ဒီနေ့ အဆင်ပြေလားလို့ မေးလာခဲ့ရင် ခင်ဗျား ဘာဖြေမှာလဲ

တစ်နေ့လုံး တောတိုးလာတဲ့ မုဆိုးတစ်ယောက်ကို ဒီနေ့ ခင်ဗျားခြေလှမ်းတွေ ရောက်ခဲ့တဲ့နေရာ အကြောင်း ပြောပြပါလို့ မေးကြည့်သလိုပေါ့။ ဒီနေ့ အဆင်ပြေလားဆိုတဲ့ မေးခွန်းကလည်း ဖြေရခပ်ခက်ခက်ကြီးရယ်။ ကျနော် ထင်ပါတယ်။ လူတွေဟာ လွယ်လွယ်လေးပဲ ဖြေမှာပါ။ “ပြေပါတယ်။ အေးဆေးပါပဲ” ၊ “ဘာမှ မထူးပါဘူး။ အရင်နေ့တွေအတိုင်းပါပဲ” “ပုံမှန်ပါပဲ လက်ဖက်ရည်ဆိုင်တော့ မရောက်ဖြစ်လိုက်ဘူး။” လို့ ဖြေရင် ဖြေမယ်။ အလွယ်တကူဖြေဖို့ ခက်တဲ့ မေးခွန်းတွေအတွက် ခက်ခဲတဲ့ အဖြေတွေ ဘယ်သူမှ စဉ်းစား ဖြေနေမှာ မဟုတ်ဘူးလေ။ ဒီထက် ပို ဖြစ်ကတက်ဆန်း ဖြေဖို့ဆို “ဒီလိုပါပဲ။” ဆိုတာနဲ့တင် ပြီးလောက်တဲ့ အဖြေလည်း ပေးရင် ပေးမှာပေါ။ တကယ် အဆင်မပြေနေတဲ့သူ ဒါမှမဟုတ် ကိုယ်အဆင်မပြေတာကို ထုတ်ပြောချင်တဲ့သူ အဖို့မှာလည်း ညည်းစရာတွေ တပုံကြီး ရှိမှာပါ။ ဒါပေမယ့် “ဒီနေ့”ဆိုတဲ့ စကားကို ထည့်ပြောကြေးဆိုရင် အတော်များများက ပြီးစလွယ် ဖြေဖို့ အဆင်သင့်ပဲ။ ဒါလည်း သူတို့ အပြစ်တော့ မဟုတ်ဘူးလေ။ ခင်ဗျားမေးတဲ့ “ဒီနေ့အဆင်ပြေလား” ဆိုတာကိုက အပိုင်းပိုင်း အတစ်တစ် ဖြေရမယ့် ကိစ္စကြီးကိုး။ ခင်ဗျားမေးခွန်းက သိပ်ယေဘုယျကျလွန်းနေတော့ ဖြေရခက်တာလည်း တစ်ကြောင်းပေါ့လေ။ ခင်ဗျားမေးတာက ဒီနေ့ နေကောင်းလား ဆိုတာလောက် မရိုးရှင်းဘူး။ ဒီနေ့ ထမင်းစားလို့ ကောင်းလားဆိုတာလောက် မပေါ့ပါးဘူး။ ညက အိပ်ရေးဝလားလောက် ဖြေရ မလွယ်ဘူး။ ဒီနေ့ အဆင်ပြေလားဆိုတော့ ဟုတ်ပြီ ဘယ်အပိုင်းကို အဆင်ပြေလား မေးတာလဲ။ အလုပ်လား , သမီးရည်းစား ကိစ္စလား , ဟင်းအစပ်အဟပ် တည့်မတည့်တာလား, ကိုယ်မကြည်တဲ့ကောင်နဲ့ မှ အကြည့်ချင်းအခြေအတင် ဖြစ်ခဲ့တာလား , ဖုန်းသုံးရင်း အမြင်မတော်တာတွေ တွေ့လို့ ဒေါမနဿပွားခဲ့တာလား , စောစောထမယ် တွေးပြီး အရင်နေ့တွေလို နေမြင့်မှ အိပ်ရာထဖြစ်တာလား , ဝမ်းမှန်မှန်သွားမသွား ကိစ္စလား , လက မကုန်သေးဘူး ဘိုင်ပြတ်လို့ တိုင်ပတ်နေတဲ့ ကိစ္စလား , အခန်းသစ်ရှာဖို့ စပေါ်ငွေ သိန်း ၅၀ ဘယ်က ရှာရမလဲ ဆိုတဲ့ ကိစ္စလား , ခွေးသူတောင်းစားတွေ သေ,မသေနိုင်ဘူးလို့ တတွတ်တွတ်ဆဲနေတဲ့ သူကို ကြည့်ပြီး ဘာလုပ်ရမှန်းမသိတဲ့ ကိစ္စလား , ငွေဈေးတွေ ကျမယ်ဆိုတာ သိလို့ ရွှေလုပ်ထားတာ မှန်သွားတယ်ဆိုပြီး