သင်္ကြန်ရောက်ရင် …

သင်္ကြန်ရောက်ရင်
ပျော်စရာကောင်းမယ် ထင်တယ်။ သိပ်တော့ မသေချာ။ ဘယ်သူပြောနိုင်လို့လဲ။ သင်္ကြန်ရောက်ရင်
ပျော်ရမယ်လို့။
ဟိုးတုန်းကတော့ သင်္ကြန်ဆိုတာ ပျော်စရာကြီး။
ကိုယ်တို့ ငယ်ငယ်တုန်းကပေါ့။ သင်္ကြန်တွေက သိပ်အလိုက်သိတာ။ တလျှောက်လုံး ပူအိုက်နေရာကနေ
သင်္ကြန်တွင်းရောက်တော့မယ်ဆို မိုးလေးတဖြောက်ဖြောက် ရွာပြီး မြင်ကွင်း ပြောင်းပေးလိုက်ပါရောလား။
သင်္ကြန်မိုးလေးများ ရွာပြီးသွားရင် အားလုံးအသစ်ဖြစ်သွားပြီလေ။ ခေါင်မိုးတွေက အရင်လို
မွဲတဲတဲ မှိုင်းတိုင်းတိုင်း မဟုတ်တော့။ စိုလက်သစ်လွင်လို့ ။ လမ်းတွေကလည်း ဖုန်တထောင်းထောင်း
ခြောက်ထိုင်းထိုင်းကြီးတွေ မဟုတ်တော့ဘဲ မြေသားသိပ်သိပ်နဲ့ သေသပ်သွားပြီ။ သစ်ပင်တွေဆို
လင်းလာတယ် ထင်အောင် စိမ်းသွားတယ်။
အရာအားလုံးကို စူးစမ်းတတ်တဲ့ ကလေးတုန်းကတော့
သင်္ကြန်မိုးရွာပြီးရင် အဘိုးတို့အိမ်ရှေ့ ဝိုင်းအလွတ်ကြီးထဲက ဧရာမကျောက်တုံးမည်းမည်းကြီးတွေနဲ့
မြက်ခင်းပြင် ခြုံပင်တွေအကြားမှာ ထိုင်ရင်း မြင်ကွင်းတွေကို စုပ်ယူသလိုမျိုး ထိုင်ခံစားတော့တာပဲ။
အဲ့ဒီအချိန်ဟာ တကယ့်အကူးအပြောင်းပဲ။ သစ်ရွက်တွေလည်း အဖူးအညှောင့်သစ်တွေနဲ့ ဝေဆာလာပြီ။
အဝါရောင် ငုပန်းတွေ လမ်းတစ်လျှောက်လုံး ဝင်းသွားပြီ။ ဆောင်းတုန်းက အရှေ့ဘက်တောင်တန်းတွေဘက်
ပုန်းဝင်ပျောက်ကွယ်သွားတဲ့ ငှက်တွေ ငါတို့ ရွာကလေးပေါ် လာကြပြီ။ စီမံကိန်းအရ စိုက်ထားရတဲ့
ယူကလစ်ပင်တွေက သင်္ကြန်ရောက်ရင် ပိုပြီး အနံ့စူးလာသလို။ ဖုန်သိပ်အောင် ရွာသွားတဲ့နောက်
တောင်မြောက်ရွာလမ်းမကြီးကနေ မျှော်ကြည့်ရင် လူတစ်ယောက်လှဲအိပ်သလို ဆန့်ဆန့်ကြီးတန်းနေတဲ့
တောင်တန်းကြီးကို တွေ့ရမယ်။ တောင်တန်းကြီးရဲ့ထိပ်မှာ နွေခေါင်ခေါင် တိမ်တွေ ညို့တက်လာရင်
လူတိုင်းဟာ တစ်ညီတစ်ညာတည်းလိုလို လွမ်းသွားတော့တာပါပဲ။
သင်္ကြန်ရောက်တော့မယ်ဆိုရင် တစ်ရွာလုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်လာတော့တာပါပဲ။ လူတိုင်း ပျော်ရွှင်ရင်ခုန်စရာတွေဆီ ဦးတည်လာကြပုံများ တွင်းထဲက ပုရွက်ဆိတ်တွေ သကြားခဲရှိရာဆီ သွားနေပုံနဲ့တောင် ဆင်သေး။ သင်္ကြန်နားနီးပြီဆို ရွာထဲက မိန်းကလေးတွေဟာ နှစ်သစ်မှာ အဝတ်သစ်ဝတ်ဖို့ အပ်ချုပ်ဆိုင်မှာ ရောက်ကုန်ကြပြီ။ ယောင်္ကျားပျိုကာလသားတွေက သူတို့အစုနဲ့သူတို့ သင်္ကြန်အစီအစဉ်တွေ ကြိတ်ကြံနေကြပြီ။ ကလေးတွေလည်း သင်္ကြန်တွင်း တစ်ရွာလုံး ပတ်ပြီး ရေလိုက်ပက်ဖို့ လူစုနေကြပြီ။ အဝေးရောက်နေတဲ့ သားသမီးတွေ အိမ်ပြန်လာကြပြီ။
