တတိယကမ္ဘာအတွင်း ချောင်းကြည့်ခြင်း

တတိယကမ္ဘာအတွင်း ချောင်းကြည့်ခြင်း

အပိုင်း ၁ ဆင်းရဲခြင်းအကြောင်းရင်းများ


(၁) ရက်စက်တဲ့နေ - အပူပိုင်းဒေသတို့ရဲ့ ကျိန်စာ

ငါတို့က အပူပိုင်းဒေသရဲ့ ရက်စက်မှုနဲ့ နေရတာ။ နေနိုင်ရုံ ခဏလေးတိုင်းအတွက် အဖိုးအခ မတန်မဆပေးရပေါ့။ ” - ရာဘင်ဒရာနက် တဂိုး

 

            လေးလကြာတဲ့တိုင် နိုင်ဂျီးရီးယား အစ်ဖီကွင်းပြင်တွေမှာ မိုးတစ်စက်မှ ကျမလာသေး။ ပူပြင်းတဲ့ ဟာမက်တန် လေထုဟာ ဆာဟာရက ဖုန်လုံးတိမ်တိုက်တွေသာ သယ်လာတော့တယ်။ အခုတော့ မိုးအလှည့် ပြန်ရောက်လာပြီ။ အနီနဲ့ ခရမ်းရောင်တွေ လွှမ်းနေတဲ့ ဧရာမ တိမ်ထုကြီးက ဟိုးအထက် ၃ မိုင်လောက်မှာ ။ တိမ်တွေထဲမှာ လျှပ်စစ်မိုးကြိုးတွေက နီယွန်မီးတွေလို တဝင်းဝင်း တလက်လက်။ ဟိုးအောက်ဘက်မှာဆို ဒေါင်းမွေးတောင် ခေါင်းဆောင်းနဲ့ အမျိုးသမီးတွေ ၊ အာဖရိကရိုးရာ ဒါရှီကစ်ဝတ်စုံဝတ်အမျိုးသားတွေဟာ အနက်ရောင်အသားအရည်ကနေ အနီရောင်သမ်းသွားပေါ့။ မိုးတောင်ညိုကမ်းပါးရဲ့အောက်မှာတော့ ဒီမြင်ကွင်းဟာ ငရဲတံခါးဝလိုမျိုးပေါ့။ လေညင်းလေး သာသာတိုက်လာတယ်။ အုန်းပင်ထိပ်ဖျားတွေက ဆံပင်တွေလို ခါချလိုက်ပြီ။ အရွက်ခြောက်တချို့ ကြွေကျပြီး လေနဲ့အတူ ပါသွားပေါ့။

            ကောင်းကင်ဟာ အခုဆို အနက်ရောင်အမိုးခုံးတစ်ခုလို ဖြစ်သွားပြီ။ အဲ့ဒီနောက်မှာတော့ မုန်တိုင်း ရောက်လာပါပြီ။ မိုးရွာချလိုက်ပုံက ကောင်းကင်နဲ့မြေကြီးကို ရေတံလျောက် သွယ်လိုက်သလိုမျိုး တဟုန်းထိုး ကျဆင်းလာပေါ့။ မိုးက မြေပြင်နဲ့ တောအုပ်တွေပေါ် သည်းသည်းထန်ထန် ရွာနေပြီ။ လျှပ်စီးတွေကလည်း မြေပြင်ကို တခြိမ်းခြိမ်း ပစ်ခွင်းနေပြီလေ။ တချို့အပင်တွေဆို မိုးကြိုးထိပြီး ပြတ်ကျကုန်သွားတယ်။ လူတိုင်းက မိုးလွတ်ရာ ပြေးသွားကြတယ်။ ယောင်္ကျားတွေဆို အပေါ်အင်္ကျီကို ခေါင်းမြီးခြုံ ပြေးကြတာကြောင့် ကျောပြောင်ကြီး ဖြစ်ကုန်တယ်။ ကလေးတွေလည်း ငှက်ပျောရွက်ဖားဖားကြီးတွေအောက်မှာ မိုးခိုနေကြတယ်။

