ရွာမှာ ကိုရင်ဝတ်တုန်းက

“မင်းက ဘာလို့ ကိုရင်လာဝတ်ရတာတုန်း” လို့ ဣန္ဒက မေးတော့ ကျနော် ဘာပြောရမလဲ တန်းမသိဘူး။ ကြိုစဉ်းစားမထားတဲ့ မေးခွန်းတွေ မေးလာရင် အခုလိုပဲ ကျနော်တော့ ဆွံ့သွားတတ်တာပါပဲ။
ဖြေဖို့
အဆင်သင့် မဖြစ်သေးတော့ ဣန္ဒကကိုပဲ မင်းကရော ဆိုပြီး ပြန်မေးခွန်းထုတ်ရတယ်။ ဣန္ဒက က
သူ့အသစ်စက်စက်ခေါင်းတုံးလေး ပွတ်ပြီး ခပ်ဟဟ ရယ်တယ်။ ဒီကောင် ကတုံးပွတ်မှ
သူ့နောက်စေ့နား မကျတကျမှာ ပွေးကွက်လိုလို ဒက်ကွက်လိုလို တွေ့လို့ ကျနော့်မှာ ခပ်ရွံ့ရွံ့
ဖြစ်ရတယ်။ ကျနော်က အသန့်ကြိုက်တာကိုး။ အေးလေ အခုတော့ ကြိုက်ကြိုက် မကြိုက်ကြိုက်
ကိုယ်လှဲတဲ့အိပ်ရာ ကိုယ့်နေရာ ဖြစ်ဦးမပေါ့။
“ငါ့အိမ်က
အဆင်မပြေလို့ပေါ့ကွ။ အမေတို့ကလည်း ရွာထဲ မနေနိုင်ဘူးလေ။ နယ်ထွက်ပြီး
အလုပ်လုပ်ရမှာ။ ငါ့လည်း ကျောင်းမထားနိုင်မယ့်အတူတူ ဘုန်းကြီးကျောင်း လာပို့ထားလိုက်တာပဲ။
ငါ နည်းနည်း ကြီးရင်တော့ ခိုင်းစားဖို့ လူထွက်ရဦးမှာပေါ့”
ဣန္ဒက
ဖြေပုံက အေးအေးလူလူပဲ။ သူ့အဖြေကြားရမှ ဟ ဒီကောင့်ဘဝကမှ ဘာပြီးရင် ဘာလုပ်မယ်ဆိုတဲ့
အစီအစဉ်ဇယား ရှိသေးတာပလို့ တွေးမိတယ်။ တစ်ဆက်တည်း ငါကရောလို့လည်း စဉ်းစားမိတယ်။ ကျနော့်မှာတော့
ဣန္ဒကတို့လို ရှေ့ဆက်စီမံကိန်းတွေ မရှိဘူးရယ်။
“မင်း
ကိုရင်ဝတ်ဖြစ်တဲ့အကြောင်းလည်း ပြောဦးလေ”တဲ့။ ဣန္ဒကကလည်း ကျနော် ကိုရင်ဝတ်တာကို
အတော်စိတ်ဝင်စားပုံရတယ်။ အဲ့ဒီတော့လည်း ကျနော် ဘာလို့ ဘုန်းကြီးကျောင်း
ရောက်လာတာလဲဆိုတာကို သေချာ ပြန်နောက်ကြောင်းပြန်ရတယ်။ ကျနော့်အရွယ်နဲ့ မှီသလောက်
ပြန်စဉ်းစားကြည့်တော့ အိမ်က အဆင်မပြေလို့ ဒီကို ရောက်လာတာလည်း မဟုတ်ဘူးရယ်။ အဖေက
ဝင်ငွေရွှင်တဲ့ နယ်လှည့်ဆေးဆရာ နဲ့ မွေးမြူရေးသမား ၊ အမေက တစ်ဖက်တစ်လမ်းက
အတိုးအပွားပေးတဲ့အပြင် သီးနှံပင်ထောင် အရောင်းအဝယ်လေးလည်း လုပ်တာမို့ စီးပွားရေးက
