တောင်တစ်စင်းပေါ် မှာ

တောင်တစ်စင်းပေါ် မှာ

(၁)

ကလေးအရွယ်တုန်းက အဖေ ၊ အဖွား ၊ ဦးလေးတို့နဲ့အတူ ဒီနေရာရောက်ခဲ့ဖူးတယ်။ အဲဒီအချိန်က အဖေ့ ပုခုံးထက်ကနေ ဓါတ်ပုံရိုက်ခံရင်း အားပါးတရပြုံးနေခဲ့ပုံတွေ။ ဓါတ်ပုံဟောင်းတွေမှာ ကျနော့် ငယ်ဘဝကို ပြန်တွေ့ရလို့ပါ ။အခု မရယ်နိုင်တော့။ အသက်ကြီးလာလေ အပျော်စစ်နဲ့ဝေးကွာလေလားလို့ ငဖားတောင်ကို ကျနော် မေးနေမိပြီ။

(၂)

ဘုရားရှင်ရဲ့မျက်နှာတော်မှာ ထာဝရလင်းနေတဲ့ အပြုံးတစ်ခုရှိတယ်။ နူးညံ့စိမ့်ကြည်နေတဲ့ ဒီအပြုံးကို ရင်မဆိုင်ရဲ။ဒူးတုပ်ဝတ်ပြုဦးချရင်း မေတ္တာရိပ်မှာ ခပ်ကြာကြာ နေနေမိတယ်။

ဘုရားရုပ်ပွားတော်ကိန်းဝပ်စံပါယ်ရာ ကျောင်းဆောင်တော်ရဲ့အပြင် နေပူထဲမှာ ရေနည်းမြစ်တစ်စင်း သေမလိုငြိမ်သက်လို့။ပါးလျလျတောင်ပေါ်လေက နွေရာသီကို အဝေးဆီခေါ်ဆောင်သွားပြီ။ ကံ့ကော်ပန်းနံ့သင်းရာ ဆွမ်းဦးပုညရှင်စေတီတော်မှာ အသင်္ခယာစောယွန်းအတွက် သက်သေတည်စရာအဖြစ် သစ္စာပန်းတို့ဝေခဲ့သလို အမတ်ကြီးဦးပုညရဲ့ဒါန နဲ့ဇာတ်ပေါင်းခန်းလှတဲ့တောင်။ ဘူမိဗေဒအရ မြေသားကျောက်ခက်တို့ မြင့်မတ်စုပုံရာက ဖြစ်လာတဲ့ လွှာတွန့်တောင်။ အရပ်သားတွေက ဖားတစ်ကောင်ဝပ်စင်းသလို မြင်ရလို့' ငဖားတောင် 'လို့ခေါ်တဲ့တောင်။

( ၃)

ပညာရှင်တို့အဆိုအရ တောင်တွေဟာ အမြဲသက်ဝင်ကာ အရွေ့ဆန်တယ်လို့ ဆိုကြတယ်။ တစ်နှစ်ထက်တစ်နှစ် မြေဆီမြင့်တက်လာတတ်သလို ကျောက်ချပ်ကြီးတွေ အချင်းချင်း ဖိကြိတ်တိုက်ပွတ်တတ်ခြင်းအပြင် ကမ္ဘာမြေဆွဲအား အပြောင်းအလဲမတွေကြောင့် တောင်တွေ အရှင်သဘောဆန်ကြခြင်းလို့ ဆိုလိုတာပါ။ 

အိုင်းစတိုင်းရဲ့နှိုင်းရသီအိုရီ( Theory Of Relativity) အရ တစ်စုံတစ်ခုရဲ့အနေအထားများ စံနှုန်းများကို သတ်မှတ်ရာမှာ အသေသဘော လက်ခံမထားပါဘူး။ တစ်စုံတစ်ယောက်  တစ်စုံတစ်ခု ဒါမှမဟုတ် တစ်နေရာရာမှာကို အမြင်တစ်ခုက ကြည့်ကြသည့်အခါ သူအပေါ်ယှဉ်ဘက်သုံးသပ်ရာကနေ သူ့သဘောကို ဆောင်နိုင်ပါတယ်။

