စက်ဝိုင်းထဲက ရထား
(၁)
ငယ်စဉ်နှစ်များတွင် တောင်ယာအလုပ်တွေမှာ ကျွန်တော် ကျင်လည်ခဲ့ဖူးသည်။ ဘဝတစ်လျှောက်လုံး လယ်ထဲယာထဲမှာပဲ တောင်ယာခုတ်နေရင်း သီချင်းဆိုနေရမည်ဟုသာ ရိုးစင်းစွာ ထင်မှတ်ခဲ့ဖူး၏။ နောက်တစ်ကြောင်းမှာလည်း တောထဲတောင်ယာဘဝကို မွေ့လျော်စရာဟု ထိုစဉ်က နစ်ဝင်ခံစားခဲ့ခြင်း ဖြစ်သည်။ တစ်နေကုန် တောင်ယာတစ်ခွင်မှာ ပင်ပင်ပန်းပန်း ထွန်ကြယက်ကြရင်း ညနေခင်းအိမ်ပြန်ချိန်တွေမှာ ကျွန်တော်က လှည်းမောင်း ၊ အဖေက ရှေးဟောင်းနှောင်းဖြစ်ပြောနှင့်။
ဘဝတွင် ထိုအချိန်ကလေးများသည် ယခုနေခါတွင် အမှတ်တရအဖြစ်ဆုံး ကာလများသာ ဖြစ်ပါသည်။ အလုပ်သိမ်းချိန် နေဝင်ရီတရောများတွင် နိမ့်နိမ့်ကလေး လွင့်နေတတ်သည့် တိမ်ညိုတိမ်မောင်းများကို ကျွန်တော် အမှတ်တရရှိနေမိဆဲ။ ထိုအချိန်က ကောင်းကင်၏ ရာသီခွင်အလိုက် ပြောင်းသွားတတ်သည့် အရောင်နှင့် ရနံ့တို့ကို ယနေ့ထိ စိတ်နှင့် ထိတွေ့နိုင်ဆဲ။ နွားညိုကြီး၏နှာမှုတ်သံနှင့်အတူ ရေလှောင်တမံပေါ် ဖြတ်ပျံသွားကြသည့် ဗျိုင်းအောက်တို့၏အသံများကို ယခုလို မြို့ပြအိပ်တန်းပြန်ချိန်များမှာ ကျွန်တော် လွမ်းတတ်နေဆဲ။
(၂)
လက်ရှိ ကျွန်တော်နေသည့် တိုက်ခန်း၏ အနောက်ဘက် တစ်လမ်းခြားတွင် မြို့ပတ်ရထားလမ်းတစ်ခု ရှိပါသည်။ ဟောင်းနွမ်းနေသည့် ဂုံးကျော်တံတားကြီး၏ တောင်ဘက် ခပ်လှမ်းလှမ်းမှာတော့ ကမာရွတ်ဘူတာရှိ၏။ စနေ ၊ တနင်္ဂနွေ ညနေခင်းများတွင် ကျွန်တော် နေ့စဉ် ရထားစီးဖြစ်ပါသည်။ မလွှကုန်းဘူတာဘက်တွင် နေထိုင်ကာ ပညာဒါန ဖြန့်ဝေနေသော ဆရာတစ်ယောက်ထံ ပညာသင်ရန် သွားရောက်ခြင်း ဖြစ်ပါသည်။
ကျွန်တော်က ရထားများကို ချစ်သူဖြစ်ပါသည်။ ရထားများကို ချစ်သည်ထက် ရထားမြင်လျင် ရင်ခုန်စိတ်လှုပ်ရှားသည်ဟု ပြောပါက ပိုပြီး မှန်ပါလိမ့်မည်။ ရထားတစ်စင်းကို စပြီး မျက်မြင်ပက်ပင်းကြုံခဲ့ရသည့်အချိန်က ကျွန်တော်သည် အသက် ၇ နှစ်သားခန့်သာ ရှိပေဦးမည်။