အတော်တော့ အဆင်ပြေတယ်လို့ ဆိုရမှာပါ။ ပြောရရင် ရွာအနေအထားနဲ့ဆို စီးပွားရေးတောင့်တဲ့အထဲတောင် ပါသေး။ ဒါဆို
ဘာလို့ ကျနော် ဘုန်းကြီးကျောင်း ရောက်ရလဲဆို နိုင်ငံရေးမကောင်းလို့ပဲ ပြောရမယ်။
ခေတ်ကြီးပျက်တော့
ကျနော်မှ ၄ တန်း တက်နေတုန်းပဲ ရှိသေးတယ်။ ကျနော့်အဖေ ကော်မတီအတွင်းရေးမှူး လုပ်တဲ့
ရွာကျောင်းမှာပေါ့။ အဖေက ကျောင်းကော်မတီဝင်လည်း ဖြစ်သလို ရွာရေးရပ်ရေးမှာလည်း
ဦးဆောင်ဦးရွက် လုပ်ရတာ ဝါသနာပါတယ်။ ရွာထဲက သူတို့အရွယ်တန်းထဲမှာ
တက္ကသိုလ်တက်ဖူးတာကလည်း သူပဲ ရှိတော့ လမ်းဖောက် ၊ မီးသွယ် ၊
ကျောင်းတောင်းတာလိုမျိုး အထက်ကို တောင်းရတဲ့ကိစ္စမျိုးဆို သူပဲ ခေါင်းဆောင်ရတာ
များတယ်။ လူကလည်း ခပ်ထက်ထက်ကိုး။ ဒီတော့လည်း နိုင်ငံရေးဘက် တက်ကြွတာလည်း အဆန်းတော့
မဟုတ်ပါဘူး။ ပြောစရာရှိတာက အဖေကသာ ရဲရဲနီနေတာ အမေတို့ အသိုင်းအဝိုင်းက စိမ်းတာမှ
မှောင်လို့ ဆိုသလိုပဲ။ ကျနော်တို့က ဒါတွေ ဘယ်သိမလဲ။ အမေ့အမေဆိုတာလည်း
ကိုယ့်အဘွားကိုး။ အဖေက စည်းကမ်းကြီးတယ်။ လူနေတည်ပြီး စကားပြောရင်လည်း အလေးအနက်တွေ
ပြောတယ်။ အမေ့အမျိုးတွေနဲ့လည်း တစ်စက်မှ မတည့်။ အမေ့အမျိုးမဟုတ်တဲ့ တချို့တွေလည်း
အဖေ့ကို မကြည်ဘူးဆိုတာလောက်တော့ ကျနော်သိပါတယ်။
ကျနော်
ပြောသလို ခေတ်ပျက်တော့ စပြီး ဒုက္ခရောက်တာ အဖေပဲ။ အဖေ ကြားညှပ်သွားတယ် ပြောရမှာပါ။
စစ်တပ်ဘက်က အဖေ့ကို လိုက်ရှာနေသလို အဖေ့ယောက္ခမအသိုင်းအဝိုင်းကို ဒလန်ဆိုပြီး
ရှင်းချင်တဲ့ အရပ်ဘက်ကလည်း အဖေ့ကို အထင်လွဲနေတယ်။ အရပ်ဘက်က အဖေ့တူတစ်ယောက်
အဆွဲခံရတဲ့ကိစ္စမှာ အဖေ့စနက်ဆိုပြီး ချွန်လိုက်တဲ့ကိစ္စက အတော်ဆိုးသွားတယ်။
အရပ်ဘက်ဆိုတာကလည်း အဖွဲ့တွေက အများကြီး။ အဖေက ရပ်ရေးရွာရေးနဲ့အတူ
အရပ်ဘက်အဖွဲ့တွေကို ကူညီပံ့ပိုးတာတွေ ရှိခဲ့လေတော့ ထိပ်ပိုင်းတွေနဲ့
သိတယ်ဆိုပေမယ့် အခုဟာက နှစ်မြို့နယ် သုံးမြို့နယ်က နာမည်ပေါင်းစုံနဲ့ အဖွဲ့တွေ ..
