ရေစက်

ရေစက်

(၁)

မြန်မာ့လူမှုဓလေ့နယ်ပယ်၌ တစ်စုံတစ်ယောက်နှင့် အမှတ်မထင် ကြုံကြိုက်,တိုက်ဆိုင်,ခင်မင် ပတ်သက်ရသည့်အခါ ရေစက်ရှိလို့ဆုံရတာ ဟု ပြောဆို သုံနှုန်းလေ့ရှိကြပါသည်။ ကျွန်တော့်အမြင်အရ ရေစက်ရှိမှုကို လက်ခံခြင်းသည် ကျွန်တော်တို့၏ ယုံကြည်ကိုးကွယ်ရာနှင့် ရင်းနှီးကျွမ်း၀င်စွာ သက်ဆိုင်ဆက်နွှယ် နေသည်ဟုထင်ပါသည်။ အခြားသော ဘာသာများ၌မသိ။ ဗုဒ္ဓဘာသာ၌ ရေစက်ဟူသော သဘောပါရှိ ပါသည်။ ရေစက်ရှိလို့ ဆုံဆည်းရသည်၏ အခြား အဓိပ္ပာယ်တစ်ခုမှာ အကြောင်း ရှိသဖြင့် ဆုံဆည်းကြသည်ဟု ဆိုနိုင်ပါသည်။

(၂)

ကျွန်တော့်အသက် ၈ နှစ်သား အရွယ်မှာ ရေစက်ဆိုသည့် စကားလုံးသစ်ကို ပထမဆုံး ကြားသိခဲ့ရပါသည်။

ဆောင်းဆန်းစ တစ်မနက်တွင် ကျွန်တော်တို့ ဆွေမျိုးတစ်သိုက် ရွာဦးကျောင်းဆရာတော်ကြီးထံ လှူဖွယ်၀တ္ထုများ ကပ်လှူကြပါသည်။ ဆရာတော်ကြီးမှ လောက ဓမ္မတို့နှင့် ဆက်စပ်ရာတို့ကို ပြောဆို ဆုံးမပြီး သီလပေးပါသည်။ ထို့နောက် ပြုဖွယ်ကိစ္စများ ပြီးစီးသောအခါ ဆရာတော်ကြီးက " ကဲကဲ ရေစက်ချရအောင်။ ကိုယ့်ရှေ့က ရေက်ခွက်လေးတွေယူ။ ဘုန်းကြီးဆိုသလို လိုက်ဆို ........"

ရေစက်ချခြင်း ဆိုသည်ကို ကျွန်တော် နားမလည်ခဲ့ပါ။

ဆရာတော်ကြီး ရွတ်ဆိုသွားသော တရားစာများထဲမှာ နိဗ္ဗာန်ရောက်ရပါလို၏ ဟုလည်းပါသည်။ ကံ၊ကံ၏အကျိုးကို ယုံကြည်ပါကြောင်းလည်း ပါသည်။အလှူအကြောင်းလည်း ပါသည်။ အမျှဝေပါသည်ဟုလည်း ပါသည်။ ကမ္ဘာကြီးကို သက်သေခေါ်ခြင်းလည်းပါသည်။

အဆုံးမှာ အောက်ခံခွက်ထဲသို့ ရေဖလားထဲမှ ရေကို တစ်စက်ပြီးတစ်စက် အပြီးသတ်သည်အထိ ချရင်း အလှူစာတမ်းကို ဆရာတော်ကြီး တိုင်ပေးသလို လိုက်ဆိုရခြင်းပင် ဖြစ်သည်။

(၃)

ဆယ်စုနှစ် နှစ်ခုနီးပါး ဖြတ်သန်းခဲ့ရပြီးတဲ့နောက် ကျွန်တော်ဟာ ရေစက်များအကြောင်း ပိုပြီး နီးနီးကပ်ကပ်ထိတွေ့ခဲ့ရပြီး ပိုပြီး လေးလေးနက်နက် တွေးတောတတ်လာပါသည်။


(၄)

လူတို့ အသက်ရှုသည့်အခါ နှာခေါင်းတစ်ဝိုက် ၁၈ လက်မ ပတ်လည်အ၀န်းရှိသည့် လေထုထဲမှ အောက်ဆီဂျင်ကိုသာ ရယူရှုရှိုက်နိုင်သည်ဟု ကြားဖူးပါသည်။ မှန်မမှန်တော့ မသိ။ တချို့ ရေစက်များသည်တော့ အသက်ရှုရာ ၁၈ လက်မပတ်လည်က လေထုအဝန်းတစ်ခုနှင့် တူမည်ထင်သည်။