အဲ့ဒီအချိန်ဆို ကိုယ်တို့ရဲ့ နိုင်ငံတော်ရွှေတံဆိပ်ဆုရ
ဆိုင်းဆရာဟောင်းကြီးက ရွာကာလသား ကာလသမီးတွေကို စုစုပြီး သူ့အိမ်ရှေ့ကွင်းပြင်မှာ သင်္ကြန်သီချင်းတွေ
ယိမ်းတွေ တိုက်နေပြီ။ အရပ်သားပြဇာတ်တွေ ၊ စတိတ်ရှိုးတွေ လုပ်နေပြီ။ ရွာထဲမှာရော ယာထဲမှာပါ
သင်္ကြန်မှာ ဆိုမယ့်သီချင်းအတွက် အသံကျင့်နေကြပြီ။ ပြဇာတ်ထဲမှာ ပြောမယ့်စကားတွေကို
လက်တန်းသရုပ်ဆောင်ကြတဲ့ ရပ်ကွက်ထဲက လူတွေကို ကြည့်ရတာ ပျော်စရာကြီ။ အားလုံးက တဝါးဝါး
ရယ်ကြမောကြ နောက်ကြပြောင်ကြ။ ဘယ်သူမှတော့ စိတ်မဆိုး။ သင်္ကြန်မတိုင်ခင် လဝက်လောက်ကတည်းက
သင်္ကြန်အစီအစဉ်တွေလုပ်နေတာ ဆိုတော့ သင်္ကြန်နီးလေလေ အားလုံးရဲ့ ရင်ခုန်မှုသွေးပေါင်ချိန်က
မြင့်ပြီးရင်း မြင့်လေပဲ။ သင်္ကြန်တွင်းဆိုတာ အလှူအတန်းကလည်း ပေါမှပေါ။ ဘယ်နားသွားသွား
စားလို့ မကုန်အောင် စတုဒီသာတွေ အတန်းလိုက်ကြီး တွေ့မယ်။ မုန့်လုံးရေပေါ် ၊ မုန့်ဟင်းခါး
၊ ကြာဆံချက် ၊ မုန့်ဆီကြော် ၊ မုန့်လက်ဆောင်း ၊ သာကူ ၊ အအေး။ တချို့တတ်နိုင်သူတွေကဆို
အလှူကြီးတစ်ခုလိုကို မဏ္ဍပ်ထိုးပြီး ထမင်းပါကျွေးသေး။ ရွာထဲမှာ ပတ်စားလို့ စိတ်မကျေနပ်သေးရင်
ဘုန်းကြီးကျောင်း သွားပြီး မဏ္ဍပ်စုံက အလှူအစုံပါ ဒါနမြောက်အောင် ဝင်စားလို့ ရသေး။
ဘယ်သူမှ အစိမ်းအကျက် ရွေးပြီး ခွဲခြားခွဲခြားမရှိ။
သင်္ကြန်ရောက်ရင် အရင်က ခပ်တန်းတန်းလူတွေတောင်
တရင်းတနှီး ဖြစ်ကုန်ကြတယ်။ ကိုယ်နဲ့ သိပ်မရင်းနှီးတဲ့သူကို လက်ဆွဲပြီး အိမ်ထဲဝင် မုန့်လုံးလေးစားဖို့
ဖိတ်နိုင်ပြီ။ မရောက်ဖြစ်တဲ့ ရွာထဲက အိမ်တွေ ၊ ရပ်ကွက်နဲ့ လမ်းတွေထဲ ကိုယ့်အိမ်ကိုယ်ယာလို
စိတ်လုံလုံနဲ့ လျှောက်သွားနိုင်ပြီ။ ကိုယ်တစ်ဖက်သတ် ကြိုက်နေပြီး ရဲရဲမကြည့်ရဲတဲ့ အပျိုလေးကိုလည်း
တစိမ့်စိမ့်ကြည့်ရင်း ရေလောင်းနိုင်ပြီ။ သင်္ကြန်ည ရပ်ကွက်လမ်းထိပ် ပြဇာတ်တွေ ဇာတ်ပွဲနဲ့
အငြိမ့်ပွဲတွေ လျှောက်လည်ကြည့်ပြီး လူဖြစ်ကျိုးနပ်မှုရဲ့ သမုဒယအဖြစ်ကို ခံစားနိုင်ပြီလေ။
မိုးလေကင်းစင်နေတဲ့ ကောင်းကင်ပြင်အောက်မှာ အားလုံးဟာ လွတ်လပ်လုံခြုံခြင်း ၊ ငြိမ်းချမ်းသာယာခြင်း