လူတွေ။ အဖေလည်း အကုန်လုံး လိုက်မရှင်းနိုင်ဘူး ထင်ပါတယ်။ နောက်ပြီး အဖေ့ကို
မျက်မုန်းကျိုးလို့ ချိန်ကိုက်ပြီး အတို့အထောင် လုပ်တဲ့ ကိစ္စကလည်း
ရှင်းရခက်တဲ့ကိစ္စမျိုးပါ။
တစ်နေ့တော့
အဖေအိမ်မှာ ဝက်ဝယ်လာသူတွေနဲ့ စကားပြောပြီးလို့ ဝက်ဝယ်သူတွေ ပြန်သွားချိန်ပဲ
အရပ်ဘက်က လူတွေ အဖေ့အိမ်ဘက် ဦးတည်ရောက်လာခဲ့တယ်။ အဖေက ဒါကို အိမ်ထောင့် ဝက်ထားတဲ့
တင်းကုတ်လေးဘေး အပေါ့သွားရင်း လှမ်းမြင်ရတာ။ တင်းကုတ်က ၃ ပေခွဲသာသာ ပတ်လည်
ဘိလပ်အုတ်တွေ ပတ်ထားပြီး အမိုးဝဲဝဲ ချထားတာ။ ဘေးမှာလည်း လှည်းဘီးတွေထောင်ထားတော့
အဲ့ဒီနားက တော်ရုံကြည့်လို့ လူရှိမရှိ မသိနိုင်ဘူး။ အဖွဲ့လိုက် လက်နက်ကိုယ်စီနဲ့
လာတာဆိုကတည်းက အခြေအနေမဟန်မှန်းသိလို့ တင်းကုတ်ပုလေးဘေး ပြားပြားဝပ်နေလိုက်တာ။
အိမ်ထဲ ရောက်လာတဲ့ အဖွဲ့တွေက အမေနဲ့ သူ့အစ်မတို့ကို အဖေဘယ်သွားလဲ မေးတော့ အမေက
ကြောက်ကြောက်နဲ့ပဲ ဝက်ဝယ်တွေ လာလို့ ဝက်ခြံဘက် သွားပါတယ်လို့ ပြောပါတယ်။ တကယ်က
အဖွဲ့ထဲကလူတွေကလည်း အမေ့ကိုတောင် အဖေ့မိန်းမမှန်းမသိပါဘူး။ နောက်ပြီး သူတို့က
အဖေ့လည်း မြင်ဖူးပုံမရပါဘူး။ တိုင်တဲ့သူ ရှိလို့ လာဖမ်းတယ်ဆိုတဲ့ ပုံမျိုးပါ။
အဖွဲ့ထဲက တစ်ယောက်က စားပွဲပေါ် တင်ထားတဲ့ဖုန်းတွေ အကုန်သိမ်းပြီး အမေ့အစ်မကို လမ်းပြခေါ်သွားတယ်။
အဖေလည်း အဲ့ကတည်းက ရွာက ရှောင်နေလိုက်တာ။ ပြေးရင်းနဲ့ နယ်စပ်ရောက်သွားတဲ့အထိပါပဲ။
ဒါတွေကို ကျနော်တို့က နောက်မှ သိရတာ။ နောက်တော့ အမေလည်း ကျနော့်ကို အဘတို့လက်ထဲအပ်
သင်္ကန်းစည်းပေးခိုင်းပြီး အဖေနောက် လိုက်သွားတယ်။ အဖေနဲ့ အမေမရှိတော့ ရွာထဲက
ဝက်ခြံလည်း ပျက်သလို ဥယျာဉ်ကိုင်းခင်းတွေလည်း ဒီအတိုင်း ပစ်ထားခဲ့ရတယ်။ ဆောက်လုပ်စ
တိုက်ကြီးလည်း ငုံးတိတိကြီး ကျန်ခဲ့တာပေါ့။
ဣန္ဒကက
ကျုပ်ပြောတာ နားထောင်ပြီး “အော် ဒီလိုလား”တဲ့။ ပြီးတော့ ခေါင်းတငြိမ့်ငြိမ့်
လုပ်လိုက်သေးတယ်။ “ခေါင်းထဲက ဘာတွေ ထွက်လာမှာမို့ ဒီလောက် ငြိမ့်နေတာတုန်း ဣန္ဒကရ”
ဆိုတော့ ဣန္ဒက က ရယ်တယ်။ “ဟုတ်ပါဘူးကွာ။ မင်းအဖြစ်ကို စိတ်ဝင်စားလို့ပါ”တဲ့။
ဣန္ဒကနဲ့ ကျနော်က အတော်တွဲမိတယ်။ ဣန္ဒကက ကျနော့်ကို သူ့ထက် စာပိုတတ်လို့တဲ့။