            ဒါက မြင်တွေ့နေကျ အပူပိုင်းရဲ့ ရာသီဥတုပါ။ အမြဲပုံမှန်ထက် လွန်ကဲတတ်တဲ့ ရာသီဥတုပေါ့။ မိုးကြီးရင် ကြီးမယ်။ မိုးခေါင်ရင်လည်း ခေါင်မယ်။ သိပ်ပူချင်ရင်လည်း ပူမယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ တွေ့ရတတ်တဲ့ ဒီလိုမျိုး ရက်စက်တဲ့ ဖြစ်ရပ်တွေကပဲ ဆင်းရဲခြင်းရဲ့ အရင်းခံအကြောင်းရင်းတွေလို့ ဆိုကြတာပေါ့။ ကျွန်တော်တို့ ရုပ်ဝတ္ထုခေတ်ကြီးထဲမှာ ဒါက ထူးဆန်းတဲ့ လစ်ဟာချက်တစ်ခု ဖြစ်နေပါတယ်။ ဒါက ကြွယ်ဝချမ်းသာမှုကို လူတွေရဲ့ အားထုတ်မှုနဲ့ပဲ ဖန်တီးနိုင်တယ်ဆိုတဲ့ အရိုးစွဲပြီးသား အကောင်းမြင်မှုဆိုင်ရာ အယူအဆနဲ့ ဆန့်ကျင်နေပါတယ်။

            ကဲ မြေပုံလေး နည်းနည်း ကြည့်ရအောင်။ တကယ်လို့ တစ်နှစ်တာ အပူချိန် ၊ မိုးရွာသွန်းမှု ၊ မြေဆီလွှာအနေအထားနဲ့ စိုက်ပျိုးမြေတွေအကြောင်းပါတဲ့ မြေပုံကောင်းကောင်းတစ်ခု ကြည့်ကြည့်မယ်ဆိုရင် စပ်စုချင်စရာတချို့ကို သင်တွေ့ရမှာပါ။ အကြမ်းသဘောပြောရရင် ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ပြဿနာဆိုတာ အီကွေတာရဲ့ တောင်ဘက်နဲ့ မြောက်ဘက် ၃၀ ဒီဂရီကြားက အပူပိုင်းဒေသတွေမှာပဲ ကွက်ကွက်ကလေး ဖြစ်နေတာ တွေ့ရဖို့ ရှိပါတယ်။ 

            အခုက မိုးရွာသွန်းမှု မြေပုံကို ကြည့်မှာပါ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေဆိုတာ မိုးရွာတာရော မိုးခေါင်တာပါ ဖြစ်သင့်တာ ရသင့်တာထက် ပိုများနေပါတယ်။ အကြမ်းဖျဉ်း ကောက်ချက်ဆွဲကြည့်ပါဦးမယ်။ ကြည့်လိုက်ရင် မြေပုံပေါ်မှာ နက်ပြာနဲ့ ခရမ်းကွက်ပဲ တွေ့ရမှာပါ။ တစ်နှစ်မိုးရေချိန် ၁၀၀၀ မီလီမီတာအထက် ရှိတဲ့ နေရာတွေနဲ့ မီလီမီတာ ၂၅၀ အောက် ခရမ်းရောင် အပိုင်းတွေပဲ ပြနေပါတယ်။ အဆင်းရဲဆုံး နိုင်ငံတွေဆိုတာ မိုးအသည်းဆုံးဖြစ်ရင်ဖြစ် မဟုတ်လည်း မိုးအခေါင်ဆုံးဒေသတွေ ဖြစ်ရင် ဖြစ်နေပါမယ်။ ဒါမျိုးက တစ်နှစ်လုံး အချိန်မရွေးဖြစ်နေတာပါ။