၊ ဖော်ရွေလှိုက်လှဲခြင်းတွေနဲ့ လှနေပြီပေါ့။
ကိုယ့်အဘဆို သင်္ကြန်ရောက်ရင် အိမ်ရှေ့
မန်းကျည်းပင်ရိပ်ကောာင်းကောင်းမှာ ပက်လက်ကုလားထိုင်ကြီးချ ၊ စားပွဲပေါ်မှာ လက်ဖက်သုတ်
၊ အမဲခြောက်ဖုတ် နဲ့ မုန့်ဆီကြော် ရေနွေးကြမ်းတွေ ချပြီး National ရေဒီယိုကြီးဖွင့်လို့
မြို့သစ်ကလာတဲ့ ဆေးပေါ့လိပ်ခဲပြီး သင်္ကြန်သီချင်းတွေ အကျအန နားထောင်တော့တာပဲ။ အဖွားတို့
အမျိုးတစ်သိုက်ကတော့ ဆွမ်းဗန်းကြီးတွေ ကိုယ်စီရွက်လို့ ရွာထိပ် ဘုန်းကြီးကျောင်းဘက်
ဥပုသ်ယူဖို့ ထွက်သွားကြပြီ။ အိမ်ရှေ့လမ်းက ဘုန်းကြီးကျောင်းအထိ ပေါက်တော့ အဖွားတို့
သွားတဲ့ဘက် ရသလောက် မျှော်ကြည့်ရင်း လေးထောင့်တောင်ကြီး ကျောပေးထားတဲ့ ဘုန်းကြီးကျောင်းမှာ
လူစည်နေရော့မယ်လို့ အမြဲတွေးဖြစ်တယ်။ လွမ်းစရာကောင်းမှန်းမသိသေးတဲ့အရွယ်ဆိုတော့ ငိုချင်သလိုလို
ရီချင်သလိုလို အမည်ဖော်ဖို့ခက်တဲ့ ခံစားချက်က ခဏခဏ ဝင်တော့တာပေါ့။
အခုတော့ သင်္ကြန်ရောက်ရင် ပျော်ဖို့ကောင်းပါဦးမလား
မသေချာတော့။ နေ့တိုင်း မူမမှန်မှုတွေ လူမဆန်မှုတွေ နဲ့ တယူသန်မှုတွေ မြင်ရတဲ့ကမ္ဘာကြီးမှာ
သင်္ကြန်ရဲ့ ပျော်စရာပရုပ်လုံးလေး ပါးလွင့်သွားပြီ ထင်တယ်။ သဘာဝဘေး ၊ လူလုပ်ဘေး နဲ့
စားဝတ်နေမှု ၊ လူမှုဒုက္ခအကျပ်အတည်းပေါင်းစုံကြားမှာ လူတိုင်းဟာ စိတ်ဒဏ်ရာကိုယ်စီနဲ့။
ညစ်ပတ်နေတဲ့ ဒီကမ္ဘာကို သန့်စင်ဖို့ သင်္ကြန်မိုးလည်း မကူနိုင်။ ကပ်ဘေးတွေကြားမှာ ပျော်စရာဆိုတာ
ရှာပုံတော် မင်းသားကြီး သီချင်းထဲကလို ရေတွေစိုလို့ ပျက်သွားတဲ့လိပ်စာပါပဲ။ ပျော်စရာတွေ ရှိမယ့်အရပ်ကို ပြန်ရှာဖို့ မလွယ်တော့။
တစ်ခါက ပျော်ခဲ့ဖူးတဲ့ သင်္ကြန်ဆိုတာ
မှတ်ဉာဏ်ထဲမှာတောင် ခပ်ရေးရေး။ သိပ်မကြာခင် ဆေးပြယ်ပန်းချီတစ်ချပ်လို ဝေဝါးတော့မှာ
သိပါတယ်။ ဒီတော့လည်း သင်္ကြန်ရောက်ရင် ပျော်စရာကောင်းမယ် ဆိုတာ အလောင်းအစားဆန်တဲ့ ထင်ယောင်မှားမှုမျိုး
ဆန်နိုင်တာပါပဲ။ ဒါပေမယ့်လည်း ဘယ်သူမဆို သင်္ကြန်ရောက်ရင် ပျော်စရာကောင်းမယ်လို့ ထင်မြင်ခွင့်
ရှိသေးတယ်။ ကိုယ့်ထင်မြင်ယူဆချက်အတိုင်းလည်း ပြောပြဖို့အခွင့် ရှိပါတယ်။
ဒီတစ်ခါ သင်္ကြန်ရောက်ရင် ပျော်စရာကောင်းရင်လည်း
ကောင်းမယ်။ ပြောလို့တော့မရဘူးပေါ့။ သင်္ကြန် ရောက်ရင် ပျော်စရာတွေ ရောက်ကောင်းရောက်လာနိုင်တယ်။
သင်္ကြန်ရောက်ခဲ့ရင်ပေါ့လေ။
-
ငြိမ်းဝေမင်း