လေးလည်း လေးစားတယ်။ ကျနော် ဂိမ်းဆော့နေပြီဆိုလည်း ဘေးကနေ ပြူးနေအောင် ငေးကြည့်တာ။
သူကြည့်လေ ကျနော်က ဂိမ်းအသုံးအနှုန်းတွေနဲ့ ပြောပြီး ဆော့လေပဲ။ တစ်ခါတစ်ခါ
ဂိမ်းဆော့ရင်း ဆဲမိသေး။ သင်္ကန်းပတ်ထားတာတောင် မေ့နေတာကိုး။ ကျနော်ကလည်း ဣန္ဒပြောတဲ့
သူ့အဖေနဲ့ တောထဲ သစ်ချဖောင်စီးလုပ်တာတွေ ၊ တောလည်ပျားဖွပ်ထွက်တာတွေဆို တော်တော် စိတ်ဝင်စားတာ။
ဣန္ဒက က ငါးဖမ်းလည်း အတော်တော်တဲ့ကိုရင်။ ဘုန်းကြီးမသိအောင် ကျနော်တို့ ကိုရင်တစ်သိုက်
နေ့လည်ဘက်တွေ ငါးခိုးဖမ်းတိုင်း ဣန္ဒက ပါရင် ငါးမရတဲ့နေ့လို့ မရှိ။ ရတဲ့ငါးတော့ ကျောင်းမယူရဲပါဘူး။
ချောင်းအတက်က ကိုဖိုးလုံတို့တဲကို ဝင်ဝင်ပေးခဲ့တာပါပဲ။ အပျော်ငါးဖမ်းတာပေါ့လေ။
ညဘက်ဆို
ကျနော်တို့ကိုရင်တွေ ကျောင်းကြီးအပေါ်ထပ် ကြမ်းပြင်ပေါ် တန်းစီ ကျိန်းကြတယ်။
နှစ်ထပ်ကျောင်းသစ်ကြီးက ဟီးလို့။ ကျောင်းပေါ်မှာ တောထွက်ကျောင်းထိုင်ကြီး နဲ့
အာဂန္တုဦးဇင်းတစ်ပါး နှစ်ပါးရယ် ကျနော်တို့ ကိုရင် ၄-၅ ပါးပဲ ရှိတယ်။ ကျောင်းကြီးက
ကြီးလွန်းပြီး လူက နည်းလွန်းတော့ တစ်ခါတစ်ခါ ခြောက်ခြားမိတယ်။ ကြမ်းပိုးကိုက်လို့
တရေးနိုးလာတဲ့ညတွေဆို ဖွင့်ထားတဲ့ ပြတင်းပေါက်တွေကနေ ညလေအေး ဝင်လာတာကိုပဲ တစ္ဆေတွေ
ဝင်လာတယ်လို့ ထင်နေသေးတာ။ တစ်ခါတစ်ခါတော့လည်း ပြတင်းကနေ မြင်ရတဲ့ ကောင်းကင်ကြယ်
မှိတ်တုပ်တုပ်ကို ကြည့်ပြီး အဖေတို့ ဘယ်လို နေနေလဲလို့ တွေးမိတယ်။ အဖေက
ကျနော်တို့ကို အဆက်အသွယ် မလုပ်ရဲသေး။ ရွာထဲမှာလည်း အခြေအနေတွေက ရှုပ်ထွေးနေတယ်။
စစ်တပ်က ဝင်လာလိုက် ၊ အရပ်ဘက်က ရောက်လာလိုက်။ လက်စားချေတဲ့ ကိစ္စတွေကလည်း
ပိုဆိုးဆိုးလာတယ်။ ဘုန်းတော်ကြီးကဆို ကျနော်တို့ ကိုရင်တွေကို
ညဘက်အပြင်မထွက်ဖို့ ၊ ရွာထဲက လူတွေနဲ့
တရုန်းရုန်း မနေဖို့ ခဏခဏ မှာတယ်။
ဘုန်းကြီးကသာ
ကျနော်တို့ကို ရွာထဲ မထွက်ဖို့ မှာတာပါ။ ကျောင်းဝင်းထဲတော့ တစ်ခါတစ်ခါ စစ်တပ်က
စတည်းချချသွားတယ်။ ယူနီဖောင်းတွေ ၊ လက်နက်ကြီးငယ်တွေနဲ့ ကျောင်းဝင်းထဲ
လှုပ်လှုပ်ရွရွ ဖြစ်နေပြီဆိုရင် ဘုန်းတော်ကြီးက ကြောက်လို့ တုန်နေရှာတယ်။ သင်္ကန်းသာ