ကိုယ် ဘယ်နေရာပဲရောက်ပစေ ကိုယ်နှင့်အတူ အမြဲရှိနေတတ်သည့် ပတ်လည်လေထုလေးတစ်ခုလို ကိုယ်အတွေ့နှင့် မထိတွေ့မဆုပ်ကိုင်နိုင်သော်လည်း ကိုယ့်အတွေးများ၌ အမြဲပွတ်သပ်တိုက်ခတ်နေတတ်ပါသည်။

ဥပမာ - ချစ်သောသူများ

ထိုအရာကို တရားတော်၌ ဝေးကွာခြင်း ရေစက်များဟု ခေါ်ချင်ပါသည်။

(၅)

တချို့ရေက်များသည် ခရီးထွက်သည့်အခါ စီးနင်းသွားရသည့် ဖိနပ်များနှင့် တူပါသည်။ သူ မပါဘဲ သွားလို့ဖြစ်တယ်ဆိုလျှင်တောင်မှ သူမပါလျင် ကိုယ် နာကျင်ရတတ်ပါသည်။ သို့သော် လိုရာခရီးဆိုက်သည့်အခါ ထို ဖိနပ်သည် ထိုအရပ်မှာသာ နေခဲ့ရတတ်ပါသည်။

တချို့ရေစက်များသည် ကျွန်တော်တို့ကို ဖိနပ်လိုစီးပြီး လှေကားအနီးမှာ ထားခဲ့တတ်ပါသည်။

ဥပမာ- အသုံးချသူများ

ထိုအရာကို လိုသလို လုပ်ကြခြင်း ရေစက်များဟု ခေါ်ချင်ပါသည်။

(၆)

တချို့ရေစက်များသည် ဆိုက်ကားစီးပြီး လိုက်ပါသွားရသည်နှင့် တူပါသည်။ တစ်ခါတစ်ခါ ကိုယ်သွားမယ့်အရပ်ကို မျက်နှာလှည့်ကာ ကိုယ်လာရာအရပ်ကို ကျောပေး ထွက်ခွာသွားသလိုမျိုး။ တခါတလေများတော့ ကိုယ့်သွားမယ့်အရပ် ကျောပေးထွက်ကာ ကိုယ်လာရာအရပ် မျက်နှာမူသွားရသလိုမျိုး။

နောက်ဆံငင်စရာ အဖြစ်အပျက်တို့နှင့် ရေစက်တို့လည်း ရှိခဲ့ပါသည်။

ဥပမာ- ဘ၀တူ သင်းကွဲကြသူများ

ထိုအရာကို တစ်နေရာစီသို့အတူတကွရှိခြင်း ရေစက်များဟု ခေါ်ချင်ပါသည်။

(၇)

တချို့ရေစက်များသည် မီးပွိုင့်များနှင့် တူပါသည်။ သူတို့၏ လက်တလော အနေအထားအတိုင်း သတိနဲ့ရပ် သတိနဲ့ဖြတ် လုပ်ရတတ်ပါသည်။

ဥပမာ- မိတ်ဆွေလို ရန်သူလို လူများ

ထိုအရာကို မြွေပခြုပ်နား၌ လေချွန်ခြင်း ရေစက်များ ဟုခေါ်ချင်ပါသည်။

(၈)

တချို့ရေစက်များသည် အမှတ်တရ ပစ္စည်းအရောင်းဆိုင်မှ ချောင်းသာရောက် အမှတ်တရ ဟု တံဆိပ်ခတ်ထားသည့် တီရှပ်များနှင့် တူပါသည်။ သေချာတာကတော့ ထိုတီရှပ်ကို ၀တ်ဆင်ထားခြင်းသည် ကိုယ်ရောက်ခဲ့သည့် ကိုယ့်နေရာသည် ကိုယ့်ဇာတိမြေမဟုတ်ကြောင်း သက်သေ တစ်ခုအဖြစ် ၊ ထို့အပြင် လူတစ်ယောက်၏ သူ့ဘ၀ကို ဖြတ်သန်းခဲ့သည့် ကာလတစ်ခုအတွင်း ထိုနေရာ၌ သူရှိခဲ့ခြင်းကို တစ်ချိန်ချိန်မှာ အလီဘိုင်တစ်ခုလို ညွှန်ပြစရာ အဖြစ်။

ဥပမာ- တစ်စုံတစ်ရာ(သို့) တစ်စုံတစ်ယောက်နှင့်သက်ဆိုင်ခဲ့ခြင်း၌ အစွဲအလမ်းကြီးနေသူများ