            ဒီထဲမှာ အကိုက်ညီဆုံးဖြစ်နေတဲ့ကိစ္စက အပူချိန်ပါပဲ။ ဖွံဖြိုးဆဲ နိုင်ငံငယ်လေးတွေအားလုံးဟာ ပျမ်းမျှ နှစ်စဉ်အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်ကျော်တဲ့ အနီရောင်ဇုန်ထဲ ရောက်နေတာပါ။ အနီရောင်ဇုန်အပြင်ဘက် နိုင်ငံတွေထဲမှာဆို တူရကီ ၊ အာဂျင်တီးနား ၊ ချီလီ ၊ တောင်အာဖရိက ၊ တောင်ကိုရီးယားတို့ ရှိပြီး ဒီနိုင်ငံတွေက တစ်ပိုင်းဖွံဖြိုးပြီးနိုင်ငံတွေလည်း ဖြစ်ပါတယ်။ မျဉ်းအတွင်းက ချမ်းသာတဲ့နိုင်ငံတွေက လောင်စာဆီ နဲ့ ဖြစ်ဖြစ် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေ ထုနဲ့ဒေးရထားလို့ ဖြစ်ဖြစ် ချမ်းသာကြတာပါ။ အမေရိကနဲ့ ဩစတြေးလျက ကန္တရမြေတချို့က လွဲရင် ချမ်းသာဖွံ့ဖြိုးတဲ့နိုင်ငံတွေက ဒီအန္တရာယ်ဇုန်ပြင်ပမှာပဲ ရှိကြပါတယ်။ မြေပုံကို တစ်ချက်ကြည့်ပြီး နှစ်စဉ်အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်နဲ့ အထက်ဆိုတာ သီအိုရီအရ ဖွံ့ဖြိုးမှုနောက်ကျစေတဲ့ အကြောင်းရင်းတစ်ခုဆိုတဲ့ သီအိုရီကို ကျောင်းသားလေးအနေနဲ့ ပြောလာရင် ခွင့်လွှတ်စရာရှိပါတယ်။ သူတွေ့တာလေး နည်းနည်းနဲ့ အခုလို သူပြောတာ အမှန်နဲ့ သိပ်များ ကွာနေသလား။ အပူချိန်နဲ့ မိုးရွာသွန်းမှုက ဖွံ့ဖြိုးမှုနိမ့်ကျတဲ့နေရာကို အံ့ဩလောက်အောင် ပုံဖော်နေတယ် ဆိုတာ တိုက်ဆိုင်မှုတစ်ခုပဲလား။

            ဒီမေးခွန်းကို ဖြေဖို့ ကမ္ဘာအနှံ့က ရာသီဥတုပုံစံ သက်ရောက်မှုနဲ့ အကြောင်းရင်းတွေကို ပြန်ကြည့်ဖို့ လိုပါတယ်။ အကျိုးဆက်အနေနဲ့ နက္ခတ်စဉ်တွေက တတိယကမ္ဘာအတွက် စီးပွားရေးဖြစ်စဉ်လိုမျိုး မမျှတပါဘူး။ အကျဉ်းပြောရရင် သမပိုင်းတွေ ပိုပူတာက ကမ္ဘာကြီး လုံးဝန်းလို့ပါ။ ကမ္ဘာ့မျက်နှာပြင်က အခုံးကွေးဖြစ်လို့ နေကလာတဲ့ ရောင်စဉ်တွေက ဝင်ရိုးစွန်းတွေထက် ပိုပြီး ထိတွေ့မှုရှိပါတယ်။ စွမ်းအင်ချင်းအတူတူ ပိုထူတဲ့ လေထုအလွှာကို ဖြတ်ပြီး သမပိုင်းမှာထက် ပိုကျယ်တဲ့ ဧရိယာကို ဖြန့်ကြက်ရပါတယ်။ ဒီတော့ မြေပြင်အပူတက်တာ နည်းပါတယ်။ ကျောင်းက ကမ္ဘာမြေအကြောင်း သင်ခန်းစာတွေကို မှတ်မိကြမှာပါ။ ကမ္ဘာ့ဝင်ရိုးက ၂၃ ၁/၂ နဲ့ ထောင်လိုက် လည်ပတ်နေတာပါ။ ဒီတော့ ကမ္ဘာက နေကို စက်ဝိုင်းပုံပတ်ချိန်မှာ ပထမ Cancer သမပိုင်း နောက် Capricorn သမပိုင်း ဆိုပြီး ထောင်လိုက်ရောင်စဉ်တန်းတွေ လက်ခံပါတယ်။ ဒီလိုဆို နေနဲ့ စတုရန်းကျ ဖြစ်နေရင် အပူပြဿနာက ပိုပြီး ကျယ်ပြန့်သွားပါလိမ့်မယ်။

            ကမ္ဘာကတော့ သူ့ဟာသူ ရောင်စဉ်ဟန်ချက်ထိန်းညှိမှု လုပ်ပါတယ်။ ဆိုလိုတာက ကမ္ဘာဟာ ရနိုင်သလောက် နေစွမ်းအင်ကို နေရာလွတ်တွေဆီ ပြန်ဖြန့်ပါတယ်။ မဟုတ်ရင် အပူချိန်က မခံစားနိုင်အောင် ပူနေမှာပါ။ ဒါပေမယ့်လည်း ကမ္ဘာ့အစိတ်အပိုင်းတွေမှာ ဒီလိုဟန်ချက် ထိန်းမထားနိုင်ပါဘူး။ တောင်နဲ့မြောက် ၃၇ ဒီဂရီ လတ္တီကျူ့ဒ်အကြားက အပူပိုင်းဧရိယာတွေဟာ သူတို့ ရောင်ပြန်ဖြန့်နိုင်တာထက် စွမ်းအင်ပိုစုပ်ရလို့ ရောင်စဉ်ပိုလျှံမှု ရှိပါတယ်။ တခြားနေရာတွေမှာ ရောင်စဉ်ဖြာထွက်မှု လျော့ပါတယ်။ ဒါကို အဆင်ပြေစေဖို့ အပူပိုင်းမှာ ပိုလျှံအပူတွေကို သမပိုင်းဇုန်တွေဆီ ပြန်ပို့ပါတယ်။ ဒီဟန်ချက်ကို ဘယ်လိုယူလဲဆိုရင် အပူပိုင်းနိုင်ငံတွေကို အရက်အစက်မဲ့ နှိပ်စက်နေတဲ့ နေကနေ မောင်းနှင်တဲ့ လေနဲ့ မိုးဆိုတဲ့ ကမ္ဘာ့ရာသီဥတုယန္တရားနဲ့ အလုပ်လုပ်တာပါ။ ဒီနည်းနဲ့ ကမ္ဘာပေါ်က အပူလွန်ကဲတဲ့နေရာကို လူနေလို့ရအောင် အပူကူးပြောင်းမှု လုပ်ပေးပါတယ်။

            ဒါပေမယ့်လည်း နေအပူအောက် လူ့အဖြစ်ကို ကြံ့ကြံ့ခံထားရတဲ့ ဆင်းရဲတဲ့နိုင်ငံတွေ ပြန်ရတဲ့ အဖိုးအခကလည်း အတော်များပါတယ်။ ပူနွေးမှုက ဓါတုဓါတ်ပြုမှုတွေအပြင် ဇီဝစက်ကွင်းကိုလည်း ပိုမြန်ဆန် စေပါတယ်။ ဒီတော့ စွတ်စိုတဲ့ အပူပိုင်း ဂေဟစနစ်ဖွဲ့စည်းမှုက သက်ရှိပုံစံ စုံလင်ကြွယ်ဝပါတယ်။ ထောင်နဲ့ ချီတဲ့ အပင်မျိုးစိတ်တွေ ဖူးပွင့်လာတယ်။  တွားသွားတိရစ္ဆာန်တွေ ၊ သစ်ခွ ၊ လိုင်ယာနာနွယ်ပင်တွေ နဲ့ ဘရိုမီလစ်တွေ ပေါက်ရောက်ကြတယ်။ ဂေစစနစ်ကို ထိန်းညှိပေးတဲ့ urn ပင်တွေ ရှိတဲ့ ဒီနေရာက မိုးရေကနေ ကိုယ်ပိုင်ရေကို စုဆောင်းကြပါတယ်။ ကျွန်တော့်ဧည့်ခန်းထောင့်မှာရှိနေတဲ့ ဖြည်းဖြည်းချင်း ရိနွမ်းပြီး  ကျုံလှီနေတဲ့ monstera deliciosa ပင်က သိရိလင်္ကာတောအုပ်စပ်တွေမှာဆို ၂ ပေလောက် အရွက်တွေနဲ့ အပြိုင်းအရိုင်း ပေါက်ကြပါတယ်။ နိုင်ဂျီးရီးယားက ရုက္ခဗေဒသမားမိတ်ဆွေတစ်ယောက်ကဆို ဗြိတိန်တစ်နိုင်ငံလုံးမှာ တွေ့ရတာထက် ပိုများတဲ့ အပင်မျိုးစိတ်တွေကို စတုရန်းတစ်မိုင်ပတ်လည် တောအုပ်တစ်ခုထဲမှာ တွေ့ရတာကို ကြည်နူးပြီး ပျော်နေပါတယ်။