အမေ (ကျွန်တော့် အဖွားကို ကျွန်တော်ခေါ်နေကျအတိုင်း) နှင့် ကျွန်တော်တို့သည် နတ်မောက်ဘူတာ၌ အဘကို သွားကြိုကြခြင်း ဖြစ်သည်။ နတ်မောက်အရှေ့ဘက် ၁ မိုင်ကျော် အကွာမှာ ရှိသည့် ဘူတာကို မနက် ၇ နာရီ ရထားအမှီ သွားနိုင်ဖို့ ကျွန်တော်တို့ မနက် ၂ နာရီလောက်ကတည်းက ရွာမှ ထွက်လာခဲ့ခြင်း ဖြစ်သည်။
ကျွန်တော်တို့ရွာသည် နတ်မောက်နှင့် ၈ မိုင်ခန့်သာ ဝေးသော်လည်း ရွာနှင့်မြို့အကြား တောတောင်နှင့် ချောက်များကို ဖြတ်သန်းသွားလာရခြင်းကြောင့် အနည်းဆုံး နွားသွက်သွက်နှင့် ၄ နာရီခန့် မောင်းရပါသည်။ ထိုစဉ်က သူခိုး ၊ ဓါးပြများရန်ကလည်း ကြောက်ရသေး။ ကျွန်တော်တို့နယ် ပုလင်းကြီးရွာမှ ဓါးပြတစ်ယောက်သည် အလွန်လက်စောင်းထက်ပြီး ဆိုးသွမ်းသည်ဟု နာမည်ကျော်ပါသည်။
အမေသည် ရောင်စုံသူပုန်ခေတ်ကြီးကို သီသီစွန်းစွန်း မှီခဲ့သူ ဖြစ်သဖြင့် သူခိုးဓါးပြဆို အလွန်သွေးလန့်ပါသည်။ ထို့ကြောင့်လည်း ကလေးသာ ဖြစ်သေးသည့် ကျွန်တော်နှင့် အိမ်မှာ အလုပ်လုပ်သည့် ဦးအောင်လင်းတို့ကို အားကိုးပြုကာ အဘကို သွားကြိုကြခြင်းဖြစ်သည်။ ထိုအချိန်က လပြည့်ကျော် ၇ ရက် ၈ ရက် လသည် မှုန်မွှားမွှားနှင်းများအကြားမှာ မရဲတရဲ သာနေသည်ကို မှတ်မိသေး။
ဦးအောင်လင်းသည် မြို့သစ်မှလာသည့် နာမည်ကျော် ရွှေကျေးဆေးလိပ်ကြီး ဖွာရင်း အသံသဲ့သဲ့ပေးကာ နွားကို အသော့နှင်သည်။ ကျွန်တော်က ပေါင်းမိုး မိုးထားသည့် လှည်းအတွင်းအထဲ စိမ့်ဝင်လာသည့် ဆောင်းလေကို ရှောင်တိမ်းဖို့ အမေ့ရင်ခွင်ထဲသာ တိုးနေမိသည်။ ရွှေကျေးဆေးလိပ်နံ့ ခပ်ပြင်းပြင်းသည် နှင်းဆန်သည့် လေနှင့် ရောသွားသည့်အခါ ထူးဆန်းသော မူးယစ်ဆေးတစ်မျိုး ဖြစ်သွားသည် ထင်သည်။
ဖြတ်သွားခဲ့ရာ တောင်တွေအကြား လူရိပ်သူရိပ်လိုလို မြင်တိုင်း အမေက ကျွန်တော့်ကို ခပ်တင်းတင်းဖက်သည်။ ခြုံပုတ်တွေ တောင်ပို့တွေမှန်းသိမှ ပြန်ဖြေလျှော့ပေးသည်။ ကျွန်တော့်အတွက်တော့ နတ်မောက်ဘူတာကို သွားရသည်ကိုက စွန့်စားခန်းကြီးတစ်ခု ဖြစ်နေသည်။ နတ်မောက်ဘူတာရောက်၍ မကြာမီ နှင်းတွေထဲ အဝေးက ရထားဥဩသံကြားတော့ အမေပြုံးပြီး ကျွန်တော်ထ ခုန်မိသည်။ နှင်းတွေထဲ ရထားကြီး လှိမ့်ဝင်လာသည့်နောက် အော်သံ ဟစ်သံ ၊ ခေါ်သံ ထူးသံများနဲ့ ဆူညံလာသည်။ ရထားတွဲ အပေါက်ဝတစ်ခုမှာ ရပ်နေသည့် အဘကို တွေ့လိုက်ရသည့်အခါ အရာအားလုံးသည် အသက်ဝင်သွားသည်။ ထို့ကြောင့် ရထားသည် အသက်ဝင်သည့် ယန္တရားတစ်ခုပါလားဟု ထူးထူးဆန်းဆန်း တွေးထင်မိသွားသည်။
(၃)
အတန်အသင့် အရွယ်ရလာချိန်တွင် ရထားများသည် ကျွန်တော့်ဘဝတစ်စိတ်တစ်ဒေသအဖြစ် ပါဝင်လာသည်ကို ပြန်စဉ်းစားမိပါသည်။
မန္တလေးတက္ကသိုလ်ရောက်ပြီးနောက် မူလဇီးဘန်နီတိုက်ထဲမှ သာသနပါလကျောင်းနှင့် ရေစက်ဆုံပါသည်။ အဝန်းအဝိုင်း ကျဉ်းမြောင်း ကျပ်တည်းလှသည့် ထိုကျောင်းလေးမှာပင် ကျောင်းထိုင်ဆရာတော်ကြီး၏ မေတ္တာရိပ်အောက် ခိုလှုံရင်း ဦးပဉ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇင်းများ ၊ကိုရင် ကျောင်းသားများနှင့် လက်ပွန်းတတီးအဖြစ် ၂ နှစ်ကျော်ခန့်ကြာအောင် အခမဲ့နေထိုင်စားသောက်ခွင့် ရခဲ့ပါသည်။ ထိုကျောင်းလေးသည် ဘဝတစ်ခုဆီ စွန့်စွန့်စားစား ချီတက်လာသည့် ကျွန်တော့်အတွက် ရက်စက်လှသည့် မန္တလေးဆောင်းများမှာ အနွေးဓါတ်မျှပေးခဲ့သည့် ကွန်းထောက်ရာတစ်ခုလည်း ဖြစ်ခဲ့သည်။
ကျွန်တော့်အတွက် မန္တလေး၏ညများသည် ရန်ကုန်ညများနှင့် မတူ။ အလွန်ဆိတ်ငြိမ် အေးချမ်းတတ်ပါသည်။ တစ်ချက်တစ်ချက်မှသာ စစ်ကိုင်း-မန္တလေး လမ်းမကြီးပေါ်မှ ခပ်ပြင်းပြင်းလီဗာနင်းသွားတတ်သည့် ဆိုင်ကယ်သံတချို့ ကြားမိတတ်ပါသည်။ ညဘက်များတွင် သစ်သားကျောင်းဆောင်လေး၏ နောက်အဖီလေးထဲ လေးပေချောင်းမီးရောင်နှင့် ကျွန်တော်စာကြည့်တိုင်း ရှမ်းစုဘက်မှသည် ဥသြသံရှည်ရှည်ဆွဲကာ ပြေးထွက်သွားတတ်သည့် ၁၁ နာရီရထားသံများ ကြားရသည့်အခါများတွင် မပြေလည်နိုင်သေးသော အိမ်လွမ်းဝေဒနာသည်သာ တနင့်နင့်ပဲ့တင်ကျန်ခဲ့ဖူးသည်။