ထိုအရာကို အတိတ်၌ ငြိတွယ်ခြင်း ရေစက်များ ဟု ခေါ်ချင်ပါသည်။

(၉)

တချို့သော ရေစက်များသည ရက်ဆုတ် ပြက္ခဒိန်ဆန်ပါသည်။ သူ့သတ်မှတ်ထားသည့် နှစ်ကာလအထိသာ ကိုယ်ဂရုတစိုက်ကြည့်နေမိတတ်ပြီး ကာလလွန်သွားပါက နောက်တစ်နေ့အထိ ရှိနေခွင့်မရှိတတ်ပါ။

မိဘများသည် သားသမီးတို့အတွက် နှစ်တစ်ရာ ပြက္ခဒိန်စာအုပ်ကြီးဖြစ်ပါသည်။ ရာစုနှစ်တစ်ခုစာ နှစ်များ လများ ကာလများ ပါရှိသော်လည်း တစ်ချို့သားသမီးများကတော့ သင်္ကြန်စာ ဟောစာတမ်းတစ်ခုလို တစ်ခါပဲဖတ်ရှုလိုက်ကြတတ်ပါသည်။

ထိုအရာကို မေတ္တာတရား၌ အမြင်မှားနေကြခြင်း ရေစက်များဟု ခေါ်ချင်ပါသည်။


(၁၀)

တချို့ရေစက်များသည် ကယ်ရီကေးချားပုံတူများနှင့် တူပါသည်။ အပြင်မှလူနှင့် တူညီအက်စပ်သည့် အခြင်းအရာများစွာ ပါ၀င်သော်လည်း ဟာသဖြစ်အောင် လွန်ကဲစွာ အလေးပေးထားသည့် အသွင်အပြင်များ ရှိကြပါသည်။

လူတစ်ချို့သည် သူတို့၌ ရှိနေသည့် အရည်အချင်းများ ဂုဏ်ဒြပ်များထက် ပိုပြီး သူတို့ကိုယ်သူတို့ လွန်လွန်ကြူးကြူးစိတ်ကြီး၀င် ထင်မြင်လာသည့်အခါ ထိုသူများသည် ကယ်ရီကေးချား ဆန်သွားကြပါသည်။

ဥပမာ- အကြွားသန်ကြသူများ

ထိုသူတို့ကို ပုံကြီးချဲ့ရာ၌ မွေ့လျောခြင်း ရေစက်များ ဟု ခေါ်ခြင်ပါသည်။

(၁၁)

တချို့ရေစက်များသည် လူပြည့်နေသည့် လက်ဖက်ရည်ဆိုင်၌ နီးစပ်ရာ ဝိုင်းတစ်ဝိုင်းထဲ အဆင်ပြေသလို ၀င်ထိုင်လိုက်ရခြင်းနှင့် ပုံစံတူပါသည်။ အတူတူ လက်တစ်ကမ်း၌ တစ်ဝိုင်းထဲ အတူထိုင်နေကြသော်လည်း တစ်ယောက်နှင့်တစ်ယောက် ဘယ်လို မှ မပတ်သတ်ခဲ့ဖူးသလို နောင်လည်း ပန်သတ်ဖို့ မလွယ်သည့် ရေစက်မျိုး ဖြစ်ပါသည်။

ဘ၀၌ အလုပ်မှာ ဖြစ်စေ ၊ ကျောင်းမှာ ဖြစ်စေ ၊ ယုတ်စွအဆုံး လမ်းမှာ ဖြစ်စေ ပုခုံးခြင်း တိုက်မိစေဦးတော့ သူနဲ့ကိုယ် ဘယ်လိုမှ မပတ်သတ်ဟု အသေအချာ ခံစားမိခြင်းမျိုးဖြစ်ပါသည်။

ဥပမာ- သူစိမ်းစစ်စစ်များ

ထိုအရာကို ဖြတ်သွားဖြတ်လာ၌ ပတ်သတ်မိခြင်း ရေစက်များဟု ခေါ်ချင်ပါသည်။

(၁၂)

တချို့ရေစက်များသည် ကျောင်း၌သင်သည့် သမိုင်းများ သို့မဟုတ် ကိုယ်တစ်ခါမှ မရောက်ဖူးသော နေလ နက္ခတ်တာရာများအကြောင်း သင်ကြားရခြင်းနှင့် တူပါသည်။ ကိုယ့်အတွက်တကယ် အရေးပါ မပါ မသေချာသော်လည်း ထို အရာများကို ကျော်သွားပြီး စာမေးပွဲဖြေဖို့မဖြစ်နိုင်သလိုမျိုး။