            ဒီလို ဖြစ်ထွန်းမှုကို ကြည့်ပြီး မြေဆီဩဇာ တော်တော်ကောင်းမှာပဲလို့ ထင်ကြလိမ့်မယ်။ တကယ်တော့ မဟုတ်ပါဘူး။ အပူက သီးနှံအထွက်တိုးစေပါတယ်။ အပူပိုင်းသစ်တောမှာ ရွာတဲ့မိုးက သမပိုင်းသစ်တောမှာလို သစ်ရွက်တွေရဲ့ အလေးချိန်ထက် ၃ ဆ ပိုများပါတယ်။ ဒါပေမယ့် အပူက အပင်ကို ဖြိုခွဲတဲ့ ဘက်တီးရီးယား ပေါက်ပွားမှုကိုလည်း ပိုမြန်စေပါတယ်။ ဒီနေရာမှာ အပူချိန် ၂၀ ဒီဂရီစင်ဂရိတ်က အရေးပါတယ်။ အဲ့ဒီအပူချိန်အထိက မြေဆွေးဖွဲ့စည်းမှုနှုန်းမြန်လာမယ်။ အပင်အတွက် အာဟာရဖြစ်မယ့် မြေဆီကြွယ်ဝပြီး အစိုဓါတ်ကောင်းကောင်း ထိန်းထားနိုင်မယ်။ ၂၀ ဒီဂရီစင်တီဂရိတ်က အထက်ဆို ဘက်တီးရီးယားတွေက အပင်သေတွေကို ဖြိုခွဲဖို့ ပိုမြန်မြန်ဆန်ဆန် အလုပ်စလုပ်ရပါပြီ။ ၂၅ ဒီဂရီစင်တီဂရိတ်နဲ့ အထက်ဆို မြေဆွေးက သူဖွဲ့စည်းတာထက် ပိုမြန်မြန် ပြိုကွဲပါတယ်။ အပူပိုင်းမိုးသစ်တောက ဒီပြဿနာကို တစ်ဖက်လှည့်နဲ့ ဖြေရှင်းပါတယ်။ သစ်ပင်ထိပ်ဖျားပိုင်းက အောက်က မြေကို အရိပ်ပြန်မိုးပြီး အပူချိန်ကို ၂၅ ဒီဂရီအောက် ရောက်အောင် ထိန်းပါတယ်။ မြေဆွေးက ဩဇာသိပ်မကြွယ်ဝဘဲ အပေါ်ယံ မြေလွှာရှပ်ရှပ်လေးမှာပဲ မြေဆီဩဇာ ဖွဲ့တည်နေပါတယ်။ ဒါပေမယ့်လည်း အပေါ်က ဆက်တိုက်ကျကျလာနေတဲ့ သစ်ရွက်တွေက မြေဆီကို အသစ်အသစ် ပြန်ဖြစ်စေပါတယ်။ ဒီတော့ သစ်ပင်တွေက အမြစ်တိမ်ကြပြီး အပေါ်ယံ မြေဆီကိုပဲ စားသုံးကြပါတယ်။ ပိုကြီးတဲ့ အပင်တွေကတော့ ကာသီဒရယ်ရှေးဘုရားကျောင်းတွေလို မားမားမတ်မတ် ထောက်တည်နိုင်ကြပါတယ်။