မန္တလေး နောက်ပိုင်းနှစ် များတွင် မဟာတန်းကျမ်းပြုနေရင်း ဆော့ဖ်ဝဲလ်ကုမ္ပဏီအသေးစားတစ်ခုမှာ အကူတစ်ယောက်အနေနှင့် အလုပ်ဝင်ဖြစ်ခဲ့သည်။ အလုပ်ရှင်ဆရာက အလွန်သဘောကောင်းသည့် မန္တလေးသားစစ်စစ်ကြီး။ ကျွန်တော့်အပေါ် ကျေးဇူးအရှိဆုံး သူစိမ်းများထဲမှ တစ်ဦး။ တရုတ်ဘက်နွှယ်ချင်သော်လည်း အညာငွေ့ အညာရိပ်သန်းနေသည့် ဆရာသည် ကျွန်တော်နှင့် အသက်ချင်း သိပ်မကွာလှ။ အသက်ငယ်ငယ်နှင့် လုပ်ငန်းကြီးများ လုပ်နေသော်လည်း မာန်မာနမကြီး။ ရိုးရိုးကုပ်ကုပ်သာ နေတတ်ထိုင်တတ်သူ။
ထိုအလုပ်နှင့် ပတ်သက်ပြီး ကျွန်တော် အနှစ်သက်ဆုံးကိစ္စတချို့ထဲတွင် မနက် ၇ နာရီရထားကြီး ကို အလုပ်သွားတိုင်းတွေ့ရတတ်ခြင်းနှင့် မဟာမုနိဘုရားကြီးအား မနက်တိုင်းမနက်တိုင်း ဖူးမြော်ကြည်ညိုကာ ဘာဝနာစီးဖြန်းခွင့် ရခဲ့ခြင်းတို့သည် ဘဝကို အစစ်အမှန်ဖြစ်စေခဲ့သည့် အရာများ ဖြစ်ခဲ့ပါသည်။ မနက်မနက်ဆိုလျှင် နှင်းတောထဲမှ ဥသြဆွဲပြေးထွက်လာတတ်သော ရထားကြီးနှင့် ကျွန်တော် အမြဲဆုံဖြစ်ကြသည်။ ရထားကြီးသည် ကျွန်တော့်အတွက် အသစ်အသစ်ဖြစ်သော မျက်နှာအမျိုးမျိုးနှင့် ခရီးသွားများကို သယ်ဆောင်ရင်း နှုတ်ဆက်သွားသည်ကို တွေ့ရမြင်ရတိုင်း အတွေးနယ် ကျယ်သွားတတ်ခဲ့ဖူးပါသည်။
(၄)
ဘဝသံသရာဟူသည့် မနားတမ်းတရစပ် ပြေးလွှားလည်ပတ်တတ်ခြင်းများ ၊ ထို့အပြင် မည်သည့်နေရာမှ လိုက်ပါခရီးသွားသည် ဖြစ်ပါစေ ကိုယ့်လက်မှတ်ထဲမှ ဖြတ်ထားသော ခရီးအစိတ်အပိုင်းတစ်ခုအထိသာ လိုက်ပါခွင့်ရတတ်သည့် သတ်မှတ်ချက်များ နှင့် မပြီးနိုင်မစီးနိုင် အဖန်တလဲလဲ ဖြစ်တတ်သောသဘောများအကြောင်း စဉ်းစားမိသည့်အခါ ငယ်ငယ်က ကျွန်တော်ဖတ်ဖူးသည့် ကဗျာတစ်ပုဒ်ထဲက စာသားများကို ပြန်လည် သတိရမိတတ်ပါသည်။
ထိုကဗျာထဲတွင်
“အလှကိုရှာ
ဘယ်မှာမှ မတွေ့။
တစ်နေ့အချိန်တန်တော့ ၊
ဆူညံညံ ငိုသံကြားရတယ် ၊
ရထားတရွေ့ရွေ့”ဟူသော စာသားတစ်ခုပါရှိပါသည်။
ထိုစဉ်ကတော့ ရထားများနှင့်ခရီးသွားပါက ငိုကြယိုကြနှင့် ဆူဆူညံညံဖြစ်နေကြမည်ဟု ထင်မိခဲ့ပါသည်။ ယခုနေ ကြီးပြင်း ရင့်ကျက်လာချိန်မတော့ ထိုရထားဆိုသည်မှာ ဘဝကို အဖန်တလဲလဲလည်ပတ်အောင် လှုံ့ဆော်စီမံပေးနေသည့် တရားသဘောကို တင်စားထားသည့် အလင်္ကာတစ်ခုမှန်း နားလည်လာခဲ့ပါသည်။