သမိုင်းထဲမှ အထင်ကရပုဂ္ဂိုလ်ကျော်ကြီးများ သေဆုံးသွားခြင်းကို ကိုယ့်မိဘများစျာပနကျင်းပနေသည့်နှယ် သမိုင်းဆရာမှ အာ၀ဇ္ဇန်းကောင်းကောင်းနှင့် သင်ပေးလိုက်ပေမယ့် ကိုယ့်အတွက်တော့ နှာစေးခေါင်းခဲဖြစ်သွားသလောက်တောင် မခံစားမိသလိုမျိုး။

နည်းပညာ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံကြီးများ၏ လကမ္ဘသို့သွားချည်ပြန်ချည် အလည်အပတ်ခရီးထွက်နေခြင်းကို သိပ္ပံဆရာမှ မစားရ ၀ခမန်း အားပါးတရသင်နေပေမယ့် ကိုယ့်အတွက်တော့ အနီးဆုံးမြို့၏ ဒီဇင်ဘာပွဲတော်ညများလောက် ရင်ခုန်လှုပ်ရှားမှု မရှိမိသလိုမျိုး။

ကျွန်တော်တို့ စိတ်မပါသော်လည်း ကိုယ့်ကို ပြဌာန်းပေးထားသည့်အတိုင်း တာ၀န်ယူကြရပါသည်။

ဥပမာ- မိတ်ဆုံ စားပွဲမှ မျက်နှာစိမ်းများ။

ထိုအရာများကို တက်ကျမ်းများကို ဖတ်ရှုခြင်း ရေစက်များဟု ခေါ်ချင်ပါသည်။

(၁၃)

လွန်ခဲ့သောနှစ်က ကျွန်တော် မန္တလေးတောင်ပေါ်သို့ ဘုရားဖူးရောက်ခဲ့ပါသည်။ တောင်ဘက်ရှိ ခြင်္သေ့ကြီးနှစ်ကောင်ရှိရာ စောင်းတန်းအတိုင်း မျက်နှာကြက်အနားသတ်တစ်ဖက်တစ်ချက်ရှိ ဗုဒ္ဓ၀င်ရုပ်စုံကားများ ငေးရင်းမောရင်း တက်လာခြင်း ဖြစ်ပါသည်။ ဇာတ်ကြီး ဆယ်ဘွဲ့ကို ဖော်ညွှန်းသည့်ရုပ်ပုံများအရောက် ကျွန်တော်ရပ်ပြီး အသေအချာ ကြည့်နေမိပါသည်။ အလွန်ထူးခြားသည့် ပန်းချီကားတစ်ချပ် ဖြစ်ပါသည်။ ဝေဿန္တရာမင်းကြီးမှ ဆင်ဖြူတော်ပစ္စယအား ပုဏ္ဏားတို့ထံ ရေစက်သွန်းချ လှူဒါန်းနေပုံကို ပြသည့် လက်ရာဖြစ်ပါသည်။

ကျွန်တော် အဓိက စိုက်ကြည့်နေမိသည်မှာ ရေစက်ချပုံကို ဖြစ်ပါသည်။ ပုဏ္ဏားတို့ လက်ဖဝါးထက်သို့ ရွှေကရားထဲမှ ရေသွန်းလောင်းနေပုံ ၊ အလှူရှင် ဝေဿန္တရယမင်းကြီးက ၀တ်ဖြူရောင်ပိတ်သားထက်တွင် ယောဂီတဘက်ကို ပုခုံးထက်တင်ကာ မတ်တပ်ရပ်လျက် ၊ အလှူခံပုဏ္ဏားတို့က မြေ၌ ဒူးထောက်ကာ လက်ဖြန့်လျက် ၊ ဆင်ဖြူတော် ပစ္စယက အနောက်တွင် ငြိမ်သက်စွာ ၀ပ်စင်းလျက် ၊ အလှူပေးသူ အလှူခံသူ နှစ်ဦးစလုံးက ရွှေကရားထက်မှ ရေများကို ပီတိဖြင့် ကြည့်လျက် ၊ လှူဖွယ်ပစ္စည်းပေါ်ထက် အလှူရှင် အလှူခံတို့သည် ဒါနနှင့် တူသော သဘောရှိသည့် ရေ၏ကြည်လင်ခြင်း ၊ အေးမြခြင်း ၊ ထို့အတူ လောင်းပြီးသားရေကို ပြန်ပြီး ကောက်ယူမရနိုင်ခြင်း ဆိုသည့် လက္ခဏာ ၃ ရပ်တွင် ငြိမ်းချမ်းသက်၀င်နေသည်မှာ အလွန်ကြည်နူးစဖွယ်ကောင်းလှပါသည်။

