငွေရွှင်နေတဲ့အချိန်
၊ အဲ့အချိန်ကတော့ လုပ်စားလို့လည်း ကောင်းတာကိုး။ နောက်ပြီး အမေတို့မိဘတွေကလည်း
ပွဲကြိုက်တတ်တော့ အမေက နှစ်တိုင်းဆိုသလို ရွာနီးချုပ်စပ်က ဟိုရွာဒီရွာမှာ ပွဲတွေ
ကြည့်ဖြစ်တယ်။ ပွဲကြည့်လွန်းလို့ အမေဆို ပွဲရည်ဝနေပြီး ဇာတ်အထာတွေတောင် သိနေပြီ။
အဲ့လို ပွဲလည်ကြည့်ရင်းနဲ့ မင်းအဖေနဲ့ စတွေ့တာပါပဲ။ အမေတို့ရွာတွေက ပွဲဆို
ဗလာပွဲကိုး။ ဒီအတိုင်း ဖျာခင်းကြည့်ရတာ။ ဖျာပေါ်ကြည့်တဲ့ ပရိသတ်က အမျိုးသမီးနဲ့
ကလေးတွေ ၊ သက်ကြီးပိုင်းတွေ။ ကာလသားတွေကတော့ ပွဲခင်းဘေးကနေ ဟေးဝါးနဲ့
အားပေးကြတာပေါ့။ သားအဖေက အဲ့လို ကာလသားတွေထဲက တစ်ယောက်ပေါ့။ အစကတော့ အမေလည်း
ပြဇာတ်ထဲ အာရုံရောက်နေလို့ မင်းအဖေ အမေ့ကို ကြည့်နေတာ မသိဘူးပေါ့ သားရယ်။ နောက်
ကိုယ့်ကို သူကြည့်နေတာ သိတော့ အမေ့မှာ ပွဲတောင် စိတ်ဖြောင့်ဖြောင့်
မကြည့်နိုင်တော့ဘူး။ မင်းအဖေကလည်း ပွဲမကြည့်ဘဲ အမေ့ပဲ ကြည့်နေတာကိုး။ အမေလည်း
အဘတို့ အမေတို့ မသိအောင် တစ်ချက်ချက် ခိုးကြည့်မိတယ်။ မင်းအဖေက လူချောပဲ။
နှုတ်ခမ်းမွေးရေးရေး အရပ် ထောင်ထောင်မောင်းမောင်းနဲ့ပေါ့။ အမေတို့ ဖူးစာက ဇာတ်ပွဲမှာ
လာဆုံတာကိုး။ အမေဖြင့် အဲ့ဒီညက ဘာဇာတ်က လို့ ကသွားမှန်းတောင် မမှတ်မိပါဘူးကွယ်တဲ့။”
“အဲ့ဒါနဲ့ အငြိမ့်ကားတွေ
ကြည့်တာ ဘာဆိုင်လဲ အမေရ ဆိုတော့ အမေက ပြုံးတယ်။ မင်းအဖေနဲ့ အမေရတော့ ခေတ်ကြီးက မကောင်းတော့ဘူးလေ။
အရေးအခင်းကြီး မတိုင်ခင်လေး။ တစ်နိုင်ငံလုံး ကျပ်တည်းနေတဲ့အချိန်ပေါ့။ ပိုဆိုးတာက အဲ့နှစ်တွေ
မိုးလေခေါင်ချက်က လူစာ မပြောနဲ့ နွားစာတောင် မရတဲ့နှစ်။ နွားတွေကို ထန်းသီးတွေ ခုတ်ကျွေး
၊ ဘောစကိုင်း ချိုးကျွေးနဲ့ အသက်ဆက်ရတာ။ တချို့နွားတွေဆို ဘောစကိုင်းတောင် နပ်မှန်အောင်
မစားနိုင်ရလို့ နွားကနေ အမဲသားဖြစ်ကုန်တာပဲ။ ဆန်ရှားဆီရှား ခေတ်ကြီးပေါ့။ နောက်မကြာပါဘူး။
အရေးအခင်းကြီး ထဖြစ်တာပဲ။ အဲ့ဒီနှစ်တွေမှာ အမေတို့ရွာရော အနီးအနားရွာတွေပါ ပွဲရယ်လို့
မရှိတော့ဘူး။ ခေတ်ပျက်ခေတ်ကျပ်ကြီးထဲ ပွဲပါငတ်တော့ အမေ့မှာ မနေတတ်မထိုင်တတ် ဖြစ်တာပေါ့။
ပွဲတော်ခွင် ဆောင်းရာသီမျိုး ရောက်ရင် ပိုဆိုး။ အဲ့လို အချိန်တွေ အမေငိုင်နေတာ တွေ့တော့
မင်းအဖေက စိတ်မကောင်းဘူး ထင်ပါတယ်။ အမေ့ကို အောင်ဘညိုကြီးတို့ ၊ စိန်အောင်မင်းတို့
နှစ်ပါးသွားတွေ ဆိုပြ ၊ မြို့တော်မောင်ယဉ်အောင်တို့ သိန်းအောင်ကြီး ၊ ဇော်ဝင်းမောင်