            ဒီလို မူရင်းမိုးသစ်တောတွေထဲမှာတော့ ရှေးဦးကလို အမဲလိုက်တာနဲ့ ရှာဖွေစားတာနဲ့ပဲ အသက်ရှင် ရပ်တည်နိုင်မှာပါ။ စိုက်ပျိုးရေးလုပ်ငန်းတွေ စတင်ချိန် သစ်တောကို ရှင်းလိုက်ရလို့ အရိပ်တွေ ပျောက်ပြီး အပူချိန် ပိုတက်လာတော့ သစ်ရွက်သေတွေကို မြေဆီအသွင်ပြောင်းနှုန်း ကျသွားပါတယ်။ မြေဆီလွှာပေါ်က မြေဆွေးတွေ ပျောက်ကွယ်လာပါတယ်။ အပင်က စုပ်ယူစားသုံးနိုင်တဲ့ အာဟာရပမာဏ ကျဆင်းလာတာနဲ့အတူ မြေဆီလွှာဖွဲ့စည်းပုံ ယိုယွင်းလာပြီး အစိုဓါတ်ထိန်းနိုင်စွမ်းလည်း ဆုံးရှုံးသွားပါတယ်။ စိုစွတ်အပူပိုင်းရပ်ဝန်းအပြင်ဘက် မိုးခေါင်‌မိုးနည်းဒေသတွေမှာ ဒီအခြေအနေတွေ တစ်နည်းနည်းနဲ့ ပျံနှံပါတယ်။ နောက်ဖေးအသီးအရွက်ခင်းတစ်ခု ပိုင်တဲ့ဘယ်သူမဆို ဒါမျိုးအခြေအနေကနေ ဘယ်လိုရလဒ် ထွက်လာမယ်ဆိုတာ စဉ်းစားကြည့်လို့ ရပါတယ်။

            ဇီဝလုပ်ဆောင်ချက်အပေါ် အပူချိန်တိုးပွားတဲ့ သက်ရောက်မှုက နောက်ထပ် ဘေးဆိုးတစ်ခုကို ဦးတည်လာစေပါတယ်။ လူကို အန္တရာယ်ဖြစ်စေတဲ့ သက်ရှိပုံစံတွေ ပေါက်ဖွားလာခြင်းပါ။ ၁၈ ရာစုနှစ်က အိန္ဒိယကို ရောက်လာတဲ့ ပြင်သစ်ခရီးသွား အက်ဘဲ ဒူဘွိုင့်စ်က “ဒီနေရာမှာ ယားယံစေပြီး ဖျက်လိုဖျက်ဆီးလုပ်တတ်တဲ့ ရွံစရာအင်းဆက်မျိုးစုံက အပုံလိုက်ပဲ။ အံ့ဩဖို့ရော ရီချင်စရာလည်း ကောင်းတဲ့ ပုံစံနဲ့ ဆတက်တပိုး တိုးနေတာ” လို့ မနှစ်မြို့စွာနဲ့ မှတ်ချက်ချခဲ့ပါတယ်။ ခြင် ၊ စီစီယင်တွေ ၊ ယင်မဲရိုင်းကြီးတွေ ၊ ဖြုတ်တွေ ပေါက်ပွားကြပြီး ဒီအင်းဆက်တွေနဲ့အတူ သယ်လာတဲ့ သန်းနဲ့ချီတဲ့ ကပ်ပါးပိုးတွေ ၊ အနုဇီဝပိုးမွှားနဲ့ မှိုရောတွေက လူကို သေစေတဲ့အထိ ဖြစ်စေသလို အပင်တွေ ညှိုးခြောက်နွမ်းရိအောင် လုပ်ပါတယ်။ နောက်ပြီး အခင်းထဲက အသီးအနှံတွေ ဖျက်ဆီးတာ ရိက္ခာဂိုထောင်တွေထဲ တိတ်ဆိတ်ဝင်ရောက် စားသောက်တာတွေ လုပ်နိုင်ပါတယ်။ နိုင်ဂျီးရီးယားက ကျနော့်မီးဖိုဆောင် ကြောင်အိမ်ထဲမှာဆို အထုတ်ကလေး အိတ်ကလေးတိုင်းမှာ မတူတဲ့ အင်းဆက်တစ်မျိုးစီ နေနေတာ တွေ့ဖူးတယ်။ ဒါကို ကြည့်ရင် နိုင်ဂျီးရီးယားက လယ်သမားတစ်ယောက် ကောက်ပဲသီးနှံ ဆုံးရှုံးစရာ ပိုများဖို့ပဲ ရှိတယ်။ ကောက်နှံမဆုံးရှုံးရအောင် တခြား မျှတတဲ့ ရာသီဥတုက လယ်သမားတွေထက် ပိုးသတ်ဆေးတွေ ပိုသုံးရပါတယ်။