ယောင်္ကျားကြီးတန်မဲ့ ရွှေဆွဲကြိုးတရမ်းရမ်းနဲ့ လာကြွားတဲ့ ကိစ္စလား , မင်းကို လိမ္မာစေချင်လို့ ဆိုပြီး မတန်မရာ ဩဝါဒပေးသွားတဲ့ အမျိုးထဲက ဘဲကြီး ဘဲမကြီးတွေကို ချဉ်နေတဲ့ ကိစ္စလား , တိုင်းပြည်က ပျက်နေပြီ ငါက ဘာလုပ်ရတော့မလဲ လို့ တွေးတွေးပူနေတဲ့ ကိစ္စလား , တရုတ်စကားသင်ပြီးရင် ဒီကောင်တွေ ခိုင်းစားလို့ ရပြီဆိုပြီး သားသမီးကို နွားမွေးသလို အသားတွက်တွက်နေတဲ့ မိဘတွေ စကားဝိုင်းထဲက အကြောင်းလား , ပညာသင်လည်း အလကားပါပဲ မြန်မာပြည်က ရတဲ့ဘွဲ့ ဘယ်သူက အထင်ကြီးလို့လဲ ဆိုပြီး Facebook ပေါ်မှာ တွေ့တဲ့ ကင်ဆာပျောက်တယ် ဆိုတဲ့ တိုင်းရင်းဆေးတွေကို Share တဲ့ နလပိန်းတုံးတွေကိစ္စလား , တိုက်ပြန်ဆောက်ဖို့ထက် ပြိုနေတဲ့ တိုက်ဖြိုဖို့ ညညအိပ်မရအောင် ထပူနေရတဲ့ အဖြစ်လား , နယ်ဘက်တွေတော့ လူငယ်တွေ ပေါ်တာဆွဲခံရလို့ အခု တောလမ်းကနေ ပြေးကုန်ပြီဆိုတဲ့ သတင်းတွေလား , ရွာကိုတော့ စစ်တပ် ဝိုင်းထားတယ် သားရယ် တစ်အိမ်တက်တစ်အိမ်ဆင်း လူလိုက်စစ်မယ်တဲ့ အမေတော့ ကြောက်လွန်းလို့ နေရာက ရွှေ့မရတော့ဘူး ဆိုတာမျိုးလား , အရင်က ပိုက်ဆံမရှိဘူးဆိုလည်း ရစရာ လစာလေး ရှိသေးတော့ ခပ်မာမာ ချေးလို့ငှားလို့ရသေးရဲ့ အခုတော့ ဆိုတာမျိုးလား , ငါ့သားလေးက ဖေကြီး ပြန်လာခဲ့ဆိုတာပဲ ငါ့မှာ video call ပြောပြီးတိုင်း စိတ်ထိခိုက်ရတယ် ကလေးနဲ့ ဝေးတာပဲ ၂ နှစ်ရှိပြီ မဟုတ်လား ၊ အမျိုးတွေကလည်း သေခန်းဖြတ်တော့တာပဲ ဆိုတာမျိုးလား , ဝယ်ထားတဲ့ မြေလေး နှစ်တစ်ပတ်လည်ပဲ ရှိသေးတယ် အခု စည်ပင်က ၃၀ ရက်နေ့ နောက်ဆုံး စာကပ်သွားပြီ ဘယ်သွားနေရမလဲ မသိတော့ဘူး တို့လို အိမ်တွေချည်း ၇၀ ကျော် ၈၀ ပါသွားတယ် ဘဝပျက်တာပါပဲဆိုတဲ့ ဒုက္ခရှိုက်သံတွေလား , စောက်ကျင့်ပျက်နေတဲ့ ကောင်တွေ သေကို မသေနိုင်ပါလားကွာလို့ ဘယ်သူ့ဘယ်ဝါရယ် နာမည်မတပ်ဘဲ ကြိတ်ကြိတ်ဆဲနေတဲ့ ဘေးအိမ်က အဘိုးကြီးကို ကြည့်ပြီး ရောယောင်ထောက်ခံရင်း ပေါက်ကွဲမိတာလား , နောက်ဆုံးတော့ အပူဇော်ခံ အာဏာရတဲ့လမ်း မလိုက်ခဲ့မိတာ မှားလိုက်တာလို့ တောက်တခေါက်ခေါက်နဲ့ ဖြစ်မိတာမျိုးလား , ဘယ်လို ပြောပြော ဒီနေ့ အဆင်ပြေလားလို့ မေးရင် ဘယ်ကိစ္စကို မေးတာလဲလို့ ပြန်မေးရမှာက တစ်လုပ်ပေါ့။ နောက်ပြီး ဘယ်လောက် အဆင်ပြေတယ်ဆိုတာကို ရာခိုင်နှုန်းနဲ့ အချိုးကျ ပြောရမလား။ မနက်ပိုင်းတုန်းက