(၁၄)

လောက၌ အကြောင်းသင့်သလို ဆုံဆည်းခြင်း ကွဲကွာခြင်းစသည့် နှီးနွှယ်ရာအကြောင်းများကို ရေစက်ကြောင့်ဟု ကျွန်တော်ဆိုခဲ့ပါသည်။ လူတစ်ဦးချင်းစီအတွက် ရေစက်ဟူသည် သူ့ အဓိပ္ပာယ်နှင့် သူ ရှိပေမည်။ သို့သော် ဗုဒ္ဓဘာသာသဘောအရ ရေစက်ရှိခြင်းဆိုသည်မှာ ဆိုးခြင်းကောင်းခြင်း လောကဓံ၌ အတူတူ တေ်ွ့ကြုံပတ်သတ်ကြရသည့် ကာလများအတွင်း ကောင်းသောအရာများကို ထပ်တူပြုမျှဝေကာ နောင်အခါ အတူရှိနေကြပါစေကြောင်း ဖွင့်ဟချက်တစ်ခု ၊ ကတိကဝတ်တစ်ခုသာ ဖြစ်ပေသည်။

အခြားတစ်ဖက်မှ ကြည့်ပါလျင် ရေစက်ကုန်ခြင်းသည် နောက်ထပ်အတူ မရှိနိုင်တော့ခြင်း ဖြစ်သလို နောက်ထပ်အသစ်တစ်ခု ထပ်ဖြစ်ခြင်း ပင်ဖြစ်ပါသည်။ကွယ်လွန်သူအမေရိကန်သမ္မတကြီး ဂျွန် အက်ဖ် ကနေဒီ၏ သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲ၌ ကမ္ဘာကျော်ကဗျာဆရာကြီး ရောဘတ်ဖရော့်စ်က အပြီးအပြတ်လက်ဆောင် (The Gift Outright) အမည်ရသည့် ကဗျာကြီးဖြင့် ရွတ်ဆို ဂုဏ်ပြုခဲ့ပါသည်။

ရေစက်ချခြင်းသည် မိမိ၌ ရှိထားသည့်တစ်စုံတစ်ရာအား တစ်ဦးတစ်ယောက်ထံ လက်ဆောင်တစ်ခုလို အပြီးတိုင်ပေးအပ်လိုက်ခြင်းပင် ဖြစ်သည်။ရေစက်ရှိခြင်းဟူသည် မိမိ၌ ရှိထားသည့် လက်ဆောင်တစ်ခုလို တစ်စုံတစ်ရာဟု လက်ခံမည်ဆိုပါက ကျွန်တော်တို့နှင့် ထိတွေ့ဆက်ဆံပတ်သတ်သမျှ လူတိုင်းသည် ကျွန်တော်တို့၏ ဖြည်မကြည့်ထားသော လက်ဆောင်များနှင့် တူပါလိမ့်မည်။

လူတစ်ယောက်ချင်းစီတွင် ဖြည်မကြည့်ရသေးသော လက်ဆောင်ကိုယ်စီရှိပါသည်။ ထိုအရာသည် သူနှင့် ဆက်ဆံထိတွေ့နေသည့် သူ့ပတ်၀န်းကျင်မှ လူများပင်ဖြစ်သည်။

ကျွန်တော်တို့သည် ထိုရေစက်ဟူသည့် လက်ဆောင်များကို အချင်းချင်းလဲလှယ်နေကြခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး လူမှုကွန်ယက်ကြီးကို ယက်လုပ်ကာ ဘ၀ဆိုသည့် အထည်ဆန်းအကွက်ဆန်းများကို ဖော်ဆောင် ဖန်တီးနေကြခြင်းပင် ဖြစ်သည်။ သို့ဖြစ်ရာ ကျွန်တော်တို့နေ့စဉ်နှင့်အမျှ လဲလှယ်နေကြသည့် ထိုလက်ဆောင်များထဲ၌ မည်သည့်အရာများ ထည့်ပေးလိုက်ကြမည်နည်း။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့သည် ကိုယ်ပေးခဲ့သည့် လက်ဆောင်များကို ကိုယ်ပြန်ရနေကြသူများ ဖြစ်ကြသည်။ ။