ဥပမာဗျာ -တောင်တွေဟာ ရွေ့နေတယ် ။ သူ့ဦးတည်ရာနဲ့သူ။မြစ်တွေ စီးနေတယ်။သူ့လမ်းကြောင်းနဲ့သူ။ တံတိုင်းဆောက်သူနဲ့ရေတွင်းတူးသူ။ တောင်တက်သူနဲ့ တောင်ဆင်းသူ အနိမ့်အမြင့်အတူတူလို့ ထင်ပါသလား?  ကျနော်တို့ ဘယ်နေရာက မြင်သလဲ အရေးကြီးသလို ဘယ်လို မြင်လိုက်သလဲကလည်း အရေးပါနိုင်တာပါပဲ။ 

အခု ကျွန်တော်မြင်နေရတဲ့ တောင်ခြေက မြစ်လည်းစီးနေသလို မြစ်ထက်က တောင်လည်း စီးနေတာပါပဲလေ။လားရာမတူခြင်း တူခြင်း လမ်းကြောင်းမှန်ခြင်းမှားခြင်း ရိုးသားခြင်း ကောက်ကျစ်ခြင်းတို့မှာ သဘောတူပြီး ကွဲလွဲနေတာပါပဲ။ လမ်းကွဲ လာတူ Same Situation,Different Destination အနေအထားတွေက လူ့လောကကို ဉာဏ်စမ်းပေးတတ်တာပဲမလား။

တောင်တွေမှာ အဖြေမရှိပါ။ကိုယ်ကြုံရာ ကိုယ့်ဘဝ ကိုယ်စီကိုယ်စီ၌သာ ကိုယ့်ပြဿနာအတွက် ကိုယ်တာဝန်ယူအဖြေရှာရတတ်ပါသည်။ တစ်ခါတစ်ခါ လွဲမှားစွာ ခေါင်းမာတတ်မှုကြောင့် အခွင့်အရေးတို့လက်လွတ်ရခဲ့ဖူးပေမည်။အမှားတွေက မြစ်ရေလို လူမြင်သူမြင် စီးဆင်းနေပြီး ကိုယ့်အနက်ရှိုင်းဆုံးယုံကြည်မှုတွေသာ တောင်တွေလို ငြိမ်သက်တိတ်ဆိတ်စွာ ကိုယ့်ဆီမှာ ကျန်နေတတ်ပါသည်။ ငဖားတောင်ထက် ရပ်ပြီး တစ်ခါက ကလေးဘဝဆီမှ လွတ်လပ်ပေါ့ပါးစွာ ငြိမ်းအေးချမ်းသာစွာ ရယ်မောခဲ့တဲ့အသံများ ပြန်ကြားနေမိတတ်ပါသည်။

( ၄)

တောင်တွေသာ အသံဟောင်းတွေ ပြန်ပြီးအသံလွှင့်ပေးနိုင်မယ်ဆိုလျင် ' ငဖားတောင ်'မှ မဆင်းခင် ဆွမ်းဦးပုညရှင်စေတီတော်ကို နှုတ်ဆက်ကန်တော့မပြန်ခင် လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ကျွန်တော့်ရယ်သံတွေ ကျွန်တော် ပြန်ယူသွားချင်ပါတယ်။

ညနေ ၃ နာရီထိုးပြီ။ တောင်တွေဆီက ပဲ့တင်သံပြန်မလာပါ။ပြန်လိုချင်၍ မရတတ်သော သဘောကို နားလည်ရပါမယ်။တစ်ချို့သော ဆုံးရှုံးမှုများသည် ပြန်အစားထိုး၍ မရတတ်ပါ။ ပြန်မရတတ်တာကြောင့်ပဲ သက်ဆိုင်သူ သက်ဆိုင်ရာ အမှတ်တရများကို တန်ဖိုးထားတတ်ဖို့ သင်ယူနေရတာပါပဲလေ။ 

တောင်ပေါ်ကအဆင်းမှာ ရေစီးသေတော့မယ့် မြစ်တစ်စင်းကို တွေ့ရတယ်။ စိတ်ထဲမှာတေ့ ရှင်သန်စွာ နိုးထဆဲ တောင်တစ်စင်းရဲ့ရယ်သံကို ကြားရပါတယ်။ 

မြစ်ရေစီးတွေက တောင်များကို တရစပ် ပွတ်တိုက်သွားပေမယ့် တောင်များက အားပါးတရရယ်နေကြပါတယ်။

တနင်္ဂနွေတစ်နေ့၌ တောင်တစ်စင်းပေါ် နင်းဖြတ်ခဲ့ပုံပါ။


- ငြိမ်းဝေမင်း