အိပ်ရာက ထပြီး ရေအများကြီးသောက် , အိမ်သာချောချောရှုရှု တက်လို့ ရမယ်ထင်ခဲ့ပေမယ့် အီးမထွက်လို့ သေးပေါက်ပြီးပဲ ပြန်လာရတာကို အဆင်ပြေမှုအရ ဘယ်လောက် ရာခိုင်နှုန်း ပေးရမလဲ။ ၁၀% လား ၂၀% လား ။ အဆင်ပြေမှု အဆင့် ၁ မှ ၁၀ အတွင်းဆို ၁ လား ၂လား။ အိပ်ရေးမဝသေးချိန် ဘေးအိမ်က Bluetooth Box နဲ့ တောသီချင်းတွေ စူးစူးဝါးဝါးဖွင့်လို့ ဒေါကန်ပြီး နိုးလာတာကရော အဆင့် ဘယ်လောက် ပေးရမလဲ။ ဒီနေ့တော့ အလုပ်တစ်ခုခု ရမှ ဖြစ်မယ်လို့ စိတ်က ပုတီးစိပ်သလို စိပ်ပြီး အလုပ်အကြောင်း ဘာဝနာပွားပေမယ့် ဘာအလုပ်မှ ရမလာလို့ တစ်နေ့လုံး နေမထိထိုင်မသာ ဖြစ်နေရင်ရော အဆင်ပြေမှု ဘယ်လောက်အဆင့်ရှိသလဲ။ မိန်းမက ငြူစူ ၊ ကလေးက ဆူလို့ စားဝတ်နေရေး ပူပင်နေတုန်း ကုန်ဈေးနှုန်းတွေက မိုးပေါ် တက်မတက် ကြီးလိုက်လာတာ တွေးမိရင်းသက်ပြင်းချမိရင်ရော အဆင်မပြေမှုဘယ်လောက်ကို ကိုယ်စားပြုပါလဲ။ စိတ်ဓါတ်ကျလို့ မဖြစ်ပါဘူးလေလို့ အားတင်းပြီးမှ ဘာလုပ်ရမှန်း မသိတော့ပါဘူးကွာလို့ စိတ်ထဲက စကားတွေလာပြောနေရင်ရော အဆင်ပြေမှုဒီဂရီ ဘယ်လောက်မှာ လည်နေပြီလဲ။ စိတ်သက်သာမလားလို့ အိမ်အပြင်ဘက် လမ်းလျှောက်လာတုန်း မိန်းမတစ်ယောက် နေဝင်ရီတရော ကလေးပိုက်လာရင်း ကိုယ့်ရှေ့ရောက်မှ ဖတ်ဖတ် လုပ်သွားကရော ဘာအဆင်မပြေမှုမျိုးလဲ။ ခင်ဗျားက ဒီနေ့ အဆင်ပြေလားလို့ မေးလာခဲ့တဲ့အခါ ကျနော် ချက်ချင်း သေသေချာချာ မပြောနိုင်ခဲ့ရင် ခွင့်လွှတ်ပါ။ ခင်ဗျား စေတနာကို ခံစားမိပေမယ့် ကျနော် ပြောရခက်တာကိုလည်း ထည့်တွက်စေချင်ပါတယ်။ ပြောနိုင်တာက အဆင်ပြေမှုနဲ့ ဒီနေ့အကြားမှာ စံစကေးချဖို့တောင် အဆင်မပြေဘူး ဆိုတာပါပဲ။ ကျနော်တို့ဟာ နေ့စဉ်တစ်ရက်ချင်းစီရဲ့ လှုပ်ခတ်မွှေနှောက်ချက်တွေထဲမှာ ဘယ်အပိုင်းတော့ ငါအဆင်ပြေတယ် ၊ ဘယ်အပိုင်းတော့ ဘယ်လို ဖြစ်ရဲ့ဆိုပြီး မုဆိုး တောတိုးခြေရာပြန်ကောက်သလို မလွယ်လှဘူးလေ။ ပြီးတော့ ဒီနေ့ အဆင်ပြေလားဆိုတဲ့ မေးခွန်းကိုက ဖြေဖို့ စိတ်ရှုပ်စရာ ကောင်းနေတာကိုး။ ဒီတော့လည်း အတတ်နိုင်ဆုံး ကျနော်တို့ လုပ်နိုင်တာ တစ်ခုပဲ ရှိတယ်။ ဘာလဲဆို တစ်နေ့လုံး ခြုံပြီး ခင်ဗျားပျော်နိုင်ခဲ့လားလို့ မေးကြည့်ဖို့ပါပဲ။ ကျနော်တော့ ဖြင့် ပျော်ရဲ့လားဆိုတာတောင် ဘာလဲ ပြန်မေးပြန်မိတယ်။ ဒီနေ့လည်း အဆင်မပြေခဲ့ဘူးပဲ ပြောကြပါစို့။