ချစ်ခြင်းဖြစ်စေ မုန်းခြင်းဖြစ်စေ မသိနားမလည်ခဲ့ခြင်းဖြစ်စေ ဓမ္မအမြင်ဖြင့် ကြည့်ကြသည့်အခါ အပြစ်မကင်းသည့် သဘောတရားများဖြစ်ပါသည်။ သို့သော် ကျွန်တော်တို့သည် ငို၍ရယ်၍ကောင်းတုန်း။ ရ ရထားကြီး ပျော်ပျော်စီးနေတုန်း။ ရထားကြီးသည် ဥသြသံတအူအူဆွဲနေတုန်း။
(၅)
ရထားများတွင် သမိုင်းကြောင်းတို့ရှိနေမလားရယ်လို့ ကျွန်တော် တခုတ်တရ တွေးနေခဲ့ဖူးပါသည်။ ဆရာကြီးမင်းသိင်္ခ၏ ဝတ္ထုများကို အစွဲအလမ်းကြီးခဲ့တုန်းက ထိုစာအုပ်ထဲမှ လူဆိုးထိန်းဆားပုလင်းနှင်းမောင် ၊ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ၊ မောင်ပြည်သိမ်း ၊မောင်ဘချစ်၊ပုဏ္ဏားဘကွန်း စသည့် ဇာတ်ကောင်များကို နှစ်ခြိုက်စွဲလမ်းခဲ့ရင်းနှင့် သူတို့နေထိုင်ကျင်လည်ရာ ဘူတာရုံများဖြစ်သည့် မလွှကုန်း ၊ ပုဇွန်တောင်၊ နှင်းဆီကုန်းဘူတာရုံများကို စိတ်မှန်း နှင့် မြင်ယောင်ကာ ရောယောင် စိတ်လှုပ်ရှားခဲ့ဖူးသည်။ တာမွေ ၊ ဗိုလ်တစ်ထောင်က လူမိုက်ကြီးများကိုလည်း ရထားများ ဘူတာများနှင့် ဆက်စပ်ကာ မှတ်မှတ်သည်းသည်း စိတ်ထဲစွဲနေခဲ့ဖူးသည်။ ယခုနေ အမြင်သန်လာသည့်အခါ ထိုအရပ်ထိုဒေသမှာသာ လူမိုက်ကြီးများရှိသည်မဟုတ်။
လမ်းမပေါ်က ဦးတည်ရာမဲ့နေသည့် သွေးဆူလွယ်သော လူအုပ်ကြီးသည်လည်းကောင်း တစ်ကိုယ်တည်း အထီးကျန်ရစ်ကာ အတ္တစွဲလွန်းသူများသည် လည်းကောင်း အချိန်အခါမရွေး လူမိုက်ကြီးများ ဖြစ်သွားနိုင်သည်ကို သိလာခဲ့သည်။ ဘဝသည် လမ်းကြောင်းမှားတစ်ခုပေါ် ‘တစ်ချက်တည်းကျင်းဝင်’ ဆိုသလို မှားဖို့အလွန့်ကို လွယ်တတ်သည့် သဘောရှိသည်ဖြစ်ရာ ကျွန်တော်တို့သည် ရည်ရွယ်မထားပါလျက် လွဲသွား မှားသွားခဲ့/ မှားသွားနေတတ်သည်။
ကျွန်တော့်လက်ထဲမှာ အိမ်အပြန် ရထားလက်မှတ်တစ်စောင် ရှိထားပါသည်။ တစ်ဝက်တပျက် လသာနေသည့် ညတစ်ညတွင် ကျွန်တော် နောက်ဆုံးထွက်သည့် မြို့ပတ်ရထားကို စောင့်နေခဲ့ပါသည်။ ဘူတာထဲတွင် အလင်းရောင် သိပ်မရှိ။ မီးချောင်းအတော်များများ ပျက်စီးနေပြီး တစ်ခုတလေသော မီးချောင်းတွေက ရှော့ခ်ပူးနေသည့်နှယ် ဖျိုးခနဲဖျပ်ခနဲ ထ,ထ လင်းနေသည်။ စင်္ကြန်လမ်းအဆုံးမှာ ပေစုတ်စုတ် ခပ်ယိုင်ယိုင်လူနှစ်ယောက်က ကျွန်တော့်ကို ကြည့်ပြီး တစ်ခုခု ပြောနေသည်။