ပတ်မထားရင် ဆရာတော်လည်း ဒီလူတွေကို ထိုင်ကန်တော့မယ့်ပုံမျိုးပဲ။ ကျနော်တို့လည်း
ဘာမို့လဲ။ ကိုယ့်ဆရာတော်က ဒီလောက်ကြောက်တော့ ကုဋီတောင် ဖြောင့်အောင် မတက်ရဲဘူး။
ကျောင်းဝင်းထဲ ယူနီဖောင်းတွေ ရှင်းသွားမှ ဘုရားကောင်းကောင်း ဝတ်ပြုနိုင် ၊ Mobile Legends
လေး ပြန်ဆော့နိုင်တော့တယ်။
ဘုန်းကြီး
မလွှတ်လို့ ရွာထဲ ကျနော်တို့ မသွားဖြစ်ပေမယ့် တစ်ရက်တော့ ရွာထဲက အမေ့မောင်ဦးလေးငယ်
ရောက်လာတယ်။ မျက်စိမျက်နှာလည်း ပျက်နေတယ်။ ကျနော့်ကို တွေ့တွေ့ချင်း “ကိုရင်
မင်းတို့ဘဒွေးတော့ ဆုံးသွားပြီ”တဲ့။ ဘဒွေးက အဖေ့ထက်တောင် ငယ်ဦးမယ်။ အဖေနဲ့
စီးပွားပြိုင် ၊ နိုင်ငံရေးဘက်ကန်တွေပေါ့။ သူလည်း စီးပွားရေးအတော် ဖြောင့်ပါတယ်။
ဘဒွေးက ငွေရှာတော်တာကိုး။ အဖေ့ကို မကြည်ပေမယ့် ကျနော့်တော့ ဘဒွေးက
အတော်ချစ်ရှာပါတယ်။ ဘဒွေးက ကျန်းကျန်းမာမာကြီးနဲ့ ဘယ်လို ဖြစ်ပြီး ဆုံးရတာလဲလို့
ဦးလေးငယ်ကို မေးတော့ မဖြေဘူး။ “ဘာလို့ ဆုံးသလဲ ကိုရင်မသိချင်ပါနဲ့။ စာဝါပဲ
အာရုံစိုက်ပါ။ အခုကိစ္စတော့ လာပြီး အသိပေးတာပါ” လို့ ပြောတယ်။ ဦးလေးငယ် ကျနော့်ကို
ကြာကြာဖုံးထားလို့ မရပါဘူး။ ဘဒွေးကို အရပ်ဘက်က ကိစ္စတုံးသွားတာမှန်း
အဲ့ဒီနေ့မှာပဲ ကျနော် သိလိုက်ပါတယ်။ ဘဒွေးဆုံးတော့ အလောင်းမရလိုက်ပါဘူး။
အလောင်းမမြင်ရပေမယ့် ဆွမ်းသွပ်အမျှဝေ တိတ်တိတ်လေး လုပ်သွားကြတယ်။ ဘဒွေး ရက်လည်ဆွမ်းသွပ်တော့
ကျနော်ရောက်တယ်။ အဲ့ဒါ သူတို့ကို ကျနော် နောက်ဆုံး တွေ့လိုက်တာပါပဲ။ ဘဒွေးမှာ
ကျနော်နဲ့ ရွယ်တူ သားနှစ်ယောက် သမီးတစ်ယောက် ကျန်ခဲ့တယ်။ သူ့ဆိုင်ကြီးနဲ့
စီးပွားရေးလုပ်ငန်းက အဲ့ကတည်းက ပျက်တော့တာပါပဲ။ ဘဒွေးဇနီးလည်း လုပ်ငန်းတွေ
အကုန်ပစ် ၊ ခြံတံခါး သော့ခတ်ပြီး သားသမီးသုံးယောက်လက်ဆွဲလို့ အဲ့ကတည်းက ရွာက
ပျောက်သွားတယ်။
ဘဒွေးဆုံးပြီးတော့
လပိုင်းပဲ ကြာမယ်။ ကျနော်တို့ ကိုရင်တွေ ကျောင်းထိပ်ချောင်းထဲ ငါးနှိုက်နေတုန်း တဒိုင်းဒိုင်း
တဒက်ဒက် ပစ်ခတ်သံတွေ ကြားရတယ်။ အသံက ကမ်းပါးထိပ် ကိုပုသာတို့ အခင်းအကျော်လေးလောက်က။
နှစ်ဖက်ပစ်ခတ်နေတာ တဒိန်းဒိန်းပဲ။ ကျနော်တို့တွေ ကြောက်လွန်းလို့ ကြက်သေသေပြီး ရေထဲ