            အပူချိန်က အလုပ်သမားတစ်ယောက်ရဲ့ ထုတ်လုပ်နိုင်စွမ်းကိုလည်း တိုက်ရိုက်သက်ရောက်နိုင်တယ်။ အလုပ်လုပ်ချိန် အပူချိန်မြင့်တက်ပြီး ခန္ဓာကိုယ်က အလုပ်ကောင်းကောင်းဆက်လုပ်နိုင်ဖို့ ပိုလျှံအပူတွေ ဆုံးရှုံးရပါတယ်။ ဥရောပနဲ့ အမေရိကန်က လေ့လာမှုတွေအရ ကာယလုပ်သားတွေရဲ့ ထုတ်လုပ်နိုင်စွမ်းက ပုံမှန် အပူပိုင်းတွေလို ၃၅ ဒီဂရီစင်တီဂရိတ်ဝန်းကျင် တက်လာတဲ့အချိန်မှာ လုပ်အားထက်ဝက်အထိ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ နိုင်ဂျီးရီးယားက ကန်ထရိုက်တာတွေဟာ သူတို့လုပ်သားတွေအနေနဲ့ ဥရောပကလို လုပ်ခလစာနဲ့ အလုပ်ရဖို့ ဘယ်လောက်ခက်ကြောင်း ပြောကြတာ ရှိတယ်။ တကယ်က သူတို့က အလုပ်သမားတွေကို တစ်နေလည်လုံး အလုပ်ခိုင်းထားတာလည်း သတိချပ်ရမှာပါ။ နေ့လည်နေပြင်းချိန်ဆိုတာ ခွေးရူးနဲ့ အင်္ဂလိပ်တွေပဲ အပြင်ထွက်ကြတာပါ။

            ဖြစ်လိုက်တဲ့ ရောဂါတွေကလည်း အာဟာရချို့တဲ့လို့ အလုပ်မလုပ်နိုင်တာရဲ့ သုံးပုံတစ်ပုံလောက် ရှိကြတယ်။ မွတ်ငတ်ခြင်းဟာ ဆင်းရဲခြင်းရဲ့ အထိကရ လက္ခဏာတစ်ရပ်ဆိုပေမယ့် အပူပိုင်းမြေဆီလွှာက ဘာမှမတတ်နိုင်ပါ။ မြေဆီတွေမှာ မကြာခဏဆိုသလို နိုက်ထရိုဂျင်ဓါတ် နည်းပါးကြတယ်။ ဒီတော့လည်း သဘာဝပရိုတိန်းပြည့် အပင်တွေ နဲ့ တိရစ္ဆာန်အစာ ပဲမျိုးတွေ ကြဲဖို့ အခြေအနေမကောင်းဘူးပေါ့။ ဒီနည်းနဲ့ မြေဆီလွှာကလည်း ပရိုတိန်းငတ်လာတယ်။ ဒီလို တိုက်ရိုက်ရော သွယ်ဝိုက်ဖြစ်နေတဲ့ အခြေအနေတွေကို တွက်ဆကြည့်ရင် အပူဒဏ် ၊ ရောဂါနဲ့ ငတ်မွတ်ခြင်းတွေ ပေါင်းပြီးဖြစ်တဲ့ သက်ရောက်မှုက လုပ်အား ထုတ်လုပ်နိုင်စွမ်းကို သုံးလပတ်သုံးခု (၉ လ)အထိ ကျဆင်းစေနိုင်တာ တွေ့ရပါတယ်။ တကယ်တော့ ဒီနေရာမှာ အာဟာရချို့တဲ့မှုနဲ့ ရောဂါဖြစ်စေတဲ့ တခြားအကြောင်းတွေလည်း ရှိသေးတယ်။ ဒါတွေကို နောက်မှ ကြည့်ကြပါမယ်။ အပူရှိန်အပိုင်း သွားရအောင်။