ခရီးသည်မပါတော့သည့် လူမဲ့ရထားဆိုက်လာသည့်အခါ နီးစပ်ရာ အတွဲတစ်တွဲပေါ် အမြန်တက်လာခဲ့သည်။ အတွဲပေါ်မှာ ကျွန်တော်နှင့် အိပ်ငိုက်နေသည့် လက်မှတ်စစ်သာ စီးနင်းလိုက်ပါလာသည်။ မြို့စွန်ရှိ မိုးကာတဲလေးများဆီမှ မီးမှိန်မှိန်လေးများကို ဟိုတစ်စ သည်တစ်စ လှမ်းမြင်နေရသည်။ အပြင်ဘက် ညမြင်ကွင်းသည် တိတ်ဆိတ်ယောင်ဆောင်နေသည်။ ငယ်ငယ်က အမေနှင့် တောကြီးမျက်မည်းထဲ ခပ်ကြောက်ကြောက်နှင့် ရထားဆီ သွားခဲ့သည်များကို အမှတ်ရလာမိသည်။
ရထားပြတင်းအပြင်ဘက် ခေါင်းငဲ့ရင်း အာဟာရချို့တဲ့စွာ သာနေသည့် လမင်းကြီးကိုမော့ငေးမိသည့်အခါ အဖေ့ပုခုံးထက်မှနေ၍ လကိုမော့ငေးရင်း အိမ်ကိုပြန်လာခဲ့သည့်အချိန်တစ်ချို့ကို ထူးထူးခြားခြား သတိရမိလာပါသည်။ ကလေးဘဝက လသည် ကိုယ်သွားရာအရပ်သို့ ကိုယ်နှင့် ထပ်ချပ်မကွာ လိုက်ပါနေခဲ့သည်ဟု ထင်ခဲ့ဖူးသည်။
ယခုတော့ ထိုသို့ယုံကြည်ဖို့ရန် မဖြစ်နိုင်တော့ပါ။ ကလေးတို့၏ တန်ဖိုးထားအပ်သော ယုံကြည် မျှော်လင့်ခြင်းများကို ယခုနေ အတင်းပြန်ယူဖို့ မဖြစ်နိုင်တော့။ ကျွန်တော်တို့သည် ကိုယ်စီကိုယ်စီ ဖြတ်သန်းခဲ့သမျှ ပတ်ဝန်းကျင်နှင့် ဓလေ့စရိုက်များကို မလွန်ဆန်နိုင်တော့သည့်အခါ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ခံစားချက်များ နှင့် ကိုယ်ပိုင်ရပ်တည်ခံယူချက်များကို အလိုက်သင့်ပြောင်းလဲပေးနေကြရစမြဲ။
(၆)
လသည် ညများကို ဖြတ်သန်းသွားသည်။ ရထားသည် လမ်းများကို ဖြတ်သန်းသွားသည်။ ကျွန်တော်ကတော့ ဘာကိုမှ ဖြတ်သန်းမသွားရသေး။ ကျွန်တော့်ကိုယ် ကျွန်တော် ဖြတ်သန်းဖို့ကြိုးစားနေရင်းသာ ဘဝကို ကုန်ဆုံးနေခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ကိုယ့်ကိုယ်ကို ဘယ်ကိုမှ မရောက်သေးတဲ့ကောင်မှန်း သေချာနေခဲ့ပါသည်။