ဒီအတိုင်း ထိုင်နေမိတယ်။ ပစ်တာခတ်တာတွေက ဆက်ဖြစ်နေတုန်းပဲ။ ချောင်းထဲပါ လူတွေ ဆင်းလာတဲ့အသံကြားရတော့မှ
အသိဝင်လာပြီး ဣန္ဒက ကကျနော့်လက်ဆွဲပြီး ကျောင်းဘက် အတင်းပြေးတယ်။ ပြေးရင်းနဲ့ သင်းပိုင်နဲ့
တုပ်ပြီး လမ်းမှာ တဗိုင်းဗိုင်း လဲကျသေး။ လဲကျတိုင်းလည်း လူက နောက်ကို အလိုလို အကြည့်ရောက်သွားတယ်။
ကြည့်လိုက်တိုင်း တစ်ဖက်နဲ့ တစ်ဖက် ဆဲဆိုပစ်ခတ်နေကြတာကို ဖျပ်ခနဲမြင်မိတယ်။ သေနတ်သံတစ်ချက်
ကြားတိုင်း ကျနော့်ရင်ခေါင်းထဲ ဘောလုံးကြီး တက်တက်လာသလို အောင့်ခနဲ ဖြစ်ပြီး အသက်ရှုရကြပ်ကြပ်သွားတယ်။
ကျောင်းထဲ ရောက်တော့
ကျုပ်တို့ချည်း မဟုတ်ဘူး။ ရွာထဲက မိန်းမကြီးတွေနဲ့ ကလေးတွေ အထုပ်ကြီးအထုပ်ငယ်နဲ့ ရောက်နေတာ
တွေ့ရတယ်။ ကျနော်တို့ ပျောက်နေလို့ ဒေါင်းတောက်နေတဲ့ ဘုန်းကြီးက တွေ့တွေ့ချင်း ဆဲဆိုပြီး
နဘန်တစ်ချက် ကျင်းလိုက်တယ်။ ပြီးတော့ သူလည်း ကြောက်ကြောက်နဲ့ တရားဟောပလ္လင်နောက် ငုတ်တုပ်လေး
ထိုင်နေတယ်။ ဘုန်းကြီးအားကိုးပြီး ကျောင်းထဲပြေးလာတဲ့ ရွာထဲက အဖွဲ့လည်း မျက်နှာလေးတွေဆိုတာ
တကယ်ဇီးရွက်လောက်လေး။ ကျောင်းတံခါးတွေလည်း အကုန် ပိတ်ထားလိုက်ပြီး ရေစိုကြီးနဲ့ပဲ ဒီအတိုင်း
ထိုင်နေလိုက်တယ်။ အဲ့ဒီညက တစ်ရွာလုံး ကြောက်ဖို့ကောင်းလောက်အောင် တိတ်ဆိတ်နေတယ်။ လူသံသူသံ
မပြောနဲ့ ခွေးဟောင်သံတောင် မကြားရ။ ရွာထဲက လူတွေလည်း ရရာအထုပ်ဆွဲပြီး လွတ်ရာပြေးသွားတာကိုး။
ကံကောင်းချင်တော့ ရွာထဲကလူတွေ ဘာမှမဖြစ်လိုက်။
ဒါပေမယ့် နောက်နှစ်ရက်လောက်နေတော့
ကျနော် လူဝတ်လဲလိုက်ရတာပါပဲ။ အဖေက လူလွှတ်ပြီး ကျနော့်ကို သူရှိတဲ့ဆီ လာဖို့ ခေါ်လိုက်တာကိုး။
ကျနော် လူဝတ်လဲတော့ ဣန္ဒက မျက်ရည်လေးတစမ်းစမ်း။ ကျနော်လည်း စိတ်က မကောင်း။ လာခေါ်တဲ့လူကြုံရဲ့
ဆိုင်ကယ်ပေါ် ကျနော် တက်တော့ ဣန္ဒက ကျောင်းဝအထိ လိုက်ပို့တယ်။ ကျောင်းဘက်ကို ကျနော်
ပြန်ကြည့်မိတော့ သင်္ကန်းခေါင်းမြီးခြုံထားပြီး ကျနော့်ဘက် ငေးကြည့်နေတဲ့ ဣန္ဒကကို
တွေ့ရတယ်။ ဘာရယ်မဟုတ် ဣန္ဒကကို ကျနော် လက်ပြမိတယ်။ လက်ပြရင်းနဲ့ ကျနော်တို့ ရွာကို
ဘယ်တော့မှ ပြန်မလာတော့ဘူးဆိုတဲ့အကြောင်း ဣန္ဒကကို ပြောဖို့ မေ့သွားတာ သတိရမိသွားတယ်။
-
ငြိမ်းဝေမင်း