၊ ချမ်းသာတို့ ပြဇာတ်တွေ ခင်းပြတော့တာပဲ။ ပြက်လုံးတွေဆိုလည်း သူ့မှာ အများကြီး။ နှစ်ပါးသွား
မြိုင်ထဆိုပြီဆိုလည်း အမေ့နာမည်တပ်တပ်ပြီး နှမရယ် မယ်သန်းကြည်လေးရယ် ဆိုပြီး အာလုတ်သံကြီးနဲ့
ခေါ်သေး။ အမေ့မှာ ရီလိုက်ရတာ။ ခေတ်ကြီးပျက်နေတာတောင် မေ့သွားတယ်။ သူ့မို့ ကြံကြံဖန်ဖန်
ပျော်တတ်ပလေ။ ”
“ဟုတ်တော့ ဟုတ်တယ်ကွ။
ငါ့အဖေက ပျော်ပျော်နေတတ်တယ်။ ဒါပေမယ့် အဲ့ဒါနဲ့ အမေအငြိမ့်ကား ကြည့်တာ ဘာဆိုင်သလဲကွာ။
အမေကလည်း ငါမေးတာ မဖြေဘဲ သူပြောချင်တာပဲ ပြောတော့တာ။ ပြောတာကလည်း သူတို့ ရခါစ ခေတ်ပျက်တုန်းက
အမှတ်တရတွေပေါ့ကွာ။ အမှတ်တရဆိုလို့ စိတ်ချမ်းသာစရာလို့လည်း ငါတော့ မကြားမိပါဘူးကွာ။
ဆန်ရှားဆီရှား နဲ့ ဟိုကြောက်ရဒီကြောက်ရနဲ့ ဝမ်းတထွာ ရှာစားခဲ့တာတွေပါပဲ။ တစ်ခုတော့
သတိထားမိတယ်။ ဟာသအငြိမ့်တွေ ကြည့်တုန်းက တစ်ချက်မရီတဲ့ ငါ့အမေက အဖေ့အကြောင်းများ ပြောတော့
တလျှောက်လုံး ပြုံးနေလိုက်တာ။ ငါလည်း ဆက်မမေးတော့ပါဘူး။ အမေ ပြောချင်တာ ပြောကွာဆိုပြီး
နားပဲ ထောင်လိုက်တယ်။ အဲ့မှ အမေနဲ့ငါ သေချာစကားမပြောဖြစ်တာ ကြာပါပကော လို့ တွေးမိတယ်။
ငါလည်း ငါ့ဟာငါ အလုပ်လေးလုပ်လိုက် ၊ ဖုန်းလေးပွတ်လိုက် ၊ အချိန်တန် ထမင်းစားပွဲထိုင်
စားလိုက်နဲ့ ညဘက် ဂိမ်းလေးဆော့ အိပ်တာ။ အမေလည်း သူ့ကိစ္စဝိစ္စတွေလုပ်ပြီးရင် ဖုန်းလေးကိုင်
အိမ်ရှေ့ထိုင်ပြီး ဟာသကြည့်တော့တာပဲ။ ကိစ္စကြီးငယ်မှ အထွေအထူးမရှိရင် သားအမိချင်းလည်း
စကားမပြောဖြစ်တော့ဘူး။ အမေဆို အတော်သိသာတယ်။ ဘယ်သူနဲ့မှကို စကားဟက်ဟက်ပက်ပက် မပြောတော့တာ။
အဲ့ဒါ ပြီးခဲ့တဲ့ ကပ်ဘေးထဲ အဖေပါသွားကတည်းကပဲ။”
“အဖေဆုံးသွားလို့
အမေစိတ်ထိခိုက်နေသလားလို့ ငါတွေးမိတယ်။ အဖေဆုံးတုန်းက ကပ်ရောဂါနဲ့ ဆိုတော့ အဖေ့အလောင်းတောင်
ငါတို့ မမြင်လိုက်ပါဘူးကွာ။ အဲ့ဒါကြောင့်လား မသိဘူး။ တစ်ခါတစ်ခါ အဖေ ခရီးထွက်သွားနေတယ်လို့ပဲ
ငါဖြင့် ထင်နေတာ။ တစ်ယောက်ယောက်က မင်းအဖေရောလို့ မေးမှပဲ အော်.. အဖေသေသွားပြီလို့ ခေါင်းထဲ
ရောက်လာတာပေါ့။ အမေ့စိတ်ထဲတော့ ဘယ်လိုနေလဲ မသိဘူးပေါ့။ သိအောင်လည်း မမေးဖြစ်ပါဘူး။
အမေကလည်း ငါမေးတိုင်း ဖြေချင်မှ ဖြေတာကိုး။ အခုတော့လည်း ငါမမေးတာတွေဘဲ ဖြေနေတယ်ကွာ။
ထူးတော့ထူးဆန်းတယ်ကွ။”
“ငါ မင်းကို အစောက
ပြောခဲ့သလိုပေါ့ကွာ။ မင်းအိမ်ရှေ့မှာ မြွေနှစ်ကောင် မိတ်လိုက်တယ်ဆိုပါစို့။ မင်း ရပ်ကြည့်နေမလား
၊ ထထွက်သွားမလား ဒါမှမဟုတ် ထူးဆန်းတယ်လို့များ ထင်နေမလား။ ငါလည်း ဘာပြောရမလဲ မသိတော့ပါဘူးကွာ။”
-
ငြိမ်းဝေမင်း