ကျွန်တော့်လက်ထဲမှာ အိမ်အပြန် ရထားလက်မှတ်တစ်စောင် ရှိပါသည်။ သို့သော် အခုချိန်မှ အိမ်ပြန်ဖို့ မဖြစ်နိုင်တော့ပါ။ ကျွန်တော်က မြို့ပတ်ရထားကို စီးနင်းလိုက်ပါမိလျက်သား ဖြစ်နေပါသည်။ ဘဝစစ်တို့က ဇာတိနယ်လေးမှာပဲ အစွန့်ပစ်ခံ ဘူတာရုံဟောင်းလေးတစ်ခုလို ဆိုက်ကပ်သူမရှိ ကျန်နေခဲ့ရော့မည်။ ကျွန်တော်ကတော့ ဘဝဟုဆိုအပ်သော အဖန်တလဲလဲ ထပ်ပြန်မနား လည်ပတ်သွားတတ်ခြင်း သံသရာသံလမ်းများထက်က ကားယားကြီးခွထားတဲ့ မြို့ပတ်ရထားတစ်စင်းလို ဝတ္တရားမပြတ်လှည့်ပတ်နေရဆဲ။
(၇)
လွန်ခဲ့သည့် နှစ်အနည်းငယ်က ကျွန်တော်တို့ရွာလေးအနားကို ဖြတ်လျက် ရထားလမ်းတစ်ခု ဖောက်လုပ်ခဲ့ပါသည်။ ထိုရထားလမ်းပိုင်းနှင့် ပတ်သက်၍ အပျော်ဆုံးသူမှာ ကျွန်တော်ပဲ ဖြစ်မည်ထင်သည်။ လမ်းပန်းဆက်သွယ်ရေးများ တိုးတက်ကောင်းမွန်တော့မည်ဟူသော အသိမျိုးဖြင့် ကျေနပ်ပျော်ရွှင်နေတာမျိုးမဟုတ်ဘဲ ယာခင်းစည်းရိုးနံဘေးနားမှနေ ဖြောင့်ဖြောင့်ကြီး သွယ်တန်းပြေးထားသည့် ရထားလမ်းများနှင့် ဥသြသံပေးကာ အပြေးလာမည့် ရထားကြီး ကို မျှော်လင့်ရင်ခုန်နေသည့်အနေအထားဖြင့် ပျော်နေတာမျိုးဖြစ်ပါသည်။
ကျွန်တော့်စိတ်မျက်လုံးထဲတွင် ရထားသည် အလုပ်သိမ်းစ ညနေခင်းတစ်ခုထဲ ပျော်ပျော်ရွှင်ရွှင် တိုးဝင်လာနေသည်ကို မြင်နေရပါသည်။ ညနေရီတွင် ထွန်ယက်ပြီးစ ယာမြေနီမွမွသည် လဲ့လဲ့ထမှုန်ပြီးလှနေချိန် ချစ်ခင်သူတို့သည် ရထားတစ်စင်း၏ အိမ်ပြန်ချိန်ကို ဆီးကြိုလို့နေရော့မည်။ ငြိမ်းချမ်းစွာ ငြိမ်ဆိတ်လုလု ဩကာသလောကတစ်ခွင်အောက် အဆီးအတားမရှိ ကျယ်ပြောလှသည့် အညာလွင်ပြင်ထဲ ရထားသည် ကြောင်လိမ္မာတစ်ကောင် သခင့်ပေါင်ပေါ် တက်ထိုင်လိုက်သလိုမျိုး သိမ်မွေ့ငြင်သာစွာ တိုးဝင်လာရော့မည်။
ယခုတော့ ကျွန်တော့်ရထားသည် ဘယ်ကို သွားမလဲမသိ။ လ၏ အရောင်သည် အမှောင်ကို ကြောက်ရော့ထင့်။ မြို့ပြထဲ လရောင်ပျောက်၍ လမ်းများ မှောင်သွားချိန်တွင် ရထားသည် ကြောက်လန့်တကြား ကြွေးကြော်သည့်ဟန်ဖြင့် ဥဩတစ်ချက်ဆွဲသည်။ သို့သော် ဘူတာကိုတော့ မမြင်ရသေး။